← Chapters

အခန်း (၁၆၃၄)

Vol. 117 Ch. 1634

အခန်း (၁၆၃၄)

Vol. 117 Ch. 1634

“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”

ကျောက်ဟွေ့က မျက်လုံးပြူးကျယ်သွားပြီး အလန့်တကြား အော်ပြောလိုက်သည်။

“ ဘာလို့ တိုက်ပွဲအကျိုးပြုအမှတ်က အဲ့လောက်တောင် များနေတာလဲ… ”

ကောင်းကင်ဘုံအစောင့်တပ်၏ ဂုဏ်သရေရှိအကြီးအကဲက စိတ်ရှုပ်ထွေးသွားပြီး သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

လူတိုင်း၏ အကြည့်က ဟန်မူယဲ့၏ လက်ထဲမှ ကျောက်စိမ်းတုံကင်ပေါ်သို့ ကျရောက်သွားသည်။ သူတို့က တုံကင်ပေါ်မှာ ရေးထားသော အနီရောင်ကိန်းဂဏန်းများကို မြင်သွားကြသည်။

ဆယ့်သုံးသန်း ရှစ်သိန်းခြောက်သောင်း ငါးထောင့်လေးရာ့သုံးဆယ်… ။

ဆယ့်သုံးသန်း… ။

လူတစ်ယောက်၏ တိုက်ပွဲအကျိုးပြုအမှတ်က ဆယ်သန်းကျော်သည်လော။

အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ။

ဤတစ်ကြိမ်တွင် ရှန်းဟဲစီရင်စုက စစ်သည်တော်ဆယ်သန်းပါဝင်သော စစ်တပ်ကို ဖွဲ့စည်းထားသည်။ သို့ဖြစ်၍ လူတစ်ယောက်စီကို တစ်မှတ်ဖြင့် တွက်မည်ဆိုလျှင်ပင် တိုက်ပွဲအကျိုးပြုအမှတ်ဆယ်သန်းသာ ရှိလိမ့်မည်။

ဟန်မူယဲ့တစ်ယောက်တည်းက တိုက်ပွဲအကျိုးပြုအမှတ်(၁၃)သန်းကို ရရှိထားသည်။ သူ၏ အောင်မြင်မှုက စစ်တပ်တစ်တပ်လုံးနှင့် နှိုင်းယှဉ်နိုင်သည်။

သူက စစ်တပ်ထဲတွင် အရဲရင့်ဆုံးပုဂ္ဂိုလ် ဖြစ်သည်။

“ ဗုန်း ”

အနီရောင်ကိန်းဂဏန်းများက ဟန်မူယဲ့၏ ကျောက်စိမ်းတုံကင်ပေါ်မှာ ထွက်ပေါ်လာသည်နှင့် သွေးချီစွမ်းအားက စစ်တပ်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသည်။ ဤအခိုက်အတန့်မှာ တပ်စခန်း၏ ကောင်းကင်ပေါ်တွင် သွေးနီရောင်အလင်း ထွက်ပေါ်လာသည်။

သွေးနီရောင်အလင်းက ကောင်းကင်ပေါ်မှာ လှည့်ပတ်သွားပြီး တိမ်တိုက်များထိ ပျံတတ်သွားသည်။

ထို့နောက် “ သတ္တိ ”ဟူသော ရွှေရောင်စာလုံးကြီးက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။

ရွှေရောင်စာလုံးကြီးက တုန်ယင်သွားပြီး ပုံရိပ်ယောင်အဖြစ် ပြိုကွဲသွားသည်။ နောက်အခိုက်အတန့်မှာ သွေးနီရောင်အလင်းက ဧရာမကျားဦးခေါင်းအဖြစ် ဖွဲ့စည်းသွားသည်။

“ ဂရောင်း ”

ကျားက ဟိန်းဟောက်လိုက်လေရာ ကောင်းကင်ပေါ်မှ တိမ်တိုက်များက ပရမ်းပတာ လှုပ်ခါသွားကြသည်။

တပ်စခန်းထဲတွင် အစွမ်းထက်အရှိန်အဝါအများကြီး ဆင်းသက်လာကြသည်။ ထို့နောက် ရွှေရောင်တုံကင်အပိုင်းအစများက ကောင်းကင်ပေါ်သို့ ပျံသန်းသွားကြသည်။

ထိုတုံကင်များထဲတွင် အချင်းတစ်ပေခန့် ကျယ်ဝန်းသော ရွှေရောင်ကျောက်စိမ်းချိပ်တံဆိပ်တစ်ခုလည်း ပါဝင်သည်။

“ လူတွေအားလုံးထဲမှာ အရဲရင့်ဆုံးပုဂ္ဂိုလ်က သွေးချီစွမ်းအားနဲ့ အမိန့်ပေးနိုင်တယ် ”

အံ့ဩသော အာမေဋိတ်သံများက ထွက်ပေါ်လာသည်။

“ သူက တိုက်ပွဲအကျိုးပြုအမှတ်တွေကို အသုံးပြုပြီး စစ်သည်တော်ဆယ်သန်းရှိတဲ့ စစ်တပ်ကို တိုက်ရိုက် ထိန်းချုပ်ဖို့ ကြိုးစားနေတယ် ”

ယင်းက စစ်တပ်အာဏာအပေါ် ယှဉ်ပြိုင်မှု ဖြစ်သည်။

ယင်းက ဟန်မူယဲ့၏ ရည်ရွယ်ချက်အစစ်အမှန်လည်း ဖြစ်သည်။

တဲအိမ်ထဲတွင် လူတိုင်းက အသိစိတ်ဟာလာဟင်းလင်း ဖြစ်သွားကြပြီး ကောင်းကင်ပေါ်မှ ဧရာမကျားဦးခေါင်းကို စိုက်ကြည့်လိုက်ကြသည်။

“ အဲ့ဒါမှ ငါ့ဆရာကွ… ”

ရှုဖုန်းယန်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

သူက ထိုအကြောင်းကို ယခင်ကတည်းက တွေးထားခဲ့သည်။

ထိုသို့တိုက်ပွဲအကျိုးပြုအမှတ်ကို သူ့ဆရာသာလျှင် ရရှိနိုင်ပေသည်။

ငါးသောင်းလား… ။

တစ်သိန်းလား… ။

ယင်းတို့က ဟန်မူယဲ့အတွက် အလွန်နည်းပါးသည်။

တိုက်ပွဲအကျိုးပြုအမှတ်တစ်သန်းသည်ပင် ဘောင်မဝင်ပေ။ တိုက်ပွဲအကျိုးပြုအမှတ်ဆယ်သန်းသည် ဟန်မူယဲ့အတွက် မထင်မရှား ပမာဏဖြစ်သည်။

သို့သော်လည်း တပ်စခန်းထဲမှ တခြားလူများအတွက်တော့ ယင်းက မည်သူမှ စိတ်ကူးမယဉ်ဝံ့သော ရလဒ်ဖြစ်သည်။

ရှုဖုန်းယန်နှင့် တခြားလူများသည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာမှ ဒဏ္ဍာရီလာအဖြစ်အပျက်တစ်ခုက ယနေ့မှာ တဖန်ပေါ်ထွန်းလာမည်ဟု မမျှော်လင့်ထားကြချေ။

“ လွန်ခဲ့တဲ့ နှစ်သန်းသုံးဆယ်တုန်းက အင်မော်တယ်မင်းဆက်ရဲ့ အိမ်ရှေ့စံမင်းသားက သူ့ရဲ့ စစ်တပ်နဲ့အတူ ကောင်းကင်ဘုံစစ်ပွဲမှာ ပါဝင်ခဲ့ပြီး တိုက်ပွဲတစ်ပွဲတည်းနဲ့ တိုက်ပွဲအကျိုးပြုအမှတ်ဆယ်သန်းရရှိခဲ့တယ်… နောက်ပိုင်းမှာ သူက အင်မော်တယ်မင်းဆက်ရဲ့ အသန်မာဆုံး ဧကရာဇ်ဖြစ်လာပြီး အင်မော်တယ်မင်းဆက်နဲ့ တခြားဘုံ(၃၀)ကို အုပ်ချုပ်ခဲ့တယ်… ”

ကောင်းကင်ဘုံအစောင့်တပ်၏ တပ်မှူးယန်ယွင်ဖုန်းက အံ့ဩစွာ ပြောသည်။

ထိုသို့အဖြစ်အပျက်သည် မယုံကြည်နိုင်စရာကောင်းလှ၏။

သို့တိုင် ထိုအဖြစ်အပျက်က ယခု သူတို့၏ မျက်စိအရှေ့မှာ မျက်ဝါးထင်ထင် ဖြစ်ပျက်နေသည်။

“ ဗုန်း ”

ကောင်းကင်ပေါ်မှ ဧရာမကျားဦးခေါင်း၏ အရှေ့တွင် ရွှေရောင်ကျောက်စိမ်းတုံကင်က တုန်ယင်သွားသည်။ ထို့နောက် ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က တည်ကြည်လေးနက်သော မျက်နှာဖြင့် ထွက်ပေါ်လာသည်။

“ တိုက်ပွဲအကျိုးပြုအမှတ်ဆယ်သန်းကို စုဆောင်းထားတဲ့ အရဲရင့်ဆုံးစစ်သည်တော်က ဘယ်သူပါလဲ ”

“ ကျုပ်က တန်ကိုင်ပါ… ဒီတစ်ခေါက် ကောင်းကင်ဘုံစစ်ပွဲမှာ ရှန်းဟဲစီရင်စု စစ်တပ်အတွက် ကျုပ်က ဗိုလ်မှူးကြီးအဖြစ် ခန့်အပ်ခံထားရပါတယ်… ကျုပ်က အင်မော်တယ်မင်းဆက်ရဲ့ အဆင့်သုံးဗိုလ်ချုပ်တစ်ယောက်ပါ… ပြီးတော့ ကျုပ်က ရှန်းဟဲစီရင်စု တန်မိသားစုရဲ့ ခေါင်းဆောင်လည်း ဟုတ်ပါတယ် ”

“ တကယ်လို့ အရဲရင့်ဆုံးစစ်သည်တော်က ဆန္ဒရှိမယ်ဆိုရင် ကျုပ်က ခင်ဗျားနဲ့အတူ စစ်တပ်ကို အုပ်ချုပ်ပေးပါမယ် ”

“ ကောင်းကင်ဘုံစစ်ပွဲက သာမန်ကိစ္စမဟုတ်ပါဘူး… အရဲရင့်ဆုံးစစ်သည်တော်ရဲ့ တိုက်ပွဲစွမ်းအားက အံ့မခန်းကြောက်စရာကောင်းပေမဲ့ စစ်သည်တော်ဆယ်သန်းကို အမိန့်ပေးဖို့ဆိုတာ များပြားလှတဲ့ စစ်ပွဲအတွေ့အကြုံတွေကို လိုအပ်ပါတယ် ”

တန်ကိုင်သည် ရှန်းဟဲစီရင်စု စစ်တပ်၏ ဗိုလ်မှူးကြီးဖြစ်ပြီး ဤတစ်ကြိမ် ကောင်းကင်ဘုံစစ်ပွဲမှာ စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခံထားရသည်။

သူက အင်မော်တယ်မင်းဆက်၏ အဆင့်သုံးဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး ရှန်းဟဲစီရင်စု၏ ရှေးအကျဆုံးမိသားစုဖြစ်သော တန်မိသားစု၏ ခေါင်းဆောင်လည်း ဖြစ်သည်။

သူ၏ စကားဆုံးသွားသည့်အခါ သွေးချီစွမ်းအားက ကောင်းကင်ယံတွင် ရွှေရောင်နှင်းပွင့်များအဖြစ် ပြောင်းလဲသွားပြီး အောက်သို့ ကျဆင်းသွားသည်။

“ ဥပဒေသတွေက စကားအတိုင်း လိုက်နာတယ်… မိုးနဲ့ မြေက အတူတူ ပဲ့တင်ပြန်တယ် ”

“ အဲ့ဒါက ဒဏ္ဍာရီလာ အာဏာရှင်အဆင့်လား ”

“ အာဏာရှင်အဆင့်… ဗိုလ်မှူးကြီးတန်ကိုင်က အဲ့ဒီအဆင့်ကို မရောက်သေးဘူးမလား ”

“ သူက အာဏာရှင်အဆင့်ကို မရောက်သေးဘူး… အဲ့ဒါကြောင့် သူက ဒီကောင်းကင်ဘုံစစ်ပွဲမှာ အဆင့်ချိုးဖြတ်ဖို့ အခွင့်အရေးကို ရှာဖွေချင်နေတာ ”

တီးတိုးစကားသံများက စတင်ထွက်ပေါ်လာသည်။

အာဏာရှင်အဆင့်သည် မဟာပန်သွန်ဘုံတစ်ခုလုံး၏ အထွတ်အထိပ်အဆင့် ဖြစ်သည်။

အာဏာရှင်အဆင့် ကျွမ်းကျင်ပညာရှင်များသည် ကုန်းမြေတစ်ခုလုံးကို အုပ်ချုပ်နိုင်စွမ်းရှိကြသည်။

တန်ကိုင်၏ ကျင့်ကြံခြင်းစွမ်းအားက အာဏာရှင်အဆင့်သို့ အမှန်တကယ် မရောက်ရှိသေးသော်လည်း ခြေလှမ်းဝက်အာဏာရှင်အဆင့်၏ အရှိန်အဝါတချို့သည်ပင် ရှန်းဟဲစီရင်စုတစ်ခုလုံးကို လွှမ်းမိုးအုပ်ချုပ်ရန် လုံလောက်ပေသည်။ ထို့ကြောင့် ကောင်းကင်ဘုံစစ်ပွဲတွင် စစ်ဦးစီးချုပ်ရာထူးအတွက် မည်သူကမှ သူနှင့် မယှဉ်ပြိုင်ဝံ့ကြပေ။

“ အဲ့ဒါ သူပဲ ”

အဝေး၌ မတ်တတ်ရပ်နေသော အနက်ရောင်သံချပ်ကာဝတ် ဟွမ်ချန်းမင်က ဟန်မူယဲ့ကို မြင်သွားသောအခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သူ၏ အနောက်မှ လော့ကျန်းသည်လည်း မျက်နှာတည်ကြည်သွားပြီး အံ့ဩသော အမူအရာကို ထုတ်ဖော်လိုက်သည်။

“ သူက ဒီလောက်များပြားတဲ့ တိုက်ပွဲအကျိုးပြုအမှတ်တွေကို စုဆောင်းနိုင်မယ်လို့ ငါမထင်ထားဘူး… သူ့ကို စွန်းချီနေရာမှာ အစားထိုးနိုင်လိမ့်မယ်လို့ ငါတွေးထားတာ ရယ်စရာကောင်းလိုက်တာ ”

“ တိုက်ပွဲအကျိုးပြုအမှတ်ဆယ်သန်းကို ဒဏ္ဍာရီထဲမှာပဲ မြင်တွေ့နိုင်တယ် ”

ဟွမ်ချန်းမင်က ခေါင်းညိတ်လိုက်ပြီး တီးတိုးပြောသည်။

“ တိုက်ပွဲအကျိုးပြုအမှတ်ဆယ်သန်းအတွက် အခွင့်အရေးကောင်းတွေ လိုအပ်တယ်… ပါရမီရှင်တိုင်းက အမှတ်ဆယ်သန်းကို မစုဆောင်းနိုင်ကြဘူး ”

“ အဲ့ဒီအဆင့်ကို သူတို့ရောက်ရှိသွားတဲ့အခါ တိုက်ပွဲအကျိုးပြုအမှတ်တွေက သူတို့အတွက် ကိန်းဂဏန်းတစ်ခုထက် မပိုတော့ဘူး ”

ထိုစကား၏ အဓိပ္ပာယ်မှာ တိုက်ပွဲအကျိုးပြုအမှတ်ဆယ်သန်း စုဆောင်းနိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များက မရှားပါးပေ။ သို့သော်လည်း ထိုသို့အစွမ်းထက်ပုဂ္ဂိုလ်များက ကောင်းကင်ဘုံစစ်ပွဲထဲမှာ ပါဝင်ခြင်းသည် အလွန်ရှားပါးသည်။ မည်သို့ဖြစ်ပါစေ တိုက်ပွဲအကျိုးပြုအမှတ်က သူတို့အတွက် အရေးမကြီးပေ။

“ ဟား ဟား… စွန်းချီက ဟိုမှာ… ဒီတစ်ကြိမ် သူသွားပြီ ”

ဟွမ်ချန်းမင်က အရှေ့သို့ ကြည့်လိုက်ပြီး တဟားဟား ရယ်လိုက်သည်။

လော့ကျန်းသည်လည်း သူ၏ အရှိန်အဝါကို ဖုံးကွယ်လိုက်သည်။

တဲအိမ်ထဲတွင် သရုပ်တုံကင်ကို ဆုပ်ကိုင်ထားသော ဟန်မူယဲ့က ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ၏ အကြည့်က တန်ကိုင်၏ အကြည့်နှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။

“ စစ်တပ်ကို အတူပူးပေါင်းပြီး အုပ်ချုပ်ဖို့လား ”

ဟန်မူယဲ့က ခေါင်းခါလိုက်သည်။

သူက ထိုသို့လုပ်ဆောင်ရန် ဆန္ဒမရှိပေ။

တန်ကိုင်က စစ်ဦးစီးချုပ်ဖြစ်ပြီး အင်မော်တယ်မင်းဆက်၏ စစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်သည်။ ထို့ပြင် သူက အစွမ်းထက်မိသားစုတစ်ခုမှ ဆင်းသက်လာသူ ဖြစ်သည်။ အကယ်၍ သူတို့နှစ်ယောက်က အတူပူးပေါင်းမည်ဆိုလျှင် တန်ကိုင်က စစ်တပ်အာဏာကို အများဆုံး ထိန်းချုပ်နိုင်လိမ့်မည်။

ထိုသို့ဆိုလျှင် သူက မည်သည့်အာဏာကိုမှ မရသည့်အပြင် တန်ကိုင်၏ လက်အောက်ငယ်သားဖြစ်လာလိမ့်မည်။

သူက တခြားလူများအတွက် သတိုးသားဝတ်စုံကို ချုပ်ပေးရမည်လော။

ဟန်မူယဲ့က ငတုံးမဟုတ်ပေ။

“ ငါဆန္ဒမရှိဘူး ”

ဟန်မူယဲ့၏ တုံ့ပြန်မှုက ကောင်းကင်ပေါ်မှ သွေးချီအရှိန်အဝါကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။

ဆန္ဒမရှိဘူး… ။

ကောင်းကင်ပေါ်မှ တန်ကိုင်၏ မျက်နှာက မည်းမှောင်သွားသည်။

ဘေးပတ်ဝန်းကျင်တွင် အလွန်အားကောင်းသော ဖိအားက ဟန်မူယဲ့ပေါ်သို့ ကျဆင်းလာသည်။

“ ဂရောင်း ”

ဧရာမကျားဦးခေါင်းက မာန်ဖီလိုက်ပြီး သွေးနီရောင်အလင်းကို ဖျက်ဆီးလိုက်သည်။

တန်ကိုင်က မျက်လုံးမှေးကျဉ်းလိုက်သည်။ သူ၏ အရှိန်အဝါက စတင်သိပ်သည်းသွားသည်။

ဟန်မူယဲ့ ထုတ်ဖော်ပြခဲ့သော တိုက်ပွဲစွမ်းအားက အာဏာရှင်အဆင့်မဟုတ်သော်လည်း ယင်းက တန်ကိုင်အတွက် ရင်ဆိုင်ရလွယ်ကူသောအရာ မဟုတ်ပေ။

အကယ်၍ သူက ဟန်မူယဲ့ကို တိုက်ခိုက်မည်ဆိုလျှင် အကယ်၍ သူနိုင်သွားမည်ဆိုလျှင်ပင် သူ၏ ဆုံးရှုံးမှုက မသေးငယ်နိုင်ပေ။ ယင်းက ကောင်းကင်ဘုံစစ်ပွဲမှာ တိုက်ပွဲအကျိုးပြုအမှတ်များကို နောက်ထပ် စုဆောင်းနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးစေလိမ့်မည်။

သို့သော်လည်း အကယ်၍ သူက ယခု မလှုပ်ရှားလျှင် သူ၏ ဂုဏ်သိက္ခာက စစ်သည်တော်အားလုံး၏ အရှေ့မှာ ပျက်စီးသွားလိမ့်မည်။

ဤအခိုက်အတန့်မှာ တန်ကိုင်က တုံ့ဆိုင်းသွားသည်။

မြေပြင်ပေါ်တွင် ဟန်မူယဲ့က စောင့်ဆိုင်းမနေဘဲ သူ၏ လက်ကို တိုက်ရိုက် မြှောက်လိုက်သည်။

“ ဂရား ”

ဧရာမကျားဦးခေါင်းက ကျယ်လောင်စွာ ပါးစပ်ဟလိုက်ပြီး ရွှေရောင်ကျောက်စိမ်းချိပ်တံဆိပ်ကို ဝါးမျိုရန် ပြင်လိုက်သည်။

ကျားရဲ၏ ချွန်ထက်သော သွားများက ချိပ်တံဆိပ်ပေါ်သို့ ကျဆင်းလာသည်။

ထိုမြင်ကွင်းကို မြင်သောအခါ တန်ကိုင်က သူ၏ လက်ဖဝါးကို အောက်သို့ ရိုက်ချလိုက်သည်။

“ ဗုန်း ”

ရွှေရောင်ကျောက်စိမ်းချိပ်တံဆိပ်က မြန်ဆန်စွာ လှည့်ပတ်သွားပြီး မူလစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ ရွှေရောင်အလင်းတန်းက ထွက်ပေါ်လာပြီး ချိပ်တံဆိပ်ကို လွှမ်းခြုံသွားသည်။

“ ဝီး ”

ရွှေရောင်အလင်းတန်း၏ အပေါ်တွင် စာကြောင်းနှစ်ကြောင်း ထွက်ပေါ်လာကြသည်။

“ အမိန့်အာဏာအတွက် တိုက်ပွဲအကျိုးပြုအမှတ် ယှဉ်ပြိုင်ခြင်း ”

ရွှေရောင်ကျောက်စိမ်းချိပ်တံဆိပ်ကို ဗဟိုပြုထားစဉ် ဘေးတစ်ဖက်စီမှာ တန်ကိုင်နှင့် ဟန်မူယဲ့၏ တိုက်ပွဲအကျိုးပြုအမှတ်များက ထွက်ပေါ်လာကြသည်။

ဟန်မူယဲ့က ဆယ့်သုံးသန်းကို ပိုင်ဆိုင်ထားစဉ် တန်ကိုင်က ရှစ်သန်းကို ပိုင်ဆိုင်ထားသည်။

ဟန်မူယဲ့၏ တိုက်ပွဲတစ်ပွဲ စုဆောင်းမှုက ဗိုလ်မှူးကြီးတန်ကိုင်၏ တိုက်ပွဲအကျိုးပြုအမှတ်အားလုံးထက် သာလွန်နေသည်။ ထို့ပြင် ဗိုလ်မှူးကြီးတန်ကိုင်၏ တိုက်ပွဲအကျိုးပြုအမှတ်ရှစ်သန်းက သူ့လက်အောက်မှ စစ်သည်တော်များ၏ စုပေါင်းရလဒ်ဖြစ်သည်။

“ စစ်ဦးစီးချုပ်ရာထူးအတွက် တိုက်ပွဲအကျိုးပြုအမှတ်ချင်း ယှဉ်ပြိုင်တဲ့ တိုက်ပွဲကို မကျင်းပခဲ့တာ နှစ်တွေဘယ်လောက်ကြာပြီလဲ… နောက်ဆုံးအကြိမ်က စိန့်ဟဲကုန်းမြေမှာ မဟုတ်လား ”

“ အဲ့ဒါ လွန်ခဲ့တဲ့နှစ်တစ်ထောင်ကပဲ ”

စစ်သည်တော်အားလုံးက သူတို့၏ ဦးခေါင်းပေါ်မှ ရွှေရောင်အလင်းတန်းကို မော့ကြည့်လိုက်ကြသည်။

ရွှေရောင်အလင်းတန်း၏ အခြားတစ်ဖက်တွင် တည်နေရာပြောင်းရွှေ့ခြင်းအလင်းက ထွက်ပေါ်လာသည်။

“ တိုက်ပွဲတစ်ရာအတွင်းမှာ မင်းနဲ့ ငါ အနိုင်အရှုံး ဆုံးဖြတ်မယ် ”

“ အနိုင်ရတဲ့လူက ကောင်းကင်ဘုံစစ်ပွဲအတွက် စစ်ဦးစီးချုပ်ဖြစ်လာမယ် ”

“ ရှုံးနိမ့်သွားတဲ့လူက သူ့ရဲ့ တိုက်ပွဲအကျိုးပြုအမှတ်တွေကို လွှဲပြောင်းပေးရမယ့်အပြင် ဆုလာဘ်အားလုံးကိုလည်း လက်လွှဲပေးရမယ် ”

တန်ကိုင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောသည်။

“ နောက်မှ ငါမင်းကို အခွင့်အရေးမပေးခဲ့ဘူးလို့ မပြောနဲ့ ”

“ ဗုံတီးကြ… စစ်သည်တော်တွေ စုဝေးမယ်… ငါ့ရဲ့ စစ်သည်တော်ဆယ်သန်းစစ်တပ်ထဲက လူဘယ်နှစ်ယောက်ကို မင်းဆွဲဆောင်နိုင်မလဲ ငါကြည့်မယ် ”

All Chapters