← Chapters

အခန်း (၁၆၂၈)

Vol. 117 Ch. 1628

အခန်း (၁၆၂၈)

Vol. 117 Ch. 1628

သွေးဆောင်ဖြားယောင်းခြင်း… ။

ယင်းက အမှန်တကယ် သွေးဆောင်ဖြားယောင်းခြင်းပင်။

တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်က ပိုပြီးမြင့်မားလာလေ သူ၏ နှလုံးသားက ပိုပြီးတည်ကြည်လာလေ ဖြစ်သည်။ တစ်ချိန်တည်းမှာ သူတို့ကို သွေးဆောင်ဖြားယောင်းနိုင်သော ကိစ္စများက ပိုပြီးနည်းပါးသွားသည်။

သို့တိုင် မီးတောက်နတ်ဘုရားပေးသော ရွေးချယ်စရာနှစ်ခုသည် ကျင့်ကြံသူအများစု မလွန်ဆန်နိုင်လောက်သော သွေးဆောင်ဖြားယောင်းမှု ဖြစ်သည်။

တစ်စုံတစ်ယောက်က နတ်ဘုရားအရှင်သခင်နှင့် တူနှစ်ကိုယ်ကျင့်ကြံမည်ဆိုလျှင် သူက တစ်ဖက်လူ၏ ကျင့်ကြံခြင်းမှတ်ဉာဏ်များနှင့် အတွေ့အကြုံများကို မျှဝေရရှိလိမ့်မည်။ ထို့ပြင် သူက မီးတောက်နတ်ဘုရား၏ အလှတရားကိုလည်း ခံစားနိုင်လိမ့်မည်။ ထိုသို့သွေးဆောင်မှုကို မည်သို့သော ကျင့်ကြံသူများက အလွယ်တကူ ငြင်းဆန်နိုင်မည်နည်း။

ဒုတိယရွေးချယ်မှုက ဘုံတစ်ခုလုံးကို တိုက်ရိုက် အုပ်ချုပ်ခွင့်ရခြင်း ဖြစ်သည်။ အကယ်၍ သူက ထိုအရာကို ရွေးချယ်လိုက်မည်ဆိုလျှင် မဟာမူလဘုံ၏ အထွတ်အထိပ်စွမ်းအားနှင့် အထွတ်အမြတ်ဩဇာအာဏာကို ပိုင်ဆိုင်နိုင်လိမ့်မည်။

ရွေးချယ်မှုနှစ်ခုစလုံးက အကျိုးအမြတ်ကြီးမားပေသည်။

ယင်းက မိန်းမလှတစ်ယောက်၏ ပေါင်ပေါ်မှာ အိပ်စက်မည်လော သို့မဟုတ် လောက၏ အချုပ်အခြာအာဏာကို လက်ထဲမှာ ဖမ်းဆုပ်ထားမည်လော ရွေးချယ်ရခြင်း ဖြစ်သည်။

ကျင့်ကြံသူများမှာလည်း လိုအင်ဆန္ဒများ ရှိကြသည်။ လိုအင်ဆန္ဒမရှိသော ကျင့်ကြံသူဟူ၍ မရှိပေ။ သို့သော်လည်း သူတို့၏ လိုအင်ဆန္ဒများက သေမျိုးလောကနှင့် သက်ဆိုင်မှုမရှိပေ။

ဟန်မူယဲ့က ဖြည်းဖြည်းချင်း လက်မြှောက်လိုက်သည်။ ထိုစဉ် မနာလိုသော အမူအရာက သူ့အနောက်မှ ဝိညာဉ်မီးတောက်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

သူ့အရှေ့တွင် ရှက်ရွံ့သော အကြည့်က နတ်ဘုရားအရှင်သခင်၏ မျက်ဝန်းထဲမှာ ထွက်ပေါ်လာသည်။ သူက ရှက်ကိုးရှက်ကန်း ခေါင်းငုံ့လိုက်သည်။

ထိုသို့သွေးဆောင်ဖြားယောင်းမှုကို မည်သူမှ မလွန်ဆန်နိုင်ပေ။

“ ဗုန်း ”

ဟန်မူယဲ့၏ လက်က လက်သီးအဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်။

ကျယ်လောင်သော မြည်သံကို သယ်ဆောင်သွားသော လက်သီးက သူ့အရှေ့မှ လေဟာနယ်ကို ထိမှန်သွားသည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ မူလစွမ်းအားနှင့် သွေးချီအနှစ်သာရကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။

ဆယ်ပေကျယ်ဝန်းသော ဧရိယာက ချိပ်ပိတ်ခံလိုက်ရသည်။

ရှက်ကိုးရှက်ကန်း ပြုမူနေသော နတ်ဘုရားအရှင်သခင်က မယုံကြည်နိုင်မှုကြောင့် မျက်လုံးပြူးကျယ်သွားသည်။

ဟန်မူယဲ့၏ လက်သီးက နတ်ဘုရားအရှင်သခင်၏ နဖူးပေါ်သို့ တန်းမတ်စွာ ကျဆင်းသွားသည်။

“ ဗုန်း ”

ထိုလက်သီးက အလွန်အားကောင်းလေရာ ကမ္ဘာတစ်ခုကို ဖျက်ဆီးပစ်နိုင်ဟန် ရသည်။ နောက်အခိုက်အတန့်မှာ ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာသည်။

နတ်ဘုရားအရှင်သခင်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူက ဒယိမ်းဒယိုင် အနောက်ဆုတ်သွားသည်။

အစောနက မြင့်မြတ်ထည်ဝါခဲ့သော သူ၏ အလှအပက ထိုလက်သီးချက်အောက်မှာ ပျက်စီးသွားသည်။

အပြာရောင်အလင်းက ဘေးပတ်ဝန်းကျင်သို့ ပြန့်ကျဲသွားသည်။

သူ၏ ဝတ်စုံနီက ပြာမှုန်အဖြစ် ပြောင်းလဲသွားသည်။

“ နင်… နင်… ”

နာကျင်မှုဖြင့် ပြည့်နှက်နေသော နတ်ဘုရားအရှင်သခင်၏ အကြည့်က ဟန်မူယဲ့ပေါ်သို့ ကျရောက်သွားသည်။ သူက ဟန်မူယဲ့ကို လက်ညှိုးညွှန်လိုက်ပြီး အော်ပြောသည်။

“ ပြေး ”

နတ်ဘုရားအရှင်သခင် အော်ပြောလိုက်သည်နှင့် သူ၏ ဘေးပတ်ဝန်းကျင်မှ ပုံရိပ်ယောင်က သံကြိုးများအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ချုပ်နှောင်လိုက်သည်။

ထိုသံကြိုးများက သက်ရှိမြွေများအလား သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားကြပြီး သူ၏ အရိုးများနှင့် ကြွက်သားများကို ဖျက်ဆီးလိုက်သည်။

“ နတ်ဘုရားအရှင်သခင် ”

ဝိညာဉ်မီးတောက်က သူ့အရှေ့မှ ပုံရိပ်ကို ကြည့်နေရင်း စိုးရိမ်တကြီး အော်ပြောလိုက်သည်။

သံကြိုးများဖြင့် ရစ်ပတ်ခံထားရသော နတ်ဘုရားအရှင်သခင်၏ ခန္ဓာကိုယ်က သူ့အနောက်မှ အသူရာချောက်နက်ထဲသို့ တရွတ်တိုက် ဆွဲခေါ်ခံသွားရသည်။

နောင်တနှင့် ဖော်မပြနိုင်သော နာကျင်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ပုံရိပ်ယောင်ကို ချိုးဖြတ်ဖို့ တစ်စုံတစ်ယောက်က သူ့ရဲ့ အစစ်အမှန်ကို ရှာဖွေရမယ် ”

ဟန်မူယဲ့က ဖြည်းညင်းစွာ ခေါင်းယမ်းလိုက်ပြီး နူးညံ့စွာ ပြောသည်။

“ ငါက ပုံရိပ်ယောင်လောကထဲမှာ ရှိနေတုန်းပဲ… ဒီနေရာမှာ နတ်ဘုရားအရှင်သခင်မရှိဘူး… မီးနတ်ဘုရားရုံးတော်မရှိဘူး ”

ပုံရိပ်ယောင်… ။

ယင်းက အပျက်အစီးနယ်မြေနှင့် အတော်လေး ဆင်တူသည်။

အစောနက သူ့အရှေ့မှ မြင်ကွင်းအားလုံးက အစွမ်းထက်ပုဂ္ဂိုလ်များ၏ မှတ်ဉာဏ်များ ဖြစ်ကြသည်။

အစောနက သူ့အရှေ့မှာ ရှိနေခဲ့သော နတ်ဘုရားအရှင်သခင်က ပုံရိပ်ယောင်လောကထဲမှ အကြွင်းအကျန်ဝိညာဉ်အမျှင်တန်းတစ်ခုမျှသာ ဖြစ်သည်။

အတိတ်မှာ မီးနတ်ဘုရားရုံးတော်က အမှန်တကယ် ပျက်စီးသွားခဲ့သည်။

နတ်ဘုရားအရှင်သခင်များသည်လည်း ကျဆုံးသွားခဲ့ကြသည်။ ၎င်းတို့၏ အကြွင်းအကျန်ဝိညာဉ်များသည်သာ ဤပုံရိပ်ယောင်လောကထဲမှာ အကျဉ်းချခံထားကြရပြီး ခေတ်အဆက်ဆက် နာကျင်မှုကို ခံစားနေကြရသည်။

ပုံရိပ်ယောင်လောကက နတ်ဘုရားအရှင်သခင်၏ အကြွင်းအကျန်ဝိညာဉ်ကို ဖမ်းချုပ်ထားခြင်းမှာ သွေးဆောင်ဖြားယောင်းခံလိုက်ရသော သက်ရှိများကို ဝါးမျိုစားသုံးရန် ဖြစ်သည်။

အစောနက ရွေးချယ်မှုနှစ်ခုစလုံးက ထောင်ချောက်ဖြစ်သည်။ ဟန်မူယဲ့က မည်သည့်ရွေးချယ်မှုကို ပြုလုပ်ပါစေ သူ၏ ဝိညာဉ်နှင့် သွေးအနှစ်သာရက ပုံရိပ်ယောင်လောက၏ ဝါးမျိုခံရလိမ့်မည်။

ဟန်မူယဲ့ လက်မြှောက်လိုက်သည့်အခါ မီးတောက်များက ပေါ်လျှိုးလာပြီး သူ၏ ခန္ဓာကိုယ်ကို ဝိုင်းရံလိုက်သည်။ ဤသည်မှာ အဆုံးမဲ့သော ကောင်းကင်က မီးလောင်ကျွမ်းခံရတော့မည့်အလားပင်။

သူက နောက်ထပ် လက်သီးတစ်လုံးကို ထိုးလွှတ်လိုက်လေရာ မီးတောက်များက နဂါးပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။ မီးနဂါး၏ ဟိန်းဟောက်မှုအောက်မှာ အချင်းမိုင်တစ်သောင်းကျယ်ဝန်းသော မိုးမြေက ပြိုကွဲပျက်စီးသွားသည်။

မြူခိုးဖုံးလွှမ်းနေသော တောင်တန်းများက ပြိုကျပျက်စီးသွားပြီး ဘေးပတ်ဝန်းကျင်မှ မြူခိုးထုက လွင့်စင်သွားသည်။ အဆုံးမဲ့သော မီးတောက်ပင်လယ်က ထိုနေရာမှာ အစားထိုး ထွက်ပေါ်လာသည်။

မီးတောက်ပင်လယ်ကြားတွင် အပျက်အစီးနယ်မြေတစ်ခုက ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

နေရာတစ်ခုလုံးက အစိတ်စိတ်အမွှာမွှာ ပျက်စီးနေသည်။

မိုင်တစ်ထောင်ရှည်လျားစွာ ဆန့်တန်းနေသော တံတိုင်းများက ယခု အပျက်အစီးပုံအဖြစ် ပြိုကျနေသည်။

ဤနေရာက စစ်မှန်သော အပျက်အစီးနယ်မြေ ဖြစ်သည်။

နန်းတော်များနှင့် နတ်ဘုရားအရှင်သခင်များသည် အတိတ်မှာကတည်းက ထိုအပျက်အစီးနယ်မြေနှင့်အတူ မြှုပ်နှံခံလိုက်ကြရသည်။

အပျက်အစီးပုံများ၊ မီးခိုးများ၊ ဖုန်လုံးများနှင့် အုတ်ကျိုးများကို နေရာတိုင်းမှာ မြင်တွေ့နိုင်သည်။

နောက်အခိုက်အတန့်မှာ အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားကြသော ပုံရိပ်များက ဓားမော့ကိုင်ထားလျက် ဟန်မူယဲ့နှင့် ဝိညာဉ်မီးတောက်ထံသို့ ပြေးလာကြသည်။ သူတို့၏ ဓားမော့အလင်းက လေထဲမှာ ဖျတ်ခနဲ ဝင်းလက်သွားသည်။

ဓားမော့အလင်းထဲမှာ ကိန်းအောင်းနေသော ပုံရိပ်ယောင်စွမ်းအားက မိုးမြေကို တိုက်ရိုက် ဆုတ်ဖြဲပစ်နိုင်စွမ်းရှိသည်။

ယင်းက ပုံရိပ်ယောင်များကို ဖျက်ဆီးပစ်နိုင်သော စွမ်းအား ဖြစ်သည်။

“ ခရက် ”

ဝိညာဉ်မီးတောက်က သူ၏ လှံရှည်ကို မြှောက်လိုက်ပြီး ဓားမော့အလင်းကို ခုခံတားဆီးလိုက်သည်။ သို့သော်လည်း ဓားမော့အလင်းက အလွန်သန်မာလေရာ ဝိညာဉ်မီးတောက်၏ လှံက တုန်ယင်သွားပြီး အက်ကွဲသွားသည်။

“ ဒီစွမ်းအား… ”

သူက ထိုစွမ်းအားကို မတောင့်ခံနိုင်ပေ။

သံသရာစက်ဝန်းအဆင့် ကျင့်ကြံခြင်းစွမ်းအားကို ပိုင်ဆိုင်ထားသော သူက အနက်ရောင်သံချပ်ကာဝတ် ပုံရိပ်များထံမှ တိုက်ခိုက်မှုတစ်ခုကိုပင် မတားဆီးနိုင်ပေ။

ထိုမျှအစွမ်းထက်သော ပုဂ္ဂိုလ်များက မည်သည့်နေရာမှ ရောက်လာကြသနည်း။

ဝိညာဉ်မီးတောက်က အနောက်ဆုတ်သွားစဉ် အနက်ရောင်သံချပ်ကာဝတ် ပုံရိပ်၏ ဓားမော့က ဟန်မူယဲ့ပေါ်သို့ ကျဆင်းသွားသည်။

ဟန်မူယဲ့က လက်မြှောက်လိုက်သည်။ သူ၏ ဓားက အပြာရောင်အလင်းဖြင့် ပေါင်းစည်းသွားသည်။

ပုံရိပ်ယောင်များကို ဖျက်ဆီးပစ်နိုင်သော စွမ်းအား… ။

အစောနက ဓားကိုယ်ထည်ထဲသို့ သူထည့်သွင်းခဲ့သော အပြာရောင်အလင်းက ပုံရိပ်ယောင်များကို ဖျက်ဆီးပစ်နိုင်သည်။

“ ထန် ”

ဓားမော့နှင့် ဓားတို့ ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ မိုးမြေအက်ကွဲစေနိုင်သော စွမ်းအင်များက အပြန်အလှန် တွန်းကန်လိုက်ကြသည်။

ဓားရှည်က ဓားမော့ပေါ်တွင် ဖျတ်ခနဲ ရွေ့လျားသွားပြီး ဓားဖျားက အရှေ့သို့ တိုးဝင်သွားသည်။ ထို့နောက် ဓားဖျားက အနက်ရောင်သံချပ်ကာကို ထိုးဖောက်သွားသည်။

ပုံရိပ်က အပြာရောင်အလင်းစီးကြောင်းအဖြစ် ပြိုကွဲသွားသည်။ ထို့နောက် အပြာရောင်အလင်းက အနက်ရောင်ပုတီးစေ့တစ်လုံးအဖြစ် ဖွဲ့စည်းသွားသည်။

ဟန်မူယဲ့က လက်ဆန့်ထုတ်လိုက်ပြီး ပုတီးစေ့ကို သူ၏ လက်ထဲမှာ ဖမ်းဆုပ်လိုက်သည်။

ပုတီးစေ့ထဲမှာ ကိန်းအောင်းနေသော ပုံရိပ်ယောင်စွမ်းအားက ဤလောကထဲမှ အရာအားလုံးကို အမြစ်ဖြတ်ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။

“ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအားက ဒြပ်ထည်ဖွဲ့စည်းသွားတယ်လား ”

“ ရှေးဟောင်းစာအုပ်တွေထဲမှာတော့ ဒီပစ္စည်းကို ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့လို့ ခေါ်တယ် ”

ဟန်မူယဲ့က နူးညံ့စွာ တီးတိုးရေရွတ်လိုက်ပြီး သုံးပေရှည်လျားသော ဓားကို နောက်တစ်ကြိမ် ထိုးသွင်းလိုက်သည်။

မဟာပန်သွန်ကျောက်တုံးများ… ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့များ… ။

ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့သည် အာဏာရှင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ လိုချင်တောင့်တကြသောအရာ ဖြစ်သည်။

ထိုသို့ရတနာကို မဟာပန်သွန်ဘုံတွင် တိုက်ပွဲအကျိုးပြုမှုအမှတ်များဖြင့် လဲလှယ်နိုင်သည်။

ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့တစ်လုံးသည် တိုက်ပွဲအကျိုးပြုမှုအမှတ်တစ်သိန်းနှင့် ညီမျှသည်။

ဟန်မူယဲ့၏ ဓားက ရပ်တန့်မနေပေ။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ဓားကွက်များကို တစ်ကွက်ပြီးတစ်ကွက် ထုတ်ဖော်လိုက်သည်။ သူ၏ လက်ကောက်ဝတ် လှုပ်ရှားသွားသည့်အခါတိုင်း မရေမတွက်နိုင်သော မိုးကြိုးသွားများနှင့် မီးတောက်များက ထွက်ပေါ်လာလိမ့်မည်။

ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအား ကိန်းအောင်းနေသော အနက်ရောင်ပုံရိပ်များက တစ်ယောက်ပြီးတစ်ယောက် အက်ကွဲသွားကြသည်။

အနက်ရောင်ပုတီးစေ့အများကြီးက ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှာ လွင့်မျောနေကြသည်။

ဝိညာဉ်မီးတောက်က ဟန်မူယဲ့၏ ဓားလှုပ်ရှားမှုများကို ကြည့်ရှုနေစဉ် မျက်လုံးဝင်းလက်သွားသည်။

အစတွင် သူက အံ့ဩနေသော်လည်း နောက်ပိုင်းမှာ တုန်လှုပ်ချောက်ချားသွားသည်။

“ ပုံရိပ်ယောင်စွမ်းအားကို ဓားနဲ့ ဖြတ်တောက်ဖို့ဆိုရင် တစ်စုံတစ်ယောက်ဆီမှာ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအား ရှိရမယ် ”

“ ဒါပေမဲ့ သခင်အသုံးပြုနေတာက ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအားမဟုတ်ဘူး ”

ယင်းက ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအား မဟုတ်သော်လည်း ပုံရိပ်ယောင်များကို ဖျက်ဆီးပစ်နိုင်ပေသည်။

ဝိညာဉ်မီးတောက်၏ အမြင်က မမှားပေ။ ယခု ဟန်မူယဲ့ အသုံးပြုနေသော အရာက သူ၏ ခန္ဓာကိုယ်ထဲမှာ သိမ်းဆည်းထားသော ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအား မဟုတ်ပေ။

ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအားက အလွန်တန်ဖိုးကြီးမားလေရာ ဟန်မူယဲ့သည်ပင် ယင်းကို အသုံးမပြုချင်ပေ။

ယခု သူအသုံးပြုနေသည်မှာ သူ့ကိုယ်ပိုင်ဓားတာအို၏ အထွတ်အထိပ်စွမ်းအား ဖြစ်သည်။ မှန်ပေသည်။ ယင်းထဲမှာ မီးတောက်မူလစွမ်းအားနှင့် မိုးကြိုးမူလစွမ်းအားက ပေါင်းစပ်ပါဝင်နေသည်။

အစောနက ပုံရိပ်ယောင်လောကထဲမှာ သူ၏ နတ်ဘုရားမီးတောက်များက ဆင့်ကဲပြောင်းလဲသွားခဲ့ပြီး အထွတ်အထိပ်အခြေအနေသို့ တတ်လှမ်းသွားခဲ့ကြသည်။

မဟာမူလဘုံ၏ အထွတ်အထိပ်စွမ်းအားက သံသရာစက်ဝန်းဖြစ်သည်။

ထို့ကြောင့် ယခု ဟန်မူယဲ့က အသင်္ချေသံသရာမီးတောက်များ၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ထို့ပြင် သံသရာစက်ဝန်းအဆင့်သို့ ရောက်ရှိနေသော မိုးကြိုးပင်လယ်ကို သံသရာမီးတောက်ထဲသို့ ပေါင်းထည့်လိုက်သည့်အခါ သူ၏ စွမ်းအားက သံသရာစက်ဝန်းထက် ကျော်လွန်သွားသည်။

ယင်းက အာဏာရှင်အဆင့် ဖြစ်သည်။

အထွတ်အထိပ်ဓားတာအို၊ သံသရာမီးတောက်နှင့် သံသရာမိုးကြိုးပင်လယ်တို့၏ ပေါင်းစည်းမှုက အာဏာရှင်အဆင့် တိုက်ပွဲစွမ်းအားကို ထုတ်လွှတ်ပေးသည်။

ထိုသို့ဓားစွမ်းရည်သည် အာဏာရှင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များကို ရင်ဆိုင်နိုင်ရုံသာမက သူ့အရှေ့မှ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအား အကြွင်းအကျန်များကိုလည်း ဖျက်ဆီးပစ်နိုင်သည်။

မှန်ပေသည်။ အကယ်၍ သူ့အရှေ့မှ ပုံရိပ်များက ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်မှ အစစ်အမှန်သက်ရှိများဆိုလျှင် ဟန်မူယဲ့က ဤနေရာမှ ထွက်ပြေးလိမ့်မည်။

သို့သော်လည်း ယခု သူရင်ဆိုင်နေရသည်မှာ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် အစစ်အမှန်သက်ရှိများ မဟုတ်ကြပေ။ ၎င်းတို့က ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားအကြွင်းအကျန်များသာ ဖြစ်ကြသည်။

ထိုသို့စွမ်းအားအကြွင်းအကျန်ကို ဟန်မူယဲ့က မကြောက်ပေ။

သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း အနက်ရောင်ပုံရိပ်များက အက်ကွဲသွားကြသည်။

ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့(၃၆၀)လုံးက သူ၏ ဘေးပတ်ပတ်လည်မှာ လွင့်မျောနေကြပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကြသည်။

သူ၏ ခန္ဓာကိုယ်ထဲမှ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအားက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

သူ့အနောက်မှ ဝိညာဉ်မီးတောက်က ကြောက်ရွံ့ရိုသေစွာ ဦးညွတ်လိုက်သည်။

ဟန်မူယဲ့၏ ခန္ဓာကိုယ်က ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအားကို မည်သို့ကြောင့် သိမ်းဆည်းထားနိုင်ကြောင်း သူနားမလည်ပေ။ မည်သို့ဖြစ်ပါစေ ဟန်မူယဲ့၏ ရုပ်ခန္ဓာကိုယ်က သူ၏ နားလည်နိုင်စွမ်းထက် အများကြီး ကျော်လွန်နေသည်။

“ ဗုန်း ”

နောက်ဆုံး အနက်ရောင်သံချပ်ကာဝတ်ပုံရိပ် အက်ကွဲသွားသည်နှင့် ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှ လောကက စတင်လှုပ်ခါသွားသည်။

ရွှေရောင်မီးတောက်လှံတစ်ချောင်းက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။

“ အဲ့ဒါ… အဲ့ဒါ… ထျန်းဟောင်နတ်ဘုရားလှံ ”

ဝိညာဉ်မီးတောက်က မျက်လုံးပြူးကျယ်သွားပြီး သူ၏ လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ တစ်ကိုယ်လုံးက တုန်ယင်နေသည်။

“ ထျန်းဟောင်နတ်ဘုရားလှံက မီးနတ်ဘုရားရုံးတော်ကို ကာကွယ်ပေးတဲ့ အထွတ်အမြတ်ရတနာတစ်ခုပါ ”

“ ဒီထျန်းဟောင်နတ်ဘုရားလှံနဲ့ဆိုရင် နတ်ဘုရားအရှင်သခင်က အာဏာရှင်အဆင့်မှာ ဘယ်သူ့ကိုမှ မရှုံးဘူး ”

ဝိညာဉ်မီးတောက်က မယုံကြည်နိုင်စွာ တီးတိုးရေရွတ်လိုက်ပြီး ရွှေရောင်လှံကို စူးစိုက်ကြည့်လိုက်သည်။

ထိုလှံက မီးနတ်ဘုရားရုံးတော်၏ နောက်ဆုံးအမွေအနှစ်ဖြစ်သည်လော။

ဟန်မူယဲ့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူက လက်ဆန့်ထုတ်လိုက်ပြီး လှံရှည်ကို ဖမ်းဆုပ်လိုက်သည်။

မီးတောက်စွမ်းအားက လှံထဲသို့ တိုးဝင်သွားသည်နှင့် အဆုံးမဲ့သော မီးပင်လယ်က သူ့အရှေ့မှာ ထွက်ပေါ်လာသည်။

လှံရှည်ထဲမှ မှတ်ဉာဏ်များက သူ၏ အသိစိတ်ထဲသို့ ဒလဟော တိုးဝင်လာသည်။

“ ဗုန်း ”

မိုးမြေ၏ အစတွင် အသင်္ချေမီးတောက်များက စုဝေးသွားကြပြီး အမျိုးမျိုးသော သက်ရှိများအဖြစ် ပြောင်းလဲသွားကြသည်။

ထို့ကြောင့် မဟာမူလဘုံ၏ ဇစ်မြစ်က မီးတောက်မျိုးနွယ် ဖြစ်သည်။

၎င်းတို့က ဤလောကထဲမှာ မွေးဖွားလာကြပြီး မိုးမြေ၏ ကောင်းချီးပေးမှုကို ရရှိကြသည်။

မီးတောက်များကြားထဲတွင် ရွှေရောင်သတ္ထုအစိတ်အပိုင်းတစ်ခုက တုတ်ချောင်းတစ်ချောင်းအဖြစ် အသွင်ပြောင်းသွားသည်။

ဝိညာဉ်မီးတောက်တစ်ကောင်က တုတ်ချောင်းကို ၎င်း၏ လက်ထဲမှာ ဆုပ်ကိုင်ထားသည်။

တုတ်ချောင်းက ထပ်မံ အသွင်ပြောင်းသွားပြီး လှံရှည်အဖြစ် သိပ်သည်းသွားသည်။

ယင်းက ထျန်းဟောင်နတ်ဘုရားလှံ ဖြစ်သည်။

ယင်းက မီးတောက်မျိုးနွယ်ထဲမှာ မွေးဖွားလာခဲ့သောအရာဖြစ်ပြီး ယင်း၏ မူလဇစ်မြစ်က မဟာမူလဘုံ၏ သန့်စင်ရွှေရောင်သတ္ထုတုံး ဖြစ်သည်။

ရွှေရောင်သတ္ထုတုံးကို အကြိမ်တစ်ရာသန့်စင်ခဲ့သည်။

ထို့ကြောင့် ဤထျန်းဟောင်လှံထဲမှာ သတ္ထုမူလစွမ်းအားနှင့် မီးတောက်မူလစွမ်းအားက အတူတကွ ပေါင်းစည်းနေသည်။

လှံကို မီးတောက်မျိုးနွယ်၏ အစွမ်းထက်ပုဂ္ဂိုလ်များထံသို့ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းပေးခဲ့သည်။

သို့ဖြစ်၍ လှံထဲမှာ မီးတောက်မူလစွမ်းအားနှင့်ပတ်သက်၍ ထိုအစွမ်းထက်ပုဂ္ဂိုလ်များ၏ ဉာဏ်အလင်းများ ပါရှိသည်။

မီးတောက်များက ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်၌ တအိအိလှုပ်ခတ်သွားစဉ် မီးတောက်အတောင်ပံတစ်စုံက သူ၏ နောက်ကျောမှာ ထွက်ပေါ်လာသည်။ အတောင်ပံများက အရွယ်အစား အလွန်ကြီးမားပြီး ကောင်းကင်ကိုပင် ဖုံးလွှမ်းပစ်နိုင်စွမ်းရှိသည်။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်ချပ်ဝတ်တစ်စုံ ထွက်ပေါ်လာပြီး သူ၏ ဦးခေါင်းပေါ်တွင် ရွှေရောင်သရဖူတစ်ခု ထွက်ပေါ်လာသည်။

“ မီးတောက်ဘုရင်ရဲ့ သရဖူ ပြန်ပေါ်လာပြီ… သခင်… သခင်က မဟာမူလဘုံ မီးတောက်မျိုးနွယ်ရဲ့ စစ်မှန်တဲ့ ဘုရင်ပဲ… ”

ဝိညာဉ်မီးတောက်က နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။ စိတ်လှုပ်ရှားမှုက ထိန်းချုပ်မရအောင် ပေါ်လျှိုးလာသည်။

“ မဟာမူလဘုံ… ငါ့မီးတောက်မျိုးနွယ်ရဲ့ ဘုရင် ပြန်လာပြီ ”

ဝိညာဉ်မီးတောက်၏ ကျယ်လောင်သော အော်သံ ပဲ့တင်ထပ်သွားသည့်အခါ အချင်းမိုင်တစ်သောင်းဧရိယာထဲမှ မီးဒြပ်စင်သက်ရှိအားလုံးက ပရမ်းပတာ လှုပ်ခါသွားကြသည်။

လှံကိုင်ထားသော ဟန်မူယဲ့က ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။ ရွှေရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ထွန်းလင်းသွားသည်။

“ သေခြင်းရှင်ခြင်းရဲ့ အထက်မှာ ကောင်းကင်ဘုံလျှို့ဝှက်ချက်ရှိတယ်… တစ်စုံတစ်ယောက်က ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ဖမ်းဆုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် ကံကြမ္မာရဲ့ တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်နိုင်လိမ့်မယ် ”

“ ဒီလိုအခွင့်အရေးက စွန့်စားဖို့ တကယ်ထိုက်တန်တယ်… ”

All Chapters