အခန်း (၁၆၂၉)
Vol. 117 Ch. 1629
“ ထျန်းဟောင်နတ်ဘုရားလှံရဲ့ စွမ်းအားကို ချေးငှားမယ်ဆိုရင် ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်ကို ငါတတ်လှမ်းနိုင်လိမ့်မယ်… ပြီးတော့ ငါ့ရဲ့ ကိုယ်ပိုင်ကမ္မကို ငါထိန်းချုပ်နိုင်လိမ့်မယ် ”
“ ဒီလှံကို ငါသန့်စင်နိုင်တာနဲ့ ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားက အဓိကအဆင့်ကြီးနှစ်ဆင့်ကို ဖြတ်ကျော်နိုင်သွားလိမ့်မယ် ”
ထိုသို့အခွင့်အရေးသည် အလွန်အမင်း တန်ဖိုးကြီးမားသည်။ မည်သည့်ကျင့်ကြံသူကမှ ထိုသို့အခွင့်အရေးကို လက်လွှတ်ကြလိမ့်မည် မဟုတ်ချေ။
ထိုသို့အခွင့်အရေးက ကြီးမားသော အန္တရာယ်နှင့် ဒွန်တွဲရှိနေကြောင်း သိထားလျှင်ပင် သူတို့က လက်လွှတ်ကြလိမ့်မည် မဟုတ်ချေ။
တစ်စုံတစ်ယောက်က လှံထဲမှ မီးတောက်စွမ်းအားကို သန့်စင်လိုက်မည်ဆိုလျှင် ထိုသူက ယင်း၏ ကမ္မကို ခံယူရလိမ့်မည်။ ထို့ပြင် ထိုလုပ်ဆောင်မှုက မဟာမူလဘုံမှ မီးတောက်မျိုးနွယ်နှင့် လက်သည်းရှည်သားရဲမျိုးနွယ်ကြားမှ စစ်ပွဲကို ပိုပြီးအရှိန်မြင့်စွာ လှုံ့ဆော်လိမ့်မည်။
မီးတောက်မျိုးနွယ်၏ လက်ရှိစွမ်းအားအရ ၎င်းတို့က လက်သည်းရှည်သားရဲမျိုးနွယ်၏ ပြိုင်ဘက်မဟုတ်ကြပေ။
ထို့ကြောင့် လှံထဲမှ စွမ်းအားကို ရယူခြင်းက စွန့်စားရမည့်အရာဖြစ်ကြောင်း ဟန်မူယဲ့ပြောခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဟန်မူယဲ့အတွက်တော့ ကျင့်ကြံခြင်းအဆင့်နှစ်ဆင့် တိုးမြှင့်သွားခြင်းက တန်ဖိုးကြီးမားသောအရာ မဟုတ်ပေ။
အကယ်၍ သူသာ ဆန္ဒရှိမည်ဆိုလျှင် ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်နှင့် ကမ္မအဆင့်ကို သူ့ဘာသာ တိုက်ရိုက် ချိုးဖြတ်နိုင်လိမ့်မည်။
မဟာမူလဘုံဆီသို့ ရောက်လာသည့် သူ၏ ရည်ရွယ်ချက်က သူ့ကိုယ်ပိုင်စကြာဝဠာကို ဒြပ်ထည်ဖွဲ့စည်းရန် ဖြစ်သည်။
ထျန်းဟောင်လှံကို ဆုပ်ကိုင်ထားစဉ် မီးတောက်မျိုးနွယ်၏ အစွမ်းထက်ပုဂ္ဂိုလ်များထံမှ မှတ်ဉာဏ်များက ဟန်မူယဲ့၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာသည်။ ထို့အတူ မဟာမူလဘုံ၏ ဆင့်ကဲပြောင်းလဲမှုများက သူ၏ အသိစိတ်ထဲမှာ ရှင်းလင်းစွာ ထွက်ပေါ်နေသည်။ နတ်ဘုရားအလင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
မီးနတ်ဘုရားရုံးတော်၏ ရတနာများက ထိုအပျက်အစီးပုံများထဲမှာ အမှန်တကယ် ပုန်းကွယ်နေကြသည်။ ယင်းတို့က အလွန်တန်ဖိုးကြီးမားကြသည်။
မဟာပန်သွန်ဘုံမှ ကျင့်ကြံသူများက ထိုရတနာများကြောင့် ရောက်လာကြခြင်း ဖြစ်သည်။
မဟာပန်သွန်ဘုံမှ အစွမ်းထက်ပုဂ္ဂိုလ်များက ဤနေရာသို့ ရောက်လာခဲ့ကြသည်။ သို့သော်လည်း သူတို့က ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအားကြောင့် တားဆီးခံလိုက်ရပြီး အထဲသို့ မဝင်ရောက်နိုင်ခဲ့ကြပေ။
“ အင်အားစုစည်းပြီးတော့ မီးနတ်ဘုရားရုံးတော်ရဲ့ အမွေအနှစ် ဖွင့်လှစ်သွားမယ့်အချိန်ကို စောင့်ပါ ”
“ မီးတောက်မျိုးနွယ် ပြန်နာလန်ထူလာနိုင်မလားဆိုတာ အနာဂတ် အခွင့်အလမ်းတွေပေါ်မှာ မူတည်တယ် ”
ဟန်မူယဲ့က မထူးမခြားနား ပြောသည်။
သူက မဟာမူလဘုံထဲမှာ နေထိုင်ပြီး လက်သည်းရှည်သားရဲမျိုးနွယ်ဖြင့် တိုက်ခိုက်ရန် စိတ်မဝင်စားပေ။
အစမှအဆုံးထိ ဟန်မူယဲ့သည် ဘုံတစ်ခုမှ စွမ်းအားဖြင့် ချည်နှောင်ခံထားရမည့် ကျင့်ကြံသူတစ်ယောက် မဟုတ်ခဲ့ပေ။
သူက မီးတောက်မူလစွမ်းအားနှင့် တန်းတူဆွေးနွေးနိုင်ရုံသာမက သူ၏ တည်ရှိမှုက မီးတောက်မူလစွမ်းအားထက်လည်း ကျော်လွန်သွားသည်။
ဟန်မူယဲ့ စကားပြောလိုက်သည်နှင့် ထျန်းဟောင်လှံက တုန်ယင်သွားပြီး တုံ့ပြန်လိုက်သည်။ နောက်အခိုက်အတန့်မှာ လှံက မီးတောက်စီးကြောင်းတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြီး ဟန်မူယဲ့၏ ဝတ်စုံပေါ်သို့ ကျဆင်းသွားသည်။
လှံထဲမှာ ကိန်းအောင်းနေသော စွမ်းအားက ဟန်မူယဲ့၏ ခန္ဓာကိုယ်နှင့် မပေါင်းစည်းသွားပေ။ ယင်းအစား လှံစွမ်းအားက သီးခြားထိန်းသိမ်းခံလိုက်ရသည်။
ထိုလှံထဲမှာ ကိန်းအောင်းနေသော စွမ်းအားက သံသရာစက်ဝန်းအဆင့် ဖြစ်သည်။
တစ်စုံတစ်ယောက်က ထိုလှံ၏ အကူအညီဖြင့်ဆိုလျှင် သံသရာစက်ဝန်းအဆင့် တိုက်ပွဲစွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မည်။
သံသရာစက်ဝန်းအဆင့်သည် မဟာမူလဘုံ၏ အထွတ်အထိပ်တည်ရှိမှုဖြစ်ပြီး မဟာပန်သွန်ဘုံထဲတွင် အာဏာရှင်အဆင့်ပြီးနောက် ဒုတိယအသန်မာဆုံး ဖြစ်သည်။
ယခု ဟန်မူယဲ့ဆီမှာ သံသရာစက်ဝန်းအဆင့် ရဲဘော်ရဲဘက်နှစ်ယောက် ရှိသွားသည်။ တစ်ယောက်က ဝိညာဉ်မီးတောက်ဖြစ်ပြီး အခြားတစ်ယောက်က ထျန်းဟောင်နတ်ဘုရားလှံ ဖြစ်သည်။
လှံက တိတ်ဆိတ်ငြိမ်သက်သွားစဉ် မဟာမူလဘုံတစ်ခုလုံးမှ မိုးမြေစွမ်းအားက ဖြည်းဖြည်းချင်း သိပ်သည်းသွားသည်။ မီးတောက်မျိုးနွယ်မှ သစ္စာရှိစစ်သည်တော်များက မြေကြီးထဲသို့ ပြန်နစ်မြုပ်သွားကြသည်။
သူ့အနောက်မှ ဝိညာဉ်မီးတောက်က ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားမှ မပြောထွက်ပေ။
သူ၏ သခင်က မီးနတ်ဘုရားရုံးတော်၏ အမွေအနှစ်ကို အမှန်တကယ် အထင်သေးနေသည်။
ဝိညာဉ်မီးတောက်၏ အမြင်တွင် ယင်းက စိတ်ပျက်စရာကိစ္စဖြစ်သလို စိတ်လှုပ်ရှားစရာကိစ္စလည်း ဟုတ်၏။
မီးနတ်ဘုရားရုံးတော်၏ မီးတောက်အမွေအနှစ်များနှင့် တန်ဖိုးကြီးရတနာများသည် သူ့သခင်၏ မျက်လုံးထဲမှာ အမှိုက်များထက် မပိုကြောင်း သူမမျှော်လင့်ထားခဲ့ပေ။
ယင်းက တစ်စုံတစ်ယောက်ကို အာဏာရှင်တစ်ပါး ဖြစ်လာနိုင်စေမည့် အမွေအနှစ်ဖြစ်ပြီး မဟာမူလဘုံတစ်ခုလုံးကို ထိန်းချုပ်နိုင်စေမည့်အရာ ဖြစ်သည်။
သို့သော်လည်း ဒုတိယအတွေးအရ သူ့သခင်ဆီမှာ ရှိန်လောက်ဖွယ်ကောင်းသော နောက်ခံအင်အားရှိနေသောကြောင့် မီးနတ်ဘုရားရုံးတော်၏ အမွေအနှစ်များကို သူဂရုမစိုက်ခြင်း ဖြစ်သည်။
ဖြစ်နိုင်သည်မှာ ယင်းက သူ့ကိုယ်ပိုင်အခွင့်အရေး ဖြစ်သည်။
…..
မီးနတ်ဘုရားရုံးတော်မှ ပြန်ထွက်လာပြီးနောက် ဟန်မူယဲ့သည် သူ၏ ဓားနှင့်အတူ အရှေ့သို့ ခရီးဆက်သွားသည်။ သူက လမ်းကြောင်းတစ်လျှောက်မှာရှိသော လက်သည်းရှည်သားရဲကလန်မှ တိုက်တန်များနှင့် သန္ဓေပြောင်းသားရဲများကို ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
သူက မိုးမြေကို အစိတ်စိတ်အမွှာမွှာ အက်ကွဲစေပြီး ယင်းတို့ကို သူ့ကိုယ်ပိုင် စကြာဝဠာနယ်မြေထဲသို့ ထည့်သွင်းလိုက်သည်။
ဆယ်ရက်ကြာပြီးနောက် သူက စကြာဝဠာနယ်မြေသုံးခုကို ဖွဲ့စည်းနိုင်သွားသည်။
ဤဆယ်ရက်အတွင်းမှာ သူက ရှုဖုန်းယန်နှင့် တခြားလူများကို လက်သည်းရှည်သားရဲကလန်မှ တိုက်တန်များအား အမဲလိုက်နိုင်ရန် ကူညီပေးခဲ့သည်။ ထို့ပြင် သူက ကျန်းချန်းသေမင်းတပ်စခန်းမှ ကျန်းကန်းနှင့် တခြားလူများကို တိုက်ပွဲအကျိုးပြုမှုအမှတ်များနှင့် မဟာပန်သွန်ကျောက်တုံးများ ရရှိစေရန် ကူညီပေးခဲ့သည်။
“ ဗုန်း ”
ကောင်းကင်ယံတွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာကြသည်။
ရွှေရောင်အလင်းထောင့်တိုင်များက ထိုအက်ကွဲကြောင်းများထဲမှ ပေါ်လျှိုးလာကြသည်။
ဟန်မူယဲ့က ခေါင်းမော့ကြည့်လိုက်လေရာ စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ရှန်းဟဲစီရင်စု၏ အဓိကတပ်စခန်းက စတင်စုဝေးလိုက်သည့်အခါ မဟာမူလဘုံသို့ ဝင်ရောက်သွားသော ပထမအသုတ်မှ ကျင့်ကြံသူများက ပြန်ဆင့်ခေါ်ခံလိုက်ရသည်။
ဤခရီးစဉ်မှာ သူက ကြီးမားသော အကျိုးအမြတ်များကို ရရှိခဲ့သည်။
သို့သော်လည်း ဤဘုံထဲမှာ အသက်ဆုံးရှုံးသွားခဲ့သော ကျင့်ကြံသူများက အရေအတွက်မနည်းပေ။
သူ၏ ကာကွယ်ပေးမှုအောက်မှာပင် ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များနှင့် ကျန်းချန်းသေမင်းတပ်စခန်းမှ အဖွဲ့သားအများကြီးက အသက်ဆုံးရှုံးသွားခဲ့ကြသည်။
လက်သည်းရှည်သားရဲကလန် ဖွဲ့စည်းထားသော စစ်တပ်အင်အားက ရှန်းဟဲစီရင်စုမှ အဓိကတပ်စခန်း၏ မျှော်လင့်ထားမှုထက် ကျော်လွန်နေသည်။
“ အကိုကြီး… တပ်ဆုတ်မယ့် အချက်ပြမှု ထွက်ပေါ်လာပါပြီ… တကယ်လို့ ကျုပ်တို့ အခု ပြန်မသွားရင် စစ်တပ်နဲ့ လူစုကွဲသွားပါလိမ့်မယ် ”
မနီးမဝေးတွင် အနက်ရောင်ဓားမော့ကိုင်ထားသော ကျန်းကန်းက ခေါင်းမော့လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ယခု သူ၏ အနောက်တွင် စစ်သည်တော်သုံးထောင်က စုဝေးနေကြသည်။
သူတို့ထဲမှ အများစုက ဟန်မူယဲ့၏ မိုးကြိုးကပ်ဘေးစွမ်းအားကြောင့် လူသားအသွင်ပြောင်းလဲသွားကြသော သန္ဓေပြောင်းသားရဲများနှင့် အညံ့ခံသွားကြသော လက်သည်းရှည်သားရဲကလန်မှ အဖွဲ့သားများ ဖြစ်ကြသည်။
ကျန်လူများသည်တော့ မဟာပန်သွန်ဘုံ၏ စစ်တပ်မှ ခွဲထွက်သွားခဲ့သော စစ်သည်တော်များဖြစ်ကြသည်။ ယခု သူတို့က ဟန်မူယဲ့တို့အုပ်စုနှင့် ပူးပေါင်းသွားကြသည်။
ကျန်းကန်း၏ စကားကို ကြားသောအခါ လူတိုင်းက ဟန်မူယဲ့ထံသို့ ကြည့်လိုက်ကြသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြုံးလိုက်သည်။
“ သွားကြစို့… ငါတို့ပြန်သွားပြီး တိုက်ပွဲအကျိုးပြုမှုအမှတ်တွေနဲ့ လဲလှယ်ကြမယ် ”
တိုက်ပွဲအကျိုးပြုမှုအမှတ်တွေနဲ့ လဲလှယ်မယ်… ။
ထိုစကားက ကျန်းချန်းသေမင်းတပ်စခန်းထဲမှ စစ်သည်တော်အားလုံးကို ဝမ်းသာပျော်ရွှင်သွားစေသည်။
ဤတစ်ကြိမ် ဟန်မူယဲ့နောက်သို့ လိုက်ပြီး တိုက်ပွဲတိုက်ခိုက်ခြင်းက သူတို့ကို ကြီးမားသော အကျိုးအမြတ်များရရှိစေသည်။
ယနေ့ အောင်မြင်မှုများဖြင့်ဆိုလျှင် အကယ်၍ သူတို့က ကောင်းကင်ဘုံအစောင့်တပ်ထဲသို့ မဝင်ရောက်နိုင်လျှင်ပင် သူတို့၏ လွတ်လပ်မှုကို ဝယ်နိုင်ကြလိမ့်မည်။ ထို့ပြင် တိုက်ပွဲအတွင်းမှာ သူတို့ရရှိထားသော ကျင့်ကြံခြင်းအရင်းအမြစ်များက သူတို့ကို နောင်နှစ်ပေါင်းတစ်ရာအထိ အေးအေးဆေးဆေး ကျင့်ကြံနိုင်စေရန် လုံလောက်သည်။
အလင်းတန်းများက ကောင်းကင်ပေါ်မှ အလင်းထောင့်တိုင်များဆီသို့ ပျံတတ်သွားကြသည်။
လူအများစုက အစီအစဉ်တကျ မပြန်နိုင်ကြချေ။
“ ဟား ဟား ဟား… နောက်ဆုံးတော့ မဟာပန်သွန်ဘုံဆီ ငါပြန်နိုင်ပြီ ”
အနက်ရောင်သံချပ်ကာဝတ် စစ်သည်တော်တစ်ဦးက အလင်းထောင့်တိုင်ဆီသို့ ပျံသန်းသွားနေရင်း ကျယ်လောင်စွာ အော်ရယ်လိုက်သည်။
“ ဟူး… ငါ့ရဲ့ တပ်စခန်း(၃၈၄၆)မှာ အစက စစ်သည်တော်သုံးထောင်ရှိခဲ့တယ်… ဒါပေမဲ့ အခုတော့ သုံးဆယ်ရှစ်ယောက်ပဲ အိမ်ပြန်နိုင်ကြတယ်… ဘယ်လောက် ဆိုးဝါးလိုက်လဲ ”
…..
ဟန်မူယဲ့က အလင်းထောင့်တိုင်ထဲသို့ ခြေချလိုက်သည်နှင့် ကောင်းကင်ပေါ်မှ အလင်းရောင်က သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
ဘုံများကြားမှ လေဟာနယ်ကို ဖြတ်ကျော်ပြီးနောက် သူက မဟာပန်သွန်ဘုံဆီသို့ ပြန်ရောက်သွားသည်။ မဟာပန်သွန်ဘုံဆီသို့ ရောက်သွားသည်နှင့်ချက်ချင်း မိုးမြေစွမ်းအားက သူ၏ သွေးချီအနှစ်သာရကို ဖိနှိပ်လိုက်သည်။
အမှန်တကယ်ပင် မဟာပန်သွန်ဘုံ၏ မိုးမြေစွမ်းအားက အသန်မာဆုံးဖြစ်သည်။
ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှ ပုံရိပ်ယောင်စွမ်းအားအကြွင်းအကျန်က တုန်ယင်သွားပြီး ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားသည်။
ဝိညာဉ်မီးတောက်နှင့် ထျန်းဟောင်နတ်ဘုရားလှံက သူ၏ စကြာဝဠာထဲသို့ ဝင်ရောက်သွားကြသည်။
စကြာဝဠာနယ်မြေထဲတွင် မိုးကြိုးကပ်ဘေးကြောင့် အသွင်ပြောင်းလဲသွားကြသော သန္ဓေပြောင်းသားရဲများနှင့် အညံ့ခံသွားကြသော လက်သည်းရှည်သားရဲကလန်သားများ ရှိကြသည်။ ၎င်းတို့အားလုံးက ဟန်မူယဲ့၏ လွှမ်းမိုးမှုအောက်မှာ လူသားအသွင်သို့ ပြောင်းလဲသွားကြသည်။
ယခု သူတို့အားလုံးက ဟန်မူယဲ့၏ စကြာဝဠာထဲမှာ ကျင့်ကြံနေကြသည်။
ဟန်မူယဲ့၏ အသိစိတ်ထဲတွင် အနက်ရောင်ပုတီးစေ့များက ပျံဝဲနေကြသည်။
ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့များ… ။
ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားသည် မဟာပန်သွန်ဘုံပင် ခုခံနိုင်သောအရာ မဟုတ်ပေ။
“ တိုက်ပွဲအကျိုးပြုမှုအမှတ်တွေ လဲလှယ်ကြမယ် ”
“ မြန်မြန်… လက်ထောက်ဗိုလ်ချုပ်က ဆုလာဘ်တွေ ခွဲဝေပေးတော့မယ် ”
မဟာပန်သွန်ဘုံသို့ ပြန်ရောက်လာကြသော ကျင့်ကြံသူများက ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ ထို့နောက် သူတို့အားလုံးက လက်ထောက်ဗိုလ်ချုပ်၏ တဲအိမ်ဆီသို့ အပြေးအလွှား သွားကြသည်။
ကောင်းကင်ဘုံစစ်ပွဲမှာ အကျိုးဆောင်ခဲ့သူများက မဟာပန်သွန်ဘုံသို့ အသက်ရှင်လျက် ပြန်လာနိုင်လျှင် တိုက်ပွဲအကျိုးပြုမှုအမှတ်များကို ရရှိကြလိမ့်မည်။
ထိုတိုက်ပွဲအကျိုးပြုမှုအမှတ်များကို ထူးခြားသော အခွင့်အရေးများနှင့် တန်ဖိုးကြီးမားသော ကျင့်ကြံခြင်းအရင်းအမြစ်များဖြင့် လဲလှယ်နိုင်သည်။
တစ်စုံတစ်ယောက်က တိုက်ပွဲတစ်ရာမှာ အသက်ရှင်နိုင်ခဲ့မည်ဆိုလျှင် မိမိဂိုဏ်းဆီသို့ ပြန်သွားနိုင်လိမ့်မည်။
ကျင့်ကြံသူအများစုအတွက်တော့ ကောင်းကင်ဘုံစစ်ပွဲက သေခြင်းအန္တရာယ်များဖြင့် ပြည့်နှက်နေသော ကပ်ဘေးတစ်ခု ဖြစ်သည်။ ကျင့်ကြံသူအနည်းစုသာလျှင် ယင်းကို အခွင့်အရေးတစ်ခုအဖြစ် မှတ်ယူကြလိမ့်မည်။
မနီးမဝေးတွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားကြသော ရှုဖုန်းယန်နှင့် တခြားလူများက တည်ကြည်လေးနက်သော အမူအရာဖြင့် မတ်တတ်ရပ်နေကြသည်။ ကြောက်မက်ဖွယ်ကောင်းသော သွေးချီအနှစ်သာရက သူတို့ထံမှ ထွက်ပေါ်နေသည်။
အပြင်လူများသည် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားတိုးတတ်မှုကို သတိမပြုမိနိုင်ကြချေ။ သူတို့ထဲမှာ သုံးယောက်က စကြာဝဠာအဆင့်သို့ တတ်လှမ်းသွားကြပြီး ခြောက်ယောက်က ကနဦးမူလအဆင့်၏ အထွတ်အထိပ်မှာ ဖြစ်ကြသည်။
ထိုသို့အင်အားက ကောင်းကင်ဘုံအစောင့်တပ်တစ်တပ်ကို ဖွဲ့စည်းရန် လုံလောက်ပေသည်။
“ ဂိုဏ်းခေါင်းဆောင် ”
“ ဆရာ ”
ဟန်မူယဲ့ကို မြင်သောအခါ လူတိုင်းက ကျယ်လောင်စွာ အော်ပြောလိုက်ကြသည်။ သူတို့က မျက်နှာဝင်းပသွားကြသည်။
ဟန်မူယဲ့၏ အနောက်တွင် ကျန်းကန်းနှင့် တခြားလူများက အကြည့်ချင်းဖလှယ်လိုက်ကြသည်။
သူတို့က အကိုကြီးရဲ့ ဂျူနီယာလေးတွေလား… ။
ထိုသို့ဆိုလျှင် သူတို့က အနာဂတ်မှာ ထိုကောင်လေးများကို ဂရုစိုက်ပေးရလိမ့်မည်။
သို့သော်လည်း သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက ကျောက်မင်ယွင်ထက် ပိုပြီးမသန်မာပေ။ သူတို့က ကျန်းချန်းသေမင်းတပ်စခန်းမှ စစ်သည်တော်များဖြစ်သောကြောင့် သေခြင်းရှင်ခြင်းတိုက်ပွဲများကို အကြိမ်ရေများစွာ ရင်ဆိုင်ဖူးကြသည်။ ထို့ကြောင့် သူတို့ထံမှ ထုတ်လွှတ်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက တခြားစစ်သည်တော်များထက် ပိုပြီးအားကောင်းနေသည်။
“ ဟန်မူယဲ့ ”
“ မင်းမသေသေးဘူးလား ”
အဝေးတွင် တိုးညင်းသော အာမေဋိတ်သံ ထွက်ပေါ်လာသည်။
ဝတ်စုံဖြူဝတ်ဆင်ထားသော ယွင်ထျန်းတာအိုဂိတ်မှ သခင်လေးဟဲချန်းယန်က ဟန်မူယဲ့ကို မြင်သွားသည်။ ဤအခိုက်အတန့်မှာ သူ၏ မျက်နှာက မည်းမှောင်နေသည်။
“ မဟာပန်သွန်ဘုံကနေ ထွက်သွားတာနဲ့ သူတို့က အသားပြားဖြစ်သွားကြမှာ မဟုတ်ဘူးလား… သူတို့ရဲ့ ခွန်အားသေးသေးလေးနဲ့ ဘယ်လိုလုပ် အသက်ရှင်လျက် ပြန်ရောက်လာတာလဲ ”
“ ပြီးတော့ ဟိုကောင်က ကျန်းချန်းသေမင်းတပ်စခန်းမှာ အသတ်မခံရဘူးလား ”
ဟဲချန်းယန်၏ ဘေးမှ ကျင့်ကြံသူများက ခေါင်းယမ်းလိုက်ကြသည်။
“ ဘာပဲဖြစ်ဖြစ် သူက တိုက်ပွဲအကျိုးပြုမှုအမှတ်တွေကို မလဲလှယ်ရသေးဘူး… ငါ့မှာ အခွင့်အရေးရှိသေးတယ် ”
ဟဲချန်းယန်က အော်ရယ်လိုက်စဉ် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။
ဟန်မူယဲ့က ဖြည်းညင်းစွာ ခေါင်းလှည့်လိုက်ပြီး ဟဲချန်းယန်ကို ကြည့်လိုက်သည်။
သူက လက်မြှောက်လိုက်သည်။
“ ဗုန်း ”
ရွှေရောင်လက်သီးပုံရိပ်တစ်ခုက အရှေ့သို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ထိုလက်သီးကြောင့် မိုးမြေက တုန်ယင်သွားပြီး မူလစွမ်းအားက သိပ်သည်းသွားသည်။
အချင်းမိုင်တစ်ထောင်အတွင်းမှ လူတိုင်းက အံ့ဩထိတ်လန့်သွားကြသည်။
“ အဲ့ဒါ ကနဦးမူလအဆင့်ထက် သာလွန်တဲ့ စွမ်းအားပဲ ”
ဟဲချန်းယန်က အလန့်တကြား အော်ပြောလိုက်ပြီး သူ၏ မျက်နှာက ဖြူဖျော့သွားသည်။