အခန်း (၄၃၃)
Vol. 33 Ch. 433
ကျားဖြူခန်းမ အနောက်ခြံဝင်း ရေကန်၌
စူးယွင်ကျင်းသည် အပြာရင့်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကိုမူ ချန်ကျဲ့ဝယ်ပေးထားသည် အဆင်တန်ဆာအသစ်များဖြင့် ဆင်ယင်ထုံးဖွဲ့ထားသည်။
စူးယွင်ကျင်း၏ မျက်နှာချင်းဆိုင်တွင် ဟွမ်ဝမ်အာ ထိုင်နေသည်။ ဟွမ်ဝမ်အာသည် အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာမှာ အနည်းငယ် ဟန်ဆောင်ပန်ဆောင်နိုင်သော်ငြား ဆွဲဆောင်မှုရှိမြဲပင်။
သူတို့နှစ်ဦးသည် ရေကန်ထဲမှ ကြာပန်းများကို ရှုစားနေကြပြီး သူတို့၏နောက်ဘက်တွင် အမျိုးသမီးများသည် မရပ်မနားစကားပြောနေရာ မြင်ကွင်းမှာ အလွန်တရာ တည်ငြိမ်အေးချမ်းနေတော့သည်။
တတိယသခင်မလေးဟွားသည် ဘေးတွင်ချထားသည့် ကိတ်မုန့်ကို ယူစားလိုက်ရင်း ရေကန်ဘေးတွင် ထိုင်နေသည့် အမျိုးသမီးနှစ်ဦးကို ကြည့်နေသည်။
သူမ၏ဘေးတွင်တော့ ချင်းယင်၏ ခပ်တုံးတုံးဇနီးသည် ကျားဖြူခန်းမ၏ကိတ်ကို တမြုံ့မြုံ့ဝါးနေရင်း ဝေဖန်သည်။
“ကျွန်မက ဒီကိတ်ကို အရည်အသွေးမြင့်ကိတ်တစ်မျိုးမျိုးလို့ ထင်ထားတာ ဒါပေမဲ့ တကယ်တမ်းကျ သာမန်ပင်လုံးကြိုင်ကိတ်ဖြစ်နေတာပဲ။ နည်းနည်းလေးမှ ပွဲမတိုးဘူး…”
ရှလွတ် ရွှတ်…
ထိုအမျိုးသမီးမှ ပြစ်တင်ဝေဖန်နေစဉ် ဘေးရှိ ရွေ့ရွေ့သည် ပင်လုံးကြိုင်ကိတ်အား နှုတ်ခမ်းများသပ်လျက် အလွန်အရသာရှိကြောင်း ထင်ရှားလှစွာ အားရပါးရ စားနေခဲ့သည်။
ထို့နောက် တတိယသခင်မလေးဟွားကို မေးသည်။
“မမဟွား ပင်လုံးကြိုင်ကိတ်က အရမ်းစားကောင်းတာပဲ။ ဘာလို့ ဒီအန်တီက အရသာမရှိဘူးလို့ ထင်ရတာလဲ”
တတိယသခင်မလေးဟွားမှ ပြောသည်။
“မာနထောင်လွှားနေတဲ့ ငတုံးလေ၊ သူ့ကို အရေးလုပ်မနေနဲ့။ သူက အခက်အခဲတွေကို ကြောက်ရွံ့ပြီး ယောက်ျားမရှိဘဲ မရှင်သန်နိုင်ဘူး။ သူ့ကို အတုမယူနဲ့”
“အာ သိပါပြီ။ ဒါနဲ့ မမဟွား သူတို့ အဲဒီမှာဘာလုပ်နေကြတာလဲ”
ရွေ့ရွေ့သည် ပင်လုံးကြိုင်ကိတ်စားရင်း ရေကန်ဘေးတွင် ထိုင်ကာ စကားမပြောဘဲ လက်ဖက်ရည်ကြမ်းသောက်နေကြသည့် လူနှစ်ဦးကို နားမလည်နိုင်စွာ ကြည့်နေသည်။
တတိယသခင်မလေးဟွားမှ ပြောသည်။
“မမလည်း မသိဘူး။ ယွင်ကျင်းရဲ့ ဒီလိုပုံစံကို မြင်ရခဲတယ်!”
သူတို့ပြောနေစဉ် ရေကန်ဘေးရှိ လူနှစ်ယောက်သည် ရုတ်တရက် ထရပ်လာ၏။
စူးယွင်ကျင်းမှ ပြောသည်။
“အစ်မဟွမ် ကျွန်မ ရေခဲမုန့်တချို့ လုပ်ထားတယ်။ အစ်မဟွမ် ပြန်တဲ့အခါ နည်းနည်းယူသွားလိုက်ပါ”
ဟွမ်ဝမ်အာသည် စူးယွင်ကျင်းကို ကြည့်နေသည်။
“ညီမလေး မင်းရဲ့နာမည်က မင်းနဲ့ အရမ်းလိုက်ဖက်တယ်။ ဖောင်းကြွတိမ်စိုင်တွေလိုပဲ။ မင်းနဲ့ ဆုံတွေ့ခဲ့တာ ချန်ကျိုစစ်က အရမ်းကံကောင်းတာပဲ”
စူးယွင်ကျင်းမှ ပြန်ပြောသည်။
“အစ်မဟွမ်က အရမ်းချီးမွမ်းလွန်းနေပါပြီ။ ကျွန်မကသာ သခင်ကြီးချန်နဲ့ တွေ့ဆုံခဲ့ရလို့ ကံကောင်းခဲ့တာပါ”
ဟွမ်ဝမ်အာမှ ပြောသည်။
“မပြောပါနဲ့တော့ ညီမလေး။ အစ်မကို လိုက်ပို့ဖို့ မလိုတော့ဘူး။ အစ်မ သွားလိုက်ပါဦးမယ်”
စူးယွင်ကျင်းမှ ပြောသည်။
“ကျွန်မ အစ်မဟွမ်ကို လိုက်ပို့ပါမယ်”
သူတို့နှစ်ဦး ရေကန်ဘေးမှ ထွက်လာသောအခါ တတိယသခင်မလေးဟွားလည်း သူတို့ထံ အမြန်သွားလိုက်သည်။ တတိယသခင်မလေးဟွားသည် စူးယွင်ကျင်းကို ကြည့်ပြီးနောက် ဟွမ်ဝမ်အာကို တစ်ချက်ကြည့်လိုက်သည်တွင် တစ်စုံတစ်ရာပြောချင်သော်ငြား မိမိကိုယ်ကိုယ် ထိန်းချုပ်လိုက်သည်။
ထိုစဉ် ချန်ကျဲ့ အလောတကြီး ရောက်လာသည်။
စူးယွင်ကျင်းနှင့် ဟွမ်ဝမ်အာတို့ အတူတူ ရယ်မောပြောဆိုရင်း လမ်းလျှောက်နေသည့် မြင်ကွင်းကို မြင်လိုက်ရသည်တွင် ချန်ကျဲ့ အံ့ဩသွားခဲ့သည်။
ဘာတွေဖြစ်နေတာလဲ?
ငါက စစ်မြေပြင်ဖြစ်နေမယ်လို့ ထင်ထားတာလေ?
ချန်ကျဲ့ စိတ်ရှုပ်ထွေးနေစဉ် စူးယွင်ကျင်းနှင့် ဟွမ်ဝမ်အာသည် သူ့ထံ ချဉ်းကပ်လာ၏။ ဟွမ်ဝမ်အာသည် ချန်ကျဲ့၏နဖူးမှ ချွေးများကို သတိထားမိသဖြင့် ကျီစယ်လာသည်။
“ယွင်ကျင်း မင်းရဲ့ခင်ပွန်းကို ကြည့်ပါဦး။ ဒီလောက်တောင် ချွေးတွေထွက်နေတာ မင်းကို အရမ်းလွမ်းနေတာ ဖြစ်ရမယ်”
စူးယွင်ကျင်းမှ ပြောသည်။
“အစ်မဟွမ်က ချဲ့ကားလွန်းနေပါပြီ။ သခင်ကြီးချန်က အပူဒဏ်ကြောင့် ချွေးထွက်နေတာဖြစ်မှာပါ”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“သခင်မတို့ ဘာကိစ္စတွေများ အထူးတလည်ဖြစ်ခဲ့ကြသေးလဲ”
ဟွမ်ဝမ်အာမှ ချန်ကျဲ့ကို ပြုံးပြသည်။
“ဘာများဖြစ်နိုင်မယ် ထင်လို့လဲ”
စူးယွင်ကျင်းမှ ပြောသည်။
“ေယာကျ်ား၊ အစ်မဟွမ်က အခန်းထဲမှာ တစ်ယောက်တည်း ပျင်းနေလို့ အပြင်ထွက်ပြီး လေညင်းခံဖို့ ကျွန်မ ဖိတ်လိုက်တာပါ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ဪ ကိုယ်က ရှင်မ တစ်ခုခုဖြစ်နေပြီထင်လိုက်တာ”
ဟွမ်ဝမ်အာမှ ပြောသည်။
“ယွင်ကျင်းက ဘာများဖြစ်နိုင်မှာမို့လို့လဲ။ ခန်းမအရှင်သခင်ချန်က တင့်တယ်လှပတဲ့ ဇနီးလေးကို လူတွေ့မခံနိုင်တာတော့ မဟုတ်ပါဘူးနော် ဟားဟား…”
စူးယွင်ကျင်းမှ ပြောသည်။
“အစ်မဟွမ်က မြှောက်ပင့်နေပြန်ပါပြီ။ ဘာကို တင့်တယ်လှပတဲ့ ဇနီးလေးလဲရှင်။ ကျွန်မက ရွာသူလေးတစ်ယောက်ပါပဲ”
ဟွမ်ဝမ်အာမှ ပြန်ပြောသည်။
“ညီမလေး မင်းက စကားကို လှလှပပပြောတတ်တယ်။ ကြည့်လိုက်တာနဲ့ ပညာရှိမိသားစုက ဆင်းသက်လာတာပဲ။ ဘယ်လိုလုပ်ပြီး သာမန်ရွာသူလေးပဲလို့ သုံးနှုန်းနိုင်မှာလဲ။ ကိုယ့်ကိုယ်ကိုယ် အထင်သေးပြီး နှိမ့်ချမသတ်မှတ်လိုက်နဲ့။ မင်းနဲ့ပတ်သတ်ပြီး ပေါက်ကရစကားတွေ ပြောရဲတဲ့သူရှိရင် ငါ သူတို့ရဲ့ပါးစပ်တွေကို ဆွဲဖြဲပစ်မယ် စောင့်ကြည့်နေလိုက်!”
ထိုစကားအဆုံး၌ ဟွမ်ဝမ်အာသည် ချင်းယင်၏ဇနီးကို ကြည့်လိုက်သည်။
ချင်းယင်၏ဇနီးသည် တောင့်ခဲသွား၏။ အကြောင်းမှာ စူးယွင်ကျင်းအား ရွာသူတစ်ယောက်ဟု အတင်းအဖျင်းပြောသူမှာ သူမ နောက်ကွယ်တွင် ပြောခဲ့ဖူးသည့် အကြောင်းအရာဖြစ်နေခဲ့သောကြောင့်ပင်။
ထို့နောက် ဟွမ်ဝမ်အာသည် အကြည့်ပြန်လွှဲလိုက်ပြီး ပြောသည်။
“ညီမလေး ဒီမှာထိုင်ပြီး ပန်းတွေ ရှုစားနေလိုက်ပါ။ ငါ ခဏအနားယူဖို့ လိုလို့။ ခဏနေရင် အိမ်တော်ကို ပြန်ရတော့မှာလေ”
စူးယွင်ကျင်းမှ ပြောသည်။
“ကျွန်မ အစ်မဟွမ်ကို လိုက်ပို့ပါ့မယ်”
“မလိုပါဘူး။ ငါလမ်းသိတယ်။ တစ်ယောက်တည်း သွားနိုင်ပါတယ်”
ထိုသို့ပြောပြီးနောက် ဟွမ်ဝမ်အာမှ ခေါင်းညိတ်ပြသည်။ ထိုအခါ စူးယွင်ကျင်းသည် ချွေ့ကျူကို အမြန်ပြောလိုက်သည်။
“အမြန်၊ နန်သခင်မကို အခန်းဆီ ပြန်လိုက်ပို့လိုက်ပါ”
“ဟုတ်ကဲ့”
ချွေ့ကျူသည် ဟွမ်ဝမ်အာနောက်သို့ လိုက်သွားသည်။ ဟွမ်ဝမ်အာ၏အစေခံ သုကျွမ်းလည်း နောက်မှ လိုက်သွားခဲ့သည်။ ထို့နောက် ချန်ကျဲ့သည် စူးယွင်ကျင်းကို အဖော်ပြု၍ ရေကန်ဘေးသို့ သွားခဲ့သည်။ တတိယသခင်မလေးဟွားနှင့် ရွေ့ရွေ့သည်တော့ ကိတ်မုန့်ပြန်စားနေကြသည်။
ချန်ကျဲ့နှင့် စူးယွင်ကျင်းတို့သည် ရေကန်ဘေးတွင် လမ်းလျှောက်နေခဲ့ကြ၏။ ခဏအကြာတွင် ချန်ကျဲ့သည် သည်းမခံနိုင်တော့ဘဲ မေးလိုက်တော့သည်။
“ရှင်မ၊ ခုနက နန်သခင်မ မင်းကို ဘာတွေပြောခဲ့သေးလဲ”
“အို ဘာမှသိပ်မပြောပါဘူး။ ဗုဒ္ဓအတွေးအခေါ်တချို့လောက်ပါပဲ”
ဗုဒ္ဓအတွေးအခေါ်?
ချန်ကျဲ့ အံ့အားသင့်မှုကြောင့် မျက်လုံးပြူးသွား၏။
ဘယ်လိုဗုဒ္ဓအတွေးအခေါ်လဲ? ငါတွေးနေတဲ့ အဲ့ဟာလား?
“ဪ နန်သခင်မက ဗုဒ္ဓကို အလွန်ရိုသေကိုင်းရှိုင်းတဲ့ သူပဲ။ ပြီးတော့ ကျွမ်းလည်း ကျွမ်းကျင်တယ်။ သူ မင်းနဲ့ အတိအကျ ဘာတွေဆွေးနွေးသွားခဲ့လဲ”
စူးယွင်ကျင်းသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောသည်။
“ကျွန်မ မေ့သွားပြီ…”
“မေ့သွားပြီ?”
ချန်ကျဲ့ စူးယွင်ကျင်းကို ကြည့်လိုက်သည်။
ယွင်ကျင်းက မေ့လျော့လွယ်တဲ့သူလား?
စူးယွင်ကျင်းမှ ချန်ကျဲ့ကို ကြည့်ပြီး ပြောသည်။
“ယောက်ျား”
“ဟင်?”
ချန်ကျဲ့ စူးယွင်ကျင်းကို ကြည့်လိုက်သည်။ စူးယွင်ကျင်းသည် ချန်ကျဲ့ကို ပြုံးလျက် ပြောသည်။
“အစ်မဟွမ်က သနားဖို့ကောင်းတဲ့သူတစ်ယောက်ပါ။ ယောက်ျား အခွင့်အရေးရတဲ့အခါ ရှင် သူ့ကို ကူညီပေးလိုက်ပါ”
“ဟမ်?!”
ချန်ကျဲ့ အံ့အားထိတ်လန့်မှုကြောင့် တန့်သွားပြီး စူးယွင်ကျင်းကို ကြည့်လိုက်သည်။
“ရှင်မ မင်းကတော့ နောက်နေပါပြီ။ သူက ကုန်သည်အဖွဲ့ခေါင်းဆောင်ရဲ့ဇနီးလေ။ ကိုယ်က သူ့ကို ဘာများကူညီပေးနိုင်မှာလဲ ဟားဟား…”
စူးယွင်ကျင်းသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ချန်ကျဲ့ကို လေးလေးနက်နက် ကြည့်လာသည်။
“ယောက်ျား အစ်မဟွမ်က လူကောင်းတစ်ယောက်ပါ။ သူနဲ့ တွေ့တဲ့အခါ ရှင်အရမ်း စိတ်လှုပ်ရှားနေဖို့ မလိုအပ်ပါဘူး။ သူက ရှင့်ကို အန္တရာယ်မပြုပါဘူး”
ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်။
“သူ မင်းကို အဓိပ္ပာယ်မရှိတာတစ်ခုခု ပြောသွားလို့လား? သူက ရူးနေတာ။ တစ်ခါတလေ သူပြောတဲ့စကားတွေကို ယုံကြည်လို့မရဘူး”
စူးယွင်ကျင်းမှ ပြောသည်။
“ယောက်ျား သူက ရှင့်ကို ကူညီနိုင်တယ်”
ချန်ကျဲ့ မျက်မှောင်ကြုတ်ထား၏။
“သူ မင်းကို ဘာပြောခဲ့လို့လဲ”
စူးယွင်ကျင်းမှ ပြန်ပြောသည်။
“ဟင့်အင်း၊ သူဘာမှမပြောပါဘူး”
ချန်ကျဲ့ မေးလိုက်သည်။
“ဒါဆို မင်းက ဘာလို့ ဒီလိုစကားမျိုးတွေ ပြောနေရတာလဲ”
စူးယွင်ကျင်းမှ ပြောသည်။
“ဘာလို့ဆို ကျွန်မရဲ့ခင်ပွန်းက လောကကြီးမှာ အကောင်းဆုံးယောက်ျားမို့လို့လေ။ ရှင်က နေရာမှာ မီးလျံတစ်ခုလို တောက်ပနေတာ၊ ကျွန်မတို့အမျိုးသမီးတွေကတော့ ပိုးဖလံတွေလိုပဲ ရှင့်ရဲ့ရင်ခွင်ထဲကို ပျံသန်းတိုးဝင်ချင်ကြတယ်။ ယောက်ျား အဲဒါက ရှင့်အမှား မဟုတ်ပါဘူး။ ကျွန်မ နားလည်ပါတယ်”