အခန်း (၁၆၃၃)
Vol. 117 Ch. 1633
ရှန်းဟဲစီရင်စု၏ ဒေသအကြီးအကဲစံအိမ်ကို ဝင်ရောက်နိုင်သော အခွင့်အရေး… ။
တိုက်ပွဲတစ်ပွဲတည်းဖြင့် တိုက်ပွဲအကျိုးပြုအမှတ်တစ်သောင်း ရရှိခဲ့သူအတွက် ယင်းက သာမန်ဖြစ်သည်။ တစ်စုံတစ်ယောက်က ဒေသအကြီးအကဲစံအိမ်၏ အရာရှိတစ်ယောက် ဖြစ်လာမည်ဆိုလျှင် အမြင့်သို့ တစ်ဟုန်ထိုး တိုးတတ်သွားလိမ့်မည်။
မဟာပန်သွန်ဘုံသည် အဆုံးမဲ့စွာ ကျယ်ပြောသည်။ အင်မော်တယ်မင်းဆက်က ကောင်းကင်နှင့် မြေပြင်ကို အုပ်ချုပ်နေသည်။ စီရင်စုတစ်ခု၏ ဒေသအကြီးအကဲစံအိမ်သည် မရေမတွက်နိုင်သော ဒေသများကို အုပ်ချုပ်ရပြီး အင်မော်တယ်မင်းဆက်အတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးရသည်။
ဒေသအကြီးအကဲစံအိမ်များတွင် အစွမ်းထက်ပညာရှင်အများအပြား၊ အရင်းအမြစ်အများကြီး ရှိသည်။ ထို့ပြင် မရေမတွက်နိုင်သော ရတနာများနှင့် အမွေအနှစ်များလည်း ရှိသည်။
ကောင်းကင်ဘုံအစောင့်တပ်နှင့် မြို့စောင့်တပ်ဖွဲ့က ဒေသအကြီးအကဲစံအိမ်၏ လက်အောက်မှာ ရှိကြသည်။
စီရင်စုတစ်ခု၏ အရှင်သခင်သည် အာဏာရှင်အဆင့် ကျင့်ကြံခြင်းမှာ ဖြစ်သည်။ သူက ဤလောက၏ အထွတ်အထိပ်ပုဂ္ဂိုလ်များအနက် တစ်ယောက်ဖြစ်သည်။
တစ်စုံတစ်ယောက်က ဒေသအကြီးအကဲစံအိမ်သို့ ဝင်ရောက်မည်ဆိုလျှင် မည်သည့်အရာကိုမှ စိုးရိမ်ရန်မလိုတော့ပေ။
“ ဟုတ်တယ်… တိုက်ပွဲအကျိုးပြုအမှတ်တစ်သောင်းရရှိတဲ့ လူတွေပဲ ဒေသအကြီးအကဲစံအိမ်ကို တိုက်ရိုက် ဝင်ရောက်ဖို့ အရည်အချင်းပြည့်မီတယ် ”
“ နောက်ဆုံးတော့ ငါတို့ရဲ့ ရှန်းဟဲစီရင်စုမှာ တိုက်ပွဲအကျိုးပြုအမှတ်တစ်သောင်းရရှိတဲ့လူ ပေါ်ထွန်းလာပြီ… ”
ဘေးပတ်ဝန်းကျင်တွင် ချီးကျူးလေးစားသော စကားသံများနှင့် မနာလိုသော အကြည့်များ ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ ကျောက်ဟွေ့၏ မျက်နှာက သုန်မှုန်သွားသည်။
သူက လက်ထောက်ဗိုလ်ချုပ်ရာထူးအတွက် အရည်အချင်းပြည့်မီသော တစ်ယောက်တည်းသောလူဟု သူ့ဘာသာ တွေးထင်မိခဲ့သည်။ သူက ရှန်းဟဲစီရင်စု၏ လူငယ်မျိုးဆက်ထဲမှာပင် ရှားပါးသော ပါရမီရှင်တစ်ယောက် ဖြစ်သည်။
သို့သော်လည်း တိုက်ပွဲအကျိုးပြုအမှတ်တစ်သောင်းရရှိပြီး ဒေသအကြီးအကဲစံအိမ်ထဲသို့ တိုက်ရိုက် ဖိတ်ခေါ်ခံရသူသာလျှင် စစ်မှန်သော လက်ရွေးစင်ဖြစ်သည်။ ထိုပုဂ္ဂိုလ်၏ အရှေ့မှာ သူက လူပြက်တစ်ယောက်သာ ဖြစ်၏။
ရှုကျိချူး၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးအမူအရာ ထွက်ပေါ်လာသည်။ သူက ခေါင်းယမ်းလိုက်ပြီး ထူးဆန်းစွာ ပြုံးလိုက်သည်။
“ ဒေသအကြီးအကဲစံအိမ်ကို ဝင်ရောက်ဖို့က ကျုပ်ဆန္ဒရှိတဲ့အရာပါ… ဒါပေမဲ့ စိတ်မကောင်းစရာပဲ… ”
စိတ်မကောင်းစရာဆိုတာ ဘာကို ပြောတာလဲ… ။
ရှုကျိချူးက သူ၏ ဘေးမှ ရှုဖုန်းယန်ကို ကြည့်လိုက်သည်။
ရှုဖုန်းယန်က တည်ငြိမ်သော အမူအရာဖြင့် ရပ်နေသည်။ သူက ဘေးပတ်ဝန်းကျင်မှ စကားသံများကို လျစ်လျူရှုထားဟန် ရသည်။
“ စိတ်မကောင်းစရာဆိုတာ ဘာကို ပြောတာလဲ ”
ယင်ယန်အဆင့် လူသန်ကြီးက ရှုကျိချူးကို အံ့ဩစွာ ကြည့်လိုက်ပြီး မေးသည်။
တခြားလူများသည်လည်း စူးစမ်းသိချင်ကြသည်။ တိုက်ပွဲအကျိုးပြုအမှတ်တစ်သောင်း ရရှိခဲ့သော ပုဂ္ဂိုလ်တစ်ယောက်ကို မည်သည့်အရာက နောင်တရစေသနည်း။
ရှုကျိချူးက ရှုဖုန်းယန်ကို ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ ကျုပ်က တိုက်ပွဲအကျိုးပြုအမှတ်တစ်သောင်းရရှိခဲ့ပေမဲ့ အကိုထျန်းဖုန်းနဲ့ယှဉ်ရင် အဝေးကြီး လိုပါသေးတယ်… ”
“ ဒါ့အပြင်… ”
ထို့ပြင် သူ၏ အနောက်မှာ ဟန်မူယဲ့က ရှိနေသေးသည်။
သူ၏ ဆရာသာလျှင် ဒေသအကြီးအကဲစံအိမ်ကို ဝင်ရောက်နိုင်သော အစစ်အမှန်ပါရမီရှင် ဖြစ်သည်။
အကိုထျန်းဖုန်းလား… ။
အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော လူသန်ကြီးနှင့် တခြားလူများ၏ အကြည့်က ရှုဖုန်းယန်ပေါ်သို့ ကျရောက်သွားသည်။
ထိုလူက တိုက်ပွဲအကျိုးပြုအမှတ်တစ်သောင်း ရရှိခဲ့သော စစ်သည်တော်တစ်ယောက်ကို အရှုံးဝန်ခံစေသည်လား။
အနက်ရောင်သံချပ်ကာဝတ် လူသန်ကြီးက မျက်မှောင်ကြုတ်လိုက်ပြီး ရှုဖုန်းယန်ကို စစ်ဆေးကြည့်လိုက်သည်။
ရှုဖုန်းယန်က ကြောက်ရွံ့မနေဘဲ အရှေ့သို့ လျှောက်သွားပြီး သူ၏ သရုပ်တုံကင်ကို ကမ်းပေးလိုက်သည်။
လူသန်ကြီးက လက်မြှောက်လိုက်လေရာ နတ်ဘုရားအလင်းက သူ၏ လက်ဖဝါးပေါ်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။
“ ဝီး ”
သရုပ်တုံကင်က သွေးနီရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။
“ ကိုယ့်ထက် ကျင့်ကြံခြင်းအဆင့်ပိုမြင့်တဲ့ ရန်သူကို သတ်ဖြတ်တယ်… တိုက်ပွဲအကျိုးပြုအမှတ်သုံးသောင်း ”
ယင်ယန်အဆင့် လူသန်ကြီးက အံ့ဩထိတ်လန့်စွာ ပြောသည်။ သူက သူ့လက်ဖဝါးပေါ်မှ သရုပ်တုံကင်ကို စိုက်ကြည့်နေရင်း မျက်လုံးပြူးသွားသည်။
တိုက်ပွဲအကျိုးပြုအမှတ်သုံးသောင်းရရန် ကျင့်ကြံခြင်းအဆင့်ပိုမြင့်သော ရန်သူများကို သတ်ဖြတ်ခြင်း… ။
ထိုသို့ဒဏ္ဍာရီလာပါရမီရှင်က သူတို့၏ ရှန်းဟဲစီရင်စုထဲမှာ တကယ်ကြီး ထွက်ပေါ်လာသည်လော။
“ ရှုဖုန်းယန် ”
“ မင်းရဲ့ နာမည်က ရှုဖုန်းယန် ”
သရုပ်တုံကင် ကိုင်ထားသော အနက်ရောင်သံချပ်ကာဝတ် လူသန်ကြီးက တစ်ခဏ တွေးတောပြီးနောက် တည်ကြည်လေးနက်စွာ ပြောသည်။
“ မင်းလို ပါရမီရှင်တစ်ယောက်က ငါ့ရဲ့ အကဲဖြတ်နိုင်စွမ်းထက် ကျော်လွန်နေတယ် ”
“ ငါပြောချင်တာက တစ်နေ့ ရှန်းဟဲစီရင်စုကနေ မင်းထွက်သွားတဲ့အခါ ရှန်းဟဲစီရင်စုက မင်းမြင့်တတ်လာတဲ့နေရာဆိုတာ မမေ့သွားပါနဲ့ ”
စစ်မှန်သော ပါရမီရှင်များကို မည်သည့်အင်အားစုကမှ မချုပ်နှောင်နိုင်ပေ။
အင်မော်တယ်မင်းဆက်က ပါရမီရှင်များကို လေ့ကျင့်သင်ကြားပေးသော်လည်း သူတို့ကို မချုပ်နှောင်ပေ။
ယင်းက မဟာပန်သွန်ဘုံကို အင်မော်တယ်မင်းဆက် အုပ်ချုပ်နိုင်သည့် အကြောင်းအရင်းများအနက် တစ်ခုဖြစ်သည်။
အနက်ရောင်သံချပ်ကာဝတ် လူသန်ကြီးက ရှုဖုန်းယန်ကို ဒေသအကြီးအကဲစံအိမ်သို့ ဝင်ရောက်ရန် အကြံမပေးပေ။
သို့သော်လည်း ဘေးပတ်ဝန်းကျင်မှ လူများက အံ့ဩသွားပုံမပေါ်ချေ။
ယင်းက သူတို့၏ အမြင်တွင် အဓိပ္ပာယ်ရှိသည်။
စစ်မှန်သော ပါရမီရှင်များသည် မည်သည့်ဖိတ်ခေါ်မှုကိုမှ မလိုအပ်ပေ။
အကယ်၍ သူဆန္ဒရှိသည်ဆိုလျှင် မည်သည့်အင်အားစုကိုမဆို အလွယ်တကူ ဝင်ရောက်နိုင်လိမ့်မည်။
“ ရှုဖုန်းယန်… ကောင်းကင်ဘုံအစောင့်တပ်က မင်းလို ပါရမီရှင်တွေကို လိုအပ်တယ် ”
အသံတစ်သံက တဲအိမ်၏ အနောက်မှ ထွက်ပေါ်လာသည်။
အနက်ရောင်သံချပ်ကာဝတ် လူသန်ကြီးနှင့်အတူ ရောက်လာသော ဂုဏ်သရေရှိအကြီးအကဲက ပြောသည်။
“ အင်မော်တယ်မင်းဆက်မှာ စစ်တပ်တွေ အများကြီး ရှိတယ်… ဒါပေမဲ့ အစွမ်းထက် စစ်သည်တော်အများစုက ကောင်းကင်ဘုံအစောင့်တပ်ကနေပဲ ပေါ်ထွန်းလာကြတယ် ”
“ အတိတ်မှာ ဝူလင်းကုန်းမြေကို အုပ်စိုးခဲ့တဲ့ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းက ကောင်းကင်ဘုံအစောင့်တပ်ကနေ ဆင်းသက်လာခဲ့တာ ”
နောက်ပိုင်းမှာ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းက ဓားဂိုဏ်း(၃၆)ဂိုဏ်းအဖြစ် ခွဲထွက်သွားခဲ့သော်လည်း ဓားဂိုဏ်းတစ်ဂိုဏ်းစီက အင်အားကြီးမားကြသည်။ အင်မော်တယ်မင်းဆက်သည်ပင် ၎င်းတို့ကို အကြိမ်ကြိမ် ဖိနှိပ်ခဲ့ရသည်။
ထိုသို့ဂိုဏ်းကြီးတစ်ဂိုဏ်းက ကောင်းကင်ဘုံအစောင့်တပ်မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။
ရှုဖုန်းယန်က ပြန်မပြောပေ။ ယင်းအစား သူက အနောက်လှည့်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ ဆရာ… ဆရာက ကောင်းကင်ဘုံအစောင့်တပ်ကို ဝင်ရောက်မယ်ဆိုရင် ကျွန်တော်လည်း ဝင်မယ် ”
ဆရာ… ။
ကောင်းကင်ဘုံအစောင့်တပ်ထဲ ဝင်ရောက်ခြင်း… ။
ထိုစကားကို ကြားသောအခါ ဂုဏ်သရေရှိအကြီးအကဲက မျက်လုံးဝင်းလက်သွားပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ တာအိုရောင်းရင်း… ခင်ဗျားက ရှုဖုန်းယန်ရဲ့ ဆရာဆိုမှတော့ သူ့ရဲ့ အနာဂတ်ကို ထည့်စဉ်းစားသင့်ပါတယ် ”
“ တပည့်တွေက ဆရာထက် သာလွန်သွားတာ ဒီလောကမှာ မထူးဆန်းပါဘူး… တကယ်လို့ တစ်နေ့မှာ ရှုဖုန်းယန်က အမြင့်တစ်နေရာကို ရောက်သွားမယ်ဆိုရင် သူက ခင်ဗျားကို အပေါ်ကို ဆွဲတင်ပေးလိမ့်မယ်… သူအောင်မြင်သွားတဲ့အခါ ခင်ဗျားလည်း ဂုဏ်ရှိသွားမယ်မဟုတ်ဘူးလား ”
ဘေးပတ်ဝန်းကျင်မှ အကြီးအကဲများက ယင်းကို သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
ကျင့်ကြံခြင်းသည် အခွင့်အရေးများနှင့် ပါရမီအပေါ် အခြေခံသည်။
ကျင့်ကြံခြင်းလောကတွင် တပည့်များက ဆရာထက် သာလွန်သွားခြင်းသည် အထူးအဆန်းကိစ္စ မဟုတ်ပေ။
“ ဟုတ်တယ်… ခင်ဗျားပြောတာ မှန်တယ် ”
ဟန်မူယဲ့က စိတ်ရင်းမှန်ဖြင့် ပြောသည်။
အခြားတစ်ဖက်တွင် ရှုဖုန်းယန်နှင့် တခြားလူများက ပြုံးလိုက်ကြသည်။
ရယ်စရာကောင်းလိုက်တာ… ။
ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်အားလုံး စုပေါင်းမည်ဆိုလျှင်ပင် ဟန်မူယဲ့၏ လက်တစ်ချောင်းကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။
“ ခင်ဗျား သဘောတူတယ်ဆိုမှတော့… ဒါဆိုရင်… ”
အနက်ရောင်သံချပ်ကာဝတ် လူသန်ကြီးက စကားပြောလိုက်သည်။ သို့သော်လည်း သူ၏ မျက်နှာက မည်းမှောင်နေသည်။
“ ဗုန်း ”
ကြမ်းတမ်းသော လေပြင်းက တဲအိမ်အပြင်ဘက်မှာ ထွက်ပေါ်လာသည်။
“ ကျုပ်က ဗိုလ်ချုပ်စွန်းချီ… စစ်သည်တော်တစ်သန်းကို အမြန်စုဆောင်းချင်တယ် ”
“ အားလုံးပဲ နာရီဝက်နေရင် ကျုပ်နဲ့အတူ ထွက်ခွာကြမယ်… အမိန့်မနာခံတဲ့လူတွေကို ပုန်ကန်သူလို့ သတ်မှတ်မယ် ”
နာရီဝက်နေလျှင် ထွက်ခွာမည်။
သေခြင်းရှင်ခြင်းအဆင့် အစွမ်းထက်အရှိန်အဝါက မိုင်တစ်သောင်းဧရိယာကို လွှမ်းခြုံသွားသည်။ ဤသည်မှာ ထိုဖိအားကို မည်သူမှ မခုခံနိုင်ကြသည့်အလားပင်။
ယင်းက သေခြင်းရှင်ခြင်းစွမ်းအားမျှသာ မဟုတ်ပေ။ ထိုထဲမှာ စစ်တပ်အမိန့်ပေးတုံကင်၏ နတ်ဘုရားအလင်းလည်း ပါဝင်နေသည်။
ထိုတုံကင်က အင်မော်တယ်မင်းဆက်၏ စစ်တပ်အမိန့်ပေးတုံကင် ဖြစ်သည်။ ထိုတုံကင်က အကြွင်းမဲ့သော စစ်တပ်အာဏာကို ကိုယ်စားပြုသည်။
အမိန့်မနာခံသူက ပုန်ကန်သူအဖြစ် သတ်မှတ်ခံရမည်လော။
“ စစ်ထွက်တိုက်ဖို့ အမြန်ပြင်ဆင်ကြ ”
“ နားလည်ပါပြီ ”
အော်သံများက စစ်သည်တော်တစ်ယောက်ပြီးတစ်ယောက်ထံမှ ထွက်ပေါ်လာသည်။
စစ်တပ်စခန်းထဲတွင် အမိန့်သည် အကြွင်းမဲ့အာဏာကို ကိုယ်စားပြုသည်။ မည်သူက အမိန့်ကို လွန်ဆန်ဝံ့မည်နည်း။
ဘေးပတ်ဝန်းကျင်မှ စစ်သည်တော်များက စတင်လူစုလိုက်ကြသည်။
တဲအိမ်ထဲတွင် စစ်သည်တော်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အကြည့်များစွာက ရှုဖုန်းယန်နှင့် ရှုကျိချူးထံသို့ ကျရောက်သွားသည်။
သူတို့က ရှုဖုန်းယန်နှင့် ရှုကျိချူးနောက်သို့ လိုက်နိုင်မည်ဆိုလျှင် ယနေ့မှာ တိုက်ပွဲအကျိုးပြုအမှတ်အများကြီးကို ရှာဖွေနိုင်ကြလိမ့်မည်။
“ ဗိုလ်ချုပ်စွန်းချီ… ကျုပ်နာမည်က ကျောက်ဟွေ့ပါ… ကျုပ်က ဘိုးဘေးကျောက်ရှုံးကျန့်ရဲ့ မြေးပါ… ဘိုးဘေးက ခင်ဗျားရဲ့ ဘေးမှာ တာဝန်ထမ်းဆောင်ဖူးပါတယ် ”
“ ဘာလို့ ကျုပ်တို့ကို အရေးတကြီး ခေါ်ယူစုဆောင်းတာလဲဆိုတာ သိခွင့်ရှိမလား ”
တဲအိမ်ထဲတွင် ကျောက်ဟွေ့က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
အရေးတကြီး ခေါ်ယူစုဆောင်းမှုမှာ အကြောင်းအရင်းတစ်ခု သေချာပေါက် ရှိသင့်သည်။
“ ကျောက်ရှုံးကျန့်ရဲ့ မြေးလား ”
တဲအိမ်အပြင်ဘက်တွင် စွန်းချီ၏ မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာသည်။ သူ့ထံမှ ထုတ်လွှတ်လိုက်သော သေခြင်းရှင်ခြင်းစွမ်းအင်အရှိန်အဝါက တဲအိမ်ထဲ၌ ဟန်မူယဲ့မှလွဲ၍ တခြားလူများကို အရိုးခိုက်ခိုက်တုန်သွားစေသည်။
“ ငါ့ရဲ့ ကိစ္စတွေကို မင်းဆီ တင်ပြရအောင် မင်းက ဘာမို့လို့လဲ ”
“ မင်းရဲ့ အဖိုး ငါ့အရှေ့မှာ ရှိနေရင်တောင် သူက ငါ့ကို အရိုအသေပေးပြီး ငါ့စကားကို နားထောင်ရလိမ့်မယ် ”
စွန်းချီက စကားပြောနေရင်း သူ၏ လက်ဆစ်များကို ချိုးလိုက်သည်။
“ မြန်မြန် လူစုဝေးကြ… ဘာအကြောင်းနဲ့မှ မနှောင့်နှေးစေနဲ့”
“ ဝီး ”
အဝေးတွင် ကျယ်လောင်သော မြည်သံ ထွက်ပေါ်လာသည်။
“ ငါဗိုလ်ချုပ်ရဲ့ အမိန့်ကို နားထောင်ကြ… သစ္စာဖောက်စွန်းချီကို အခုချက်ချင်း ဖမ်းဆီးကြ ”
“ အားလုံးကို သတိပေးလိုက်မယ်… သူ့နောက်လိုက်တဲ့ လူအားလုံးက ပုန်ကန်သူအဖြစ် သတ်မှတ်ခံရမယ် ”
စွန်းချီကို ဖမ်းဆီးရမယ်လား… ။
တပ်စခန်းထဲမှ စစ်သည်တော်များက ဇဝေဇဝါဖြစ်သွားကြသည်။
အစောနကတင် ဗိုလ်ချုပ်စွန်းချီက စစ်တပ်စုစည်းရန် အမိန့်ပေးခဲ့သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ စွန်းချီကို ဖမ်းဆီးရမည်ဟူသော အမိန့်က ထွက်ပေါ်လာသည်။
ဘာတွေ ဖြစ်ကုန်တာလဲ… ။
စွန်းချီက မျက်နှာမည်းမှောင်သွားပြီး တီးတိုးရေရွတ်လိုက်သည်။
“ အဲ့ဒီကောင်က ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ… ”
သူက အံတင်းတင်းကြိတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
“ ငါက စစ်တပ်အမိန့်ပေးတုံကင်ကို ကိုင်ထားတယ်… ဘယ်သူ ငါ့အမိန့်ကို လွန်ဆန်ရဲလဲ ”
လူတိုင်းသည် စစ်တပ်အမိန့်ပေးတုံကင်ကို ရိုသေလေးစားကြရမည်။ ယင်းက အင်မော်တယ်မင်းဆက်၏ သံမဏိဥပဒေဖြစ်သည်။
ထိုသို့ဥပဒေဖြင့် ရင်ဆိုင်ရသောအခါ သူတို့က မည်သည့်အမိန့်ကို လိုက်နာရမည်မှန်း မသိကြတော့ချေ။
တဲအိမ်ထဲမှ လူများက အခက်တွေ့သွားကြသည်။
“ ကျုပ်သိထားတာတော့ တပ်စခန်းထဲမှာ အားလုံးထက် သာလွန်တဲ့ ပုဂ္ဂိုလ်က စစ်တပ်အမိန့်တွေကို လွန်ဆန်နိုင်တယ် ”
ထိုစဉ် ဟန်မူယဲ့က ပြောသည်။
အားလုံးထက် သာလွန်တဲ့ပုဂ္ဂိုလ်… ။
ပုဂ္ဂိုလ်တစ်ယောက်၏ အောင်မြင်မှုက စစ်တပ်ထဲမှ ကျန်လူအားလုံး၏ အောင်မြင်မှုထက် သာလွန်နိုင်သည်လော။
အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ။
လူတိုင်း၏ အရှေ့မှာ ဟန်မူယဲ့က သူ၏ သရုပ်တုံကင်ကို ထုတ်လိုက်သည်။ ထို့ပြင် သူက ကောင်းကင်ဘုံအစောင့်တပ်၏ အရည်အချင်းပြည့်မီတုံကင်ကိုလည်း ထုတ်လိုက်သည်။
ရွှေရောင်ဝိညာဉ်အလင်းတန်းက တုံကင်နှစ်ခုစလုံးမှ ထွက်ပေါ်လာသည်။
“ ဝီး ”
တဲအိမ်တစ်ခုလုံး အံ့ဩသွားသည်။
တဲအိမ်အပြင်ဘက်တွင် စွန်းချီက မျက်လုံးပြူးကျယ်သွားသည်။
“ အဲ့ဒါ… အဲ့ဒါ မဖြစ်နိုင်တာ… ”