← Chapters

အခန်း (၁၆၂၅)

Vol. 117 Ch. 1625

အခန်း (၁၆၂၅)

Vol. 117 Ch. 1625

ယင်ယန်အဆင့် ကျင့်ကြံသူတစ်ယောက်က သေတွင်းထဲသို့ ကိုယ့်ဘာသာ ခုန်ချလာသည်လော။

ဟန်မူယဲ့၏ ဝတ်စုံပေါ်မှ တံဆိပ်ကို မြင်သွားသောအခါ ဗိုလ်ချုပ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“ ကျန်းချန်းသေမင်းတပ်စခန်းလား ”

ကျန်းချန်းသေမင်းတပ်စခန်းက ရှေ့တန်းမှာ အန္တရာယ်များသော တိုက်ပွဲများကို အမြဲတိုက်ခိုက်နေရသော်လည်း သူတို့ထဲမှာ ကျင့်ကြံခြင်းအဆင့်မြင့်သော ပုဂ္ဂိုလ်များကို မြင်တွေ့ရခဲသည်။

စစ်သည်တော်သုံးသန်းကို အမိန့်ပေးအုပ်ချုပ်နေသော ဗိုလ်ချုပ်တစ်ယောက်အနေဖြင့် ကျန်းချန်းသေမင်းတပ်စခန်းထဲမှာ ယင်ယန်အဆင့် ပညာရှင်တစ်ယောက်ရှိနေကြောင်း မည်သို့ကြောင့် သူမသိရသနည်း။

သို့သော်လည်း ယခုအချိန်က ထိုအကြောင်းကို စဉ်းစားနေရမည့်အချိန် မဟုတ်ပေ။

အရှေ့တွင် သေခြင်းရှင်ခြင်းပိုက်ကွန်က အောက်သို့ ကျဆင်းလာနေသည်။

ယခု လွတ်လမ်းမရှိတော့ပေ။

ဟန်မူယဲ့က သူ့လက်ထဲမှ ဓားကို မြှောက်လိုက်သည်။ သူက သူ့အရှေ့မှ သေခြင်းရှင်ခြင်းပိုက်ကွန်ကို စူးစိုက်ကြည့်လိုက်သည်။

ယင်းက မူလစွမ်းအားနှင့် မဟာတာအိုစွမ်းအား၏ ဒြပ်ထည်ဖွဲ့စည်းမှု ဖြစ်သည်။

မဟာပန်သွန်ဘုံမှ ကျင့်ကြံသူများသည် မဟာမူလဘုံမှ မဟာတာအိုစွမ်းအားကြောင့် ဖိနှိပ်ခံထားကြရသည်။

အကယ်၍ တစ်စုံတစ်ယောက်မှာ မိုးမြေဖိနှိပ်မှုကို ချိုးဖြတ်နိုင်သော ကိုယ်ပိုင်စွမ်းအားမရှိလျှင် သူတို့က တခြားဘုံများမှ သေခြင်းရှင်ခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူများကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

ယခုအခြေအနေက ထိုအတိုင်းဖြစ်သည်။

သို့သော်လည်း ဟန်မူယဲ့အတွက်တော့ သေခြင်းရှင်ခြင်းနယ်ပယ်၏ ဖိနှိပ်မှုကို ချိုးဖြတ်ခြင်းက ခက်ခဲသောအရာ မဟုတ်ပေ။

“ ယင်ကောင်တစ်ကောင် ထွက်သွားတော့ ပုရွက်ဆိတ်တစ်ကောင်က ဝင်လာတယ်… ပျင်းစရာကောင်းလိုက်တာ ”

မဟာမူလကလန်မှ ခေါင်းဆောင်က အလင်းလွှာ၏ အပြင်ဘက်မှာ မတ်တတ်ရပ်နေရင်း ပြောသည်။ ထို့နောက် သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး သူ၏ လက်သည်းကို မြှောက်လိုက်သည်။

မိုးမြေကို ဖျက်ဆီးပစ်နိုင်သော အကြွင်းမဲ့ခွန်အားက ထွက်ပေါ်လာပြီး အောက်သို့ ဖိနှိပ်လိုက်သည်။

သေခြင်းရှင်ခြင်းအဆင့် လော့ကျန်းက အရှေ့သို့ အမြန်လျှောက်သွားပြီး သူ၏ လက်ကို မြှောက်လိုက်သည်။ ပေတစ်ရာကျယ်ဝန်းသော ရွှေရောင်ထီးတစ်လက်က သူ့အရှေ့မှာ ထွက်ပေါ်လာပြီး မိုးမြေ၏ ဖိနှိပ်မှုကို ခုခံတားဆီးလိုက်သည်။

“ အနောက်ဆုတ်နေ… ဒီဟာက မင်းရင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူး ”

လော့ကျန်းက ဟန်မူယဲ့ကို ကြည့်ပြီး ခေါင်းယမ်းလိုက်သည်။

“ ဗုန်း ”

စက္ကန့်အနည်းငယ်ကြာပြီးနောက် ထီးက တစ်ချက်တည်း ပေါက်ကွဲသွားသည်။ လော့ကျန်းက ခန္ဓာကိုယ်တုန်ယင်သွားပြီး ပါးစပ်မှ သွေးအန်လိုက်သည်။

လက်သည်းရှည်က တစ်ခဏ ရပ်တန့်သွားပြီးလျှင် အောက်သို့ ထပ်မံ ကျဆင်းလာသည်။

ဟန်မူယဲ့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ဓားကို အရှေသို့ ထိုးသွင်းလိုက်သည်။

“ ဘေးဖယ်နေ ”

ဟန်မူယဲ့၏ အနောက်မှ ဗိုလ်ချုပ်က အော်ပြောလိုက်သည်။

သူက အထွတ်အထိပ် သေခြင်းရှင်ခြင်းအဆင့် စွမ်းအားအရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး လက်သီးတစ်လုံး ထိုးလွှတ်လိုက်သည်။

“ ဗုန်း ”

လက်သီးချက်၏ ပြင်းထန်သော အရှိန်အဟုန်ကြောင့် လက်သည်းက အလင်းလွှာ၏ အပြင်ဘက်သို့ လွင့်စင်သွားသည်။

သို့သော်လည်း ဗိုလ်ချုပ်က မျက်နှာမည်းမှောင်သွားပြီး အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။

“ ဟွမ်ချန်းမင် အညံ့ခံလိုက်ပါ… ငါမင်းကို အသက်ရှင်ဖို့ အခွင့်အရေးပေးမယ် ”

မဟာမူလကလန်မှ ခေါင်းဆောင်က ဗိုလ်ချုပ်ကို ကြည့်လိုက်ပြီး ပြောသည်။

“ စွန်းချီက မဟာပန်သွန်ဘုံက စစ်တပ်ကို သူမျှားခေါ်လာပြီး မီးပုံထဲ တိုးဝင်စေမယ်လို့ ငါ့ကို ကတိပေးခဲ့တယ် ”

“ ဒါပေမဲ့ ဟွမ်ချန်းမင်… ငါမင်းကို တန်ဖိုးထားနေတုန်းပဲ… မင်းငါ့ကို အသနားခံပြီး ငါ့အပေါ် သစ္စာရှိမယ်ဆိုရင် ငါမင်းအသက်ကို ချမ်းသာပေးမယ် ”

မဟာမူလကလန်မှ ခေါင်းဆောင်က ပြောသည်။

ဟွမ်ချန်းမင်က ဗိုလ်ချုပ်၏ နာမည်အရင်း ဖြစ်သည်။

မဟာမူလကလန်မှ ခေါင်းဆောင်၏ စကားကို ကြားသောအခါ ဟွမ်ချန်းမင်က အကြီးအကျယ် ဒေါသထွက်သွားသည်။

လော့ကျန်းသည်လည်း ဒေါသထွက်သွားသည်။

“ စွန်းချီက သေဖို့ ထိုက်တန်တယ် ”

ဟွမ်ချန်းမင်က အံတင်းတင်းကြိတ်လိုက်သည်။ သေခြင်းရှင်ခြင်းစွမ်းအားက တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာသည့်အခါ သူက အရှေ့သို့ ပြေးသွားသည်။

ယင်းက မဟာမူလကလန်အပေါ် သူ၏ တုံ့ပြန်မှုဖြစ်သည်။

ဟွမ်ချန်းမင်က ကိုယ့်သေတွင်းကိုယ်တူးနေကြောင်း မြင်သောအခါ မဟာမူလကလန်မှ ခေါင်းဆောင်က အေးတိအေးစက် နှာခေါင်းရှုံ့လိုက်သည်။ သူ၏ အနောက်တွင် သေခြင်းရှင်ခြင်းအဆင့် တခြားပုဂ္ဂိုလ်များက အစွမ်းထက်သွေးချီအရှိန်အဝါကို လှုံ့ဆော်လိုက်ကြသည်။

မိုးမြေ၏ မူလစွမ်းအားက သံကြိုးများအဖြစ် ပြောင်းလဲသွားပြီး ဟွမ်ချန်းမင်ကို ဖမ်းချုပ်ရန် အောက်သို့ ဆင်းသက်လာကြသည်။

“ ကောင်လေး… ကျင့်ကြံခြင်းဆိုတာ အန္တရာယ်တွေကို ရင်ဆိုင်ရတဲ့ ခရီးကြမ်းပဲ ”

လော့ကျန်းက နူးညံ့စွာ ရေရွတ်လိုက်သည်။ ထို့နောက် သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ တိုက်ကြ… ငါတို့သေမယ်ဆိုရင်တောင် မတ်တတ်ရပ်ပြီးပဲ သေမယ်… ငါတို့က ငကြောက်တွေ မဟုတ်ဘူး ”

သူက အော်ပြောပြီးသည်နှင့် ဟွမ်ချန်းမင်နှင့်အတူ အရှေ့သို့ ပြေးသွားသည်။

သေခြင်းရှင်ခြင်းအဆင့် စွမ်းအားအကာအရံကို ထိုသို့စိန်ခေါ်ခြင်းက သေလမ်းရှာသောလုပ်ရပ်နှင့် မခြားပေ။

ဟန်မူယဲ့က သူ့အရှေ့မှ နှစ်ယောက်ကို ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။

သူတို့က ကျိုးကြောင်းမစဉ်းစားနိုင်ကြခြင်း မဟုတ်ပေ။ သူတို့က အရာအားလုံး အဆုံးသတ်သွားပြီဟု ယုံကြည်နေကြခြင်း ဖြစ်သည်။

ဟန်မူယဲ့က သူ၏ ဓားကို မြှောက်လိုက်ပြီး တိုးညင်းစွာ ရေရွတ်လိုက်သည်။

“ မိုးကြိုးဆင်းသက်လာစမ်း ”

မိုးကြိုး… ။

သူ့အနောက်တွင် စကြာဝဠာနယ်မြေက ဖွင့်လှစ်သွားပြီး ရွှေရောင်တုတ်ချောင်း ကိုင်ထားသော စန်းလင်က ထွက်ပေါ်လာသည်။ သူက တုတ်ချောင်းကို ကိုင်မြှောက်လိုက်ပြီး မိုးကြိုးပင်လယ်ကို ဆင့်ခေါ်လိုက်သည်။

စန်းလင်၏ အနောက်တွင် ကျားဝိညာဉ်သားပေါက် ဦးဆောင်သော သန္ဓေပြောင်းသားရဲများက မရေမတွက်နိုင်အောင် ထွက်ပေါ်လာကြသည်။

ထို့နောက် ကျားဝိညာဉ်သားပေါက်၏ ဦးဆောင်မှုအောက်မှာ သန္ဓေပြောင်းသားရဲအားလုံး၏ သွေးချီစွမ်းအားက အနီရောင်လှံတစ်ချောင်းအဖြစ် စုဝေးသွားသည်။

မိုးကြိုးပင်လယ်နှင့် သွေးချီလှံ… ။

အကယ်၍ စကြာဝဠာအဆင့် သို့မဟုတ် ယင်ယန်အဆင့် အကာအရံဆိုလျှင် ထိုစွမ်းအင်နှစ်မျိုးက သေချာပေါက် ဖျက်ဆီးပစ်နိုင်လိမ့်မည်။

သို့သော်လည်း သူတို့အရှေ့မှ စွမ်းအားအကာအရံက သေခြင်းရှင်ခြင်းအဆင့် ဖြစ်သည်။ ယင်းက ယင်ယန်အဆင့်ထက် တစ်ဆင့်ပိုမြင့်သည်။

မိုးကြိုးပင်လယ်ဖြစ်စေ သွေးချီလှံဖြစ်စေ ယင်းတို့က စွမ်းအားအကာအရံကို မထိုးဖောက်နိုင်ကြပေ။

မိုးကြိုးပင်လယ်နှင့် သွေးချီလှံက သေခြင်းရှင်ခြင်းအကာအရံဖြင့် တွေ့ဆုံသွားသည့်အခါ သံကြိုးများ၏ ရစ်ပတ်ခံလိုက်ရသည်။

ဟန်မူယဲ့၏ အမူအရာက မပြောင်းလဲသွားပေ။ သူက ဓားကို အရှေ့သို့ ထပ်မံ မြှောက်လိုက်သည်။

ဤတစ်ကြိမ်တွင် သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက အနည်းငယ် ပြောင်းလဲသွားသည်။ ဝိညာဉ်အလင်းက သူ၏ ဓားပေါ်မှာ ထွက်ပေါ်လာသည်။

“ ငါ့ရဲ့ ဓားက ကောင်းကင်ဘုံတာအိုအဖြစ် ပြောင်းလဲသွားစေ ”

“ ငါ့ရဲ့ မိုးကြိုးက ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို အမိန့်ပေးနိုင်တယ် ”

သူက ကောင်းကင်ဘုံတာအိုကို သူ့ကိုယ်ပိုင်တာအိုဖြင့် အစားထိုးနေခြင်း ဖြစ်သည်။

ဟန်မူယဲ့က ကောင်းကင်ဘုံတာအိုကို တစ်ကြိမ်ထက်မနည်း ထိန်းချုပ်ဖူးသည်။ ထို့ပြင် သူက မိုးမြေစွမ်းအားကိုလည်း ဖမ်းဆုပ်ဖူးသည်။

သူပိုင်ဆိုင်ထားသော စွမ်းအားကို မည်သို့ဖယ်ရှားပြီး မူလစွမ်းအားကို သူ့ကိုယ်ပိုင်စွမ်းအားအဖြစ် မည်သို့ပြောင်းလဲရမည်ဖြစ်ကြောင်း သူသိသည်။

ဓားကို သူထိုးသွင်းလိုက်သည့်အခါ မိုးကြိုးပင်လယ်စွမ်းအားက သွေးချီစွမ်းအားနှင့် အတူတကွ ပေါင်းစည်းသွားသည်။ နောက်အခိုက်အတန့်မှာ ကမ္ဘာမြေ တုန်လှုပ်သွားစေမည့် သွေးနီရောင်မိုးကြိုးက ထွက်ပေါ်လာသည်။

သွေးနီရောင်မိုးကြိုးက အလွန်အားကောင်းပုံမပေါ်ချေ။ သို့သော်လည်း မိုးကြိုးက မိုးမြေစွမ်းအားကို လှုံ့ဆော်လိုက်ပြီး မူလစွမ်းအားကို ဝါးမျိုကာ ကိုယ့်ကိုယ်ကိုယ် အားဖြည့်လိုက်သည်။

သွေးနီရောင်မိုးကြိုး၏ ထွက်ပေါ်လာမှုက ဘေးပတ်ဝန်းကျင်မှ လူတိုင်း၏ အမူအရာကို ပြောင်းလဲသွားစေသည်။

“ အဲ့ဒါ… အဲ့ဒါ မိုးမြေရဲ့ ကနဦးမိုးကြိုး… ”

ဟွမ်ချန်းမင်က အလန့်တကြား ရေရွတ်လိုက်လေရာ တောက်ပသော နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

အခြားတစ်ဖက်မှ လော့ကျန်းသည်လည်း ခန္ဓာကိုယ်တုန်ယင်နေသည်။ ဝိညာဉ်အလင်းက သူ၏ မျက်လုံးထဲမှာ ထွန်းလင်းသွားသည်။

သေခြင်းရှင်ခြင်းစွမ်းအား၊ မိုးကြိုးစွမ်းအားဖြင့် ရင်ဆိုင်ရသောအခါ တစ်စုံတစ်ယောက်က အသေခံမည်လော သို့မဟုတ် ကပ်ဘေးမှ ရှင်သန်လွတ်မြောက်ပြီး မူလစွမ်းအား၏ အသိအမှတ်ပြုမှုကို ရယူမည်လော ရွေးချယ်ကြရလိမ့်မည်။

တတိယရွေးချယ်စရာက မရှိပေ။

ဤအခိုက်အတန့်မှာ မိုးကြိုးက ရန်သူမိတ်ဆွေ မခွဲခြားဘဲ အချင်းမိုင်တစ်ထောင်ဧရိယာကို ရက်စက်ကြမ်းတမ်းစွာ ဖုံးလွှမ်းသွားသည်။

မဟာမူလကလန်မှ ယင်ယန်အဆင့် ကျင့်ကြံသူတစ်ယောက်က သူ၏ ရှည်လျားသော လက်သည်းကို မြှောက်လိုက်ပြီး မိုးကြိုးကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူက မိုးကြိုး၏ ဝါးမျိုခံလိုက်ရသည်။

မိုးကြိုးက သူ့ကို ရစ်ပတ်သွားသည့်အခါ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး စတင်အရည်ပျော်သွားသည်။

သူက မည်မျှရုန်းကန်ပါစေ မလွတ်မြောက်နိုင်ပေ။ သူ၏ သွေးချီနှင့် ဝိညာဉ်စွမ်းအားက မိုးကြိုးကို ခုခံတားဆီးရန် မလုံလောက်ပေ။

ထိုမိုးကြိုးသည် ဟန်မူယဲ့ထိန်းချုပ်ထားသော တာအို၏ ဒြပ်ထည်ပုံစံ ဖြစ်သည်။ ဟန်မူယဲ့၏ မူလစွမ်းအားပမာဏကို မယှဉ်ပြိုင်နိုင်သော လူများက မိုးကြိုးကို ခုခံနိုင်ကြလိမ့်မည် မဟုတ်ချေ။

ဟန်မူယဲ့၏ ကျင့်ကြံခြင်းအဆင့်က ယင်ယန်မှာဖြစ်သော်လည်း အမှန်မှာ သူ၏ စစ်မှန်သော ကျင့်ကြံခြင်းအဆင့်နှင့် တိုက်ပွဲစွမ်းအားက အာဏာရှင်အဆင့်သို့ အစောကြီးကတည်းက ရောက်ရှိပြီးနှင့်၏။

အာဏာရှင်တစ်ပါး၏ မူလစွမ်းအားပမာဏကို ယင်ယန်အဆင့် ကျင့်ကြံသူများက မည်သို့ယှဉ်ပြိုင်နိုင်မည်နည်း။

“ ဗုန်း ”

မိုးကြိုးသွားက မဟာမူလကလန်မှ အဖွဲ့သား၏ ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်သည်။ မရေမတွက်နိုင်သော မဟာပန်သွန်ကျောက်တုံးများက နေရာအသီးသီးသို့ ပြန့်ကျဲသွားကြသည်။

ယင်းတို့ကို မဟာပန်သွန်ကျောက်တုံးများဟု မခေါ်နိုင်တော့ပေ။ ယင်းတို့က မိုးမြေမူလစွမ်းအား၏ ရုပ်ဝတ္ထုများ ဖြစ်ကြသည်။

ယင်ယန်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပြီးနောက် မိုးကြိုးက ပိုပြီးအားကောင်းလာသည်။ နောက်အခိုက်အတန့်မှာ မိုးကြိုးက မဟာမူလကလန်မှ တခြားတစ်ယောက်ကို ပစ်မှတ်ထားလိုက်သည်။

မဟာမူလကလန်မှ ယင်ယန်အဆင့် ကျင့်ကြံသူက ကြောက်လန့်မှုကြောင့် တုန်ယင်သွားသည်။ သို့သော်လည်း သူက မိုးကြိုး၏ ချုပ်နှောင်မှုမှ မရုန်းထွက်နိုင်ခဲ့ပေ။

အညံ့ခံမည်လော သို့မဟုတ် အသတ်ခံမည်လော။

“ ငါ… ငါအညံ့ခံတယ် ”

သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါ မိုးကြိုး၏ အဖျက်စွမ်းအားဖြင့် တွေ့ကြုံရသောအခါ ယင်ယန်အဆင့် ပညာရှင်တစ်ယောက်ပင် အညံ့ခံလိုက်ရသည်။

မည်သူကမှ မသေချင်ကြပေ။

“ ဂျိန်း ”

မိုးကြိုးက အညံ့ခံလိုက်သော ယင်ယန်အဆင့် ကျင့်ကြံသူကို လွှမ်းခြုံသွားသည်။ ထို့နောက် မိုးကြိုးက ပရမ်းပတာလှုပ်သွားပြီး သူ၏ ခန္ဓာကိုယ်တစ်လျှောက် ထိုးဖောက်သွားသည်။

မိုးကြိုးသွားက သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်နှင့် ရွှေရောင်အလင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွန်းလင်းသွားသည်။ မဟာမူလကလန်မှ ယင်ယန်အဆင့် ကျင့်ကြံသူ၏ အရှိန်အဝါက ပိုပြီးသိပ်သည်းသွားသည်။

“ ကပ်ဘေးကနေ အသက်ရှင်သွားပြီ… မိုးမြေစွမ်းအားက သန့်စင်ခံလိုက်ရပြီး နောက်ထပ် မြင့်တတ်သွားပြီ… ဟား ဟား… ဒီလိုအတွေ့အကြုံကို ငါခံစားရလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ထားဘူး ”

မဟာမူလကလန်မှ ယင်ယန်အဆင့် ကျင့်ကြံသူက စိတ်လှုပ်ရှားစွာ ပြောသည်။ မိုးကြိုးစွမ်းအားက သူ့ကို သန့်စင်ပေးနေကြောင်း သူခံစားမိသည်။

ဘေးပတ်ဝန်းကျင်မှ မဟာမူလကလန်သားများသည်လည်း အံ့ဩသွားကြသည်။ အစောနက သူတို့က ကြောက်လန့်နေကြသော်လည်း ယခု သူတို့၏ မျက်နှာပေါ်မှာ ထူးခြားသော အမူအရာ ထွက်ပေါ်လာသည်။

အဲ့ဒီမိုးကြိုးက မကောင်းတဲ့အရာ မဟုတ်ပုံပဲ… ။

“ မင်းက သေချင်နေတာပဲ ”

မဟာမူလကလန်မှ ခေါင်းဆောင်က မျက်နှာမည်းမှောင်သွားပြီး အော်ပြောလိုက်သည်။ သူက လက်သည်းများကို မြှောက်လိုက်ပြီး လေနှင့် တိမ်တိုက်များကို ဆင့်ခေါ်လိုက်ကာ ဟန်မူယဲ့၏ ဦးခေါင်းတည့်တည့်ပေါ်သို့ ရိုက်ချလိုက်သည်။

ရယ်စရာကောင်းလိုက်တာ… ။

တကယ်လို့ သူ့ရဲ့ လက်အောက်ငယ်သားအားလုံးက မိုးကြိုးကြောင့် သန့်စင်ခံလိုက်ရပြီး ဟန်မူယဲ့ကို အညံ့ခံလိုက်ကြမယ်ဆိုရင် သူ့ရဲ့ ဦးဆောင်မှုက ဘာဖြစ်သွားမလဲ… ။

“ ဟား ဟား… ကောင်လေး… အေးအေးဆေးဆေးနေ ငါမင်းကို ကာကွယ်ပေးမယ် ”

ဟွမ်ချန်းမင်က ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး လက်သီးတစ်လုံး ထိုးလွှတ်လိုက်သည်။

အခြားတစ်ဖက်တွင် လော့ကျန်းသည်လည်း စွမ်းအားအကုန် ထုတ်လွှတ်လိုက်ပြီး ဟန်မူယဲ့ကို ကာကွယ်ပေးလိုက်သည်။

ဟန်မူယဲ့က ထိုမျှအံ့ဖွယ်ကောင်းသော အဖြစ်အပျက်ကို ဖန်တီးနိုင်လိမ့်မည်ဟု သူတို့မမျှော်လင့်ထားကြချေ။

ဟန်မူယဲ့က ခပ်ရေးရေး ပြုံးလိုက်သည်။ သူလက်မြှောက်လိုက်သည်နှင့် ဘေးပတ်ဝန်းကျင်၌ ပြန့်ကျဲနေသော မိုးကြိုးသွားများက မဟာမူလကလန်မှ အဖွဲ့သားများကို လွှမ်းခြုံသွားကြပြီး သူတို့ကို သန့်စင်ပေးလိုက်ကြသည်။

ပိုမိုများပြားသော မဟာမူလကလန်သားများက အညံ့ခံသွားကြသည်။

ယင်းကို မြင်သောအခါ မဟာမူလကလန်မှ ခေါင်းဆောင်က အံတင်းတင်းကြိတ်လိုက်သည်။ သူက လက်သည်းများကို မြှောက်လိုက်ပြီး မိုးမြေစွမ်းအားကို ဆင့်ခေါ်လိုက်ကာ အကြမ်းပတမ်း ရိုက်ချလိုက်သည်။

ဟွမ်ချန်းမင်နှင့် လော့ကျန်း၏ မျက်နှာက ဖြူဖျော့သွားပြီး သူတို့၏ ခန္ဓာကိုယ်က အနောက်သို့ လွင့်စင်သွားကြသည်။

သူတို့နှစ်ယောက်က တိုက်ခိုက်မှုတစ်ခုကိုပင် မတောင့်ခံနိုင်ကြချေ။

ယခု ဟန်မူယဲ့၏ အရှေ့တွင် မည်သည့်အစောင့်အရှောက်မှ မရှိတော့ချေ။

မဟာမူလကလန်မှ ခေါင်းဆောင်က ထပ်မံ လက်မြှောက်လိုက်ကြောင်း မြင်သောအခါ ဟန်မူယဲ့က သူ၏ လက်ထဲမှ ဓားကို ရုတ်တရက် ပင့်မြှောက်လိုက်သည်။ ဓား၏ လမ်းညွှန်မှုအောက်မှာ မိုးကြိုးသွားတစ်ခုက အနီးနားမှ မီးတောင်တစ်ခုပေါ်သို့ ကျဆင်းသွားသည်။

“ ဗုန်း ”

မိုးကြိုးမီးတောက်က ကောင်းကင်နှင့် မြေပြင်ကြားမှာ ထွက်ပေါ်လာသည်။ တောင်တန်းများနှင့် မြစ်ချောင်းများက ဤအခိုက်အတန့်မှာ ဖရိုဖရဲဖြစ်သွားကြသည်။

မိုးကြိုးသွားထဲတွင် မီးတောက်သန္ဓေပြောင်းသားရဲတစ်ကောင် ထွက်ပေါ်လာသည်။ မီတာတစ်သိန်းအရွယ်အစားရှိသော သန္ဓေပြောင်းသားရဲက ဖြည်းညင်းစွာ ခေါင်းမော့လိုက်သည်။

“ ဝိညာဉ်မီးတောက်က သခင်ကို ဂါရဝပြုပါတယ်… ”

All Chapters