← Chapters

မျှော်လင့်ချက်မဲ့နေသော အခြေအနေကို ပြောင်းပြန်လှန်ခြင်း

Vol. 1 Ch. 304

မျှော်လင့်ချက်မဲ့နေသော အခြေအနေကို ပြောင်းပြန်လှန်ခြင်း

Vol. 1 Ch. 304

လွန်ခဲ့သော တစ်လခန့် ... ကျန်းရီ ဝိညာဉ်သားရဲ သင်တန်းကျောင်းသို့ ပြန်စဉ်အခါက ကျန်းယွင်ဟိုင်သည် ကျန်းရီအား အလွန်နားလည်ရန် လွယ်ကူလှသော စိတ်ဝိညာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်း ကျင့်စဉ်ကို ပေးခဲ့သည်။ ကျန်းရီသည် နတ်သမီး တောင်ထွတ်သို့ ပြန်သွားပြီးနောက် အပြည့်အဝ နားလည်ရန် အချိန်ပေးပြီး လေ့လာခဲ့သည်။ ကျင့်စဉ်မှာ စိတ်ဝိညာဉ်ကို စတေးရန် လိုအပ်သောကြောင့် သူတစ်ကြိမ်မှ မစမ်းသပ်ခဲ့ရသေးပေ။ သေခြင်းတရားကို ရင်ဆိုင်နေရချိန်သာ မဟုတ်ပါက သူသုံးဖြစ်မည်တောင် မဟုတ်။

စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် လူသုံးယောက်သည် စစ်တပ်ထဲတွင် ပုန်းအောင်း နေခဲ့ကြသည်။ သူတို့သည် အချိန်ကောင်းတွင် ချောင်းမြောင်း တိုက်ခိုက်လာကြပြီး ပထမဆုံး တိုက်ခိုက်မှုတွင်ပင် အားအကောင်းဆုံး တိုက်ကွက်များကို ထုတ်သုံးလာကြသည်။ ကျန်းရီသာ စိတ်ဝိညာဉ် လောင်ကျွမ်း နေရာရွှေ့ပြောင်း ကျင့်စဉ်ကို ထုတ်မသုံးလျှင် ခြင်္သေ့ခေါင်း ပုံရိပ်ကြီးကြောင့် အရှင်လတ်လတ် တစ်စစီ ဖြစ်သွားမည်မှာ သေချာသည်။

"ဝီ"

သူ့ကိုယ်သည် အဖြူရောင်အလင်း တစ်ချက်လက်သွားပြီး နေရာမှ ကွယ်ပျောက်သွားသည်။ သူ၏ပထမ အကြိမ် စမ်းသပ်မှုတွင် သူအောင်မြင်ခဲ့သည်။

"ဝှစ်"

ခြင်္သေ့ခေါင်း ပုံရိပ်ကြီးသည် အော်သံကျယ်ကြီးနှင့် ပြေးဝင်လာခဲ့သော်လည်း ကျန်းရီမှာ မူလနေရာမှ ကွယ်ပျောက်သွားခဲ့ပြီး ဖြစ်သည်။ ခြင်္သေ့ခေါင်း ပုံရိပ်သည် ရှေ့သို့ ဆက်လက် တိုးဝင်သွားခဲ့ပြီး တုန်ခါနေသော မြေပြင်ကြောင့် မတ်တတ် မရပ်နိုင်ကြသော စစ်သည်များထံ ရောက်ရှိသွားခဲ့သည်။ ထို့ပြင် ထိုအနီးအနားတွင် တပ်မှူးများလည်း ရှိနေလေ၏။

"ဗုန်း"

စစ်သည် ရာဂဏန်း အနည်းငယ်သည်လည်း စတေးခံလေးများ ဖြစ်သွားကြသည်။ သူတော်စင်အဆင့် လက်နက်ကိုသုံး၍ တိုက်ခိုက်သော စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့်၏ တိုက်ခိုက်မှု အားမည်မျှ ပြင်းသည်ကို ခန့်မှန်းကြည့်နိုင်ပါ၏။ ထိုတိုက်ခိုက်မှုအား ဗာဂျရာအဆင့် လူတစ်ဦး၏ တိုက်ခိုက်မှုနှင့်တောင် နှိုင်းယှဉ်၍ ရလေသည်။

ခြင်္သေ့ကြီး အရှိန်အဝါများ ကျဆင်းလာလေလျှင် ထိတွေ့သွားကြသူတိုင်း ပေါက်ကွဲ ထွက်သွားကြသည်။ မြေပြင်သည် မူလတည်းက တုန်ခါနေခဲ့ရာ ပေါက်ကွဲမှုကြီး အပြီးတွင် ပို၍ပင် တုန်ခါသွားခဲ့သည်။ ရွှံ့လွှာများ ကွာထွက်ကုန်ကာ ကောင်းကင်ထက် လွင့်စဉ်သွားကြသည်။ ထို့နောက်တွင်တော့ သွေးမိုးက ပြန်လည်ကျဆင်း လာလေ၏။

"အမ်"

ကျန်းရီရှိနေသော နေရာအား ကြည့်လိုက်ကြသောအခါ လူတိုင်း၏ အာမေဍိတ်သံများ ပေါ်ထွက်လာလေ၏။ ကျန်းရီသည် လေထုထဲတွင် အရှင်လတ်လတ် ပျောက်ကွယ်သွားသည်ကို မြင်ရသောအခါ သူတို့၏မျက်နှာများမှာ သရဲမြင်လိုက်ရသည့် အလား သွေးဆုတ်ကုန်ကြသည်။

"ကျန်းရီ ဟိုမှာပဲ"

စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် တပ်မှူးတစ်ယောက်သည် ရုတ်တရက် ထအော်ဟစ်လိုက်ရာ ကျန်လူများသည်လည်း ထိုသူပြသော နေရာကို ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။ သူတို့သည် မူလနေရာမှ ကီလိုမီတာ အတော်များများ ဝေးသောနေရာတွင် အကောင်းပကတိ ရပ်နေသော ကျန်းရီကို မြင်လိုက်ရသည့်အခါ ပတ်ဝန်းကျင်မှာ ရုတ်ခြည်း တိတ်ဆိတ်သွားခဲ့သည်။ တိတ်ဆိတ်လွန်း၍ အပ်ကျသံကိုပင် ကြားနိုင်လောက်သည်။ လူတိုင်း၏ မျက်နှာများတွင် မယုံကြည်နိုင်မှုများ၊ အတိုင်းသား ပေါ်လွင်နေသည်။

ချက်ချင်း ရွေ့သွားခြင်း ...

ထိုစွမ်းရည်သည် သဘာဝ၏ ဥပဒေသများကို ဆန့်ကျင်နေသည်။ ကျန်းရီသည် ထိုသို့ ဆက်တိုက်ရွေ့လျား နေနိုင်လျှင် စစ်သည်တစ်သန်းပါသော ဤစစ်တပ်က သူ့အား သတ်ဖြတ်နိုင်ပါ ဦးမည်လော။

ထိုအချိန်တွင် ကျန်းရီသည်လည်း မှင်တက် နေခဲ့သည်။

ထိုသည်မှာ ကျင့်စဉ်ကို ပထမဆုံးအကြိမ် အသုံးပြုရာတွင် အောင်မြင် သွားသောကြောင့် လုံးဝမဟုတ်ပါချေ။ သူ့ကို ဆွံ့အစေသည်မှာ ထိုကျင့်စဉ်ကို သုံးပြီးနောက် သူ့မသိစိတ်သည် စိတ်ဝိညာဉ်ကို အလိုလို စစ်ဆေးကြည့်မိ သောအခါ သူ့စိတ်ဝိညာဉ်သည် ရွှေရောင်အလင်းများ တောက်ပနေသည်ကို သူတွေ့လိုက်ရသည်။ အနည်းငယ်လေးတောင် အနည်းငယ်လေးတောင် လောင်ကျွမ်းသွားသည့် အရိပ်အယောင် မရှိချေ။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

အနှီ စိတ်ဝိညာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်း ကျင့်စဉ်သည် ထွက်ပြေးရာတွင် အသုံးပြုနိုင်သော်လည်း နှစ်ဖက်သွားဓားနှင့် ပမာတူသည်ဟု ကျန်းယွင်ဟိုင် ပြောခဲ့ဖူးသည်။ အင်အား ကြီးလှပါသည်ဆိုသော သူ့အမေ ရီဖျောင်ဖျောင် ကိုယ်တိုင်တောင် ထိုကျင့်စဉ်ကို သုံးလျှင် စိတ်ဝိညာဉ် တစ်ပိုင်းတစ်စကို စတေးရသေးသည်။ သို့သော်လည်း ထိုပမာဏမှာ ကျန်းယွင်ဟိုင် စတေးရသည်ထက်တော့ နည်းပေသည်။ ထိုကျင့်စဉ်၏ အမည်ကိုက စိတ်ဝိညာဉ်ကို စတေးသည့် စွမ်းရည်ဟု ရည်ညွှန်းနေခြင်း ဖြစ်သည်။ သို့မဟုတ်ပါက စိတ်ဝိညာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်း ကျင့်စဉ်ဟု အမည်တွင်မည် မဟုတ်ချေ။

မီးဝိညာဉ် ပုလဲကြောင့်ပေလော။

ကျန်းရီသည် သူ့စိတ်ဝိညာဉ်သည် ရွှေရောင်အလင်းများ တောက်ပနေသည်ကို တွေးမိသောအခါ သူ တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။ သူ့စိတ်ဝိညာဉ် တိုက်ခိုက်ခံရသော အချိန်တိုင်းတွင် မီးဝိညာဉ်ပုလဲသည် စိတ်ဝိညာဉ်ကို ကာကွယ်ရန် အမည်မသိသော စွမ်းအင်တစ်မျိုးကို လွှဲပြောင်းပေးလိမ့်မည်။ သူ့စိတ်ဝိညာဉ် လောင်ကျွမ်းတော့မည် အချိန်တွင် မီးဝိညာဉ်ပုလဲက အလိုအလျောက် ကာကွယ်လိုက်ခြင်းသာ ဖြစ်ရမည်ဟု သူတွက်ဆလိုက်သည်။ သို့သော် သူ့စိတ်ဝိညာဉ် တစ်ပိုင်းတစ်စကို လောင်ကျွမ်းစေ လိုက်မိသည်မှာ သေချာနေပြန်သည်။ မီးဝိညာဉ်ပုလဲက ပိုင်ရှင်ကို ကာကွယ်ပေးလိုက်သည် ဆိုလျှင်တောင် စိတ်ဝိညာဉ်တွင် အဘယ့်ကြောင့် မည်သည့် ထိခိုက်မှုမှ မရှိရလေသနည်း။

မီးဝိညာဉ်ပုလဲနဲ့ မီးနဂါးဓားက ဘာတွေလဲ ... ဒါတွေက သေချာပေါက် သူတော်စင်အဆင့် မဟုတ်ဘူး။

ကျန်းရီသည် မီးဝိညာဉ်ပုလဲထဲမှ မီးဝိညာဉ် ကျောက်တုံးများ အကြောင်း ပြန်တွေးလိုက်ရင်း တံတွေးတစ်ချက် မျိုချမိလိုက်သည်။ ထိုကျောက်တုံးများသည် နယ်မြေနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိဟု နတ်ဆိုးဧကရီ ပြောခဲ့သည်။ မီးနဂါး ဓားထဲတွင်လည်း အစီအရင်များက အပြည့်အဝမရှိဘဲ မဖြစ်စလောက် ကလေးသာ ပါရှိနေလေသည်။ မီးဝိညာဉ်ပုလဲနှင့် ပေါင်းစပ် လိုက်ပြီးနောက် မီးနဂါးဓားမှာ သူတော်စင်အဆင့် လက်နက်နှင့် အဆင့်တူ ဖြစ်လာသည်။ ကျန်အစီအရင်များကို ပြုပြင်လိုက်နိုင်လျှင် မည်သို့ ဖြစ်လာမည်နည်း။ မီးနဂါးဓားသည် မည်မျှ စွမ်းအား ကြီးလာလိမ့်မည်နည်း။

ကျန်းရီသည် ဆက်မတွေးရဲတော့ သလို ဆက်တွေးရန် အချိန်လည်း မရှိပေ။ သူသည် တောက်တောက်ပပ ပြုံးလိုက်သည်။ သူ့မျက်လုံးများမှာ နေများ၊ ကြယ်များလိုပင် တောက်ပလွန်းနေသည်။ သူသည် ကောင်းကင်ကို မော့ကြည့်ကာ အော်ဟစ်လိုက်သည်။

"ဟားဟားဟား ... ဒီနေ့ ငါ့ကို သတ်ချင်နေတဲ့သူတိုင်း သေရမယ်"

ကျန်းရီ၏ မျက်လုံးများသည် ချက်ချင်း သွေးနီရောင် ပြောင်းလဲသွားခဲ့သည်။ သူ့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများ ဖြာထွက်လာသည်။ သူသည် ကမ္ဘာ့မီးလျှံများကို မထုတ်သုံးတော့ဘဲ မီးနဂါးဓားကိုသာ လွှဲယမ်းလိုက်သည်။ မရေမတွက်နိုင်သော လေနဂါးများသည် မီးနဂါး နှစ်ကောင်နှင့်အတူ ရှေ့သို့ပြေးထွက်သွားကာ လမ်းကြောင်းတည့်တည့်ရှိ အရာရာကို ဝါးမျိုတော့သည်။

ဖုန်း ... ဖုန်း ... ဖုန်း

ပေါက်ကွဲမှုများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး လူရာချီ၊ ထောင်ချီတို့မှာ ကျန်းရီ၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ သတ်ဖြတ်ခြင်း အင်အား၊ တာအိုသဘောတရားနှင့် တိုက်ခိုက်မှုများ၊ မီးနဂါးဓားတို့၏ ပေါင်းစပ်မှုသည် အဆင့်နိမ့် စစ်သည်များနှင့် တပ်မှူးများ ခုခံနိုင်သည့် အရာမဟုတ်ချေ။

"သတ်"

စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် လူသုံးယောက်သည် ရှန်ဝူနိုင်ငံမှ စစ်သည်များကို ကျန်းရီ သတ်ဖြတ်နေသည်အား မြင်လျှင် မျက်လုံးများတွင် ဒေါသရိပ်များ ထွက်ပေါ်လာပြီး ကျန်းရီထံ ပြေးဝင်လာကြပြန်သည်။ စစ်ဗုံသံများ သံစဉ်ပြောင်းလဲ သွားခဲ့ပြီး ထိုက်ရှစ်ကျန်းသည် စစ်တပ် နေရာယူပုံအား ပြောင်းလဲစေလိုက်သည်။ ခရမ်းရောင် နန်းတော်ရှင်အဆင့် စစ်သည်များသည် အမြန် နောက်ဆုတ်ကြပြီး စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များမှာ အံကြိတ်၍ ရှေ့တက်ကာ ကျန်းရီကို ဝန်းရံလိုက်ကြသည်။

"ဟားဟား ... ဒီသခင်လေးကို သတ်နိုင်မှာ မလို့လား"

ကျန်းရီသံ ရယ်သံတစ်ချက် ပြုလိုက်ပြန်သည်။ ထိုလူများ အနီးသို့ မရောက်မီတွင် သူ့ကိုယ်မှ အဖြူရောင် အလင်းတစ်ချက် လက်သွားခဲ့ပြီး လက်ရှိနေရာမှ ပျောက်ကွယ်သွားပြန်သည်။

"ဖုန်း ... ဖုန်း"

သူ့ပုံရိပ်မှာ ဘယ်ဘက်ခြမ်းရှိ ကီလိုမီတာ အတော်များများ ဝေးသောနေရာတွင် ပြန်ပေါ်လာခဲ့သည်။ မီးနဂါးနှစ်ကောင် ထပ်မံ ထွက်ပေါ်လာခဲ့ပြီး ရှန်ဝူနိုင်ငံ စစ်သည်တစ်အုပ်ကို သတ်ဖြတ်လိုက်ပြန်သည်။

"ဒါက ...”

ကျန်းရီသည် ဒုတိယတစ်ကြိမ် နေရာရွေ့ သွားသောအခါ ထိုလူသုံးယောက်မှာ ပို၍ပင် တုန်လှုပ်သွားကြသည်။ ကျန်းရီတွင် ထိုသို့သော စွမ်းရည်ရှိနေလျှင် မည်သူက သူ့အား သတ်နိုင်ပါမည်နည်း။ ကျန်းရီ ရှန်ဝူနိုင်ငံ၏ စစ်တပ်တစ်ခုလုံးကို သတ်ပစ်သည်အား သူတို့ထိုင်ကြည့် နေရမည်သာ မဟုတ်ပါလော။ သူတိုက်ခိုက်ချိန်တိုင်းတွင် အနည်းဆုံး စစ်သည် ရာဂဏန်း အနည်းငယ်ခန့် အသတ်ခံနေရသည်။ သူသာ အကြိမ်တစ်ရာ တိုက်ခိုက်လျှင် စစ်သည် တစ်သောင်းမက ဆုံးရှုံးရလိမ့်မည်။ ထိုအတိုင်းသာ ဆက်ဖြစ်နေပါလျှင် စစ်သည်နှစ်သိန်းခန့် ပါသော ရှန်ဝူနိုင်ငံ၏ စစ်တပ်မှာ နှစ်နာရီမှ လေးနာရီအတွင်း အမြစ်ပြတ် သတ်ဖြတ်ခံလိုက် ရနိုင်သည်။

မည်သို့သော စွမ်းရည်ပေနည်း၊ နယ်မြေတွင် မည်သည့်အချိန်က ထိုစွမ်းရည် ပေါ်ထွက်လာခဲ့သနည်း။ လေဟာနယ်ဥပဒေသ၏ ရှားပါး တာအိုဖွဲ့စည်း ပုံပေလော။

အခြားနိုင်ငံများမှ စစ်သည်များသည်လည်း မှင်တက်နေကြသည်။ ရှားနိုင်ငံမှ အကြီးအကဲများ သည်လည်း တုန်လှုပ်နေကြသည်။ အကန့်အသတ်မရှိ နေရာ ရွှေ့ပြောင်းနေခြင်း ... ထိုစွမ်းရည်သည် သဘာဝ၏ ဥပဒေသများကို သွေဖည်နေသည်။ ဗာဂျရာအဆင့် လူများတောင် ထိုစွမ်းရည်ကို ကြားပင် မကြားဖူးကြချေ။ ရွှေယို့လန်၏ မိုင်းသောင်းချီ အကွာအဝေးအထိ ပုံရိပ်ဖြစ်ပေါ် စေနိုင်စွမ်းကပင် အလွန်အံ့သြစရာ ကောင်းသော စွမ်းရည်ဖြစ်နေပြီး ထိုစွမ်းရည်မှာ အဆင့်မြင့် တာအိုဖွဲ့စည်းပုံဟု ပြောကြသည်။

ကျန်းရီ၏ စွမ်းရည်သည် ရွှေယို့လန်၏ စွမ်းရည်ထက် ပိုမို အံ့အားသင့်စရာ ကောင်းလှသည်။ ထိုသည်မှာ ဒဏ္ဍာရီလာ ရှားပါးတာအို ဖွဲ့စည်းပုံသာ ဖြစ်နိုင်ချေရှိသည်။ သို့သော်လည်း ရှားပါးတာအို ဖွဲ့စည်းပုံကို နားလည်နိုင်သူသည် ကောင်းကင်ဧကရာဇ် အဆင့်သာ ဖြစ်နိုင်သည်။ ကျန်းရီသည် ကောင်းကင်ဧကရာဇ် အဆင့် လူတစ်ယောက်ပေလော။

လုံးဝ မဖြစ်နိုင်ပေ။

မျက်လုံးပေါင်း များစွာသည် ဝေခွဲမရမှုများဖြင့် ပြည့်နေသည်။ မကြာခင်တွင် အချို့လူများသည် တူညီစွာ ကောက်ချက် ချလိုက်ကြသည်။ ထိုစွမ်းရည်ကို နတ်ဆိုးဧကရီ သို့မဟုတ် ကျန်းရီ၏ အမေ ရီဖျောင်ဖျောင်က လက်ဆင့်ကမ်း သင်ကြားပေးခဲ့ခြင်းသာ ဖြစ်ရမည်။ ရီဖျောင်ဖျောင်သည် နယ်မြေတွင် အလွန် ကျော်ကြားခြင်း မရှိခဲ့သော်လည်း ဂိုဏ်းများစွာတို့တွင် ထိုပါရမီရှင်၏ အချက်အလက်များ ရှိကြသည်။ ရီဖျောင်ဖျောင်၏ အချက်အလက်များတွင် ထင်ရှားနေသည့် အချက်နှစ်ခု ရှိသည်။ သူမတွင် တုန်လှုပ်စေနိုင် လောက်သည့် ရတနာ ပမာဏရှိပြီး ပို၍ တုန်လှုပ်စေနိုင်သည့် စွမ်းအင်ကျင့်စဉ် ပမာဏ ရှိသည်ဟူ၍ပင်။

"ဝှစ် ... ဝှစ်"

ကျန်းရီသည် စူးစမ်းနေကြသည့် မျက်လုံးများကို လျစ်လျူရှုထားကာ အဆင့်နိမ့် စစ်သည်များ၊ တပ်မှူးများကို ဆက်တိုက် သတ်ဖြတ်နေသည်။ သူသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့် အထက်မှလူများကို တိုက်ခိုက်ရန် လုံးဝ မကြိုးစားပေ။ စိတ်ဝိညာဉ် မျောလွင့်ခရီးသည် ပဉ္စမအဆင့် အထက်မှ လူများသည် ကျန်းရီဟု စွမ်းရည်သည် သူတို့အတွက် ခြိမ်းခြောက်မှု တစ်ခုမဟုတ်ဟု သဘောပေါက် သွားကြသည့်အတွက် စိတ်သက်သာရာ ရသွားကြသည်။ ထို့ပြင် သူတစ်ဦးတည်းနှင့် လူမည်မျှကို သတ်နိုင်မည်နည်း။ ရှန်ဝူနိုင်ငံ စစ်တပ်တစ်ခုလုံးကို သူမသတ်နိုင်ခင်တွင် ရှားယွိမြို့ မြေခသွားမည် မဟုတ်ပါလော။

တပ်မှူးများ၏ မျက်လုံးများတွင် ရက်စက်သည့် အရိပ်အယောင်များ ပေါ်ထွက်လာကာ စတင် တိုက်ခိုက်ကြရန် အမိန့်ပေးလိုက်သည်။ အစက မလှုပ်ရှားကြသေးသော စစ်သည်များသည် စတင်၍ ရှားယွိမြို့ထံ ဦးတည်ကြသည်။ ကျန်းရီသည် အပိုကိန်းရှင်လေး တစ်ခုသာ ဖြစ်သည်။ သူတို့သည် ရှားယွိမြို့သို့ မြန်မြန်ချီတက်၍ စုဂိုဏ်းသားများနှင့် ရှားယွိမြို့မှ စစ်သည်များကို သတ်ဖြတ်ရန်သာ လိုအပ်သည်။

ရှားဝူဟွေ့သည်လည်း လျင်လျင်မြန်မြန် သဘောပေါက်သွားကာ အမိန့်ပေးလိုက်သည်။

"စစ်သူကြီးထိုက်ရှစ် ... ကျန်းရီကို စိတ်ထဲမထားနဲ့၊ ဒီမင်းသားအတွက် စစ်တပ်ကို ဦးဆောင်ပြီး ရှားယွိမြို့ကိုသာ အရင်တိုက်ပေး၊ ရှားယွိမြို့ကျတာနဲ့ စစ်သည်တစ်သန်းပါတဲ့ စစ်တပ်ကို ကျန်းရီဘယ်လို အနိုင်ယူမလဲ ကြည့်ကြတာပေါ့။ ဒီနေ့ သူ့မှာ ကောင်းကင်ကို ဖျက်ဆီးနိုင်တဲ့ စွမ်းရည် ရှိနေရင်တောင် ဒီမျှော်လင့်ချက် မဲ့နေတဲ့ အခြေအနေကို ပြောင်းပြန် လှန်နိုင်မှာ မဟုတ်ဘူး"

***

All Chapters