← Chapters

ရှားဝူဟွေ့၏ အဆုံးသတ်

Vol. 1 Ch. 305

ရှားဝူဟွေ့၏ အဆုံးသတ်

Vol. 1 Ch. 305

"သတ်ကြ"

စစ်တပ်ကို ဦးဆောင် လာကြသူများက အမိန့်ပေး လိုက်သည်နှင့် တစ်သန်းသော စစ်တပ်သည် စတင် ရွေ့လျားကြသည်။ မိုးပြာနဂါး အင်ပါယာမှ စစ်သူကြီးလုံလည်း စတင်ချီတက်လေ၏။ တပ်ပေါင်းစုကြီးသည် ရှားနိုင်ငံထက် စစ်သည် အရေအတွက်တွင်ရော၊ စွမ်းအားမြင့်သူများ အရေအတွက်တွင်ပါ သာလွန်နေသည်။ သူတို့သည် အမြန်ဆုံး နည်းလမ်းဖြင့် ရှားယွိမြို့မှ စစ်သည်များကို သတ်ဖြတ်ရန်နှင့် ရှားယွိမြို့ကို ချေမှုန်းရန် ပြင်ဆင်နေကြသည်။

တပ်ပေါင်းစုကြီးမှ စွမ်းအားမြင့်သူများ စတင် လှုပ်ရှားသည်နှင့် အခြေအနေ တစ်ခုလုံးသည် ပြောင်းလဲသွား၏။ ရှားနိုင်ငံသည် မူလတည်းက ဖိနှိပ်ခံထားရသည် ဖြစ်သော်လည်း ယခုမူ ဖိအားအောက်မှ ရုန်းကန် တိုက်ခိုက်ကြသည်။ ရုန်းကန် သတ်ဖြတ်နေကြသည် ဆိုလျှင် ပိုမှန်လိမ့်မည်။

ရှားနိုင်ငံတွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်များ မည်မျှ ရှိသနည်း။ တစ်သောင်းပင် မပြည့်ချေ။ ထိုသည်မှာလည်း ယခင်စစ်ပွဲအပြီး နှစ်ပေါင်းများစွာ စုဆောင်းထားရခြင်း ဖြစ်သည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့်နှင့် အထက်မှာ ပို၍ပင်နည်းလေပြီး အယောက် ခုနစ်ရာ၊ ရှစ်ရာခန့်သာ ရှိသည်။

အချုပ်ပြောရလျှင် တပ်ပေါင်းစုကြီး တစ်ခုလုံးအား ထည့်မတွက်ဘဲ မိုးပြာနဂါး အင်ပါယာ တစ်ခုတည်းကပင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် ရှစ်ထောင်ခန့် ပါလာပြီး ပဉ္စမအဆင့်နှင့် အထက်မှာ တစ်ထောင်ကျော်လေ၏။ အခြား နိုင်ငံများတွင် ထိုမျှမများပြား သော်လည်း စုစုပေါင်းလိုက်လျှင် အရေအတွက်မှာ ထိတ်လန့်စရာ ပမာဏ ဖြစ်လာလေ၏။

"ဖုန်း ... ဖုန်း"

နေရာတိုင်းမှ ပေါက်ကွဲသံများ ထွက်နေပြီး သေဆုံးကြသူ များမှာလည်း နေရာအနှံ့ပင်။ တပ်ပေါင်းစုကြီး ဘက်မှ စွမ်းအား မြင့်သူများသည် ရှေ့ဆုံးမှ ချီတက်နေကြသည်။ ရှားနိုင်ငံ၏ စစ်တပ်နှင့် ရင်ဆိုင်မိလေလျှင် ခြင်္သေ့ကြီး တစ်ကောင်က သိုးငယ်လေး တစ်အုပ်ထံ ပြေးဝင်သွားသည်နှင့် တူလေ၏။ နေရာတိုင်းတွင် သွေးလွှမ်းနေ၏။ အထူးသဖြင့် မိုးပြာနဂါး အင်ပါယာဘက်မှ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များသည် ဝိညာဉ်အဆင့်၊ ကောင်းကင်အဆင့် လက်နက်များ ကိုင်ဆောင်ထားကြရာ လူများအား ဖရဲသီးများပမာ အလွယ်တကူ ပိုင်းဖြတ် နေကြလေ၏။

"သတ် ... သတ် ... သတ်"

သို့သော်လည်း ရှားနိုင်ငံမှ စစ်သည်များသည် လက်လျှော့သွားခြင်း မရှိဘဲ စစ်တပ်ကြီးထံ ရူးသွပ်နေကြသည့် နတ်ဆိုးများပမာ ပြေးဝင်လာနေကြသည်။ သူတို့သည် ခပ်လှမ်းလှမ်းတွင် ရှန်ဝူနိုင်ငံ၏ စစ်တပ်အား သတ်ဖြတ်နေသော ကျန်းရီအား လှမ်းကြည့်လိုက်ကြပြီး ရက်စက်စွာ ပြုံးလိုက်ကြသည်။ သူတို့အချိန် ဆွဲနိုင်လေလေ ကျန်းရီမှ ရန်သူများကို ပိုသတ်နိုင်လေလေ ဖြစ်သည်။

ထွက်ပြေးလျှင်လည်း သေမည်၊ တိုက်ခိုက်လျှင်လည်း သေမည်။ တိုက်ခိုက်ခြင်းက ပို၍ မကောင်းပေလော။ အနည်းဆုံးတော့ ရန်သူအရေအတွက် အမြောက်အမြားကို သူတို့နှင့်အတူ တမလွန်အထိ ဆွဲခေါ်သွားနိုင်သည်။

စုလောရွှယ်သည် မြို့တံတိုင်းထက်တွင် ရပ်နေသေးသည်။ စုတိဝမ်အား နန်းတော်ထဲသို့ ပြန်လိုက်ပို့ပြီး ဖြစ်သည်။ ဤအချိန်များ အတွင်း စုတိဝမ်မှာ ပြိုလဲလုနီးနီး ဖြစ်သည်။ ရှောင်တိမ်းသွားကြသော မင်းသား၊ မင်းသမီးများ၊ စုဂိုဏ်းမှ ပါရမီရှင်များ အားလုံး အသတ်ခံလိုက် ရသည်ဟု ကြားလိုက်သောအခါ သူတင်းမထား နိုင်တော့ပေ။ စုတိဝမ်မရှိလျှင် စုလောရွှယ်သည် ရာထူးအမြင့်ဆုံး ဖြစ်သည်။ သူမသည် အေးစက်လှသော မျက်လုံးအစုံနှင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် နူးညံ့လှသော လေသံနှင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"စစ်ဗုံကို တီးမယ်"

"ဒုန်း ... ဒုန်း ... ဒုန်း"

မြို့တံတိုင်းများထံမှ စစ်ဗုံသံများ ပျံ့လွင့်လာခဲ့သည်။ ထိုဗုံသံသည် စည်းချက်ကျ လှသော်လည်း ရှေ့တက်၊ နောက်ဆုတ်ရန် အချက်ပြသည့် အသံနှင့် မတူပေ။

"ဝှစ် ... ဝှစ်"

ဗုံသံကြီးများ မြည်ဟည်းလာသည်နှင့် ရှားနိုင်ငံဘက်မှ စစ်သည်များ၊ စွမ်းအား မြင့်သူများသည် တိုက်ခိုက်မှုပုံစံကို ချက်ချင်း ပြောင်းလိုက်ကြသည်။ စစ်သည်များသည် ဘေးနှစ်ဖက်သို့ ကပ်လိုက်ကြပြီး မြောက်ဘက် မြို့တံခါးများ အရှေ့တွင် ကွက်လပ်အကျယ်ကြီး ဖြစ်ပေါ်လာလေ၏။ စုဂိုဏ်း၏ သွေးဆက်များဖြစ်သော စွမ်းအားမြင့် လူနှစ်ရာကျော်သည် မြေကွက်လပ်ထံသို့ ပြေးထွက်လာကြသည်။ ရှားနိုင်ငံစစ်တပ်၏ ရှေ့တန်းရှိ တိုက်ခိုက်နေကြ သူများမှာ သေဆုံး သွားကြသော်လည်း တစ်ဝက်ကျော်သည် မျက်လုံးများ တောက်ပနေခဲ့သည်။

"ဝှစ်"

တစ်ချိန်တည်းတွင် စုလောရွှယ်နှင့် ကျန်စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် လူနှစ်ဆယ်ခန့်သည် ပျံသန်းလာကြသည်။ သူတို့၏ မျက်လုံးများသည် ခရမ်းရောင်အလင်းများ တောက်ပနေလေ၏။

"ခရမ်းရောင် ကောင်းကင် အလင်းတန်း ... နောက်ဆုတ်ကြ"

"မြန်မြန် နောက်ဆုတ်ကြ"

ဝှစ် ... ဝှစ် ...

စုဂိုဏ်း၏ ပုံမှန်မဟုတ်သော လှုပ်ရှားများသည် စစ်တပ်ကို ဦးဆောင်လာကြ သူများအား သတိပေးလိုက်သလို ဖြစ်သွားခဲ့သည်။ စစ်သူကြီးများသည် အလျင်အမြန် အော်ဟစ်လိုက်ကြပြီး မရေမတွက်နိုင်သော လူများသည် ဘေးနှစ်ဖက်ဆီ ပြေးထွက် လိုက်ကြလေ၏။

တစ်ရာမကသော ခရမ်းရောင် ကောင်းကင် အလင်းတန်းများသည် ရှေ့သို့ပြေးထွက် လာကြသည်။ ထိုခရမ်းရောင် အလင်းများမှာ စတင် ထွက်ပေါ်လာသည့်နှင့် လေဆာရောင်ခြည်များ အလား တစ်ဖက်စစ်တပ်ထံ ချက်ချင်း ရောက်ရှိသွား၏။ ဆိုးဝါးလှသော မြင်ကွင်းမှာ ချက်ချင်း ထွက်ပေါ်လာ၏။

ခရမ်းရောင် အလင်းတန်းများဖြင့် ထိတွေ့သွားကြ သူတိုင်း၏ ကိုယ်တွင် အပေါက်ကြီးများ ဖြစ်ပေါ်လာကြသည်။ ခေါင်းကို ထိသွားလျှင် ခေါင်းမှာ ချက်ချင်း အမှုန့်ဖြစ်သွားပြီး ကိုယ်မှာ နေရာတွင် ရပ်လျက်သားကြီး ကျန်ရစ်၍ ဦးခေါင်းမပါသော အလောင်းများ ဖြစ်သွားကြလေ၏။

ခရမ်းရောင် အလင်းတန်းသည် အလွန် အားပြင်းလှ၏။ ခရမ်းရောင် အလင်းတန်းတိုင်းသည် မီတာတစ်သောင်းမက ခရီးရောက်နိုင်၏။ အလင်းတန်းများ လမ်းကြောင်းရှိ စစ်သည်တိုင်းသည် ခန္ဓာကိုယ်တွင် ဟောင်းလောင်းပေါက်ကြီး များဖြင့် သေဆုံးသွားကြသည်။ ထိုသူများသည် နာကျင်မှုကို ခံစားရခြင်းလည်း မရှိရာ သူတို့ကိုယ်တွင် အပေါက်များ ဖြစ်သွားသည်ကို မြင်သောအခါ ထိတ်လန့်ချောက်ချားစွာ အော်ဟစ်လိုက်ကြပြီး လဲကျသေဆုံး သွားကြသည်။

အလွန် ရက်စက်လှချေသည်။

ကျန်းရီသည် လှမ်းကြည့်လိုက်ပြီးနောက် သွေးနီရောင် မျက်ဝန်းများတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်ထွက်လာလေ၏။ ခရမ်းရောင် ကောင်းကင်အလင်းတန်း တစ်ရာကျော် ထွက်ပေါ်လာသည်နှင့် တစ်ဖက်တွင် စစ်သည် နှစ်ထောင်ကျော် အသတ်ခံရသည်။ လူတစ်သိန်းကသာ ခရမ်းရောင် ကောင်းကင် အလင်းတန်းများ တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်လျှင် လူတစ်သန်းကျော်အား အသာလေး သတ်နိုင်လေ၏။

ခရမ်းရောင် ကောင်းကင် အလင်းတန်းကို ပစ်လွှတ် လိုက်ကြပြီးနောက် စုဂိုဏ်းမှ ထိုသူများသည် နောက်ဆုတ်လိုက်ကြသည်။ အနောက်ဘက်မှ ကျန်စု ဂိုဏ်းသားများသည် ရှေ့သို့တက်လာကြပြီး ခရမ်းရောင် အလင်းတန်းများကို ပစ်လွှတ်လိုက်ပြန်၏။ ခရမ်းရောင် ကောင်းကင်အလင်းတန်း တစ်ရာကျော် ထပ်မံ ပျံသန်းသွားခဲ့ပြီး နောက်ထပ် ရန်သူတစ်စုကို သတ်ဖြတ် လိုက်ပြန်သည်။

ထူးဆန်းသည်မှာ ထိုအချိန်အတွင်း တစ်ဖက် ရန်သူများသည် အတွင်းအား တိုက်ခိုက်မှုများ ပြုလုပ်လာ ကြသော်လည်း ထိုခရမ်းရောင် ကောင်းကင် အလင်းတန်းများသည် အတွင်းအား တိုက်ခိုက်မှုများကို မည်သည့် ပေါက်ကွဲမှုမှ မဖြစ်စေဘဲ ချက်ချင်း ထိုးဖောက်သွား၏။

ထို့ပြင် အတွင်းအား တိုက်ခိုက်မှုများမှာ စုဂိုဏ်းသားများဆီ ပျံသန်းသွားပါက အနီးမှ ရှားနိုင်ငံ၏ စစ်သည်များသည် သူ့တို့၏ကိုယ်ဖြင့် ကာဆီး၍ စုဂိုဏ်းသားများကို ကာကွယ်ပေးကြသည်။

ထိုသို့ဖြင့် စုဂိုဏ်းသားများသည် တစ်ဖက်မှ စစ်သည်များကို ခရမ်းရောင် ကောင်းကင် အလင်းတန်းများဖြင့် တစ်လှည့်စီ ပစ်ခတ်ရင်း သတ်ဖြတ်နေကြသည်။ တစ်ဖက်မှ စစ်သည်များသည် အတွင်းအား တိုက်ခိုက်မှုများဖြင့် ကာကွယ် ပေးနေကြသော ရှားနိုင်ငံ၏ စစ်သည်များကို ပစ်ခတ် သတ်ဖြတ်နေလေ၏။ နှစ်ဖက်လုံးမှ ပစ်ခတ်မှုများသည် တစ်စတစ်စ အားပျော့လာ၏။

"ဟားဟားဟား ... သူတို့မှာ ရွေးစရာ မရှိတော့ဘူး၊ ခရမ်းရောင် ကောင်းကင် အလင်းတန်းတွေ ဘယ်နှကြိမ် ထုတ်ဖော်နိုင်မှာ မလို့လဲ ... သူတို့ စိတ်ဝိညာဉ်တွေ မောပန်းသွားရင် တိုက်ပွဲ အဆုံးသတ်ပြီ"

ရှားဝူဟွေ့သည် ရှေ့သို့မတက်ဘဲ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် လျှို့ဝှက် သက်တော်စောင့်များ၏ အကာအကွယ်ကို ခံယူရင်း တိုက်ပွဲအား ကြည့်နေလေ၏။

ကျန်းရီသည် ရှန်ဝူနိုင်ငံ၏ စစ်သည်များကို သတ်ဖြတ်နေသော်လည်း သူမည်သို့မှ မခံစားရပေ။ သူသည် မိန်းမစိုအိုကြီးဝေ့ကို လျှို့ဝှက်စွာ အမိန့်ပေးလိုက်သည်။

"ကုန်းကုန်းဝေ့ ... အဲဒီကို ပုန်းပြီးသွား၊ သူတို့တွေ ဆယ်ကြိမ်မြောက် ခရမ်းရောင် ကောင်းကင် အလင်းတန်း တိုက်ခိုက်မှု လုပ်ပြီးသွားရင် အားကုန်သွားပြီး သတိလစ်သွားမယ်လို့ ငါထင်တယ်။ စုလောရွှယ်ကို ငါ့အတွက် ဖမ်းလာခဲ့ပေး၊ အဲဒီခွေးမကို အရှင်လတ်လတ် နှိပ်စက်ဖို့ ငါခေါ်သွားချင်တယ်”

"ကောင်းပါပြီ"

မိန်းမစိုးဝေ့သည် ခေါင်းညိတ်လိုက်ပြီး စစ်သည်များအကြား အလျင်အမြန် တိုးဝင်သွားခဲ့ပြီး စုလောရွှယ်ထံ ဦးတည်လိုက်လေသည်။

"အမ်"

သူကီလိုမီတာ အတော်များများ အကွာအဝေးသို့ ရောက်သောအခါ သူ့နှလုံးခုန်သံများ မြန်ဆန်လာခဲ့ပြီး မလုံခြုံမှုကို ခံစားလိုက်ရသည်။ သူ၏ကိုင်းနေသော ကျောပြင်မှာ ချက်ချင်း ဖြောင့်မတ်သွားခဲ့ပြီး ကျန်းရီ ရှိနေရာဘက်သို့ လျှပ်စီးအလျင်ဖြင့် လှမ်းကြည့်လိုက်သည်။

"မကောင်းတော့ဘူး"

ထိုခဏတွင် ကျန်းရီ၏ကိုယ်မှာ နေရာမှ ရုတ်တရက် ပျောက်သွားခဲ့သည်။ နောက်ထပ် တစ်စက္ကန့်အတွင်း သူပြန်ပေါ်လာသောအခါ ရှားဝူဟွေ့နှင့် မီတာ ရာဂဏန်းခန့်သာ ဝေးတော့သည်။ မိန်းမစိုးအိုကြီးဝေ့သည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"အိမ်ရှေ့စံ ... မြန်မြန်ပြေးပါတော့"

"အမ်"

ရှားဝူဟွေ့၏ ဘေးမှ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် လျှို့ဝှက် သက်တော်စောင့်များသည် ထိုအချိန်မှ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ သူတို့၏ မျက်လုံးများတွင် ထိတ်လန့် အံ့အားသင့်သည့် အရိပ်အယောင်များ ရှိနေကြသည်။ သူတို့သည် ကျန်းရီ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့်အထက် သူများအနီး မကပ်ရဲဟု ယူဆထားခဲ့ကြသည်။ အဘယ့်ကြောင့် ကျန်းရီသည် ရှားဝူဟွေ့အနီးသို့ ရုတ်တရက် ရွှေ့လာရသနည်း။

"ဝှစ်"

စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် သက်တော်စောင့် သုံးယောက်သည် အလျင်အမြန် လူစုခွဲလိုက်ကြသည်။ နှစ်ယောက်သည် ကျန်းရီထံ ပြေးလာကြပြီး တစ်ယောက်မှာ ရှားဝူဟွေ့ကို သယ်ဆောင်၍ လျှပ်စီးအလျင်နှင့် နောက်ဆုတ်လိုက်ကြသည်။

"သေစမ်း"

ကျန်းရီသည် မီးနဂါးဓားအား ပိုင်းချလိုက်ပြီး မီးဝိညာဉ် ပုလဲမှာလည်း တစ်ချိန်တည်းတွင် တောက်ပလာခဲ့သည်။ သူ့တွင် မသုံးရသေးသော မီးဝိညာဉ်ကျောက်တုံး အတော်များများ ကျန်နေသေးပြီး ဤတစ်ကြိမ်တွင် ကျောက်တုံးသုံးခုကို တစ်ပြိုင်နက်တည်း ထုတ်ယူလိုက်ပြီး အရှေ့သို့ တောက်ထုတ်လိုက်သည်။

"ပြေး"

ကျန်းရီ မီးဝိညာဉ်ပုလဲများ ထုတ်ယူလိုက်သော ခဏတွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် သက်တော်စောင့် နှစ်ယောက်သည် အလွန် မြင့်မားလှသောကြောင့် အပူချိန်နှင့် သေခြင်းတရား၏ အငွေ့အသက်တို့ကို ခံစားလိုက် ရသောကြောင့် ချောက်ချားသွားကြသည်။ သူတို့သာ ကျန်းရီထံ ဆက်ပြေးသွားလျှင် ကျန်းရီအား သတ်ကောင်းသတ်လိုက်နိုင် လောက်သော်လည်း သူတို့လည်းသေမည်မှာ သေချာသည်။ ထို့ကြောင့် ထွက်ပြေးရန် အလိုအလျောက် ရွေးချယ် လိုက်ကြခြင်းပင်။

"အ ... အား ... အား"

မီးဝိညာဉ် ကျောက်တုံးများ ပျံသန်းသွားကြသည်နှင့် စစ်သည်များ၊ တပ်မှူးများ၏ ချောက်ချားဖွယ် အော်ဟစ်သံကြီးများ ထွက်ပေါ်လာသည်။ ထို စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် နှစ်ယောက်သည် သူတို့၏ကိုယ်များပါ မီးလောင်နေသည့် အလား ခံစားနေရသော်လည်း သူတို့သည် အလွန် လျင်မြန်လှ၍ ထွက်ပြေးနိုင်လိုက်သည်။

ပွတ်ကာ သီကာလေးပဲ …

နှစ်ယောက်သားသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး သေဘေးမှ လွတ်မြောက် လာသောကြောင့် စိတ်သက်သာသွားသော မျက်ဝန်းများကို တွေ့လိုက်ရလေသည်။ မကြာခင်တွင် သူတို့၏အပျော်များ ထိတ်လန့်မှု အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သူတို့သည် ကျန်းရီ ထပ်မံ ပျောက်ကွယ်သွားသည်ကို မြင်လိုက်သောအခါ တစ်ခုခုကို သဘောပေါက်သွားပြီး အော်ဟစ်လိုက်ကြသည်။

"အိမ်ရှေ့စံ ... ဂရုစိုက်"

သူတို့နှစ်ယောက်၏ အော်သံမှာ နောက်ကျသွားခဲ့သည်။ ကျန်းရီမှာ ရှားဝူဟွေ့၏အနီးတွင် ပေါ်လာခဲ့သည်။ သူပထမဆုံး လုပ်သည်မှာ မီးဝိညာဉ် ကျောက်တုံးကို ထုတ်လိုက်ခြင်း ဖြစ်သည်။

"ဟင့်အင်း ... မဟုတ်ဘူး"

ရှားဝူဟွေ့သည် ကျန်းရီ ပြန်ပေါ်လာသည်ကို မြင်သောအခါ ချက်ချင်း သဘောပေါက်သွားခဲ့ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ဒါဆိုလည်း အတူ သေကြတာပေါ့"

ရှားဝူဟွေ့ကို သယ်ဆောင်ထားသော စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်သည် ချောက်ချားဖွယ် အပူချိန်ကို ခံစားမိလိုက်၍ မျက်နှာတွင် မျှော်လင့်ချက်မဲ့မှုများ ပေါ်ထွက်လာခဲ့သည်။ ထိုမျှ နီးကပ်သော အကွာအဝေးတွင် ရှားဝူဟွေ့ မပြောနှင့် သူတောင် အသက်ရှင်နိုင်မည် မဟုတ်ပေ။

သူသည် ထွက်မပြေးတော့ဘဲ ကျန်းရီထံသို့သာ ရူးသွပ်စွာ ပြေးသွားလိုက်သည်။ ထို့နောက် သူသည် လက်ကိုမြှောက်ကာ ကျန်းရီ၏ ခေါင်းနှင့် နှလုံးထံချိန်ရွယ်၍ အားလှိုင်းနှစ်ခု ပစ်လွှတ်လိုက်သည်။ ထိုမျှ နီးနီးလေးတွင် ကျန်းရီ နေရာရွှေ့ပြောင်းခြင်း မလုပ်နိုင်ခင် သူသတ်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။

***

All Chapters