ရေကုန်ရေခမ်း
Vol. 172 Ch. 2451
မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာသည် မည်မျှရုံးစေကာမူ နတ်အလင်းအတွင်း၌ ပိတ်မိနေဆဲဖြစ်သည်။ တစ်ချိန်တည်းမှာပင် လွန်စွာအန္တရာယ်များသော အရှိန်အဝါတစ်ခု ဆင်းသက်လာပြီး ရီဖူရှင်း၏စိတ်ဝိညာဉ်သည် ထိုအန္တရာယ်ကို ရှင်းရှင်းလင်းလင်းခံစားမိလိုက်သည်။
ရွှီး...
စူးရှသောအသံတစ်ခုကို ကြားလိုက်ရပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော အလင်းတန်းတစ်ခုသည် နတ်မျက်စိမှနေ၍ ပျံထွက်လာလေသည်။ ထိုအလင်းတန်းသည် ပြိုင်ဘက်ကင်းပြီး ကြောက်မက်ဖွယ်အကောင်းဆုံး အာကာဖျက်ဆီးစွမ်းအားများပါဝင်သည်။ ၎င်းသည် နတ်ခန္ဓကိုတိုက်ရိုက်ထိမှန်သွားသည်။
ဝုန်း...
ရုတ်ခြည်းအတွင်းမှာပင် တိုက်ခိုက်မှုသည် မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာပေါ်သို့ကျရောက်သွားပြီး နတ်ခန္ဓာကို တုန်ခါသွားစေ၏။ နတ်ခန္ဓာသည် နောက်သို့ ခြေတစ်လှမ်း၊ နှစ်လှမ်းဆုတ်သွားသည်။
“သတ်ပစ်လိုက်...”
အားကောင်းသော မဟာလမ်းစဉ်စွမ်းအားသည် ရီဖူရှင်းနှင့် ဟွာဂျီယူတို့ရှိနေသောနေရာကို လွှမ်းခြုံထားစဉ်တွင် တစ်စုံတစ်ယောက် ထပြောလိုက်သည်။
သို့သော် ထိုအခိုက်တွင် ခက်ထန်သောအော်ဟစ်သံကြီးတစ်ခုကို ကြားလိုက်ရသည်။ ထိုအသံသည် နတ်ခန္ဓာဆီမှထွက်ပေါ်ပုံရပေသည်။ မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာသည် နောက်သို့ဆုတ်နေခြင်းကို ရပ်တန့်လိုက်ရုံသာမက ရှေ့သို့အတင်းပျံထွက်သွားလေရာ အာကာဖျက်ဆီးအလင်းသည် ၎င်းနှင့်အတူရှေ့သို့ပါလာလေတော့သည်။ နတ်ခန္ဓာသည် ကောင်းကင်ထက်ရှိ ကျင့်ကြံသူများထံသို့ လျင်မြန်စွာသွားနေသည်။
“ပွင့်စေ...”
ထိုလူ၏ မျက်ခုံးနှစ်ခုအကြားမှ ချာကရာနေရာတွင် နတ်မျက်စိပွင့်လာလေသည်။ ၎င်းမျက်စိမှနေ၍ ဖျက်ဆီးနတ်အလင်းတန်းတစ်ခုသည် အာကာပြင်ကိုစုတ်ဖြဲပစ်တော့မည့်အလား ရုတ်တရက် ပျံထွက်သွားသည်။ ကောင်းကင်ထက်တွင် ရွှေရောင်အလင်းတန်းများပေါ်ပေါက်လာပြီး ရီဖူရှင်းထံသို့ တန်းတန်းမတ်မတ်ပျံဝင်သွားလေသည်။
သို့သော် မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာသည် နောက်မဆုတ်သွားပေ။ နတ်ခန္ဓာတစ်ခုလုံးကို နတ်အလင်းများက ဝန်းရံကာ နတ်ခန္ဓာကို ကာကွယ်ပေးထားလေသည်။ တစ်ချိန်တည်းမှာပင် နတ်ခန္ဓာ၏လက်ချောင်းသည် ပျံဝင်လာသည့် အလင်းတန်းကိုညွှန်ပြလိုက်သည်။ နောက်ထပ်အာကာဖျက်ဆီးနတ်အလင်းတစ်ခု ထွက်ပေါ်လာပြီး ဓားတစ်ချောင်းအဖြစ်ပြောင်းလဲသွားသည်။ ဓားသည် သတ်ဖြတ်ရန်ကျဆင်းလာသည့် နတ်အလင်းနှင့်ထိခတ်သွားပြီး အလင်းတန်းကို ချက်ချင်းဖျက်ဆီးပစ်လိုက်သည်။
“သတိထား”
အခြားကျင့်ကြံသူများသည် မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာသည် ဓားအလင်းနှင့်အတူချဉ်းကပ်လာသည်ကို တွေ့လိုက်သောအခါ သတိပေးလိုက်သည်။ ရီဖူရှင်းသည် ယခင်က မဟာအကြီးအကဲမော့ထျန်းကို ဓားချက်တစ်ချက်ဖြင့် သတ်ပစ်နိုင်ခဲ့သူမဟုတ်ပေလော။ ထို့ပြင် မဟာအကြီးအကဲ၏ တိုက်ရည်ခိုက်ရည်ကို သံသယဝင်ရန်မရှိပေ။
ဝုန်း...
သို့သော် နတ်မျက်စိနှင့်ကျင့်ကြံသူသည် ကြောက်ပုံမရဘဲ မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာနှင့် တိုက်ရိုက်ရင်ဆိုင်လိုနေပုံရလေသည်။ သူအောက်သို့ ပျံဆင်းသွားလိုက်သည်။ သူ့အနောက်ကောင်းကင်တွင် ဧရာမအဆုံးမဲ့နတ်အရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ အထက်ရှိအနန္တဟင်းလင်းပြင်မှနေ၍ နတ်အလင်းတန်းတစ်ခုကျဆင်းလာပြီး ကောင်းကင်ကို ထက်ပိုင်းဖြတ်သွားလေသည်။
သူ၏နတ်မျက်စိသည် အောက်သို့ကြည့်လိုက်သောအခါ ဖျက်အားကြီးသည့် မုန်တိုင်းကြီးတစ်ခုသည် ကောင်းကင်ထက်တွင် ဖြစ်ပေါ်လာပြီး အောက်သို့ကျဆင်းလာသည်။ သို့သော် ရီဖူရှင်းသည် ထိုမုန်းတိုင်းအတွင်းသို့ ဝင်ရောက်ဖြတ်သန်းသွားလိုက်သည်။
နတ်မျက်စိနှင့်ကျင့်ကြံသူ၏လက်ထဲတွင် ရွှေရောင်လှံရှည်တစ်ချောင်း ထွက်ပေါ်လာသည်။ ၎င်းထံမှနေ၍ အတုမဲ့နတ်အလင်းများ လင်းလက်တောက်ပနေသေည်။
ရွှီး...
သူနှင့် သူ့နောက်ရှိ ဧရာမနတ်အရိပ်ကြီးသည် အလျင်အမြန်ပျံဆင်းနေသည်။ ထိုကောင်းကင်မျက်လုံးစက်ကွင်းအတွင်းတွင် သူ၏မဟာလမ်းစဉ်စွမ်းအားသည် အမြင့်ဆုံးစွမ်းရည်သို့ ရောက်ရှိသွားနိုင်သကဲ့သို့ပင်။ သူ၏ထိုစက်ကွင်းအတွင်း၌ သူသည် ဆရာသခင်ဖြစ်သည်။ ထိုကောင်းကင်မျက်လုံးစက်ကွင်းအတွင်း၌ သူသည် ဘုရင်တစ်ပါးဖြစ်သည်။
ဒဏ္ဍာရီများအရ အဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာသည် ပြိုင်ဘက်ကင်းပြီး ရှေးခေတ်ရှိ စွမ်းအားအကြီးဆုံးများထဲမှ တစ်ခုဖြစ်သည်။ ယခုတွင် ထိုနတ်ခန္ဓာကို လူငယ်တစ်ဦးကထိန်းချုပ်ထားသည့်အခါတွင် ၎င်းသည် မဟာအကြီးအကဲမော့ထျန်းကိုပင် သတ်နိုင်ခဲ့သည်။ သူသည် ထိုနတ်ခန္ဓာမည်မျှ သန်မာသည်ကို သူကိုယ်တိုင်သိလိုနေပေသည်။
အလင်းတန်းနှစ်ခုသည် တစ်ခုဆီတစ်ခု ဦးတည်သွားနေသည်။ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု အလှမ်းကွာသော်လည်း ထိုအခိုက်တွင် အကွာအဝေးသည် မရှိသကဲ့သို့ပင်။ လူပုံစံအရိပ်အယောင်ကိုပင် မမြင်ရတော့ဘဲ အလင်းတန်းများကိုသာ မြင်နေရလေသည်။
ရုတ်ခြည်းအတွင်းမှာပင် ပုံရိပ်နှစ်ခု ထိပ်တိုက်တိုးသွား၏။ နတ်လှံရှည်သည် မဟာအင်ပါယာ၏လက်ချောင်းကို ထိုးဖောက်လိုက်၏။ ထိုလက်ချောင်းသည် ယခုတွင် လောကအတွင်းရှိ အထက်ရှဆုံးဓားတစ်ချောင်းကဲ့သို့ဖြစ်နေလေသည်။
အာကာပြင်တွင် ဖျက်ဆီးနတ်အလင်းများ ပျံ့နှံ့သွားပြီး ကြောက်မက်ဖွယ်မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။ ထိုအလင်းများသည် အဆုံးမဲ့ဟင်းလင်းပြင်ထဲအထိ လင်းလက်သွားပြီး လွန်စွာချောင်ကျသည့်နယ်မြေအထိပါ ရောက်ရှိသွားသည်။ ထိုအခိုက်တွင် ကျင့်ကြံသူအများအပြားသည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြသည်။ သို့သော် သူတို့သည် ရုတ်ခြည်းဆိုသလိုပင် ကမျောသောပါး ထွက်ပြေးလိုက်ကြ၏။ မုန်တိုင်း၏အရှိန်သည် သူ့တို့ထံသို့ ရိုက်ခတ်လာပြီး လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးသွားသည်။
ပုံရိပ်နှစ်ခု ထိခတ်သွားသောနေရာတွင် နတ်အလင်းများပေါက်ကွဲသွားသည်။ ပုံရိပ်နှစ်ခုသည် ပြန်ခွာလိုက်၏။ ရီဖူရှင်းသည် နောက်သို့ယိုင်သွားသော်လည်း နတ်မျက်စိနှင့်လူသည် ခပ်အုပ်အုပ်ညီးတွားလိုက်သည်။ သူ၏မျက်ခုံးနှစ်ခုအကြားရှိ ချာကရာနေရာမှ နတ်မျက်စိမှ ရွှေရောင်သွေးတန်းတစ်ကြောင်း စီးကျလာပြီး သူ့မျက်နှာသည် ရှုံ့မဲ့နေလေသည်။
ထိုကျင့်ကြံသူသည် ကြီးစွာသောနာကျင်မှုကို တောင်ခံပြီး တရှူးရှူးတရှဲရှဲဖြင့် သူ၏နာကျင်မှုကို ဖော်ပြနေသည်။
ရီဖူရှင်း သူ့ကိုယ်သူမရပ်တန့်နိုင်သေးခင်တွင် သူ့အထက်တွင် ရဟန်းတစ်ပါး၏ ကြီးမားသောပုံရိပ်ကြီးတစ်ခု ပေါ်ပေါက်လာသည်။ ၎င်းသည် မဟာလမ်းစဉ်စက်ကွင်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး သူ့ကိုလွှမ်းခြုံသွားလေသည်။ ထိုရဟန်းပုံရိပ်သည် လဲလျောင်းနေသည့်ပုံစံရှိသဖြင့် အိပ်စက်နေသောရဟန်းကဲ့သို့ပင်။ ဗုဒ္ဓအသံကြောင့် မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာအတွင်း၌ရှိနေသည့် ရီဖူရှင်းသည် ရုတ်တရက် မူးဝေလာသည်။ သူသည် အိပ်မက်တစ်ခုအတွင်းသို့ ရောက်သွားတော့မလိုပင်။ သူ့နောက်တွင် စောင့်ကြပ်နေသော ဟွာဂျီယူသည်လည်း ရုတ်တရက် မူးဝေမှုကိုခံစားလိုက်ရသည်။ သူမ၏စိတ်သည် ချည့်နဲ့လာပြီး စိတ်ထဲတွင် အိပ်စက်နေသောရဟန်း၏ပုံရိပ်နှင့်သာ ပြည့်နှက်နေလေသည်။ အခြားမည်သို့မှလုပ်စရာမရှိတော့ဘဲ ထိုအတိုင်းမျှောလိုက်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်ရုံသာ ရှိတော့သကဲ့သို့ပင်။
ရီဖူရှင်း သတိကြီးကြီးထားလိုက်သည်။ ဗုဒ္ဓလမ်းစဉ်တွင် အိပ်စက်နေသောရဟန်းသည် တိုက်ခိုက်ရန်ရည်ရွယ်သော စွမ်းရည်တစ်ခုမဟုတ်သော်လည်း အန္တရာယ်မများဟုဆိုလိုခြင်းမဟုတ်ပေ။ ၎င်းသည် ၎င်း၏ပစ်မှတ်ကို နှစ်ခြိုက်စွာအိပ်ပျော်သွားစေပြီး ကိုယ့်ဘာသာပြန်မနိုးထလာစေနိုင်အောင် လုပ်နိုင်စွမ်းရှိလေသည်။ ပစ်မှတ်သည် နှစ်ခြိုက်စွာအိပ်ပျော်သွားလျှင် သူတို့သည် အခြားသူ၏ထိန်းချုပ်မှုအောက်သို့ လုံးဝကျရောက်သွားပြီဖြစ်ပြီး သူတို့ဘာသာပြန်နိုးထလာနိုင်တော့မည်မဟုတ်ချေ။
ထိုအခိုက်တွင် စည်းချက်ကျသောအသံများကို ကြားနေရသည်။ ကောင်းကင်ပေါ်တွင် ဗျပ်စောင်းတစ်ခုပေါ်လာပြီး ဗျပ်စောင်းပေါ်တွင် ဂီတသင်္ကေများသည် အဆက်မပြတ်ခုန်ပေါက်နေကာ ကောင်းကင်နှင့်မြေကြီးအကြားတွင် ဂီတသံများကို ထုတ်လွှတ်ပေးနေလေသည်။ ရုတ်တရက် အားကောင်းသော ဝမ်းနည်းဖွယ်အာရုံသည် အိပ်ချင်နေမှုကို ဖယ်ရှားပေးသွား၏။
ကောင်းကင်ပေါ်မှ အခြားကျင့်ကြံသူများသည်ပင် အားကောင်းသောဝမ်းနည်းမှုကို ခံစားမိလိုက်သည်။
ဝုန်း...
ကြောက်မက်ဖွယ်အသံတစ်ခု ထွက်ပေါ်လာပြီး မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာသည် ရှေ့သို့မျက်နှာမူလိုက်သည်။ နတ်သံစဉ်၏စည်းချက်အောက်တွင် နတ်ခန္ဓာမှနေ၍ အဆုံးမဲ့သင်္ကေတများထွက်ပေါ်လာပြီး အဆုံးမဲ့အာကာပြင်ကို လွှမ်းခြုံသွားလေသည်။ မကြာမီမှာပင် ကောင်းကင်ထက်တွင် နတ်အထိမ်းအမှတ်များ ပေါ်ပေါက်လာသည်။ ၎င်းတို့သည် သင်္ကေတများဖြင့် ပြုလုပ်ထားသကဲ့သို့ပင်။ ၎င်းတို့သည် အဆင်မပြတ်ကျဆင်းလာ၏။
ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ ကောင်းကင်ထက်တွင် အပြင်ကောင်းကင်မှရောက်လာသည့် တံခါးတစ်ခုပေါ်ပေါက်လာခြင်းပင်။ ထိုတံခါးသည် လောကအတွင်းရှိအရာအားလုံးကို ဖိနှိပ်နိုင်စွမ်းရှိသည့် ရှေးဟောင်းကောင်းကင်တံခါးတစ်ချပ်ကဲ့သို့ထင်ရပေသည်။
ရီဖူရှင်း၏ မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာကို ထိန်းချုပ်နိုင်မှုသည် ပို၍အားကောင်းလာကြောင်း ထင်ရှား၏။ သူသည် နတ်ခန္ဓာ၏စွမ်းအားကိုသုံး၍ တိုက်ခိုက်လိုက်သည့်အခါတိုင်း သူ၏ကိုယ်ပိုင်ခန္ဓာတွင် ပြင်းထန်သောဒဏ်ဖြစ်သွားပြီး ပြန်ကောင်းရန် အချိန်အတိုင်းအတာတစ်ခုလိုအပ်ပေသည်။ သို့သော် သူ၏နတ်ခန္ဓာနှင့်လိုက်လျောညီထွေဖြစ်မှုသည် တစ်ကြိမ်ထက်တစ်ကြိမ် ပို၍ကောင်းလာကြောင်း ထင်ရှားပေသည်။ ယခုတွင် သူ၏နတ်ခန္ဓာမှစွမ်းအားကိုသုံး၍ သူ့ကျင့်ကြံခဲ့သည့် ကောင်းကင်နည်းလမ်းများကို အဆင့်မြှင့်တင်နိုင်နေပြီဖြစ်သည်။
လောကဂိတ်တံခါးဖိနှိပ်ခြင်းစွမ်းအားသည် မဟအင်ပါယာရှန်ကျား၏နတ်ခန္ဓာအတွင်းမှ လမ်းစဉ်ဖျက်ဆီးစွမ်းအားကိုသုံး၍ အဆင့်မြှင့်တင်ထားသော စွမ်းအားဖြစ်သည်။ ထိုစွမ်းအားသည် အစွမ်းအမြင့်ဆုံးသို့ရောက်သွားလျှင် မည်မျှစွမ်းအားကြီးသွားမည်ကို မည်သူမှမပြောနိုင်ချေ။
ကောင်းကင်ထက်တွင် ကျန်းချန်ဘုံကျောင်းမှ ကျင့်ကြံသူများသည် ထိုကောင်းကင်အရှိန်အဝါကို ခံစားလိုက်ရသောအခါ နှလုံးခုန်မြန်သွားကြသည်။ သူတို့သည် စိတ်လေးလာလေတော့သည်။
“မင်းတို့အရင် ပြန်ဆုတ်လိုက်ကြ”
မဟာလမ်းစဉ်၏ပထမကပ်ဘေးကို ကျော်ဖြတ်ပြီးသူ ကျင့်ကြံသူတစ်ဦးသည် ကပ်ဘေးကိုမရင်ဆိုင်ရသေးသော ရန်ဟောင်အဆင့်ကျင့်ကြံသူများကို ပြန်ဆုတ်ရန် ပြောလိုက်လေသည်။ သူတို့သည် အားကောင်းသော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားခဲ့မိသည် မဟုတ်ပေလော။
အဝေးရှိ ကောင်းကင်ထက်မှ ကွဲပြားသောနေရာများတွင် ထိုရန်ဟောင်အဆင့်ကျင့်ကြံသူများသည် စတင်ဆုတ်ခွာသွားကြသည်။ သို့သော် လောကဂိတ်တံခါးဖိနှိပ်ခြင်းစွမ်းအားသည် အဆုံးမဲ့ နတ်အထိမ်းအမှတ်များကို ထိခတ်သွားသောအခါ ကြောက်မက်ဖွယ်ထစ်ချုန်းသံများ ထွက်ပေါ်လာလေသည်။ ၎င်းတို့ကျဆင်းလာသောအခါ ထိုကောင်းကင်ထောင့်စွန်းသည် အပြည့်အဝကာရံခြင်းခံလိုက်ရပြီး ကျယ်ပြောသောအာကာပြင်သည်လည်း ကာရံခံလိုက်ရလေသည်။ တစ်နည်းဆိုရလျှင် ထိုလောကထဲတွင် ပြေးရန်မြေမရှိတော့ပေ။
ထိုရန်ဟောင်အဆင့်ကျင့်ကြံသူများသည် သူတို့၏ ကိုယ်ပိုင်မဟာလမ်းစဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။ စွမ်းအားများသည် သူတို့ထံသို့ အထက်မှကျဆင်းလာသည့် နတ်အထိမ်းအမှတ်များထံသို့ ပျံတက်သွား၏။ သို့သော် နတ်အထိမ်းအမှတ်များသည် ရီဖူရှင်း၏ကိုယ်ပိုင်စွမ်းအားနှင့် ပေါင်းစပ်လိုက်သောအခါ ပို၍ကြောက်မက်ဖွယ်ကောင်းနေပေသည်။ ရီဖူရှင်း ထုတ်လွှတ်လိုက်သည့် လောကဂိတ်တံခါးဖိနှိပ်ခြင်းစွမ်းအားကိုပင် ထိုရန်ဟောင်အဆင့်ကျင့်ကြံသူများအနေဖြင့် ခုခံရန်မလွယ်ပေ။ သို့သော် ယခုတွင် ၎င်းသည် နတ်ခန္ဓာ၏ လမ်းစဉ်ဖျက်ဆီးစွမ်းအားနှင့် ပေါင်းစည်းနေပေရာ ခုခံရန် မဖြစ်နိုင်တော့ပေ။
ဝုန်း..ဝုန်း...ဝုန်း....
ကြောက်မက်ဖွယ်အသံကြီးများ အဆက်မပြတ်ထွက်ပေါ်လာသည်ကို ကြားလိုက်ရပြီး ရန်ဟောင်အဆင့်ကျင့်ကြံသူအများအပြားသည် ရီဖူရှင်း၏တိုက်ခိုက်မှုကို မခုခံနိုင်လိုက်ကြဘဲ ထိုနေရာမှာပင် သေဆုံးသွားကြလေသည်။ ထို့နောက် ကျန်နေသည့် ရန်ဟောင်အဆင့်ကျင့်ကြံသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ပေါ်မှ ပြုတ်ကျသေဆုံးသွားကြ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရောက်ရှိလာသည့်ကျင့်ကြံသူ တစ်ဝက်ကျော်သည် သေသူကသေ၊ ဒဏ်ရာရသူကရနှင့် ဖြစ်သွားပေပြီ။
မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာသည် လေထဲတွင်ရပ်နေပြီး ၎င်းအပေါ်တွင် နတ်အလင်းများတောက်ပနေသည်။ ထိုမြင်ကွင်းသည် စကားလုံးဖြင့်မဖော်ပြနိုင်လောက်အောင်ပင် ခမ်းနားကြီးကျယ်လေသည်။ ထိုလူများ၏ဖိအားပေးခြင်းကို အကြိမ်ကြိမ်ခံခဲ့ရသော ရီဖူရှင်းသည် နောက်ဆုံးတွင် သူ၏အစွမ်းအကုန်ကို ထုတ်သုံးခဲ့ပေပြီ။ သူသည် ရေကုန်ရေခမ်းတိုက်ရန် အသင့်ဖြစ်နေပေပြီ။