အခန်း (၄၃၀)
Vol. 33 Ch. 430
သို့ဖြင့် စူးယွင်ကျင်း၏ ဖျောင်းဖျမှုအောက်၌ ချန်ကျဲ့သည် ထိုလူကို အခွင့်အရေးတစ်ခုပေးခဲ့သည်။ ထိုလူသည် ချန်ကျဲ့သိကျွမ်းပြီးသားလူတစ်ယောက် ဖြစ်သည်။ ဖုန်းရွှမ်၏လက်ထဲမှ အသုံးအဝင်ဆုံးသော ဖဲချပ်နှစ်ခုဖြစ်သည့် စစ်ရှီးနှင့် ဖချိုက်တို့နှစ်ဦးထဲမှ စစ်ရှီးဖြစ်သည်။
စစ်ရှီးသည် ဖုန်းရွှမ်အား သူ၏သစ္စာစောင့်သိခြင်းနှင့် ဖြောင့်မတ်မှန်ကန်ခြင်းအကြောင်း ပြောစကားများကြောင့် ဖုန်းရွှမ်၏နောက်သို့ လိုက်ခဲ့သည်။
သို့သော် ဖုန်းရွှမ်၏ သစ္စာဖောက်မှုသည် စစ်ရှီးအား ရှက်ရွံ့မှုကို ခံစားရစေခဲ့သည်။ ထို့ကြောင့် ဖုန်းရွှမ် ကျားဖြူခန်းမအရှင်သခင်ဖြစ်ပြီးနောက်တွင် စစ်ရှီးသည် သူ၏အတွေးအမြင်များကို အကြိမ်ကြိမ်ထုတ်ဖော်ပြောခဲ့သည်။ သို့သော် နောက်ဆုံးတွင်တော့ စိတ်ဝမ်းကွဲခြင်းမှတစ်ပါး ဘာမျှပြန်မရခဲ့ပေ။ သူသည် ချက်ချင်း ဖယ်ရှားခံလိုက်ရပြီး ပြန်လည်အသုံးပြုမခံရတော့ပေ။ သို့ဖြင့် ချန်ကျဲ့မှ ဖုန်းရွှမ်ကို သတ်ပြီးနောက် ဖုန်းရွှမ်၏ လက်ကျန်နောက်လိုက်များကို ရှင်းလင်းချိန်တွင် စစ်ရှီးသည် အဖမ်းခံခဲ့ရသည်။
မူလအစီအစဉ်၌ စစ်ရှီးမှာ ကွပ်မျက်ခံရမည်ဖြစ်သည်။ သို့သော် အရည်အချင်းရှိသူများ လိုအပ်နေချိန်ဖြစ်ပြီး စူးယွင်ကျင်း၏ ဖျောင်းဖျမှုလည်းရှိရာ နောက်ဆုံးတွင်တော့ ချန်ကျဲ့သည် စစ်ရှီးကို အလုပ်ခန့်အပ်ရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် စစ်ရှီး၏ လုပ်ဆောင်မှုများကို စောင့်ကြည့်ပြီး အချိန်နှင့်တစ်ပြေးညီ ပြန်လည်တင်ပြပေးနိုင်မည့် ယုံကြည်ရသူနှစ်ဦးကိုလည်း စစ်ရှီး၏ အကူဝန်ထမ်းများအဖြစ် ထည့်သွင်းခန့်အပ်ခဲ့သည်။
စစ်ရှီးသည် မိမိမှာ အရည်အချင်းရှိသူတစ်ဦးဖြစ်ကြောင်း အမှန်တကယ်ပင် သက်သေပြနိုင်ခဲ့သည်။ စစ်ရှီး အတွင်းရေးခန်းမကို တာဝန်ယူပြီးနောက်၌ ထောက်ပံ့ရေးစနစ်ကြီးတစ်ခုလုံးသည် စတင်၍ လျင်မြန်စွာ အလုပ်လုပ်လာခဲ့သည်။ ၎င်းသည် ချန်ကျဲ့၏ ညှိနှိုင်းဆောင်ရွက်မှုများကို စနစ်ကျစေသည်။ ချန်ကျဲ့လည်း စစ်ရှီးမှာ အမှန်တကယ် အရည်အချင်းရှိသူဖြစ်ကြောင်း မတတ်သာဘဲ အသိအမှတ်ပြုရလေသည်။
စစ်ရှီး၏ပူးပေါင်းဆောင်ရွက်မှုကြောင့် ကျိုးချူသည်လည်း အခမ်းအနားစီစဉ်မှုအား အဆင့်အသစ်တစ်ခုအဖြစ် ဆောင်ရွက်နိုင်ခဲ့သည်။
အခြေခံအားလုံးကို အပြည့်အဝ လုပ်ဆောင်နိုင်ခဲ့၏။
“ခန်းမအရှင်သခင်!”
ကျိုးချူ အဝတ်လဲနေစဉ် ရှောင်ဟူ ရောက်လာသည်။
ချန်ကျဲ့ ခန်းမအရှင်သခင်ဖြစ်သွားချိန်မှ စတင်၍ သူ၏လက်အောက်ငယ်သားများမှ သူ့အား ခေါ်ဆိုပုံသည်လည်း ပြောင်းလဲသွားခဲ့သည်။
ဥပမာ ကျိုးချူသည် သူ့ကို တစ်လျှောက်လုံး ကျိုစစ်ဟု ခေါ်လေ့ရှိခဲ့သည်။ သို့သော် ယခုတွင် “ခန်းမအရှင်သခင်”ဟု ခေါ်ခြင်းဖြင့် အထက်လူကြီးနှင့် လက်အောက်ငယ်သားကြား ကွာခြားချက်ကို သူ၏အရိုးများထဲ ထိုးထွင်းထားပေသည်။ ရှောင်ဟူသည် သူ့အား ရံဖန်ရံခါ ကျိုစစ်ဟု ခေါ်မြဲဖြစ်သည့်တိုင် များသောအားဖြင့်တော့ ခန်းမအရှင်သခင်ဟုသာ ခေါ်တတ်ပေသည်။
အလုပ်ချိန်အတွင်း ရာထူးဂုဏ်ပုဒ်များကိုသာ သုံးနှုန်းခေါ်ဝေါ်ကြ၏။
“အမ်?”
ချန်ကျဲ့ ရှောင်ဟူကို လှည့်ကြည့်လိုက်သည်။ ရှောင်ဟူသည်လည်း အဝတ်အစားအသစ်များ ဝတ်ဆင်ထားကာ အလွန်တက်ကြွနေပေသည်။ ထို့နောက် ရှောင်ဟူမှ ပြောသည်။
“ခန်းမအရှင်သခင် အစောင့်တွေကို သင့်တော်သလို နေရာချထားပြီးပါပြီ။ ကျားဖြူခန်းမရဲ့ လုံခြုံရေးကိုလည်း ဒီနေ့အတွင်း ကျွန်တော် သုံးကြိမ်တိတိ စစ်ဆေးခဲ့ပြီးပါပြီ။ လူအမြင်ကို ရှောင်တိမ်းနိုင်တဲ့နေရာ မရှိပါဘူး”
“ကောင်းပြီ”
ချန်ကျဲ့ ခေါင်းညိတ်လိုက်ပြီးနောက် ရှောင်ဟူမှ ဆက်ပြောသည်။
“ခုနကပဲ ကျိုးချူက ဧည့်သည်တွေ စရောက်လာပြီလို့ ပြောပါတယ်။
တချို့ဧည့်သည်တွေက ခန်းမအရှင်သခင်ကိုယ်တိုင် နှုတ်ဆက်ဖို့ လိုအပ်ပါတယ်တဲ့”
“ကောင်းပြီး။ ငါ မကြာခင် လာခဲ့မယ်”
ချန်ကျဲ့ ခေါင်းညိတ်တုံ့ပြန်သည်။
ထိုစဉ် စူးယွင်ကျင်းလည်း ပြင်ဆင်ပြီးစီးသွား၏။
ယင်ဟုန်မိန်နှင့် ချွေ့ကျူသည် ချန်ကျဲ့၏ အဝတ်အစားတွင် တွန့်ခေါက်နေခြင်းမရှိအောင် ပြင်ဆင်ပေးနေသည်။
ယနေ့ ချန်ကျဲ့ဝတ်ဆင်ထားသည့် ဝတ်စုံသည် အလွန်ကောင်းမွန်၏။ အနက်ရောင်ပိုးသားပေါ်တွင် ကြမ်းကြုတ်သည့် သားရဲပုံသဏ္ဍာန်များကို ရွှေရောင်ချည်ဖြင့် ရှုပ်ထွေးစွာ ချည်ထိုးထားရှိရာ ဂုဏ်သိက္ခာကြီးမြင့်မှုနှင့် တစ်မူထူးခြားသာလွန်သည့် အရှိန်အဝါများကို ထုတ်လွှတ်နေပေသည်။
ဤဝတ်စုံတစ်စုံသည် ငွေတုံးငါးဆယ် တန်ကြေးရှိပြီး ထိုချည်ထိုးရန် ရွှေချည်အတွက်မူ ရွှေနှစ်တုံး သီးသန့်ကုန်ကျခဲ့သည်။
၎င်းဝတ်စုံ၏တန်ကြေးသည် သာမန်မိသားစုတစ်စု၏ နှစ်ပေါင်းများစွာ စားသောက်စရိတ်ခန့် တန်ကြေးရှိပေသည်။ ဤသည်မှာ အင်အားအာဏာကို ပိုင်ဆိုင်ထားသူများ၏ ပျော်မွေ့ဖွယ်ရာတစ်မျိုး ဖြစ်သည်။
ချန်ကျဲ့သာ ရှန်းထောင်မြို့တွင် လယ်စိုက်ပြီး ဆေးပညာကို ဆက်လက်လေ့လာနေခဲ့ပါက တစ်နှစ်၊ နှစ်နှစ်ကြာချိန်တွင်လည်း ငွေတုံးငါးဆယ်ကို ရှာဖွေနိုင်ရန်မှာ မသေချာပါချေ။ ဤသို့ တန်ဖိုးကြီးဝတ်စုံမျိုးကိုမူ စိတ်ကူးကြည့်နေရန်ပင် မတတ်နိုင်လောက်ပေ။
သို့သော် ယခုတွင်တော့ ကြိုက်နှစ်သက်သလို ဝတ်ဆင်နိုင်ပေသည်။
သေချာပေါက်ပင် ချန်ကျဲ့သည် ဤသို့အဝတ်များကို ပုံမှန်အားဖြင့် ဝတ်ဆင်လိမ့်မည် မဟုတ်ပါချေ။ ဤသို့အဝတ်များမှာ သာမန်ထက် ပွဲတက်ဝတ်စုံဟု သတ်မှတ်နိုင်ပါ၏။ ပုံမှန်ရက်များတွင်တော့ ချန်ကျဲ့သည် သက်သောင့်သက်သာရှိသည့် သိုင်းသမားဝတ်စုံများကို ဝတ်ဆင်ရခြင်းအား ပိုမိုနှစ်ခြိုက်သည်။
စူးယွင်ကျင်းသည် ချန်ကျဲ့၏လည်ဂုတ်နားကို အဝတ်ပြန့်ပြူးအောင် လက်ဖြင့် သပ်ပေးပြီးနောက် ချန်ကျဲ့ကို ခေါင်းအစ ခြေအဆုံး တစ်ချက်စစ်ဆေးကြည့်သည်။ ထို့နောက် ပြောသည်။
“ကောင်းပြီ၊ အဆင်ပြေတယ်”
ချန်ကျဲ့မှ မှတ်ချက်ပြုသည်။
“ဒီဝတ်စုံက တကယ် ဝတ်ရတာ ဒုက္ခများတာပဲ”
စူးယွင်ကျင်းမှ ရယ်မောလျက် ပြောသည်။
“လေးလံတာက သရဖူဆောင်းတဲ့ ဦးခေါင်းပါတဲ့။ အခု ရှင့်ရဲ့အဆင့်အတန်းက အရင်နဲ့ မတူတော့ဘူး။ တရားဝင်အခမ်းအနားတိုင်းအတွက် ဝတ်ဆင်ရမယ့် အဝတ်အစားစည်းမျဉ်းရှိတယ်”
ထိုစကားတွင် ချန်ကျဲ့ ခါးသီးစွာ ရယ်လိုက်သည်။
“ကျားဖြူခန်းမအရှင်သခင်ရာထူးလေးအတွက်လည်း အဲဒီလိုကြီးကျယ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိသေးတာလားကွာ”
စူးယွင်ကျင်းမှ ပြန်ပြောသည်။
“ဟားဟား ကျားဖြူခန်းမအရှင်သခင်ဆိုတာက လူအများစုရဲ့ မျက်လုံးထဲမှာတော့ ရာထူးသေးသေးလေး မဟုတ်ဘူးလေ။ အဆင့်သတ်မှတ်မယ်ဆိုရင် ရှင်က ဒီမြို့ရဲ့သိန်းသောင်းချီတဲ့လူတွေထဲမှာ ကျိန်းသေပေါက် ထိပ်တန်းဆယ်ဦးထဲ ဝင်နိုင်တယ်။ အဲဒီတစ်ချက်ကိုပဲ ကြည့်ရင်တောင် ရှင်က အထင်ကရပုဂ္ဂိုလ်ကြီးဖြစ်နေပြီ မဟုတ်ဘူးလား”
ချန်ကျဲ့ ခေါင်းခါရမ်းပြီး ပြောသည်။
“ကိုယ် မင်းနဲ့ ငြင်းခုံမနေတော့ပါဘူး။ မင်း စကားအပြောအဆို ကျွမ်းကျင်လိမ္မာလာတာကို ကိုယ်သတိထားမိတယ် ဟုတ်တယ်မလား”
“ဟားဟား ဟုတ်လား? ကျွန်မက အဲဒီလိုတွေ ပြောဆိုနိုင်တယ်ဆိုရင်လည်း ကျွန်မရဲ့ခင်ပွန်းသည်က အလင်းပြပေးလို့ပါပဲ။ အကယ်၍ ခင်ပွန်းသည်ကသာ ကျွန်မကို မပြောစေချင်ဘူးဆိုရင် ကျွန်မ ဘယ်တော့မှ ပြောဝံ့မှာ မဟုတ်ပါဘူး”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“အင်း မင်းမှာ ပြောချင်တဲ့ဆန္ဒရှိတယ်ဆိုရင် ပိုပြီး မကြာခဏ ပြောပေး။ ညီမျှတဲ့အမြင်က ကြည်လင်ရှင်းလင်းပြီး ဘက်လိုက်တဲ့အမြင်ကတော့ မှောင်မိုက်တယ်တဲ့။ မင်းရဲ့ ရန်ငြိုးအာဃာတမထားဘဲ စစ်ရှီးကို သုံးဖို့ အကြံဉာဏ်က…
အခုကြည့်ရတာ အတော်လေး မှန်ကန်ပုံပဲ”
စူးယွင်ကျင်းမှ ပြောသည်။
“အဲဒါက စစ်ရှီးကို သုံးဖို့ အကြံပေးခဲ့တဲ့ ကျွန်မကြောင့် မဟုတ်ပါဘူး။ သူ့ကို အခွင့်အရေးပေးနိုင်တဲ့ ရှင့်ရဲ့သဘောထားကြီးမှုကသာ ရှင့်မှာ ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်တွေရှိပြီး ရှင့်မှာ တစ်ပါးသူတွေကို ပွေ့ဖက်ပေးနိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုတာကို သက်သေပြပေးခဲ့တာပါ။ ကျွန်မလို နိမ့်ပါးတဲ့အမျိုးသမီးတစ်ယောက်နဲ့ ဘာမှမဆိုင်ပါဘူး”
ချန်ကျဲ့သည် ပြုံးလျက် သူ၏ဇနီးလေးကို ကြည့်လိုက်သည်။
“ရှင်မ?”
“ဟင်?”
စူးယွင်ကျင်း ချန်ကျဲ့ကို မော့ကြည့်သည်။
“မင်း အရင်ကထက် ပိုတက်ကြွလာပြီး ပိုထက်မြက်လာတယ်။ တစ်ခါတလေ မင်းရဲ့အကြံဉာဏ်တွေက အရမ်းဆန်းသစ်တယ်”
ချန်ကျဲ့ သူမကို ချီးမွမ်းပြောဆိုသည်။
စူးယွင်ကျင်းမှ ပြန်ပြောသည်။
“ရွာမှာတုန်းက
တောဟင်းရွက်တွေကို တူးပြီး၊ အပ်ချုပ်အလုပ်နဲ့ အစားအသောက်ချက်ပြုတ်တာတွေကို ကျွန်မ လုပ်ခဲ့တယ်။ အဲဒီအတွက် ကျွန်မ အရမ်းထက်မြက်နေဖို့ မလိုအပ်ဘူးလေ။ ဒါပေမဲ့ အခု ရှင်က ကျွန်မကို စီမံခန့်ခွဲရေးတာဝန်ပေးထားတယ်။ ကျွန်မ ငယ်ငယ်တုန်းက အဖေနဲ့အတူ သင်ယူခဲ့ရတဲ့ ပညာရှိစာအုပ်ထဲက အချို့အရာတွေက လက်တွေ့အသုံးချလို့ ရတာကို ကျွန်မ ရှာတွေ့ခဲ့ရတယ်။ အကယ်၍ ကျွန်မ ပိုပြီးထက်မြက်လာတယ်ဆိုရင် ကျွန်မရဲ့ခင်ပွန်းက စစ်မှန်တဲ့'ပေါ်လဲ့'ဖြစ်တာကြောင့်မို့လို့ ဖြစ်ပါလိမ့်မယ်။ ရှင့်ကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်မက ဒီတိုင်း တုံးအတဲ့ ရွာသူတစ်ယောက်၊ ဂြိုဟ်ဆိုးတစ်ယောက် ဖြစ်နေဦးမှာပါပဲ”
ထိုအခါ ချန်ကျဲ့သည် သူ၏ဇနီးလေးကို ကြည့်ရင်း ဂုဏ်ယူသည့်ခံစားချက်များ လှိုက်တက်လာခဲ့သည်။
ထို့နောက် အစေခံနှစ်ဦးဘက်သို့ လှည့်ပြောသည်။
“ဟုန်မိန် သခင်မကို အခန်းထဲခေါ်သွားပြီး အဝတ်အစားအသစ်လဲပေးလိုက်ပါ။ ဒီနေ့က အခမ်းအနားနေ့ပဲ။ သာမန်အဝတ်အစားတွေ ဝတ်လို့မသင့်တော်ဘူး”
“ဟုတ်ကဲ့”
ဟုန်မိန်နှင့် ချွေ့ကျူတို့သည် အဝတ်လဲပေးရန် စူးယွင်ကျင်းကို ချက်ချင်း ခေါ်သွားကြသည်။
ချန်ကျဲ့သည် ရှောင်ဟူနှင့်အတူ ခြံဝင်းထဲသို့ ထွက်လာခဲ့သည်။
ထို့နောက် အပြင်ဘက်၌ လူစည်ကားနေသည့် မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။
“မြန်မြန် မြန်မြန်၊ ဒီဝက်သားပြားတွေကို မကျက်တကျက်ကြော်စမ်း။ ခဏနေလို့ စားသောက်မယ့်အချိန်ကျမှ အရောင်သကြားနဲ့ မွှေကြော်လိုက်ရင် အဆင်ပြေသွားလိမ့်မယ်”