တိုက်ခိုက်ခြင်း
Vol. 172 Ch. 2452
ထိုတိုက်ခိုက်မှုကျဆင်းသွားသောအခါ ရီဖူရှင်းထံနှင့်နီးကပ်နေကြသော ကျင့်ကြံသူများသည် ပို၍ဝေးဝေးလွင့်သွားကြသည်။ မဟာလမ်းစဉ်ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့ကြသော ကျင့်ကြံသူအချို့သည် သူတို့ရရှိထားသောဒဏ်ရာများကြောင့် ပြန်ဆုတ်နေကြ၏။ လောကဂိတ်တံခါးဖိနှိပ်ခြင်းသည် သူတို့ထံသို့ကျရောက်လာသောအခါ သူတို့သည် သွေးအန်သွားကြသည်။ သူတို့၏ ကိုယ်တွင်းအင်္ဂါအားလုံး ထိခိုက်ဒဏ်ရာရသွားသကဲ့သို့ပင်။
ကြောက်မက်ဖွယ်ထစ်ချုန်းသံကြီးများပေါ်လာပြီး အဆုံးမဲ့သင်္ကေတများသည် ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံနေသည်။ ၎င်းတို့၏အရှိန်အဝါသည် တုန်လှုပ်ဖွယ်ပင်။ ရီဖူရှင်းသည် တစ်ဖက်ကိုကြည့်လိုက်ရာ နတ်မျက်စိနှင့်ကျင့်ကြံသူသည် သူနှင့်ယှဉ်ချင်နေသည်ကို တွေ့လိုက်ရသည်။
မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာသည် လက်မြှောက်လိုက်ရာ ရုတ်ခြည်းပင် အဆုံးမဲ့သင်္ကေတများ စုဝေးသွားသည်။ သင်္ကေတတစ်ခုစီတိုင်းသည် “ဓား”ဟူသော စာလုံးများဖြစ်ကြသည်။ ၎င်းတို့သည် နတ်ခန္ဓာကို ဝန်းရံထား၏။ လမ်းစဉ်ဖျက်ဆီးစွမ်းအားသည် ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းနေရာယူထား၏။
ထို့နောက် ရီဖူရှင်းသည် ထိုလူဆီသို့ လက်ညှိုးညွှန်လိုက်သည်။ ရုတ်ခြည်းအတွင်းမှာပင် အဆုံးမဲ့သင်္ကေတများသည် ရှေ့သို့အလိပ်လိုက်ပျံထွက်သွားပြီး လေထုအတွင်းလွှမ်းခြုံသွားသည်။ နတ်ဓားတစ်ချောင်းသည် ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်သွားသကဲ့သို့ပင်။
ထိုလူသည် တစ်စုံတစ်ခုမူမမှန်ကြောင်း ခံစားလိုက်ရသည်နှင့် တစ်ပြိုင်နက် လွန်စွာလျင်မြန်သောအမြန်နှုန်းဖြင့် နောက်သို့ဆုတ်သွားလေသည်။ တစ်ချိန်တည်းမှာပင် သူ့မျက်ခုံးနှစ်ဖက်အကြားရှိ ချာကရာနေရာမှ နတ်မျက်စိမှနေ၍ ရီဖူရှင်ထံ အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်ပြန်သည်။ သို့သော် ဤအကြိမ်တွင် ကောင်းကင်တစ်ခွင်လုံးရှိ သင်္ကေတများသည် သူ့ထံတိုက်ရိုက်ပျံသန်းသွားပြီး ထိုနတ်အလင်းတန်းကို လာခဲ့သည့်နေရာသို့ ပြန်သွားရန် ဖိအားပေးလိုက်ကြည်။ ဓားသင်္ကေတကြီးသည် အကွာအဝေးကို လျစ်လျူရှုထားပုံပေါ်ပြီး ၎င်း၏ပစ်မှတ်ကို သတ်မှတ်ပြီးသည်နှင့် ထိုပစ်မှတ်ကို အဝေးထိပင်လိုက်လံ တိုက်ခိုက်လေသည်။
နတ်မျက်စိနှင့်ကျင့်ကြံသူသည် သူ့တွင်ပြေးစရာမြေမရှိတော့ကြောင်း သိပေသည်။ သူကျယ်လောင်စွာ အော်ဟစ်လိုက်သောအခါ သူ့နတ်မျက်စိမှထွက်နေသည့် နတ်အလင်းတန်းသည် အမြင့်ဆုံးပြင်းအားအထိ ရောက်သွားသည်။ သူသည် သူ့လက်ထဲရှိ နတ်လှံရှည်ကိုလည်း ရှေ့သို့ထပ်မံပစ်လွှတ်လိုက်၏။ ယခင်ကကဲ့သို့ပင် အလင်းတန်းတစ်ခုသည် ကောင်းကင်နှင့် မြေကြီးကို ထွင်းဖောက်သွားသကဲ့သို့ထင်ရပြီး တိုက်ခိုက်မှုနှစ်ခု ထိခတ်သွားလေသည်။
သို့သော် ဤအကြိမ်အတွင် ရီဖူရှင်းထုတ်လွှတ်လိုက်သော တိုက်ခိုက်မှုသည် ယခင်ကထက် များစွာသန်မာပုံရလေသည်။ ဓားသင်္ကေတများသည် လေထဲတွင်ပြည့်နှက်နေပြီး ထိုလူ့ထံသို့ တွန်းသွားနေသည်။ ဤအကြိမ်တွင် အရာအားလုံး ပျက်စီးသွားပြီး နတ်မျက်စိမှနတ်အလင်းတန်းသည်လည်း နောက်ဆုတ်နေရသည်။
သူသည် အလင်းတန်းတစ်ခုကဲ့သို့ နောက်ဆုတ်နေရ၏။ ထိုသို့ဖြစ်ခြင်းမှာ သူသည် လက်ဦးမှုယူ၍ နောက်ဆုတ်လိုက်ခြင်းကြောင့်သာမဟုတ်ဘဲ ကြောက်မက်ဖွယ်အားကြီး၏ တွန်းအားပေးမှုကို ခံနေရ၍လည်းဖြစ်သည်။ နတ်မျက်စိမှ နတ်အလင်းသည် ရှေ့ရှိသင်္ကေတများကို ကာရံထားသည်။ ၎င်းသည် တိုက်ခိုက်မှု၏အဟုန်ကို တားဆီးနိုင်လုနီးပါးဖြစ်သွား၏။
ဝုန်း...
ကြောက်မက်ဖွယ်အသံကြီးတစ်ခု ထွက်ပေါ်လာပြီး လေထုထဲတွင် ဖျက်ဆီးမုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် နောက်ဆုတ်နေရဆဲဖြစ်သော်လည်း သူ့ရှေ့ရှိတိုက်ခိုက်မှုသည် တဖြည်းဖြည်းအားလျော့လာသည်ကို တွေ့ရသောအခါ အတန်ငယ်စိတ်သက်သာရာရလာသည်။ သူသည် ထိုတိုက်ခိုက်မှုကို တားဆီးနိုင်လောက်မည့်ပုံပေါ်လေသည်။
“သတိထား...”
တစ်စုံတစ်ယောက်သည် အဝေးမှနေ၍ သတိလှမ်းပေးလိုက်သည်။ ရီဖူရှင်းသည် ထိုအသံကိုကြားသောအခါ နှလုံးခုန်မြန်သွားသည်။
ထို့နောက် နတ်မျက်စိနှင့်လူသည် အရှေ့မှနေ၍ သူ့ထံသို့ တိုက်ရိုက်ပျံသန်းလာသည့် ရွှေရောင်နတ်အလင်းတန်းတစ်ခုကို တွေ့လိုက်ရ၏။ ထိုအလင်းသည် မည်သည့်အရာဖြစ်ကြောင်း သူမမြင်နိုင်ပေ။ အလင်းတန်းသည် နီးကပ်လာသောအခါ သူ့ရှေ့သို့ ရုတ်ခြည်းကျဆင်းသွားပြီး ဓားသင်္ကတတိုက်ခိုက်မှုနှင့် ရောယှက်သွားပြီး ထိုနှစ်ခုသည် တသားတည်းကျသွားလေသည်။
ရွှီး...
အလင်းတန်းသည် နတ်မျက်စိမှအလင်းတန်းကို များစွာအားမစိုက်လိုက်ရဘဲ ဖောက်ဝင်သွားနိုင်လာသည်။ နတ်မျက်စိနှင့်လူသည် သူ့မျက်ခုံးနှစ်ခုကြားရှိ ချာကရာနေရာမှ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ့ရှေ့တွင် ပုံရိပ်တစ်ခုပေါ်လာသည်။ ထိုပုံရိပ်ကား မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာပင်။ သူသည် သူ့မျက်ခုံးချာကရာနေရာရှိ နတ်မျက်စိအပေါ်တွင် လက်ချောင်းတင်လိုက်သည်။ ထိုအခိုက်တွင် သူ၏မျက်ဝန်းများထဲတွင် အကြောက်တရားများနှင့် ပြည့်နှက်နေသည်။
“မဟုတ်ဘူး...”
သူနောက်ဆုံးအကြိမ် အော်ဟစ်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်သည် အစိတ်စိတ်အပိုင်းပိုင်းဖြစ်သွားလေသည်။ သူ၏စိတ်ဝိညာဉ်သည်လည်း တစ်စစီဖြစ်သွားပြီး ပျက်စီးသွားလေတော့သည်။ မဟာလမ်းစဉ်ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့သော ကျင့်ကြံသူသည် ထိုနေရာတွင်ပင် အသတ်ခံလိုက်ရပြီဖြစ်သည်။ ထိုအဖြစ်အပျက်အားလုံးသည် မဟာအကြီးအကဲမော့ထျန်းအသတ်ခံလိုက်ရစဉ်ကအဖြစ်အပျက်ကို ပြန်မြင်နေရသကဲ့သို့ပင်။ သူတို့နှစ်ဦးစလုံးသည် ရိုးရှင်းသောဓားချက်တစ်ချက်နှင့် အသတ်ခံလိုက်ရခြင်းဖြစ်သည်။
ဤနေရာသည် ယခင်ကတိုက်ပွဲနေရာနှင့် အတော်လေးကွာဝေးသော်လည်း ထိုအဆင့်တွင်ရှိသည့် ကျင့်ကြံသူများအတွက် အကွာအဝေးဆိုသည်မှာအရေးမပါပေ။ နတ်မျက်စိနှင့်ကျင့်ကြံသူသေဆုံးသွားသောအခါ အခြားသူများသည် လွန်စွာတုန်လှုပ်သွားကြသည်။ သူတို့သည် ရီဖူရှင်း၏စွမ်းအားကို လျှော့တွက်ခဲ့မိပေပြီ။ အိပ်စက်နေသောရဟန်းသည် ရီဖူရှင်း၏တိုက်ခိုက်မှုများအပေါ် မသက်ရောက်နိုင်သလို နတ်မျက်စိသည်လည်း သူ့ကိုမချုပ်ထားနိုင်ပေ။
တိုက်ပွဲစတင်ခဲ့သည်မှာ မကြာသေးသော်လည်း သေဆုံးသူ၊ ဒဏ်ရာရသူများ များပြားနေပြီဖြစ်သည်။
ရီဖူရှင်းသည် ခေါင်းလှည့်လိုက်ပြီး ထိုသူများကို အေးစက်စက်မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
“ငါတို့နောက်ကို ဆက်လိုက်နေတဲ့ ဘယ်သူ့ကိုမဆို ချမ်းသာပေးမှာမဟုတ်ဘူး”
သူ၏ ခြိမ်းခြောက်သည့်လေသံဖြင့် ပြောလိုက်သည်။
သူ၏အသံပျောက်ကွယ်သွားသောအခါ သူသည် ဟွာဂျီယူကို အလင်းတန်းတစ်ခုအတွင်းသို့ခေါ်၍ အခြားကျင့်ကြံသူများကို မသတ်ဘဲ ရှေ့သို့ဆက်ပျံသန်းသွားလေသည်။ သူသည် စတင်သတ်ဖြတ်ခဲ့သူဖြစ်သော်ငြား သတ်ဖြတ်ခြင်းသည် သူ၏ရည်ရွယ်ချက်မဟုတ်ပေ။ ယခုတွင် သူသည် ဤအရှုပ်အထွေးအတွင်းမှ တတ်နိုင်သမျှအမြန်ဆုံး ထွက်သွားလိုနေသည်။
ဆက်၍တိုက်ခိုက်နေလျှင် အချိန်ကြာနေမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ့အတွက်လည်း ပို၍အန္တရာယ်များလာနိုင်သဖြင့် သူမစွန့်စားလိုပေ။ ထို့ကြောင့် သူသည် ထိုနေရာမှ မြန်နိုင်သမျှမြန်မြန် ထွက်ခွာလိုခဲ့ခြင်းပင်။
ထိုကျင့်ကြံသူများသည် ရီဖူရှင်းထွက်ခွာသွားသောအခါ သူ့နောက်သို့ ဆက်မလိုက်သွားကြတော့ပေ။ ဖြစ်ပျက်ခဲ့သောတိုက်ပွဲလေးသည် သူ့တို့ကို ရီဖူရှင်း၏တိုက်ခိုက်စွမ်းရည်ကို ရှင်းရှင်းလင်းလင်းသိသွားစေသည် မဟုတ်ပေလော။ ရီဖူရှင်းတွင်နတ်ခန္ဓာရှိနေသဖြင့် သူတို့ပူးပေါင်း၍ဆက်တိုက်ခိုက်လျှင်ပင် ကိုယ့်သေတွင်းကိုယ်တူးသကဲ့သို့ ဖြစ်ပေလိမ့်မည်။
ရီဖူရှင်းသည် သူတို့ကိုမသတ်ခဲ့ခြင်းမှာ သူ့တွင်အချိန်မရှိ၍ဖြစ်သည်။ သူသည် ပို၍စွမ်းအားကြီးသူများ ရောက်ရှိလာမည်ကိုလည်း စိုးရိမ်ခဲ့ခြင်းလည်းပါပေသည်။ ထို့ကြောင့် သူသည် ခပ်သွက်သွက် ထွက်ခွာလာခဲ့ခြင်းပင်။
“ငါတို့ ဘာလုပ်သင့်လဲ”
ထိုအချိန်တွင် ကျင့်ကြံသူတစ်ဦးကမေးလိုက်သည်။ သူတို့သည် ဤနေရာအထိလိုက်လာခဲ့သော်လည်း သူတို့အများစုသည် ရီဖူရှင်း၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ယခုတွင် သူတို့သည် ရီဖူရှင်းကို ထွက်သွားစေလိုက်ပြီဖြစ်၍ သူပြန်ရောက်လာလျှင် သူတို့၏အားနည်းမှုကို ပြ၍မရပေ။
သူတို့သည် မဟာလမ်းစဉ်ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့သူ ကျင့်ကြံသူတစ်ဦးနှင့် အခြားရန်ဟောင်အဆင့်ထိပ်တန်းကျင့်ကြံသူများကို ဆုံးရှုံးခဲ့ရသည်။ သူတို့၏ဆုံးရှုံးမှုကို လျစ်လျူရှုရန် မလွယ်ပေ။
“ငါတို့ဘာလုပ်နိုင်မလဲ”
တစ်စုံတစ်ယောက်က မေးလိုက်သည်။
အခြားတစ်ယောက်က ပြန်ပြောလိုက်၏။
“ငါတို့ဘက်က အားနည်းနေတော့ ဘာလုပ်လို့ရဦးမှာလဲ။ ငါတို့လုပ်လို့ရတာက ပြန်သွားပြီး အပြစ်ကိုဝန်ခံလိုက်ရုံပဲပေါ့။ ဒါပေမဲ့ သူ့အတွက်လည်း ဒီလိုလွယ်လွယ်ထွက်သွားနိုင်မှာ မဟုတ်ပါဘူး”
“အင်း...”
သူ့ဘေးရှိလူက သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။ သူတော်စင်ကျန်းချန်သည် ကိုယ်တိုင်လှုပ်ရှားမည်မဟုတ်သော်လည်း ထိပ်သီးကျင့်ကြံသူများသည် ရီဖူရှင်းနောက်သို့ လိုက်လာကြပြီဖြစ်သည်။ ရီဖူရှင်းသည် ကျန်းချန်ဘုံကျောင်းတွင် ကျင့်ကြံသူများစွာကို သတ်ခဲ့သည်မဟုတ်ပေလော။ ထို့ကြောင့် သူအကောင်းအတိုင်းလွတ်သွားနိုင်မည်ဟုတွေးလျှင် သဘာဝကျမည်မဟုတ်ပေ။
ယခုတွင် ရီဖူရှင်းသည် အာရုံခြောက်ပါးကောင်းကင်ထဲတွင်သာ ရှိနေဆဲဖြစ်ပြီး သူတစ်နည်းနည်းဖြင့် အာရုံခြောက်ပါးကောင်းကင်မှထွက်သွားနိုင်ခဲ့လျှင် ထိုပြဿနာပြီးဆုံးသွားပြီဟုတွေးမိလျှင် မှားပေလိမ့်မည်။
“ပြန်သွားကြစို့...”
အခြားတစ်ယောက် ပြောလိုက်သည်။ လူတိုင်းသည် နောက်လှည့်၍ ကောင်းကင်ထက်သို့ပျံသွားလိုက်ကြသည်။ သို့သော် သူတို့သည် သူတို့၏အရှုံးကို အတော်လေးမချင့်မရဲဖြစ်နေရာ အလွန်စိတ်ပျက်နေပုံပေါ်နေလေသည်။ သူတို့သည် ထိုကဲ့သို့စွမ်းအားကြီးသောအဖွဲ့နှင့်လာခဲ့ခြင်းဖြစ်သဖြင့် ရီဖူရှင်းကို ဖမ်းမိနိုင်ပြီဟု အပိုင်တွက်ထားခဲ့ကြသည်။ သို့သော် ယခုတွင် သူတို့သည် ကြီးစွာသောအရှုံးဖြင့် လက်ဗလာပြန်ခဲ့ရပြီဖြစ်သည်။ ထိုအရာသည် လွန်စွာစိတ်ဓာတ်ကျစရာပင်။
ထိုကဲ့သို့အဆင့်တွင်ရှိသူများသည် သူတို့ကိုသူတို့ အထင်ကြီးကြသည်။ သူတို့သည် ကျင့်ကြံခြင်းလောကတွင် ထိပ်သီးများမဟုတ်ပေလော။ သို့သော် ထိုလောကသည် လူငယ်တစ်ဦးကြောင့် ကပြောင်းကပြန်ဖြစ်ခဲ့ပေပြီ။
သူတို့ထွက်ခွာသွားပြီးနောက်တွင် လူအများအပြားသည် တိုက်ပွဲဖြစ်ပွားခဲ့သောနေရာသို့ ရောက်လာကြသည်။ သူတို့ အံ့အားသင့်သွားကြ၏။ သူတို့အားလုံးသည် ကောင်းကင်ထက်ရှိ ကြောက်မက်ဖွယ်တိုက်ပွဲကို လှမ်းမြင်ခဲ့ရသဖြင့် တိုက်ခိုက်နေသူသည် သူတော်စင်ကျန်းချန်က သတ်ရန်အမိန့်ထုတ်ထားသော လူငယ်ဖြစ်လိမ့်မည်ဟု သုံးသပ်ခဲ့ကြသည်။ သို့သော် ထိုလူငယ်သည် ဤမျှစွမ်းအားကြီးလိမ့်မည်ဟု မထင်ခဲ့ကြပေ။
အာရုံခြောက်ပါးကောင်းကင်တွင် ရီဖူရှင်းရှာခဲ့သော ပြဿနာများသည် လွန်စွာကြီးမားပြီး အရာအားလုံးကို ကမောက်ကမဖြစ်သွားစေလေသည်။ ပထမဆုံး သူသည် မော့ထျန်းမဟာအကြီးအကဲကို သတ်ခဲ့သည်။ ထို့နောက် သူသည် အာရုံခြောက်ပါးကောင်းကင်နန်းတော်ကို ပျက်စီးစေခဲ့ပြီး အာရုံခြောက်ပါးသခင်နှင့် အရှင်ချူးချန်တို့ကို သေစေခဲ့သည်။ ယခုတွင် ကျန်းချန်ဘုံကျောင်းသည် သူ့ကို အာရုံခြောက်ပါးကောင်းကင်အနှံ့တွင် မတွေ့မခြင်းရှာ၍သတ်ပစ်ရန် အမိန့်ထုတ်ထားပေပြီ။
သူသည် အာရုံခြောက်ပါးကောင်းကင်ကို ဗြောင်းဆန်သွားအောင် တစ်ကိုယ်တော်လုပ်ဆောင်နိုင်ခဲ့သည်ဟုဆိုလျှင်လည်း ချဲ့ကားရာကျမည်မဟုတ်ချေ။
သို့သော် ရီဖူရှင်းသည် ယခုအခိုက်တွင် ထိုအရာအားလုံးကို များစွာမတွေးသေးပေ။ သူသည် လွတ်မြောက်ရန် ကြိုးစားနေဆဲဖြစ်သည်။ သူသည် ကျင့်ကြံသူအများအပြားကို သတ်ခဲ့သော်လည်း သတိလက်လွတ်မနေဝံ့ဘဲ အာရုံခြောက်ပါးကောင်းကင်နှင့် ဝေးရာသို့ အလျင်အမြန်သွားနေလေသည်။ ယခုတွင် သူတော်စင်ကျန်းချန်၏အာဏာသက်ရောက်သည့် နယ်နမိတ်အတွင်း၌သာရှိပေသေးသည်။ ထို့ပြင် သူ့အတွက် ထိုနယ်နမိတ်အတွင်းမှ တတ်နိုင်သမျှမြန်မြန်ထွက်သွားရန် အလွန်အရေးကြီးလေသည်။
သူ ခံစားချက်မကောင်းပေ။ သူသည် မကောင်းသည့်အရာတစ်ခုခုဖြစ်တော့မည်ဟု စိတ်ထင့်နေသည်။ အစောက ကျင့်ကြံသူများနှင့်တွေ့ခဲ့ခြင်းကိုထောက်၍ သူတို့ထံတွင် သူ့ကိုခြေရာခံနိုင်သည့် နည်းလမ်းတစ်ခုရှိနေသေးကြောင်း ထင်ရှားပေသည်။ သခင်အဆင့်ရှိသည့် တစ်စုံတစ်ဦးသာရောက်လာခဲ့ပါက သူ့အတွက် လွန်စွာအန္တရာယ်များသွားမည်ဖြစ်သည်။
သူသည် နတ်ခန္ဓာကိုထိန်းချုပ်ရာတွင် ပို၍အသားကျလာသော်လည်း သူ့အနေဖြင့် သခင်အဆင့်ရှိသည့်ထိပ်သီးကျင့်ကြံသူတစ်ဦးနှင့် တိုက်ခိုက်ရန် မဖြစ်နိုင်သေးပေ။ သူသာ ထိုအဆင့်ရှိသည့်တစ်ယောက်နှင့် တွေ့ကြုံခဲ့ရပါက သူ့အတွက် သေရေး၊ ရှင်ရေးဖြစ်လာမည်ဖြစ်ပေသည်။