← Chapters

အခန်း (၄၃၂)

Vol. 33 Ch. 432

အခန်း (၄၃၂)

Vol. 33 Ch. 432

ကျိုးချူသည် ဝင်ပေါက်တွင် ရွာဆော်ကိရိယာကို အထူးတလည် စီစဉ်ထားခဲ့သည်။

“ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်း အကြီးအကဲစွင်းနှင့် သားဖြစ်သူမှ ပွဲတက်ရောက်ဂုဏ်ပြုပါတယ်”

“ချောင်ကုန်သည်အဖွဲ့ ခန်းမအရှင်သခင် တစ္ဆေလက်ကုန်ချင်းဖုန်းမှ ပွဲတက််ရောက်ဂုဏ်ပြုပါတယ်”

“ချောင်ကုန်သည်အဖွဲ့ စာပေပညာရှင် ပိုင်မော့ရှန်းမှ ပွဲတက်ရောက်ဂုဏ်ပြုပါတယ်”

“ငါးဖမ်းကုန်သည်အဖွဲ့ လင်းယုန်ခန်းမအရှင်သခင် ချင်းယင်နှင့်ဇနီးတို့မှ ပွဲတက်ရောက်ဂုဏ်ပြုပါတယ်”

“ချောင်ကုန်သည်အဖွဲ့ ကုန်သည်အဖွဲ့ခေါင်းဆောင်လျိုမှ ပွဲတက်ရောက်ဂုဏ်ပြုပါတယ်”

“ငါးဖမ်းကုန်သည်အဖွဲ့ ကုန်သည်အဖွဲ့ခေါင်းဆောင်နန်နှင့်ဇနီးမှ ပွဲတက်ရောက်ဂုဏ်ပြုပါတယ်”

ဧည့်သည်များ ဆက်တိုက်ရောက်လာနေခဲ့ပြီး အထင်ကရပုဂ္ဂိုလ်ကြီးများသည်လည်း တက်ရောက်ဂုဏ်ပြုကြရာ အခြားဧည့်ပရိသတ်များမှာ အံ့အားသင့်ကုန်နေကြတော့သည်။

“ဝါး ကြည့်ရတာ ဒီနေ့ အစောင့်အရှောက်ကြီး၁၃ဦးလုံး တက်ရောက်ကြမယ်ထင်တယ်”

“အင်း မျန့်ရွှေစီရင်စုမှာ ဒီလောက်ကြီးကျယ်တဲ့ အခမ်းအနားမျိုး မမြင်တွေ့ရတာတောင် အတော်ကြာပြီပဲ”

“ဟုတ်ပကွာ၊ နန်ပါးထျန်း၊ လျိုလောင်ကွေ့လို အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင်တွေတောင် တက်ရောက်လာကြမှတော့ အဖွဲ့ဝင်၁၃ဦးလုံးနီးပါး ရောက်လာကြမယ်ထင်ရတာပဲ”

ထိုအခါ လူတစ်ယောက်မှ ပြောသည်။

“အကုန်မလာဘူး။ ရဲမက်ကျန်းလီယဲ့ မလာဘူး”

သူတို့ဆွေးနွေးပြောဆိုနေကြစဉ် အပြင်ဘက်မှ ကြေညာသံကို ကြားလိုက်ရသည်။

“စီရင်စုရာဇဝတ်တရားသူကြီးမင်း ရောက်ရှိပါတယ်”

စီရင်စုရာဇဝတ်တရားသူကြီး၏ ရထားလုံးရောက်ရှိလာသည်ကို အားလုံးမြင်တွေ့လိုက်သည်။ ရာဇဝတ်တရားသူကြီးနှင့်အတူ အစောင့်အရှောက်ကြီး၁၃ဦးထဲမှ ကျန်းလီယဲ့လည်း တက်ရောက်လာခဲ့သည်။ သို့သော် ဝူဟုန်တော့ ပါမလာခဲ့ပေ။

ဝူဟုန််သည် သူ့ကိုယ်သူ တမင်ရည်ရွယ်၍ အလုပ်စီစဉ်ထားခဲ့ခြင်းဟု သတ်မှတ်နိုင်ပါ၏။ ဤရက်ပိုင်းအတွင်း ဝူဟုန်သည် လူရှေ့ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။

ချန်ကျဲ့ ချက်ချင်းသွား၍ ရာဇဝတ်တရားသူကြီးကို နှုတ်ဆက်သည်။

ရာဇဝတ်တရားသူကြီးထန််ဝမ်နျန်သည် ချန်ကျဲ့ကို ယီးဟုန်ဂေဟာတွင် တစ်ခေါက်သာ တွေ့ခဲ့ဖူး၏။ သို့သော် ဤမျှတိုတောင်းသည့် အချိန်လေးအတွင်း၌ တစ်ချိန်က အင်အားကြီးပုဂ္ဂိုလ်ကြီးများ၏ နောက်မှ သေးနုပ်သည့်လူတစ်ဦးသည် သူနှင့် တစ်တန်းတည်း ယှဉ်တွဲရပ်တည်နိုင်သည့်အဆင့်အတန်းသို့ ရောက်ရှိလာခဲ့မည်ဟု မျှော်လင့်မထားခဲ့ချေ။

“ခန်းမအရှင်သခင်ချန်က တကယ့်ကို ပါရမီရှင်လူငယ်တစ်ဦးပါပဲလား”

ထန်ဝမ်နျန်သည် မထိန်းချုပ်နိုင်စွာဖြင့် ချန်ကျဲ့အား အသိအမှတ်ပြုလေးစားမှုကို ထုတ်ဖော်ပြသသည်။

ချန်ကျဲ့သည် ရာဇဝတ်တရားသူကြီးထန်ဝမ်နျန်အား နေရာချထားပေးရန် လူတစ်ယောက်ကို ညွှန်ကြားလိုက်သည်။ ထို့နောက်တွင် အပြင်ဘက်မှ ကြေညာသံ ထွက်ပေါ်လာပြန်သည်။

“ယီးဟုန်ဂေဟာ သခင်မဟုန်ယန်မှ ပွဲတက်ရောက်ဂုဏ်ပြုပါတယ်”

ထိုအခါ ချန်ကျဲ့သည် အံ့ဩသွားပြီး ချောင်ဟုန်ယန်ကို သွားရောက်ကြိုဆိုရန် ပြင်သည်။

ထိုစဉ် အနားရှိလူတစ်ယောက်ထံမှ နားမလည်ရှုပ်ထွေးဟန်သော စကားသံကို ကြားလိုက်ရသည်။

“အာ ခန်းမအရှင်သခင်ချန်က ယီးဟုန်ဂေဟာနဲ့ အဆက်အသွယ်ရှိနေဖို့ရာ အတော်လေး ငယ်ရွယ်သေးတယ် မဟုတ်ဘူးလား”

ထိုအခါ ချန်ကျဲ့သည် နန်ပါးထျန်းနှင့် အတူလာရောက်သည့် ဟွမ်ဝမ်အာကို လှည့်ကြည့်လိုက်သည်။

ထိုအချိန်၌ ဟွမ်ဝမ်အာသည် ချန်ကျဲ့ကို ပြုံးလျက် ကြည့်နေခဲ့သည်။ သူမ၏ မျက်လုံးများသည် ဤသို့အဓိပ္ပာယ်ကို ဖော်ပြနေသည့်အလားပင်။

“အဲဒီတော့ မိန်းကလေးချောင်ဟုန်ယန်နဲ့ ရှင်နဲ့ကြားမှာ ဆက်ဆံရေးတစ်ခုရှိနေတာပေါ့လေ။ အဲဒီလိုဆက်ဆံရေးမျိုး ဟုတ်တယ်မလား”

ချန်ကျဲ့ ဖြေရှင်းရန် အချိန်မရလိုက်မီ၌ပင် အပြင်ဘက်မှ နောက်ထပ် စကားသံ ထွက်ပေါ်လာပြန်သည်။

“နန်သခင်မ ပြောတာ အရမ်းကိုမှ မှန်ကန်ပါတယ်။ ယီးဟုန်ဂေဟာသခင်မ ကျွန်မ ချောင်ဟုန်ယန်က သိုင်းလောကသားအားလုံးနဲ့ မိတ်ဆွေတွေပါ။ ခန်းမအရှင်သခင်ချန်တင် မဟုတ်ဘဲ ခေါင်းဆောင်နန်ကလည်း ယီးဟုန်ဂေဟာရဲ့ မိတ်ဆွေတစ်ယောက်ပါပဲ”

“အို ဟုတ်လား?”

ဟွမ်ဝမ်အာသည် အမှန်တကယ် နားမလည်နိုင်ဖြစ်ကာ နန်ပါးထျန်းကို လှည့်ကြည့်လိုက်သည်။

နန်ပါးထျန်း မျက်မှောက်ကြုတ်သွား၏။

“မိန်းကလေးဟုန်ယန် ကျေးဇူးပြုပြီး စကားပြောတာ သတိထားပေးပါ။ ကျုပ်က အမြဲ ဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့သူပါ။ ကျုပ်ဘယ်တုန်းကများ ခင်‌ဗျားရဲ့ယီးဟုန်ဂေဟာကို သွားလာလည်ပတ်ခဲ့ဖူးလို့တုန်း?”

ချောင်ဟုန်ယန် တွန့်ဆုတ်သွားရသည်။

နန်ပါးထျန်းက တကယ့်ကိုပဲ ယီးဟုန်ဂေဟာထဲ ဝင်ရောက်ခဲ့ဖူးတာမျိုး မရှိသလိုပဲ။ ဒီအဖိုးကြီးက တကယ်အပျော်အပါးရှောင်တာလား ဒါမှမဟုတ် ကြောင်သူတော်များလား?

သို့သော်ငြား လူအများကြောက်ရွံ့ရသည့် နန်ပါးထျန်းသည် ပြုလုပ်ရန်ဆန္ဒမရှိခြင်းကြောင့် မဟုတ်ဘဲ ပြုလုပ်နိုင်စွမ်းမရှိခြင်းကိုမူ ချောင်ဟုန်ယန်သည် လုံးဝ မခန့်မှန်းမိခဲ့ပေ။

လူအများ အပြန်အလှန်စကားပြောနေကြစဉ် ကြေညာသံထွက်‌ေပါ်လာခဲ့သည်။ “စီရင်စုအုပ်ချုပ်ရေးမှူး ရောက်ရှိပါတယ်!”

ထိုကြေညာချက်တွင် ခြံဝင်းအတွင်းလူအားလုံးသည် နေရာမှ ထရပ်လျက် ဝင်ပေါက်ဆီသို့ ဦးတည်သွားကြသည်။ မြင်းသုံးကောင်ဆွဲရထားလုံးကြီးတစ်စင်းသည် သံနက်တပ်သားများ ခြံရံလျက် ကျားဖြူခန်းမဝင်ပေါက်သို့ ဦးတည်လာနေသည်။

ရထားလုံးသည် အလွန်ကြီးမားရာ လူ၇ယောက်၊ ၈‌ယောက်ခန့် ဝင်ဆံ့နိုင်လောက်သည်။

တပ်မှူးချီမုကောသည် မြင်းတစ်ကောင်ကို စီးနှင်လျက် တပ်သားတစ်စုကို ဦးဆောင်သည်။

ခန်းမထဲသို့ရောက်သောအခါ သံနက်တပ်သားများသည် ရပ်တန့်သွားကြပြီး ချန်ကျဲ့လည်း ချဉ်းကပ်သွားလိုက်သည်။

ချီမုကောသည် မြင်းပေါ်မှ ဆင်းပြီးနောက် ရထားလုံးရှေ့သို့ လျှောက်သွားပြီး ပြောသည်။

“သခင်ကြီး ရောက်ပါပြီ”

ထိုအခါ ရထားလုံးထဲမှ ပြန်လည်တုံ့ပြန်သည်။

“အင်း”

ထို့နောက် ရထားလုံးအတွင်းထဲမှ အလှလေးနှစ်ဦးသည် ရထားလုံးလိုက်ကာကို မတင်လိုက်သည်။ ရထားလုံးမောင်းနှင်လာသည့် တပ်သားသည် ရှေ့တွင် ချက်ချင်း ဒူးထောက်လိုက်သည်။ စီရင်စုအုပ်ချုပ်ရေးမှူးယဲ့လုဖုန်းသည် ထိုတပ်သား၏ ကျောကို နင်း၍ ရထားလုံးပေါ်မှ ဆင်းသည်။ ထိုအချိန်တွင် အလှလေးတစ်ဦးသည် သူ့အတွက် ဖိနပ်များ ပြင်ဆင်ပေးသည်။ ထို့နောက် ယဲ့လုဖုန်းသည် ပြင်ဆင်ပေးထားသည့် ဖိနပ်ကို စီးလိုက်သည်။

ထို့နောက် ခန်းမထဲရှိ လူအားလုံးကို တစ်ချက်မော့ကြည့်သည်။

ထိုအခိုက်အတန့်တွင် ချန်ကျဲ့သည် အလျင်အမြန် ရိုသေလေးစားစွာ အရိုအသေပြု နှုတ်ဆက်ရသည်။

“သခင်ကြီးယဲ့လုကို ဂါရဝပြုပါတယ်”

နောက်မှ လူများသည်လည်း အရိုအသေပြုကြသည်။

“စီရင်စုအုပ်ချုပ်ရေးမှူးကို ဂါရဝပြုပါတယ်”

ယဲ့လုဖုန်းသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး မှတ်ချက်ပြုသည်။

“ဒီနေ့ လူအတော်များသားပဲ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“သခင်ကြီးအတွက် တိတ်ဆိတ်တဲ့နေရာတစ်နေရာ စီစဉ်ပေးရပါမလား”

“မလိုပါဘူး။ ငါ ဒီလိုမျိုး စည်စည်ကားကားနေရာတွေဆီ မရောက်ဖြစ်တာ အတော်ကြာနေပြီရယ်”

ထိုသို့ပြောရင်း ယဲ့လုဖုန်းသည် ချန်ကျဲ့၏လက်ကို လှမ်းကိုင်လိုက်ကာ ပြောသည်။

“လာ ငါ့ကို မင်းရဲ့ကျားဖြူခန်းမတစ်ခွင် လိုက်ပြပါဦး”

ချန်ကျဲ့မှ တုံ့ပြန်သည်။

“ဟုတ်ကဲ့ပါ သခင်ကြီး”

ချန်ကျဲ့သည် ယဲ့လုဖုန်းအား အမျိုးသမီးများရှိနေသည့် နေရာကို ရှောင်ဖယ်ခဲ့ပြီး ကျားဖြူခန်းမကို အကျဉ်းချုံးလိုက်ပြပေးသည်။ ယဲ့လုဖုန်းမှ မှတ်ချက်ပြုသည်။

“အင်း အတော်လေးကောင်းသားပဲ။ ကျားဖြူခန်းမက တကယ်ကို နေရာကောင်းတစ်ခုပဲ။ ဒါနဲ့ အခမ်းအနားက ဘယ်အချိန် စမှာလဲ”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“ကျွန်တော်တို့က သခင်ကြီးကို စောင့်နေတာပါ”

ယဲလုဖုန်းမှ ကြေညာသည်။

“ကောင်းပြီ။ ဒါဆိုလည်း စလိုက်ကြတာပေါ့”

ယဲ့လုဖုန်းမှ အဓိကနေရာထိုင်ခင်းတွင် နေရာယူလိုက်ပြီးနောက် အခမ်းအနားကို တရားဝင် စတင်သည်။

မိန့်ခွန်းစကားများသည် ထုံးတမ်းစဉ်လာအရ ထူးခြားမှုမရှိသော်ငြား ဒီနေ့အတွက်မူ လုံးဝ ကွာခြားပေသည်။ ယဲ့လုဖုန်းမှ အခမ်းအနားတက်ရောက်လာခဲ့ရာ ကျားဖြူခန်းမအရှင်သခင် ချန်ကျိုစစ်သည် စီရင်စုအုပ်ချုပ်ရေးမှူး၏ အသိအမှတ်ပြုခံရသည့် ခန်းမအရှင်သခင်ဟု အဓိပ္ပာယ်ရ၏။

ဤအဓိပ္ပာယ်ဖော်ဆောင်မှုသည် အဝေးမှ တစ်ချက်ကြည့်ရုံဖြင့်ပင် မရိုးရှင်းကြောင်း ထင်ရှားလှသည်။

ရှေ့လျှောက်ပြီး ကျားဖြူခန်းမအား ထိပါးလိုသူသည် မိမိကိုယ်ကိုယ် စီရင်စုအုပ်ချုပ်ရေးမှူး၏ ပြိုင်ဘက်ဖြစ်နိုင်သည်လောဟု ပြန်လည်သုံးသပ်ရလိမ့်မည်။

ကျားဖြူခန်းမနှင့် မဟာမိတ်ဖွဲ့လိုသူများသည်လည်း ကျားဖြူခန်းမနှင့် ပူးပေါင်းခြင်းသည် စီရင်စုအုပ်ချုပ်ရေးမှူးနှင့် သွယ်ဝိုက်၍ မဟာမိတ်ဖွဲ့ခြင်းဖြစ်ကြောင်းကို ထည့်သွင်းစဉ်းစားရမည်။

ရလဒ်အနေဖြင့် ချန်ကျဲ့၏ရာထူးဆက်ခံပွဲ အခမ်းအနားသည် ခြွင်းချက်မရှိ အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။ ချန်ကျဲ့မှ ကျားဖြူခန်းမအဖြစ် ရာထူးဆက်ခံခြင်းအပေါ် မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုလာသူလည်း မရှိခဲ့ပေ။

အခမ်းအနားပြီးဆုံးသောအခါ လူသူအပေါင်းသည် စီရင်စုအုပ်ချုပ်ရေးမှူးကို ဝိုင်းဝန်း၍ ကပ်ဖားရပ်ဖားလုပ်နေခဲ့ကြသည်မှာ ချန်ကျဲ့ပင်လျှင် မိမိကိုယ်ကိုယ် အပြင်လူတစ်ယောက်ကဲ့သို့ ခံစားသွားရသည်အထိ။

ချန်ကျဲ့ ‌စိတ်သက်သာရာရစွာ စိတ်လျှော့လိုက်လုနီး တဒင်္ဂတွင် အစေခံမိန်းကလေးတစ်ဦး အပြေးရောက်လာသည်။ ချန်ကျဲ့ ထိုမိန်းကလေးကို ချက်ချင်း မှတ်မိလိုက်သည်။ ထိုမိန်းကလေးမှာ ဟွမ်ဝမ်အာ၏ အစေခံသုကျွမ်းဖြစ်သည်။ သုကျွမ်းသည် အမြန်ပြေးလာပြီး ချန်ကျဲ့လက်ထဲသို့ စာတစ်စောင် ထည့်ပေးခဲ့သည်။

ချန်ကျဲ့ ဖွင့်ဖတ်ကြည့်လိုက်၏။

[မြန်မြန်လာ!]

ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်။ ဟွမ်ဝမ်အာ ရောက်လာကတည်းက ချန်ကျဲ့သည် သူမကို လျှို့ဝှက်လမ်းကြောင်းရှိသည့် အဆောင်တစ်ခုတွင် နေရာချထားပေးခဲ့သည်။ အရာအားလုံး လုပ်ဆောင်ပြီးပါက လျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့် ထွက်ခွာနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

သို့‌တိုင် ထိုရူးနှမ်းနေသည့် အမျိုးသမီးသည် တစ်ယောက်တည်းအချိန်ဖြုန်းရခြင်းကို သည်းမခံနိုင် ဖြစ်နေခဲ့သည်။

မြန်မြန်လာတဲ့လား?

ကောင်းပြီလေ၊ လာစမ်းပါ။ ဘယ်သူက ကြော‌က်နေရမှာလဲ။

ချန်ကျဲ့သည် သူအဝတ်သွားလဲနေစဉ် ရှောင်ဟူကို အခြေအနေစောင့်ကြည့်ခိုင်းထားခဲ့သည်။

ထို့နောက် ချန်ကျဲ့သည် အတွင်းခန်းမထဲသို့ ဝင်သွားသည်။ ထို့နောက် လျှို့ဝှက်လမ်း‌ဝင်ပေါက်ကို ရှာဖွေပြီး လျှို့ဝှက်လမ်းမှတစ်ဆင့် ဟွမ်ဝမ်အာရှိနေသည့် အခန်းထဲသို့ သွားခဲ့သည်။

သို့သော် အခန်းထဲရောက်သောအခါ ချန်ကျဲ့ မျက်မှောင်ကြုတ်သွားရ၏။

သူဘယ်ရောက်သွားတာလဲ?

အဲဒီရူးနေတဲ့ဟွမ်ဝမ်အာ ဘယ်ရောက်သွားလဲ?.

ဒီနေရာမှာစောင့်နေဖို့ သဘောတူထားပြီးသား မဟုတ်ဘူးလား?

ချန်ကျဲ့သည် စဉ်းစားရင်း လျှို့ဝှက်လမ်းကြောင်းမှ ပြန်ထွက်ခဲ့ကာ ပင်မဝင်ပေါက်ဆီသို့ ပတ်သွားလိုက်သည်။ ထိုအခါ ဟွမ်ဝမ်အာကို ခစားရန် တာဝန်ကျသည့် ချွေ့ကျူကို တွေ့လိုက်ရသည်။

ချန်ကျဲ့ ချွေ့ကျူကို ကြည့်လိုက်သည်။

“ချွေ့ကျူ ကုန်သည်အဖွဲ့သခင်မ ဘယ်မှာလဲ”

“အာ နန်သခင်မပြောတာ သူပျင်းလို့တဲ့။ ခုနက ချန်သခင်မ ဖြတ်သွားတာကိုမြင်တော့ ချန်သခင်မကို ရှာဖို့ ထွက်သွားပါတယ်”

“ဘာ?!”

ဟွမ်ဝမ်အာက စူးယွင်ကျင်းကို သွားရှာတာလား?!

All Chapters