← Chapters

အခန်း (၄၃၈)

Vol. 33 Ch. 438

အခန်း (၄၃၈)

Vol. 33 Ch. 438

ချန်ကျဲ့ ဝေခွဲမရဖြစ်သွား၏။

“ရှင်မ မင်းရဲ့နှလုံးသားက အဲဒီလောက်ကျယ်ပြောတာလား။ ဒီလိုအချိန်မျိုးမှာတောင်မှ သူ့ကို တခြားသူတွေ အထင်သေးမှာကို စိုးရိမ်နေသေးတယ်?”

စူးယွင်ကျင်းမှ ပြောသည်။

“ယောက်ျား ဘယ်အချိန်က ဝေဒနာအပြင်းထန်ဆုံး ခံစားရလဲဆိုတာ ရှင်သိလား”

ချန်ကျဲ့ စူးယွင်ကျင်းကို ကြည့်လိုက်သည်။ စူးယွင်ကျင်းမှ ဆက်ပြောသည်။

“စောင့်နေရတာပဲ”

“ဓားချင်းထိခတ်တဲ့ စစ်မြေပြင်မှာ ဓားနဲ့ ခုတ်ပိုင်းခံလိုက်ရရင် ဒီတိုင်းသေသွားရုံပဲ။ ကျွန်မ အကြောက်ဆုံးက ရှင် ခေါင်းဖြတ်ခံရမှာကိုပဲ။ ရှင့်ကို ညနေ ၃နာရီ၄၅မိနစ်မှာ ကွပ်မျက်မယ်လို့ ပြောလာမှာကို ကြောက်တယ်။ အကျဉ်းသားကို ကွပ်မျက်မယ့်အချိန်မကျခင် ကြိုတင်အသိပေးထားတဲ့အချိန် အဲဒီအချိန်က ချောက်ချားဖို့အကောင်းဆုံးပဲ”

“ဓားနဲ့ တကယ်ခုတ်ပိုင်းလိုက်ပြီး ခေါင်းပြတ်ကျသွားရင် ရှင်ကတော့ လွတ်မြောက်သွားပြီ။ ယောက်ျား ရှင့်မှာ အမျိုးသမီးက ကျွန်မတစ်ယောက်တည်း မဖြစ်နိုင်တာကို ကျွန်မသိတယ်။ အဲဒီ‌အမျိုးသမီးက ဘယ်သူဖြစ်မလဲလို့ ကျွန်မ တွေးနေခဲ့တယ်။ သူက ပေါင်းသင်းဆက်ဆံဖို့ လွယ်ကူပါ့မလား၊ သူက ရှင့်အပေါ် ရိုးသားမှုရှိလား မရှိဘူးလား၊ သူက ကျွန်မနဲ့ ရွေ့ရွေ့ကို အန္တရာယ်ပြုမလား”

“အဲဒီလိုအတွေးတွေနဲ့ ကျွန်မရဲ့နှလုံးသားက ဗလောင်ဆန်နေရောပဲ။ ဒါပေမဲ့ အဲဒီနေ့က အစ်မဟွမ်ကို တွေ့လိုက်ရတော့ အစ်မဟွမ်ကလည်း ကံဆိုးတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ပေါင်းသင်းဆက်ဆံဖို့ မခက်ခဲဘူး။ အဲဒါကြောင့် ကျွန်မ စိတ်သက်သာရာရသွားတယ်”

စူးယွင်ကျင်း၏ စကားများကြောင့် ချန်ကျဲ့ အတွေးထဲ နစ်မြောသွားခဲ့သည်။

ငါက အမြဲ ကိစ္စတွေကို မျက်မှောက်ခေတ်အမြင်နဲ့ စဉ်းစားဆုံးဖြတ်နေခဲ့လို့ ဒီကမ္ဘာရဲ့အမျိုးသမီးကို မှားယွင်းဆုံးဖြတ်မိပြီလား?

သို့သော် ချန်ကျဲ့သည် ဟွမ်ဝမ်အာကို ယခုအချိန်တွင် အိမ်တော်သို့ ခေါ်မသွင်းရဲသေးပါချေ။ အထူးသဖြင့် နန်ပါးထျန်းရှိနေသေးသည်။

သူနှင့် နန်ပါးထျန်းကြားက အင်အားကွာခြားချက်သည် သိသာနေဆဲပင်။

နန်ပါးထျန်းနှင့် ထိပ်တိုက် တိုက်ခိုက်ပါက မိမိကိုယ်တိုင်သာ ပျက်စီးရပြီး နန်ပါးထျန်းကို အောင်နိုင်စေလိမ့်မည်။

သို့တိုင် အမျိုးသမီးနှစ်ဦးကြား၌ ပဋိပက္ခဖြစ်လာနိုင်သည့် အခြေအနေကို ဖြေရှင်းပြီးသွား‌ရာ ချန်ကျဲ့၏ သူတို့အပေါ်အမြင်သည်လည်း ‌အရင်နှင့်မတူဘဲ ပြောင်းလဲသွားခဲ့သည်။ ဟွမ်ဝမ်အာကို ပို၍စိတ်ရှည်သည်းခံလာနိုင်ခဲ့ပြီး ဤရူးသွပ်နေသော အမျိုးသမီးမှာ တကယ်တမ်းတွင် သနားဖွယ်ကောင်းသည့် သတ္တဝါလေးသာဖြစ်ကြောင်း သိရှိခဲ့ရသည်။ စိတ်ဓာတ်ကျခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရူးသွပ်မှုတစ်မျိုးပင်။

လူအထင်လွဲအခံရဆုံးဖြစ်သည့် သူမ၏ မူမမှန်သော အကျင့်စရိုက်သည် မိမိကိုယ်ကိုယ်ကာကွယ်သည့် ပုံစံတစ်မျိုးဖြစ်သည်။

ချန်ကျဲ့ အဝတ်အစားများ ပြန်ဝတ်နေစဉ် ဟွမ်ဝမ်အာသည်လည်း အလျင်အမြန် အဝတ်အစားများပြန်ဝတ်ကာ ချန်ကျဲ့၏ဝတ်စုံကို ပုံစံကျနအောင် ပြင်ဆင်ပေးရန် ထရပ်သည်။

ချန်ကျဲ့သည် သူမ၏ဆံထိုးမှာ အနည်းငယ် ရှုပ်ပွနေကြောင်း သတိထားမိသဖြင့် သပ်ရပ်အောင် ပြင်ဆင်ပေးရန် လက်လှမ်းလိုက်ရာ နှစ်ဦးသား အကြည့်ချင်းဆုံပြီး ပြုံးလိုက်ကြသည်။ ထို့နောက် ချန်ကျဲ့သည် ပြတင်းပေါက်မှတစ်ဆင့် ထွက်ခွာခဲ့သည်။

ချန်ကျဲ့ ပြတင်းပေါက်မှ ထွက်ပြီး ခေါင်မိုးပေါ်သို့ရောက်သည်တွင် ရေသေကဲ့သို့ ခံစားချက်ကင်းမဲ့သည့်မျက်နှာဖြင့် ရပ်နေသည့် သီလရှင်ကြီးတစ်ပါးကို မြင်လိုက်ရသည်။ ချန်ကျဲ့ ထိုသီလရှင်ကြီးကို ခေါင်းညိတ်ပြလိုက်ပြီး နေရာမှ ထွက်ခွာလာခဲ့သည်။

ဟုတ်ပါသည်။ ထိုသီလရှင်ကြီးမှာ ကျီးရှန်းဘုရားကျောင်း၏ ကျီးရှန်းဆရာတော်ဖြစ်ပါ၏။

ကျီးရှန်းဆရာတော်အနေဖြင့် ချန်ကျဲ့ လာရောက်လည်ပတ်သည့်အကြောင်းကို မသိနိုင်စရာ မရှိပေ။ တစ်ခါတရံတွင် ဆူညံသံများသည် ကျယ်လောင်သွားရာ ဖုံးကွယ်ထားဖို့ရာ မဖြစ်နိုင်ပေ။ အထူးသဖြင့် သံမဏိအရိုးအဆင့်ရှိ သီလရှင်ကြီးကို ဖြစ်သည်။

သို့သော် ချန်ကျဲ့သည် သီလရှင်ကြီးနှင့် တစ်ခါစကားပြောပြီးနောက် မစိုးရိမ်တော့ပေ။

ချန်ကျဲ့သည် သူမကို ရှင်းရှင်းလင်းလင်းပြောသည်။

“ဒီနေရာက ပန်းကို မကောင်းတဲ့လူတစ်ယောက်က ခူးဆွတ်သွားနိုင်ခဲ့တယ်ဆိုတာ ဆရာတော်ရဲ့ ပေါ့ဆမှုကြောင့်ပဲ။ နန်ပါးထျန််းက ဆရာတော့်အပေါ်မှာ ဒေါသဖြေလိမ့်မယ် မဟုတ်လား”

“ပြီးတော့လည်း သခင်မကို နန်ပါးထျန်းကို ပိတ်ထားမှာ။ ဒီအဖြစ်အပျက်ကြီးကို လျှို့ဝှက်ထားဖို့အတွက် ကုန်သည်အဖွဲ့ခေါင်းဆောင်နန်က ကျီးရှန်းဘုရားကျောင်းကို အမြစ်ပြတ်သုတ်သင်ပြီး နှုတ်ပိတ်ပစ်လိမ့်မယ်လို့ ဆရာတော် မထင်မိဘူးလား”

“နိဂုံးချုပ်ရရင် အကယ်၍ ဆရာတော်က ဒီလျှို့ဝှက်ချက်ကို ထုတ်ပြောမယ်ဆိုရင် နန်ပါးထျန်းက ဆရာတော်ရဲ့ဘုရားကျောင်းကို အမြစ်ပြတ်မသုတ်သင်ခင် ကျွန်တော်က အရင် လုပ်လိုက်လိမ့်မယ်လို့ရော မတွေးမိဘူးလား”

“အဲဒါကြောင့် ဆရာတော်၊ မသိချင်ယောင်ဆောင်လိုက်တာက ပိုကောင်းမှာပါ။ ဆရာတော်အတွက်လည်း ကောင်းမယ်၊ ကျွန်တော့်အတွက်လည်း ကောင်းမယ်၊ နန်ပါးထျန်းအတွက်လည်း ကောင်းလိမ့်မယ် ဟုတ်တယ်မလား”

သို့ဖြင့် ဆရာတော်ကျီးရှန်းသည် ဤကိစ္စကို သိသွားခဲ့သည်။

ချန်ကျဲ့သည် ဘုရားကျောင်းထဲမှ ထွက်လာပြီးနောက် တောထဲတွင် သူ့ကို စောင့်ဆိုင်းနေသည့် လူ၅ယောက်၊ ၆ယောက်ခန့်သော အုပ်စုနှင့် တွေ့ဆုံသည်။

ထိုသူများကို ရှောင်ဟူမှ ဦးဆောင်ခြင်းဖြစ်သည်။

ကျန်၄ယောက်မှာ ချန်ကျဲ့ထံ အသက်ပေးအပ်ထားသည့် သက်တော်စောင့်တပ်သားများ ဖြစ်ကြသည်။

ချန်ကျဲ့ထွက်လာသောအခါ ရှောင်ဟူမှ ပြောသည်။

“ခန်းမအရှင်သခင်”

“မြို့ထဲပြန်သွားကြစို့”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ဟုတ်ကဲ့”

ရှောင်ဟူမှ ပြန််ဖြေလိုက်ပြီးနောက် လူအုပ်စုသည် မျန့်ရွှေမြို့ဆီသို့ ချက်ချင်း ခရီးဆက်ခဲ့ကြသည်။

ထိုစဉ် ကျီးရှန်းဘုရားကျောင်း၌ ချန်ကျဲ့ထွက်သွားပြီးနောက်တွင် ဟွမ်ဝမ်အာသည် ငုတ်တုတ်ထိုင်နေသည်။ သုကျွမ်းသည် တံခါးကို တွန်းဖွင့်လိုက်ပြီးနောက် ရေနွေးနွေးတစ်ဇလုံကို သယ်လာပေးသည်။

တံခါးပွင့်သွားသည်နှင့် လေအေးအေးတစ်ဝှေ့ တိုးဝင်လာခဲ့၏။

လေအေးတိုးဝှေ့လာခြင်းကို ခံစားလိုက်ရသည်တွင် ဟွမ်ဝမ်အာသည် ရုတ်တရက် အန်ချင်လာတော့သည်။ သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်လျက် ပျို့တက်နေခဲ့သည်။

“အို အို…”

ထိုအခါ သုကျွမ်းသည် ချက်ချင််း အနားရောက်လာပြီး ဟွမ်ဝမ်အာ၏ကျောကို ဖွဖွပုတ််ပေးသည်။

“သခင်မ ထပ်ပြီး နေမကောင်းဖြစ်ပြန်ပြီ၊ ကျွန်မတို့ ဘာလုပ်ကြမလဲ”

“ငါအဆင်ပြေပါတယ် အွန့် ဝေါ့…”

ဟွမ်ဝမ်အာမှ လက်ခါရမ်းသည်။

သုကျွမ်းမှ ပြောသည်။

“ဒါပေမဲ့ သခင်မ၊ ဒီလို အကြောင်းအရင်း မည်မည်ရရမရှိဘဲ ပျို့အန်တာမျိုးက— ကျွန်မ မေးကြည့်ဖူးတာတော့ အဲဒါက… သူတို့ပြောတာ အဲဒါမျိုးက ကိုယ်ဝန််ဆောင်သည်တွေမှာ ဖြစ်လေ့ရှိတာတဲ့။ ဧကန္တ သခင်မ ကိုယ်ဝန်ရှိနေတာတော့ မဟုတ််ပါဘူးနော်”

“ဝေါ့ ဝေါ့…”

“ပေါက်ကရတွေ မပြောစမ်းနဲ့”

ဟွမ်ဝမ်အာသည် သူမ၏ရင်ဘတ်ကို ပွတ်သပ်ပြီးနောက် လက်ကိုဆန့်ကာ ရေဇလုံထဲတွင် ဆေးကြောပြီး ပါးစပ်ကိုလည်း ဆေးလိုက်သည်။ ပါးစပ်ထဲတွင်တော့ ဘာမျှရှိမနေပါချေ။ ခြောက်ကပ်ကပ်လေထုသာ ရှိ၏။

သုကျွမ်းမှ အကြံပေးသည်။

“သခင်မ၊ ခန်းမအရှင်သခင်ချန်ကို ပြောပြလိုက်ပါလား။ ဘယ်လိုဖြေရှင်းမလဲ စဉ်းစားနိုင်အောင်လို့လေ။ မဟုတ်ရင် နောက်လနည်းနည်းကြာရင် ဗိုက်က သိသာလာတဲ့အခါ ကျွန်မတို့ ခေါင်းဆောင်နန်ကို ဘယ်လိုရှင်းပြကြမလဲ”

သုကျွမ်းသည် စိုးရိမ်ပူပန်မှုကြောင့် ချွေးစေးများထွက်နေခဲ့သည်။

သခင်မ ကိုယ်ဝန်ရှိနေတဲ့အကြောင်း ခေါင်းဆောင်နန်သိသွားရင် ဘယ်လိုဖြစ်ကုန်မလဲ?

ဟွမ်ဝမ်အာသည် စိတ်တည်ငြိမ်စေရန် လက်ဖက်ရည်တစ်ငုံ သောက်သုံးလိုက်ပြီးနောက် ရယ်မောသည်။

“ဟားဟား သူမေးလာရင် သူ့ကလေးလို့ပဲ ပြောလိုက်မှာပေါ့”

ထိုအခါ သုကျွမ်းမှာ ငိုချလုနီးပါး ဖြစ်သွားရသည်။

“သခင်မ နောက်မနေပါနဲ့တော့။ ခေါင်းဆောင်နန်ရဲ့ အခြေအနေကို သိရဲ့သားနဲ့– ခေါင်းဆောင်နန်က ဘယ်သူ့ကိုမှ ကိုယ်ဝန်ရအောင် မလုပ်နိုင်ဘူးလေ”

“ဟုတ်ပါရဲ့၊ သူက ဘယ်လိုလုပ်ပြီးများ ဘယ်သူ့ကိုမှ ကိုယ်ဝန်မရအောင် လုပ်နိုင်ရတာလဲ”

“ဒါဆိုလည်း ဒီကိုယ်ဝန်က ဗုဒ္ဓဆီကနေ ရရှိတဲ့ ကောင်းချီးလက်ဆောင်ပါလို့ ပြောလိုက်မယ်။ ဗုဒ္ဓက သူ့ကို သနားလို့ မျိုးဆက်တစ်ယောက် ပေးအပ်လိုက်တာပါလို့လေ ဘယ်လိုလဲ”

“သခင်မ!”

သုကျွမ်းသည် မျက်ရည်များပင် ဝဲနေပြီဖြစ်သည်။ ဟွမ်ဝမ်အာမှ ပြောသည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ငါမင်းကို မခြောက်တော့ပါဘူး။ ငါနည််းလမ်းစဉ်းစားပါ့မယ်”

“ရှင်?”

သုကျွမ်းသည် ဟွမ်ဝမ်အာကို မော့ကြည့်လာခဲ့သည်။ ထို့နောက် ပြောသည်။

“ကျွန်မ မြို့ထဲက သားဖွားဆရာမတစ်ယောက်ကို သိတယ်။ ကျွန်မ သူ့ဆီကနေ ကိုယ်ဝန်ဖျက်ချဆေး သွားဝယ်ခဲ့ရမလား? ဒီကိုယ်ဝန်ကို ဖျက်ချလိုက်ရအောင်လေ”

“ဟင့်အင်း၊ အဲဒီလိုမဖြစ်ဘူး”

ဟွမ်ဝမ်အာသည် ရုတ်တရက် ဒေါသတကြီး ထရပ်၏။

“ဒါက ငါ့ကလေးပဲ။ မင်း သူ့ကို ထိခိုက်စေရဲရင် ငါ မင်းကို သတ်ပစ်မယ်”

ဟွမ်ဝမ်အာသည် သုကျွမ်းအား ရူးနှမ်းနေဟန်သော မျက်နှာအမူအရာဖြင့် ကြည့်နေခဲ့သည်။ သူမ၏မျက်နှာထက်တွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။

စာစဉ်ပြီး၏

All Chapters