← Chapters

အခန်း (၄၃၁)

Vol. 33 Ch. 431

အခန်း (၄၃၁)

Vol. 33 Ch. 431

“ဟုတ်ပြီ ဟုတ်ပြီ၊ အာ ဒီငါးတွေအကုန်လုံးက ဘာလို့ အရွယ်အစားတူမနေကြတာလဲ။ တချို့အကောင်တွေက အရမ်းကြီးလွန်းနေတယ်။ တစ်ကျင်းခွဲရှိတဲ့အကောင်တွေနဲ့ လဲလိုက်။ ချက်ချင်း သန့်ရှင်းပြီး ကြွပ်ကြွပ်ကြော်လိုက်။ ဧည့်သည်တွေရောက်လာရင် ချိုချဉ်ဆော့စ်နဲ့ ရောမွှေလိုက်”

“အဲဒီနားက စားပွဲတွေကို ဖြည်းဖြည်းရွှေ့ကြ။ အဲဒီနှစ်ခုံကို အတွင်းဘက်နည်းနည်းရွှေ့လိုက်။ မဟုတ်ရင် စင်မြင့်ကို မမြင်ရတော့ဘူး”

“ဟုတ်တယ် မီးပုံးကို ‘义’စာလုံးဘေးကို ရွှေ့လိုက်။ ဘယ်ဘက်ကို နည်းနည်းထပ်ရွှေ့ဦး။ မဟုတ်ဘူး သွားပြီ သွားပြီဟ!”

“ပြီးတော့ မင်းတို့တွေ ဧည့်သည်တွေရောက်လာတဲ့အခါ သစ်သီးတွေ၊ မက်မွန်သီးတွေနဲ့ စတည်ခင်းပေးရမယ်။ ပြီးရင် သစ်သီးသကြားလုံးနဲ့ အချိုမုန့်လုံးတွေ၊ ကိတ်တွေ တည်ခင်းပေးမယ်။ နောက်ဆုံးကျတော့မှ ပူနွေးနွေးဟင်းပွဲတွေကို တည်ခင်းမယ်”

“ပြီးတော့ မင်းက ဒီပထမတန်းဆီကို တစ်ယောက်တည်း သွားမယ်။ ဒီနေ့ စီရင်စုအုပ်ချုပ်ရေးမှူး တက်ရောက်လာမှာ။ ဒီပထမတန်းက စီရင်စုအုပ်ချုပ်ရေးမှူးအတွက် သီးသန့်…”

ချန်ကျဲ့သည် ပွဲပြုလုပ်ရာ ခန်းမအတွင်းသို့ ခြေချလိုက်သည်နှင့် ဂျင်ကဲ့သို့ ပတ်ပတ်လည်လျက် အလုပ်များနေသည့် ကျိုးချူကို မြင်လိုက်ရသည်။

ကျိုးချူသည် ဒဏ်ရာများ သက်သာပျောက်ကင်းကာစ အခြေအနေဖြစ်ပြီး အားမာန်အပြည့်နှင့် တက်ကြွနေဟန်ရှိပေသည်။

ကျိုးချူသည် နောက်ဆုံးတွင်တော့ သူ့ဘဝတွင် ကောင်းမွန််သည့်အရာများ ရောက်ရှိလာခဲ့ပြီဟု ခံစားရသည်။ သူ့ဘဝ၏ အတောက်ပဆုံးသော အခိုက်အတန့်သို့ ရောက်ရှိလာခဲ့ပြီဟု ခံစားနေရပေသည်။

ဦးစွာ သူ၏အဆင့်အတန်းသည် ယခင်က ကျားဖြူခန်းမ အပြင်ခြံဝန်း၏ အပူတပြင်းကြိုးစားနေခဲ့သော အဆွယ်အပွား ကြီးကြပ်ရေးမှူးတစ်ဦးမှသည် ယခုတွင်တော့ သူသည် ကျားဖြူခန်းမ၏ လုပ်ငန်းအားလုံးနီးပါးကို စီမံခန့်ခွဲရသူဖြစ်လာခဲ့လေပြီ။ သူ၏အဆင့်အတန်းသည် သိသာထင်ရှားစွာ တိုးတက်သွားခဲ့ကာ လက်ရှိတွင် ကျားဖြူခန်းမ၏ ဒုတိယအရေးအပါဆုံးသူတစ်ဦး ဖြစ်လာခဲ့သည်။

ထို့ပြင် ကိုယ်ပိုင်အင်အားတိုးတက်မှုလည်းရှိ၏။ ချန်ကျဲ့သည် သူ့အား အရိုးသန်မာဆေးလုံးနှစ်လုံးကို တစ်ပြိုင်တည်း ပေးခဲ့သည်။ သူသည် ရှောင်ဟူကဲ့သို့ ဆေးတစ်လုံးတည်းဖြင့် အဆင့်တက်လှမ်းနိုင်သည့် ပါရမီအားကောင်းသူ မဟုတ်သော်ငြား ဆေးလုံးနှစ်လုံးကို သုံးစွဲလိုက်သည့်အခါတွင်တော့ သံမဏိအရိုးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါသည်။

ထို့ပြင် ချန်ကျဲ့သည် အလွန်ရက်ရော၏။ ကျိုးချူ အင်အားတိုးတက်သွားသည်တွင် ချန်ကျဲ့သည် ကျိုးချူအား ကျန်းချွမ်၏အိမ်တော်ကို ပေးအပ်ခဲ့သည်။

ယခင်က ကျိုးချူသည် ယောက္ခထီးဖြစ်သူ၏အိမ်တွင် နေထိုင်ရသည့် တစ်ပါးသူကို မှီခိုရှင်သန်သူ ဖြစ်ခဲ့သည်။ သို့သော် လက်ရှိတွင်တော့ ယောက္ခထီးကြီး၏နေအိမ်သည် သူ၏အိမ်အသစ်နှင့် မယှဉ်နိုင်ပါချေ။

ကျိုးချူ၏ လူမှုနယ်ပယ်အဆင့်အတန်းသည်လည်း တိုးမြင့်သွားခဲ့ပြီး အင်အားလည်း သိသိသာသာ တိုးတက်သွားခဲ့ကာ စီးပွားရေးအခြေအနေသည်လည်း တစ်ဟုန်ထိုး တိုးတက်သွားခဲ့သည်။ ထိုအချက်များအားလုံးကို ပေါင်းစည်းလိုက်သောအခါ သူ၏မိသားစုအဆင့်အတန်းသည်လည်း လျင်မြန်စွာ တိုးတက်သွားခဲ့သည်။

ယခင်က ကျိုးချူသည် အိမ်တွင် အသုံးမဝင်သည့် သားမက်တစ်ယောက်ထက် ဘာမျှမပိုခဲ့ပေ။

သူ၏ယောက်ဖအကြီးဖြစ်စေ၊ ယောက်ဖအငယ်ဖြစ်စေ၊ သူ၏ယောက္ခထီးစွင်းပုအာပင်လျှင် ယခုအချိန်အထို ကျိုးချူပိုင်ဆိုင်ထားသည့် အရာအားလုံးမှာ စွင်းမိသားစုမှ ပေးကမ်းထားခြင်းဟု သတ်မှတ်ကာ သူ့အပေါ် အထင်မြင်သေးကြသည်။

ထိုအရာများသည် ကျိုးချူအား ခေါင်းမမော့နိုင်ဖြစ်စေခဲ့သည်။ ယောက္ခထီးမိသားစုမှ သူ့အပေါ် စကားလုံးပြင်းပြင်းထန်ထန်များ သုံးနှုန်းပြောဆိုလေ့မရှိသည့်တိုင် ကျိုးချူသည် မိမိကိုယ်ကို နိမ့်ကျသည်ဟု ခံစားနေရပြီး သိမ်ငယ်ခဲ့ရသည်။

ကျိုးချူ၏ယောက္ခထီးမိသားစုသည် အရင်အချိန်များက သူ့ကို အမှန်တကယ်ပင် အလကားကပ်မြှောင်စားသောက်နေသူဟု သတ်မှတ်ခဲ့ကြပါ၏။

သို့သော် ကျိုးချူ ချန်ကျိုစစ်နောက်သို့ လိုက်သည့်အချိန်မှ စတင်၍ ယနေ့အချိန်အထိတွင်မူ ကျိုးချူသည် ခေါင်းမော့ရပ်တည်လာနိိုင်ခဲ့ပါသည်။

အရင်က အလုပ်မှ အိမ်ပြန်ချိန်နောက်ကျလျှင် စွင်းမိသားစုသည် ကျိုးချူကို ညစာစားရန် စောင့်ဆိုင်းလေ့မရှိကြပေ။ သို့သော် ယခုတွင်တော့ စွင်းမိသားစုသည် ကျိုးချူကို စောင့်ဆိုင်းပြီးမှ ညစာစားလေ့ရှိကြသည်။

အရင်က စွင်းမိသားစုအစေခံများသည် ကျိုးချူကို နှုတ်ဆက်လေ့ရှိကြသည့်တိုင် သူတို့၏မျက်လုံးများထဲရှိ အထင်သေးမှုကိုမူ ဖုံးကွယ်ထိန်းချုပ်ရန် ခက်ခဲခဲ့ကြ၏။ ယခုတွင်တော့ ကျိုးချူအိမ်ပြန်ရောက်ပါက အစေခံအားလုံးသည် ကျိုးချူကို စိတ်ရင်းဖြင့် စိတ်ပါလက်ပါနှုတ်ဆက်ကြပြီး သူတို့၏ဆွေမျိုးသားချင်းများကို ကျားဖြူခန်းမသို့ ဝင်ရောက်ခွင့်ရစေချင်သဖြင့် ကျိုးချူ၏နှစ်ခြိုက်မှုကို ရရှိရန် ကြိုးစားကြသည်။ သို့သော် ကျိုးချူသည် ထိုလူများကို ခပ်တန်းတန်းသာ ပြုမူ၍ အဝေးသို့တွန်းပို့ထားခဲ့သည်။

အရင်က ကျိုးချူ၏ ယောက်ဖအကြီးနှင့် အငယ်တို့သည် သူ့အား တစ်ကြိမ်တစ်ခါလေးသော်မျှ အလေးအနက်ထား ဆက်ဆံလေ့မရှိကြပေ။ သို့သော် ယခုတွင်တော့ ယောက်ဖနှစ်ယောက်စလုံးသည် ကျိးချူကို မြင်တွေ့သည့်အခါတွင် စိတ်ပါလက်ပါဖြင့် ကျေကျေနပ်နပ် နှုတ်ဆက်ကြသည်။

“ယောက်ဖ”

ဇနီးဖြစ်သူပင်လျှင် ကျိုးချူကို ဆက်ဆံပုံ ပြောင်းလဲသွားခဲ့သည်။

အရင်က အိမ်တွင် ကျိုးချူကသာ ဇနီးဖြစ်သူအတွက် ခြေဆေးရေပြင်ဆင််ပေးခဲ့ရသည်။ သို့သော် ချန်ကျဲ့မှ ကျိုးချူကို ရာထူးတိုးပေးပြီး ကျန်းချွမ်၏အိမ်တော်ကို ပေးလိုက်ချိန်မှ စတင်၍ သူ၏ တစ်ချိန်က ခက်ထန်မာကြောသည့် ဇနီးသည် နာခံတတ်သည့်ဇနီးလေး ဖြစ်လာခဲ့သည်။

မနေ့ကဆိုလျှင် သူမဘက်မှ စတင်၍ ကျိုးချူအတွက် ခြေဆေးရေပြင်ဆင်ပေးခဲ့သည်။ ဇနီးဖြစ်သူမှ ကြမ်းပြင်တွင် ဒူးထောက်၍ သူ့အား ခြေဆေးပေးသည့်မြင်ကွင်းမှာ မည်မျှပင် စိတ်လှုပ်ရှားကြည်နူးဖွယ်ကောင်းလှကြောင်း ကျိုးချူမှာ စကားလုံးများဖြင့် မဖော်ပြနိုင်စွမ်းပါချေ။

သူ၏ ဒီနေ့ဒီအချိန်၏ ဤသို့အခြေအနေများအားလုံးကို ညီနောင်ချန်ကျိုစစ်မှ ပေးထားခဲ့ခြင်းဖြစ်ကြောင်း ကျိုးချူ သေချာနားလည်ပါ၏။ ထို့ကြောင့် ကျိုးချူ၏ ချန်ကျဲ့အပေါ် ကျေးဇူးတင်စိတ်သည် စကားလုံးများဖြင့် ဖော်ပြမရနိုင်လောက်အောင် ကြီးမားလွန်းလှသည်။

ယခုတွင် ကျိုးချူသည် အခမ်းအနားပြင်ဆင်ရေးအတွက် ပျော်ရွှင်တက်ကြွစွာဖြင့် ပျားပန်းခတ်အလုပ်ရှုပ်နေခဲ့သည်မှာ လည်ပတ်နေသည့် ဂျင်အလားပင်။ ချန်ကျဲ့ ထွက်လာသည်ကို မြင်သောအခါ ကျိုးချူသည် ချက်ချင်း ပြုံးလာပြီး ပြောသည်။

“ခန်းမအရှင်သခင်”

ချန်ကျဲ့မှ ပြန်ပြောသည်။

“အို လောင်ကျိုး တက်ကြွနေတာပဲနော်”

ကျိုးချူမှ ရယ်မောသည်။

“ဟားဟားဟား မင်းမသိလို့ မနေ့ညက ငါ့ဇနီးက ငါ့ကို ခြေဆေးရေပြင်ပေးတယ်ကွ။ ပြီးတော့လည်း ငါ့ကို ခြေဆေးနေတုန်း အဖော်ပြုပေးနေတာ”

“ဝိုး သခင်ကြီးကျိုးက ကြီးမြတ်လိုက်တာဗျာ”

ထိုစကားတွင် ရှောင်ဟူသည် မျက်လုံးအပြူးသားဖြင့် အံ့ဩသွား၏။

ကျိုးချူမှ ရှောင်ဟူကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

“ဟူဇစ် ငါ့ကို လှောင်မနေစမ်းပါနဲ့ ကောင်စုတ်လေး။ ငါဒီမှာ အလေးအနက်ထား ပြောနေတာနော်”

ချန်ကျဲ့မှ ထပ်ပေါင်းပြောသည်။

“ဟုတ်တယ် ဟူဇစ်၊ သခင်ကြီးကျိုးက အခု သန်သန်မာမာ ရပ်တည်နေပြီ။ မျက်လုံးမည်းဝက်ဝံ မဟုတ်ဘူး”

“ဟေး ဟေး ခန်းမအရှင်သခင်က လူကို ဒီလိုမျိုး မနောက်ပြောင်သင့်ဘူးလေ။ ကျုပ်မိသားစုရဲ့ လက်ရှိအဆင့်အတန်းက မေးခွန်းထုတ်ဖွယ်ရာမရှိဘူးနော်”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ဟုတ်ပါတယ်၊ မေးခွန်းထုတ်နိုင်ဖွယ်ရာမရှိပါဘူး။ ဒါနဲ့ အခမ်းအနားပြင်ဆင်တာ ဘယ်လိုအခြေအနေရှိလဲ”

“ပြီးခါနီးပြီ။ ဧည့်သည်တွေလည်း တဖြည်းဖြည်းချင်း စရောက်လာနေပြီ။ ဦးလေးဖူက အရှေ့မှာ ဧည့်သည်တွေကို ကြိုဆိုနေတယ်။ ဒါပေမဲ့ ခဏနေလို့ အစောင့်အရှောက်ကြီး၁၃ဦးရောက်လာကြရင်တော့ မင်းကိုယ်တိုင် သွားကြိုဆိုဖို့ လိုလိမ့်မယ်”

ချန်ကျဲ့မှ ခေါင်းညိတ်သည်။

“အင်း သိပြီ”

သူတို့စကားပြောပြီး မကြာမီ၌ပင် တစ်စုံတစ်ယောက် ရောက်လာသည်ကို မြင်လိုက်ရသည်။

“ဂုဏ်ပြုပါတယ် မောင်လေးကျိုစစ်”

ချန်ကျဲ့ လှည့်ကြည့်လိုက်ရာ အစောင့်နှစ်ယောက်နှင့်အတူ ရောက်လာသည့် တတိယသခင်မလေးဟွားကို မြင်လိုက်ရသည်။ သို့သော် သူတို့သည် ပင်မဝင်ပေါက်မှ ဝင်ရောက်လာကြခြင်း မဟုတ်ပေ။

ချန်ကျဲ့မှ မေးသည်။

“အစ်မဟွား ဒါက ဘာကိစ္စများရှိလို့လဲ”

တတိယသခင်မလေးဟွားသည် ချန်ကျဲ့ထံ လက်ဆောင်တစ်ခု ကမ်းပေးပြီးနောက် ပြောသည်။

“ဒါက မင်းအတွက် ဂုဏ်ပြုလက်ဆောင်။ ဒါနဲ့ ယွင်ကျင်းဘယ်မှာလဲ? ငါဒီနေ့ ယွင်ကျင်းနဲ့ အတူတူအချိန်ဖြုန်းမလို့။ ရှေ့ဘက်ခြံဝင်းက ပွဲတော်ကိုတော့ ငါမပါဝင်တော့ဘူး”

ထိုအခါ ချန်ကျဲ့မှ ပြန်ပြောသည်။

“အိုး ကျေးဇူးတင်ပါတယ် အစ်မဟွား။ ယွင်ကျင်းက အထဲမှာပါ”

တတိယသခင်မလေးဟွားသည် အိမ်ထဲဝင်သွား၏။ ချန်ကျဲ့မှ ပြောသည်။

“ကဲ အစောင့်အရှောက်ကြီး၁၃ဦးထဲက ဆီကုန်သည်တော့ ရောက်ပြီ”

တတိယသခင်မလေးဟွား ရောက်လာပြီးနောက် မကြာမီတွင် မျန့်ရွှေစီရင်စု၏ အထင်ကရပုဂ္ဂိုလ်ကြီးများ စတင်ရောက်ရှိလာကြတော့သည်။ အခမ်းအနားတက်ရောက်လာသူများသည် ဖုန်းရွှမ်၏ရာထူးဆက်ခံပွဲတုန်းက တက်ရောက်သည့် လူအရေအတွက်ထက် ပိုများသည်။ ထိုအချိန်က ပွဲတက်လာသူများမှာ နန်ပါးထျန်းနှင့် ဆက်ဆံရေးတချို့ရှိသူများနှင့် လွှမ်းမိုးမှုအချို့ရှိသူများ ဖြစ်ကြသည်။

သို့သော် ထိုသူများအားလုံးသည် စီရင်စုအုပ်ချုပ်ရေးမှူးနှင့် အဘယ်သို့များ ယှဉ်နိုင်ပါမည်နည်း။

ဒီနေ့ စီရင်စုအုပ်ချုပ်ရေးမှူး ပွဲတက်ရောက်မည်ဟု ကြားသိကြသည်တွင် ဤပွဲသို့တက်ရောက်ခြင်းငှာ သဘာဝကျသော၊ သဘာဝမကျသော၊ ပွဲတက််ခြင်းငှာ သင့်တော်သူ၊ မသင့်တော်သူများ အားလုံးနီးပါးတို့သည် ချန်ကျဲ့၏ရာထူးဆက်ခံပွဲသို့ တက်ရောက်လာကြတော့သည်။

All Chapters