သူအချစ်ဆုံး မိန်းမကို သတ်ပစ်မယ်
Vol. 1 Ch. 306
"အား"
ရှားဝူဟွေ့၏ အကြည့်သည် သူ့ထံ ပျံသန်းလာနေသော မီးဝိညာဉ် ကျောက်တုံးထံတွင်သာ ရှိနေသည်။ သူသည်အလွန် ပြင်းထန်လှသော အပူရှိန်ကို ခံစားလိုက်ရပြီး သူ့အဝတ်အစားများနှင့် ဆံပင်များ မီးစွဲလာပြီး သူ့တစ်ကိုယ်လုံးအား မီးတောက်များက လွှမ်းခြုံလာသည်။ သူသည် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်သည်။ ထိုအော်သံတွင် အငြိုးများ၊ နာကြည်း မုန်းတီးမှုများနှင့် နောင်တတို့ ပါဝင်နေသည်။
ရှားထင်ဝေ့သည် သူ့အား စစ်တပ်ကို ဦးဆောင်ရန် အမိန့်ပေးလာခဲ့စဉ်က သူအလွန် စိတ်လှုပ်ရှား၊ ဂုဏ်ယူ၍ ယုံကြည်ချက်အပြည့် ဖြစ်နေခဲ့သည်။ ရှားနိုင်ငံကို အလွယ်တကူ ချေမှုန်း၍ သူ့ဂုဏ်သိက္ခာကို ပြန်ယူနိုင်၍ အောင်မြင်မှုလည်း ရလိမ့်မည်ဟု သူတွေးခဲ့သည်။ ရှားယွိမြို့ အပြင်တွင် သူသေဆုံး ရလိမ့်မည်ဟု သူတစ်ခါမှ မထင်ထားမိခဲ့ပေ။
"အား"
ရှားဝူဟွေ့နှင့် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် သက်တော်စောင့်တို့ သေဆုံးသွားပြီးနောက် အနီးအနားမှ စစ်သည်များသည်လည်း မီးလောင် ပြာကျကုန်ကြသည်။ ရှားဝူဟွေ့ဘေးရှိ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် သက်တော်စောင့်မှာ နာကျင်ဟန် တစ်စွန်းတစ်စပင် မပြဘဲ ကောက်ကျစ်သော အပြုံးတစ်ခုသာ ထုတ်ဖော်ပြလာခဲ့သည်။ လက်ချောင်းများမှ ထုတ်ဖော်လိုက်သော အားလှိုင်းနှစ်ခုသည် ကျန်းရီ၏အနီး ရောက်နေပြီ ဖြစ်သောကြောင့် ထိုကောင်တွင် နေရာပြောင်းရွှေ့ရန် အချိန်မရှိပေ။
"ေ-ာက်ခွေးတဲ့မှ"
အားလှိုင်း နှစ်ခုသည် မြန်ဆန်လွန်းသည့် အတွက် နေရာပြောင်းရွှေ့ရန် ကျန်းရီ အချိန်မရတော့ပေ။ သူသည် အနက်ရောင် အတွင်းအားများကို မျက်လုံးဆီ အမြန်ပို့ဆောင်လိုက်ပြီး အမြင်အာရုံကို တိုးမြှင့်ကာ အားလှိုင်းများ လာရာလမ်းကို အမြန်တွက်ချက် လိုက်သည်။ သူ့စိတ်သည် အလွန်လျင်မြန်စွာ အလုပ်လုပ်နေပြီး နောက်ဆုံးတွင် နည်းလမ်းတစ်ခု ရသွားခဲ့သည်။
"မီးနဂါးဓား ... အခု မင်းရဲ့တာဝန်ပဲ"
ကျန်းရီသည် လမ်းအဆုံးကို ရောက်နေသည့်အတွက် အရာရာကို မီးနဂါးဓားထံတွင် ပုံအပ်လိုက်တော့သည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် သက်တော်စောင့်၏ လက်ညှိုးအားလှိုင်း နှစ်ခုမှာ အလွန်အားပြင်း၍ တောင်တစ်လုံးကိုတောင် ဖောက်ထွင်းနိုင်စွမ်း ရှိလောက်သည်။ မီးနဂါးဓားသည် သူတော်စင်အဆင့် လက်နက်တစ်ခု ဖြစ်ပြီး ရှားပါး သတ္တုများနှင့် လုပ်ထားသည်။ မီးနဂါးဓားကတောင် အားလှိုင်းနှစ်ခု၏ ထိုးဖောက်နိုင်စွမ်းကို မတားဆီးနိုင်လျှင် သူသေရမည်မှာ သေချာနေသည်။
သူသည် အကြံရသည်နှင့် ချက်ချင်း တုံ့ပြန်လိုက်သည်။ ကျန်းရီသည် အမြန်ဆုံးနှုန်းနှင့် မီးနဂါးဓားကို မြှောက်လိုက်ပြီး သူ့ကိုယ်ရှေ့တွင် ဒိုင်းတစ်ခုပမာ ကာဆီးလိုက်သည်။
ဖုန်း ... ဖုန်း
ခပ်အုပ်အုပ် အသံနှစ်သံ ထွက်ပေါ်လာခဲ့ပြီး ကျန်းရီသည် အံ့အားသင့် သွားခဲ့သည်။ မီးနဂါးဓားသည် ကြောက်စရာ အားလှိုင်းနှစ်ခုကို တားဆီးပြီးနောက် ခြစ်ရာလေးပင် မထင်ကျန်ခဲ့ပေ။ ချိုမြိန်သော အံ့သြမှုလေး အဆုံးတွင် သူ့မျက်နှာမှာ ချက်ချင်း မည်းသွားခဲ့သည်။ ထိုအားလှိုင်း နှစ်ခုသည် အလွန် အားပြင်းလှသည်။ သူ့လက်ညှိုးနှင့် လက်မအကြားရှိ နေရာသည် စူးခနဲဖြစ်သွားခဲ့ပြီး မီးနဂါးဓားကို မြဲမြဲမကိုင်နိုင်တော့ဘဲ အားလှိုင်းမှာ သူ့ရင်ဘတ်ထံ လာရောက် ရိုက်ခတ်လေ၏။ သူသည် နောက်သို့ ဆက်တိုက် ဆုတ်လိုက်ရပြီး သူ့ရင်ဘတ်အား အမြောက်ဆန်တစ်ခု လာရောက်ထိမှန် သွားသကဲ့သို့ ခံစားလိုက်ရသည်။
ကျန်းရီ၏ ကိုယ်သည် နောက်ဘက်သို့ တရကြမ်း ဆုတ်မိသွားသည့်အတွက် သူ့ကျောဘက်မှ လူအတော် များများမှာလည်း နောက်ဘက်သို့ လွင့်ထွက်ကုန်ကြသည်။ စစ်သည် အတန်းလိုက်ကြီးသည် မြေပေါ်လဲကျ ကုန်ကြပြီး အရင်ဆုံး အတိုက်ခံ ရသူများမှာ သွေးများပင် အန်ကုန်ကြသည်။
"ဖူး ...”
ကျန်းရီသည် အလွန်မသက်မသာ ခံစားနေရသည်။ သူ့ရင်ဘတ်နှင့် ဦးခေါင်းအား သံလက်သီးကြီး နှစ်ခုက လာရောက် ထိုးနှက်လိုက်သည့် အလားပင်။ သူသည် နောက်သို့ လွင့်သွားရင်း သွေးအတော်များများပါ အန်မိပြီး သူ့ခေါင်းမှာ မူးဝေနေလေသည်။ သူ့သတ်ဖြတ်ခြင်း အင်အားသည် သူ့နောက်ရှိ စစ်သည်များအား မလှုပ်မရှားနိုင် ဖြစ်စေသည်မှာ ကံကောင်းသည်။ မဟုတ်ပါက ကြုံရာစစ်သည်လေး တစ်ယောက်ကပင် လက်နက်သုံး၍ သူ့ကျောအား ထိုးစိုက်လိုက်ရုံဖြင့် သူအလောင်း တစ်လောင်း ဖြစ်နေလောက်ချေပြီ။
"အိမ်ရှေ့စံ"
"အရှင့်သား"
အော်သံကျယ်ကြီးများ ထွက်ပေါ်လာခဲ့ပြီး လူတိုင်း၏ မျက်လုံးများမှာ ထိတ်လန့် အံ့အားသင့်မှုများဖြင့် ပြည့်နေသည်။
ရှားဝူဟွေ့ အမှန်တကယ် သေသွားသည်လော။ ရှန်ဝူနိုင်ငံ၏ အိမ်ရှေ့စံ၊ အနာဂတ် ဘုရင်လောင်း၊ ရှားထင်ဝေ့၏ အချစ်ဆုံးသားမှာ အမှန်တကယ် သေသွားသည်လော။ ရှန်ဝူနိုင်ငံမှ ရာထူးမြင့် လူများသည် မှင်တက်နေကြသည်။ ရှားထင်ဝေ့ကို သူတို့ မည်သို့ ရှင်းပြရမည်နည်း။ ရှားထင်ဝေ့ မည်မျှ ဒေါသထွက်မည်နည်း။ ခေါင်းပေါင်းမည်မျှ မြေပြင်တွင် လိမ့်သွားရမည်နည်း။
"ဖူး ...”
စွမ်းအား မြင့်သူများသည် ကျန်းရီအား လူသတ်ငွေ့လွှမ်းသော မျက်လုံးများနှင့် ကြည့်နေကြသည်။ ကျန်းရီသည် မြေပြင်ပေါ်တွင် လဲကျလျက်သားနှင့် သွေးများ ဆက်တိုက်အန်လျက် ရှိသည်။ အစောပိုင်းက ကျန်းရီကို သတ်ဖြတ်ရန် တွေဝေနေကြသူများ ရှိသော်လည်း ယခုအခါ ထိုသူတို့၏ တွေးပုံတွေးနည်းမှာ လုံးဝ ကွဲပြားသွားသည်။ ကျန်းရီ သေမှဖြစ်မည်။ မဟုတ်ပါက ရှားထင်ဝေ့ကို သူတို့ရှင်းပြရန် နည်းလမ်းမရှိပေ။ ခေါင်းများစွာ မြေပေါ် လိမ့်ကြရဦးမည် ဖြစ်သည်။
"ဝှစ်"
စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် လေးယောက်၊ ငါးယောက်ခန့်သည် ကျန်းရီထံ ချက်ချင်း ပြေးလာကြသည်။ ကျန်းရီသည် ထိခိုက်ဒဏ်ရာ ရထားရာ ဤအခြေအနေမှာ သူ့အား သတ်ဖြတ်ရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။ စိတ်ဝိညာဉ် မျောလွင့်ခရီးသည် ထိပ်ဆုံးအဆင့် သက်တော်စောင့် နှစ်ယောက်သည် ကျန်းရီနှင့် အတော်ဝေးဝေးတွင် ရှိနေသည်။ သို့သော် သူတို့သည် အရှေ့မှ ကြားညပ်နေသော စစ်သည်များကို လုံးဝဂရုမစိုက်ဘဲ ကျန်းရီအား သတ်ဖြတ်ရန် အတွင်းအား တိုက်ခိုက်မှုများ ပြုလုပ်လိုက်ကြသည်။
"အရှင့်သား ..."
ပို၍ ဝေးသောနေရာမှ မိန်းမစိုးအိုကြီးဝေ့သည် ကောင်းကင်ကို မော့ကြည့်၍ အလွန်ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် ရှားဝူဟွေ့၏ လျှို့ဝှက် သက်တော်စောင့်ဖြစ်ပြီး ရှားဝူဟွေ့ သေလျှင် သူလည်းသေရမည်မှာ သေချာသည်။ သူသည် ကျန်းရီထံ ဒေါသကြီးနေသော ခြင်္သေ့ကြီး တစ်ကောင်အလား ပြေးသွားခဲ့သည်။ သို့သော် သူခြေလှမ်း အတော်များများ လှမ်းအပြီး၊ ကျန်စိတ်ဝိညာဉ် မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့်များ အတွင်းအား တိုက်ခိုက်မှုများ ပြုလုပ် လိုက်ကြချိန်တွင် ကျန်းရီမှာ နေရာမှ ကွယ်ပျောက်သွားသည်။ သူသည် စိတ်ဝိညာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်း ကျင့်စဉ်ကို ထပ်မံ အသုံးပြုလိုက်ခြင်း ဖြစ်သည်။
"အား ... အား ... အား"
မိန်းမစိုးဝေ့၏ ဆံပင်ဖြူဖြူများမှာ လေမတိုက်ပါဘဲ တဖျပ်ဖျပ် လွင့်နေပြီး မျက်လုံးများတွင်လည်း အတိုင်းအဆမဲ့သော ဒေါသတို့က နေရာယူထားလေ၏။ သူသည် ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ ကျန်းရီအား ရှာဖွေလိုက်သည်။
ကျန်းရီသည် နေရာပြောင်းရွှေ့ သွားပြီးနောက် မရပ်နားဘဲ တစ်နေရာပြီးတစ်နေရာ ဆက်တိုက် ပြောင်းရွှေ့နေခဲ့သည်။ သူ့မျက်နှာမှာ သွေးပင်မကျန်အောင် ဖြူရော်နေလေ၏။ မိန်းမစိုးဝေ့နှင့် ကျန်စိတ်ဝိညာဉ် မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် လူများမှာ သူ့အနီးသို့ကပ်ရန်ပင် အခွင့်အရေး မရကြချေ။
မိန်းမစိုးအိုကြီးဝေ့၏ ဖြူဖွေး ကြည်လင်နေသော မျက်နှာသည် ကောက်ကျစ်သော အပြုံးတစ်ခု ပြုံးလိုက်သည်။ သူ၏ အငြိုးကြီးသော မျက်ဝန်းများမှာ ကျန်းရီအား ထပ်မံမကြည့်တော့ပေ။ သူသည် မနီးမဝေးတွင်ရှိသော အားနည်းနေပြီ ဖြစ်သည့် စုလောရွှယ်အား ကြည့်လိုက်သည်။ သူ့ကိုယ်သည် ညနက်နက်မှ ဝံပုလွေတစ်ကောင်ပမာ စုလောရွှယ်ထံ ပြေးဝင်သွားခဲ့သည်။
သူ့ရည်ရွယ်ချက်သည် ရှင်းလင်းလှသည်။ ရှားဝူဟွေ့သေလျှင် သူလည်းသေရမည် ဖြစ်သည်။ ထို့ကြောင့် သူလက်စားချေ လိုက်သည်။ သူကျန်းရီကို မသတ်နိုင်လျှင် ထိုကောင် အချစ်ဆုံးသော မိန်းမကို သတ်ပစ်မည်။
စုလောရွှယ်သည် အလွန် အားနည်းနေသည်။ သူမသာမဟုတ်၊ စုဂိုဏ်းသားများ အားလုံး ယခင်ကနှင့် မတူတော့ပဲ အားနည်းနေပြီ ဖြစ်သည်။
ခရမ်းရောင် ကောင်းကင် အလင်းတန်းများ ဆက်တိုက် ထုတ်လွှင့်ခြင်းဖြင့် ရန်သူတစ်သောင်း မကကို သတ်နိုင်ခဲ့သော်လည်း သူတို့၏အားအင်များ ကုန်ခန်းနေပြီ ဖြစ်သည်။ သူတို့၏ စိတ်ဝိညာဉ်များလည်း မောပန်းနေပြီဖြစ်ပြီး အချို့ဆိုလျှင် လဲကျလုနီးပါး ဖြစ်နေ၍ ရပ်ဖို့တောင် အနိုင်နိုင်ပင်။
"သေစမ်း"
မိန်းမစိုးဝေ့သည် အလွန်တရာ မြန်ဆန်လှပြီး မျက်တောင် တစ်ခတ်စာအတွင်း စုလောရွှယ်၏ ဘယ်ဘက်ခြမ်းသို့ သူရောက်သွားပြီဖြစ်သည်။ သူသည် ခုန်လိုက်ပြီး အတွင်းအားများကို ရူးသွပ်စွာ လှည့်ပတ်လိုက်ပြီး စုလောရွှယ်ထံ ဦးတည်၍ လက်ဝါးကြီးဖြင့် ရိုက်ချလိုက်သည်။ သူ့နှုတ်ခမ်းများတွင် ကောက်ကျစ်သော အပြုံးတစ်ခု တွဲခိုနေပြီး အတွင်းအားသုံး၍ အော်ဟစ်လိုက်သည်။
"ကျန်းရီ ... မင်းရဲ့ ေ-ာက်လုံးတွေကိုဖွင့်ပြီး မင်းကောင်မ ဘယ်လိုသေမလဲ ဆိုတာ ကြည့်လိုက်"
မိန်းမစိုးဝေ့၏ အသံသည် ကျယ်လောင်လွန်း လှ၍ အနီးမှ စစ်သည်များ၏ နားစည်များပင် နာကျင်သွားကြလေ၏။ နေရာရွှေ့ပြောင်း နေဆဲဖြစ်သော ကျန်းရီသည်လည်း ထိုအသံကို ကြားသွားခဲ့သည်။
"အမ်"
ကျန်းရီ၏ ဦးခေါင်းနှင့် ရင်ဘတ်မှာ နာကျင်နေဆဲဖြစ်ပြီး နှုတ်ခမ်းထောင့်မှလည်း သွေးများစီးကျနေဆဲ ဖြစ်သည်။ သူသည် အခြေအနေ မဟန်သော်လည်း မိန်းမစိုးဝေ့၏ ကြေညာချက်ကို ကြားသည့်အခါ သူ့မျက်လုံးများမှာ စုလောရွှယ်ထံ အလိုအလျောက် ရွေ့လျားသွားသည်။ သူ့မျက်နှာမှာ သွေးတစ်စပင် မမြင်ရလောက်အောင် ဖြူဆုတ်သွားလေ၏။
မိန်းမစိုးဝေ့၏ လက်ဝါးကြီးသည် မီတာ အတော်များများအထိ မြင့်၍ တာအိုသဘောတရားကို အသုံးချထားကြောင်း ထင်ရှားသည်။ လက်ဝါးကြီးသည် အောက်သို့ကျဆင်း လာခဲ့ပြီး လေထုအတွင်းထဲပင် ပျောက်ကွယ်သွားကာ စုလောရွှယ်နှင့် ကျန်လူများ၏ အထက်တွင် ပြန်ပေါ်ထွက်လာခဲ့ပြီး တောင်ကြီး တစ်လုံးပမာ ကျဆင်းလာခဲ့သည်။
လက်ဝါးချက်ကြီးသည် မိန်းမစိုးဝေ့၏ အားအကောင်းဆုံး တိုက်ကွက်ဖြစ်ပုံရပြီး အလွန်ပြင်းထန်သော ဖိအားများ ပါဝင်နေလေ၏။ အနီးအနားမှ ရှားနိုင်ငံ၏ စစ်သည်များသည် သူတို့အသက်ကို ရင်း၍ သူတို့ကိုယ်ဖြင့် ကာကွယ်ပေးရန် ခုန်လိုက်ကြသော်လည်း သူတို့ မလှုပ်ရှားနိုင်သည်ကို တွေ့လိုက်ရသည်။
ကျန်းရီသည် စုလောရွှယ်နှင့် အလွန်ဝေးသည့် နေရာတွင်ရှိနေပြီး အချိန်မီရောက်ရန် နည်းလမ်းမရှိပေ။ သူသည် ကျဆင်းလာသော လက်ဝါးကြီးအား ကူကယ်ရာမဲ့စွာ ကြည့်နေသော စုလောရွှယ်အား မျက်မြင်တွေ့နေ ရလေ၏။ သူမ၏ မျက်လုံးများတွင် ကြောက်လန့်နေသော အရိပ်အယောင်များ ရှိနေပြီး ထိတ်လန့်နေသော ကြောင်လေး တစ်ကောင်အလားပင်။
ကျန်းရီသည် ရှားဝူဟွေ့ကို မည်သို့ သတ်ရမည်ကိုသာ တွေးနေမိ၍ သူမဘက်သို့ စိတ်မရောက်မိပေ။ ထိုအချိန်အတွင်းတွင် သူသည် ရှန်ဝူနိုင်ငံ၏ စစ်သည်များအကြား ဟိုဟိုသည်သည် နေရာရွှေ့ပြောင်း၍ စိတ်ဝိညာဉ် မျောလွင့်ခရီးသည် ပဉ္စမအဆင့် အထက် လူများအနီး မကပ်ရဲသည့်ပုံအား ရည်ရွယ်ချက်ရှိရှိ သရုပ်ဆောင်နေခဲ့သည်။ သို့နှင့် နောက်ဆုံးတွင် ရှားဝူဟွေ့အား မီးဝိညာဉ် ကျောက်တုံးနှင့် သတ်ဖြတ်ရန် အခွင့်အရေး ရလာခဲ့သည်။
"ဟင့်အင်း ...”
စုလောရွှယ်သည် ယနေ့ သေရမည် ဆိုလျှင်တောင် သူနှင့်အတူ ထွက်သွားရန် သဘောတူလိမ့်မည် မဟုတ်ဟု သူအသေအချာ သိထားခဲ့သည်။ ထို့ကြောင့် သူသည် စုလောရွှယ်နှင့် အတူသေရန်တောင် စိတ်ကိုပြင်ဆင် လာခဲ့သည်။
သူမသေတော့မည့် ခဏတွင် ကျန်းရီသည် သူ့နှလုံးသားအား ဓားတစ်ချောင်းဖြင့် ပိုင်းဖြတ်နေသလို ခံစားနေရသည်။ သူသည် ရူးသွပ်စွာ အော်ဟစ်ရင်း စုလောရွှယ်၏အနီး နေရာရွှေ့ပြောင်းရန် ကြိုးစားခဲ့သော်လည်း လက်ဝါးကြီး စုဂိုဏ်းသားများထက် ကျဆင်းသွားသည်ကိုသာ ကြည့်နေခဲ့ရသည်။
***