မန်ချိန်
Vol. 90 Ch. 1247
မန်ဟိုသည် အောက်မေ့ဖွယ်ခန်းမထဲမှ အကျိုးအမြတ်များ၏ အရသာကို ခံစားရင်း ထွက်လာခဲ့၏။ ထို့နောက် သူ၏ တောက်ပနေသောမျက်လုံးကြီးများက ပတ်ပတ်လည်ရှိ ဘေးအခန်းများဆီ ရောက်သွားသည်။ မှန်သည်၊ အသားဂျယ်လီနှင့် ကြက်တူရွေးသည် မူလက ငွေရေးကြေးရေးကို သိပ်ခေါင်းထဲ ထည့်နေတတ်သည့် အကောင်များ မဟုတ်ကြပေ။ ကြက်တူရွေးက အမွှေးအတောင်များကို ကြိုက်သည်၊ အသားဂျယ်လီကတော့ လူယုတ်မာများကို ပြောင်းလဲပေးဖို့ စိတ်အားထက်သန်သည်။
သို့သော် မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါဆိုသည့်အတိုင်း မန်ဟိုနှင့်အတူ အကြာကြီးနေလာခဲ့ပြီးနောက်တွင်တော့ နှစ်ကောင်သား ငွေမက်လာခဲ့ကြသည်။ မန်ဟို့အတွက်တော့ ၎င်းက စိတ်ကျေနပ်ဖွယ်ကောင်းသော တိုးတက်မှုပင်ဖြစ်၏။ အကူနှစ်ယောက်ရှိခြင်းက အပြောင်ရှင်းသောအလုပ်ကို ပို၍မြန်ဆန်ချောမွေ့စေသည်မဟုတ်ပါလော။
သုံးယောက်သားသည် ဘေးအခန်းနောက်တစ်ခန်းထဲတွင် လှစ်ခနဲ ပေါ်လာခဲ့ကြ၏။ အောက်မေ့ဖွယ်ခန်းမထဲတုန်းကလို မှော်ချိပ်စည်းများကို စိတ်ပူနေစရာမလိုသည့်အတွက် လုပ်ရကိုင်ရပိုအဆင်ပြေလေသည်။
ကြက်တူရွေးက မျက်နှာကြက်ဆီ ပျံတက်သွားသည်။ အသားဂျယ်လီက ဆန်းဆန်းပြားပြားပစ္စည်းများကို လိုက်ကောက်သည်။ မန်ဟိုကမူ ကြမ်းခင်းများ၊ နံရံကပ်အပြောက်အမွန်းများကို ကလော်လိုက်၊ ခွာလိုက်လုပ်နေသည်....
ဤသို့ဖြင့် သုံးယောက်သား ထွက်မသွားခင် အသက်ရှူချိန်အနည်းငယ်မျှသာ ကြာလိုက်၏။ ဘေးအခန်းမှာ .... ဗဟိုခန်းမထက်ပင် ပြောင်သလင်းခါကျန်ခဲ့တော့သည်။
လောဘသာ ဤနေရာတွင် ဖြစ်ပျက်နေသောအရာကို မြင်လျှင် သွေးတိုးသွားလိမ့်မည်။ မန်ဟို့အပေါ် သူ၏ကြောက်စိတ်လည်း သေချာပေါက် ကြီးမားလာလိမ့်မည်။
“ချမ်းသာပြီ။ ငါတော့ ချမ်းသာပြီဟေး” မန်ဟိုသည် ဘေးအခန်းတစ်ခန်းပြီးတစ်ခန်းကို အပြောင်ရှင်းရင်း တွေးနေတော့၏၊ သုံးကောင်သား ဘေးအခန်းတစ်ခန်းမကျန် အပြောင်ရှင်းပြီးရန် သိပ်မကြာလိုက်ပေ။ ကြက်တူရွေးနှင့် အသားဂျယ်လီမှာ ခြေကုန်လက်ပန်းကျစပြုလာ၍ မန်ဟိုသည် သူ၏ဖောင်းနေသောသိုလှောင်အိတ်ထဲသို့ ၎င်းတို့ကို ပြန်ထည့်ပြီးနောက် အိတ်ကို ပွတ်သပ်ရင်း သဘောကျစွာ ရယ်နေတော့၏။
ထို့နောက် သူက ထွက်ပေါက်ကို ရှာဖို့ ပျံထွက်သွားသည်။ ထိုစဉ် ဟန်ချင်းလဲ့သည် အောက်ရှိ စင်္ကြတစ်ခုတွင် ဘေးအခန်းတစ်ခန်းထဲသို့ သတိကြီးကြီး ဝင်ရောက်သွား၏။ စစချင်း သူ့မှာ အကွေ့မှား၍ တခြားနေရာသို့ ရောက်လာခဲ့သည်ဟု ထင်လိုက်သဖြင့် လှည့်ထွက်တော့မည့်အချိန် ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ တစ်ခန်းလုံးကား ပြောင်ရှင်းနေ၏။
သူ မြေကြီးကို ငုံ့ကြည့်သည့်အခါ ကြမ်းခင်းတစ်ချပ်မှ မမြင်ရသလို၊ နံရံပေါ်တွင်လည်း အင်္ဂတေအပြောက်အမွန်းများ မရှိတော့ပေ။ မည်သည့်အရာဝတ္ထုမဆို အပြောင်ရှင်းခံခဲ့ရ၏။ အပေါ်တွင် တလက်လက်တောက်ပနေခဲ့သော ပုလဲအလင်းဖန်လုံးများပင်လျှင် ယူသွားခံခဲ့ရသည်။ ဟန်ချင်းလဲ့ခမျာ ပါးစပ်အဟောင်းသား ဖြစ်နေတာ့သည်။
“ဘာ...ဘာ... ဘာဖြစ်သွားခဲ့တာတုန်း။ ဒါကို ဘယ်သူလုပ်ခဲ့တာလဲ” ဟန်ချင်းလဲ့သည် မန်ဟိုနှင့် သိပ်မရင်းနှီးပေ။ လေဟုန်ခွင်းလောကထဲတွင် မန်ဟို လုပ်ဆောင်ခဲ့သည့်အရာကို သိထား၍ သူ့ပတ်ပတ်လည်ရှိ ထိတ်လန့်ဖွယ်မြင်ကွင်းကို မြင်လျှင် မန်ဟိုနှင့် ဆက်စပ်မစဉ်းစားမိပေ။
သူက အသက်ပြင်းပြင်းရှူရင်း ဘေးအခန်းနောက်တစ်ခန်းသို့ ခပ်သုတ်သုတ်ဝင်လိုက်သည့်အချိန်တွင်တော့ သူ့မျက်နှာမှာ ကြောက်လန့်သွားသည့်ဟန်ပန် ဖြစ်သွားလေသည်။ ဘေးအခန်းအတော်များများထဲ ဝင်ကြည့်ပြီးနောက် ၎င်းတို့အားလုံး အပြောင်ရှင်းခံခဲ့ရပြီး ဖရိုဖရဲဖြစ်နေသည်ကို သူ တွေ့လိုက်ရသည်။
သိပ်မလှမ်းမကမ်းရှိ ဘေးအခန်းတစ်ခန်းထဲတွင် မန်ဟိုသည် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးနှင့်ပတ်သက်၍ စိတ်လှုပ်ရှားနေသည်ကို မနည်းချုပ်တည်းပြီး ထွက်ပေါက်ရှာဖို့ ပြင်နေ၏။ တစ်ချိန်တည်းမှာပင် သူက ကောင်းကင်နတ်ဘုရားမဟာမိတ်၏လက်မှ လွတ်အောင် မည်သို့ပြေးရမလဲ အကြံထုတ်နေသည်။
“ငါ ရှေးဟောင်းနယ်ပယ်အဆင့်တက်နိုင်ဖို့ အလွန်ဆုံး လနည်းနည်းပါးပါးကြာလိမ့်မယ်။ ငါ့အတွက် ရှေးဟောင်းနယ်ပယ်က ခြေနင်းကျောက်တုံးလေးတစ်တုံးသာသာပဲဆိုတော့ တာအိုနယ်ပယ်ကို ဦးတည်နေတဲ့ ငါ့လမ်းစဉ်ကို မနှောင့်နှေးစေလောက်ဘူး” မန်ဟို့မျက်လုံးများသည် မျှော်လင့်ချက်တို့ဖြင့် တောက်ပနေ၏။ သူ့မှာ အင်မော်တယ်နယ်ပယ်တွင် အချိန်များစွာပေးခဲ့၍ လူတိုင်းနီးပါးထက် တိုးတက်နေခဲ့လေပြီ။
သူသည် ပြင်ဆင်မှုများအား စေ့စေ့စပ်စပ် လုပ်ဆောင်ခဲ့သည့်အတွက် ငြှိမ်းရမည့် ဝိညာဉ်မီးအိမ်များကို ငြှိမ်းနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ ဝိညာဉ်မီးအိမ်အရေအတွက် မည်မျှပါဝင်လာမည်ကိုသာ မသေချာခြင်းဖြစ်၏။
“တာအိုနယ်ပယ်က အရာရာတိုင်းအတွက် သော့ချက်ပဲ” မန်ဟိုသည် အသက်ဝဝရှူလိုက်ပြီး သူ၏မျှော်လင့်ချက်များကို နှလုံးသား၏အတွင်းပိုင်းထဲတွင် မြှုပ်နှံလိုက်၏။
“ငါ မှတ်မိတာ မှန်ရင် ဟန်ချင်းလဲ့လည်း ဒီသင်္ချိုင်းထဲမှာ ထင်တယ်” မန်ဟိုက သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ ဟန်ချင်းလဲ့ကို ရှာတွေ့သွားသည်။ ဟန်ချင်းလဲ့ရှိရာသို့ သွားရန် ပြင်လိုက်စဉ် မန်ဟိုသည် တုံ့ခနဲ ရပ်လိုက်၏။ သိပ်မလှမ်းမကမ်းရှိ စင်္ကြံတစ်ခုထဲတွင် အလောင်းဖြစ်လာတော့မည် လူတစ်ယောက်ရှိနေသည်ကို မန်ဟို ယခုလေးတင် သတိထားမိလိုက်သည်။
ထိုလူကား မန်ချိန်မှတစ်ပါး အခြားမဟုတ်ပေ။
“မန်မျိုးနွယ်.....” မန်ဟိုက သူ့မျက်နှာကို စစ်ဆေးလိုက်သည့်အခါ သေခြင်းအခိုးအငွေ့များ မည်မျှကြောက်စရာကောင်းလောက်အောင် တထောင်းထောင်းထနေပါစေ၊ ထိုလူသည် မန်မျိုးနွယ်စု၏သင်္ဘောအပေါ်တွင် သူ သတိထားမိခဲ့သော လူငယ်လေးဖြစ်ကြောင်း ပြောနိုင်သွား၏။
ဝိညာဉ်နက်ခေါင်းဆောင်ကြီးမှ သူသည် နဝမတောင်ပင်လယ်မှလာသူဖြစ်ကြောင်း ဖော်ထုတ်ခဲ့စဉ်က မန်ဟိုသည် မန်မျိုးနွယ်စုကို တွေးလိုက်မိ၍ သင်္ဘောပေါ်ရှိ လူများ၏အမူအရာကို လှမ်းကြည့်မိခဲ့၏။
နဝမတောင်ပင်လယ်ဟု ကြားလျှင် တုံ့ပြန်သူမရှိသလောက် ရှားခဲ့သော်လည်း ဤလူငယ် မန်ချိန်ကတော့ အံ့အားသင့်သွားဟန်ရှိခဲ့သည်။ သူ့အမူအရာတွင် မျှော်လင့်သွားမှုနှင့် စိုးရိမ်ပူပန်နေမှုတို့ ရောထွေးလာခဲ့သည်။ မန်ဟိုသည် ၎င်းကို သတိထားမိခဲ့သော်လည်း သေရေးရှင်ရေးဖြစ်နေခဲ့၍ စဉ်းစားနေရန် အချိန်မရခဲ့ပေ။ သို့သော် ယခုမူ ..... ဤလူငယ်သည် မန်မျိုးနွယ်နှင့် နဝမတောင်ပင်လယ်၏ ဖန်မျိုးနွယ်စုအကြားက ပတ်သက်မှုကို သိထားသည်ဟု မန်ဟို ယုံကြည်သွားလေပြီ။
မန်ဟိုက ဟန်ချင်းလဲ့ကို ခဏထားပြီးနောက် မန်ချိန်ဆီ အပြေးသွားလိုက်သည်။ သူသည် နံရံများကို ဖြတ်ကျော်ဖို့ မိုးကြိုးဒယ်အိုးကိုပင် အသုံးပြုနေပြီး တအောင့်ကြာသော် မန်ချိန့်ဘေးတွင် ပေါ်လာ၏။
ချက်ချင်းဆိုသလို မန်ချိန်ထံမှ တလှိုင်လှိုင်ထနေသော သေခြင်းအခိုးအငွေ့များ၏ ရိုက်ခတ်ခြင်းကို သူ ခံလိုက်ရသည်။ ပတ်ဝန်းကျင်ရှိ မြေကြီးများက သူ၏ခြေချောင်းလက်ချောင်းများကို စုပ်ယူနေခဲ့ပြီး ယခုတွင် သူ့ခေါင်းသာ မြေကြီးပေါ်တွင် ကျန်ခဲ့သည်တိုင်အောင် ဆက်လက်စားသုံးနေလေသည်။ သူ့အသားမှာ အပြာရောင်သွေးကြောများဖြင့် ဖုံးလွှမ်းလျက် ပုပ်ပွမည်းနက်နေသည်။
သို့သော် သူကား မသေသေး။ နောက်ဆုံး ထွက်သက်ကျန်နေသေးသည်။
မန်ဟိုက မန်ချိန့်ဘေးတွင် ဒူးထောက်၍ သူ့နဖူးပေါ် လက်တင်လိုက်သည်။ တခဏကြာသော် ဝမ်းနည်းသွားသောအရိပ်အယောင်က သူ့မျက်နှာပေါ်တွင် ဖြတ်ပြေးသွား၏။ မန်ချိန်၏ကျင့်ကြံခြင်းအခြေခံမှာ အင်မော်တယ်နယ်ပယ်၌သာ ရှိလေသည်။ သင်္ချိုင်းတွင်မူ တာအိုနယ်ပယ်ကျင့်ကြံသူများပင် ထိတ်လန့်ရသော သေခြင်းအရှိန်အဝါများပြည့်နေရာ မန်ချိန်မှာ တစ်ကိုယ်လုံးကူးစပ်ခံထားရ၍ သေခဲ့သင့်သည်မှာ ကြာလေပြီ။
သို့သော် မသေလိုသော စိတ်ဆန္ဒက အားဖြည့်ပေးထားသော သူ၏အငွေ့အသက်အနည်းအကျဉ်း ကျန်ရှိသေး၏။ ထိုစိတ်ဆန္ဒ၏ ပြင်းပြမှုက မန်ချိန့်အသက်ကို နည်းနည်းလေး ဆွဲဆန့်ပေးထားဖို့ အမွှေးတိုင်မှ အခိုးမျှင်များသဖွယ်ဖြစ်လာခဲ့သည်။
ဤကဲ့သို ရှင်သန်ခြင်းနှင့် သေဆုံးခြင်းအကြားက မျဉ်းပါးပါးလေးအပေါ်တွင် ရပ်နေခဲ့သော်လည်း သူ၏ဝိညာဉ်မှာ ပြိုကွဲနေဆဲဖြစ်သလို၊ သူ၏ခန္ဓာကိုယ်မှာ အရည်ပျော်နေသေးသည်။ သူ့အနေဖြင့် ဘဝပြန်ဝင်စားခြင်းသံသရာသို့ ဝင်ရောက်နိုင်တော့မည်မဟုတ်သည့်အပြင် မန်ဟိုသာ ရောက်မလာခဲ့ပါက သူ၏နောက်ဆုံးထွက်သက် ထွက်သွားဖို့ နာရီပိုင်းမျှသာ ကြာခဲ့လိမ့်မည်။
“ဘယ်လိုအစွဲမျိုးက လူတစ်ယောက်ကို ဒီလိုအခြေအနေမှာတောင် တင်းခံနေစေခဲ့တာလဲ...” မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ့မှာ မန်ချိန်ကို ကယ်ပေးဖို့ တတ်နိုင်သည့်အရာမှန်သမျှ လုပ်ပေးချင်သော်လည်း မဖြစ်နိုင်မှန်းသိ၍ သက်ပြင်းသာချလိုက်မိတော့သည်။
မန်ဟိုသည် စိတ်မကောင်းစွာဖြင့် မျက်မှောင်ကြုတ်ရင်း မန်ချိန်၏နဖူးကို လှမ်းထိကာ အသက်စွမ်းအားအနည်းငယ် ပို့လွှတ်လိုက်၏။ ၎င်းက သူ့အသက်ကို ကယ်မပေးနိုင်သော်လည်း သူ၏နောက်ဆုံးဆန္ဒများကို ဖော်ပြနိုင်ဖို့ အခွင့်အရေးအား ပေးနိုင်လိမ့်မည်။
မန်ချိန့်တစ်ကိုယ်လုံး အကြောဆွဲသွားပြီး သူ၏ပြူးထွက်နေသော မျက်လုံးများ ပွင့်လာသည်။ သူကား ယခင်တုန်းကလို မခန့်ညားတော့ပေ။ သို့သော် မန်ဟို၏အသက်စွမ်းအားတွင် မန်ချိန်၏ပြိုကွဲနေသော ဝိညာဉ်ကို ခဏတဖြုတ် ပြန်စုစည်းသွားစေသော အနှစ်သာရစွမ်းအား ပါရှိရာ သူ၏မှုန်ဝါးနေခဲ့သော မျက်လုံးများသည် ပြန်လည်ကြည်လင်လာ၏။
ကံဆိုးစွာနှင့် ထိုကြည်လင်မှုမှာ ... မသေခင်အခိုက်အတန့်၌ ဖြစ်ပေါ်လာတတ်သော ကြယ်လင်ပြတ်သားမှုသာဖြစ်ကြောင်း မန်ဟို သိလေသည်။
“မင်း ပြောချင်တာရှိရင် ငါ့ကို ပြောလို့ရတယ်” မန်ဟိုက နူးညံ့ပျော့ပျောင်းစွာ ပြောလိုက်သည်။
မန်ချိန်သည် မန်ဟို့ကို တွေတွေကြီး ငေးကြည့်ပြီးနောက် သူ မည်သူမှန်း မှတ်မိသွားသည်။ သူက မျှော်လင့်နေသောမျက်ဝန်းများဖြင့် ပြောလေသည်။ “မန်...ဟို....” သူ့အတွက် စကားပြောရခက်နေပြီး ပြောလိုက်သောအခါ မောဟိုက်ရှိုက်သံများဖြင့် ပြတ်တောင်းတောင်းဖြစ်နေ၏။ “နဝမတောင်ပင်လယ်မှာ ... မန်လီလို့ခေါ်တဲ့.... ငါ့.... အဒေါ်တစ်ယောက်... ရှိတယ်...”
သူ့စကားလုံးများက မန်ဟို့ကို မိုးကြိုးကဲ့သို့ ထိမှန်သွားပြီး သူ့အား တုန်ရီလာစေသည်။
သူသည် မျက်လုံးအဝိုင်းသားနှင့် မန်ချိန့်ကို ကြည့်နေ၏။ ဤဖြစ်နိုင်ခြေကို သူ ခန့်မှန်ထားပြီးဖြစ်သော်လည်း မန်ချိန် ပြောသည်ကို ကြားရခြင်းက မန်ဟို့နှလုံးသားထဲတွင် အံ့ဩခြင်းလှိုင်းတံပိုးများ ထကြွလာစေသည်။
မန်မျိုးနွယ်စုအပေါ် ထားရှိသည့် မန်ဟို၏ခံစားချက်များက နက်ရှိုင်းသည်ဟု ဆိုမည့်အစား .... သူ့မှာ သူ့အဘိုး၏သွေးဆက်အတွက် အပြစ်ရှိသလိုခံစားမိသည်ဟု ပြောလျှင် ပိုမှန်မည်။ မန်မျိုးနွယ်စုကို သူသွားချင်သည့် အကြောင်းရင်းကလည်း ထိုသွေးဆက်ကြောင့်သာ ဖြစ်၏။
သူ၏အမျိုးစစ်စစ်များသည် ထိုသွေးဆက်များဖြစ်သည်၊ မန်မျိုးနွယ်စုတစ်စုလုံးမဟုတ်။
ဤမန်မျိုးနွယ်ကျင့်ကြံသူက သူ၏အမျိုးစစ်စစ်များထဲမှ တစ်ယောက်ဖြစ်ကြောင်း သိလိုက်သဖြင့် မန်ဟို့အသက်ရှူသံများ မြန်လာသည်။ သူသည် မန်ချိန်၏နဖူးကို နောက်တစ်ကြိမ် တို့ထိရင်း အနှစ်သာရစွမ်းအားတချို့ ထပ်ထည့်ပေးလိုက်၏။ ဤတစ်ကြိမ်တွင် မန်ချိန်က သာမန်မန်မျိုးနွယ်မဟုတ်ကြောင်း သိလိုက်ရသဖြင့် တတ်နိုင်သမျှစွမ်းအားများများ ထည့်ပေးလိုက်သည်။
၎င်းက သူ့ကို ကယ်နိုင်သည်အထိ မလုံလောက်သော်လည်း မန်ချိန်၏မျက်လုံးများကို တောက်ပလာစေသည်။
“မင်း ... ငါ့ အဒေါ်ကို .... သိလား...” မန်ချိန်က ပြင်းပြသောမျှော်လင့်ချက်များဖြင့် မန်ဟို့ကို ကြည့်ရင်း မေးသည်။
“သူက ငါ့အမေပဲ” မန်ဟိုက နူးညံ့ညင်သာစွာ ပြန်ဖြေသည်။ “ငါ့နာမည်က မန်ဟို... ဖန်ဟိုလို့လည်း ပြောလို့ရတယ်”
မန်ချိန်သည် ဤသည်ကို ကြားလျှင် တဆတ်ဆတ် တုန်လာပြီး စိတ်လှုပ်ရှားနေသောအရိပ်အယောင်က သူ့မျက်နှာပေါ်တွင် ပေါ်လာ၏။ သူ့အဒေါ်သည် လက်ထပ်ဖို့ နဝမတောင်ပင်လယ်သို့ သွားရောက်ခဲ့ပြီး သူမ၏အမျိုးသားမှာ ဖန်မျိုးရိုးဖြစ်ကြောင်း သူ သိထား၏။
“တကယ်ပဲ ... မင်းကိုး....” မန်ချိန်သည် နောက်ဆုံးထွက်သက်အား မရှူထုတ်ရသေးပေ။ သို့သော် သူ၏မျက်လုံးများက မှေးမှိန်လာပြီး သေခြင်းအခိုးအငွေ့များသည် သူ့ကို လွှမ်းခြုံလာ၏။ မန်ဟို သူ့ကို အားဖြည့်ပေးနေသည့်တိုင် မည်သည့်အခိုက်အတန့်မဆို သူ၏နောက်ဆုံးဖြစ်သွားနိုင်သည်။
“မန်မျိုးနွယ်စု နဲ့.... ငါ...ငါတို့သွေးဆက် ဦးပြန်မော့နိုင်အောင် ... ကူညီပေးပါ
“ငါက ... မန်ချိန်....ငါတို့သွေးဆက်မှာ တစ်ယောက်တည်းသော ... အင်မော်တယ်နယ်ပယ်ကျင့်ကြံသူ.... ငါတို့ဦးပြန်မော့နိုင်အောင် .... ကူညီ...ပေးပါ...” မန်ချိန်မှာ ‘ဦးပြန်မော့နိုင်အောင်’ ဆိုသော စကားလုံးများကို ပြောဖို့ ရှိရှိသမျှအင်အားအကုန်လုံးကို အသုံးပြုရင်း တဆတ်ဆတ် တုန်နေသည်။ ပြောပြီးနောက် သွေးမည်းမည်းများက သူ့နှုတ်ခမ်းထောင့်မှ စီးကျလာပြီး သူ့မျက်လုံးများ မည်းနက်သွား၏။ သို့သော် သူကား မသေသေးပေ။ သူသည် မန်ဟို ပြန်ဖြေမည်ကို စောင့်ရင်း ခေါင်းမာမာ တောင့်ခံထား၏။
မန်ဟိုသည် သူ၏အမျိုးအရင်းခေါက်ခေါက် မန်ချိန်ကို ကြည့်နေစဉ် စိတ်နှလုံးတုန်လှုပ်နေ၏။ တခဏကြာသော် သူ၏မျက်လုံးများတွင် စိတ်ပိုင်းဖြတ်လိုက်သောအရိပ်အယောင် စိုးမိုးသွားပြီး သူက ခေါင်းညိတ်လိုက်သည်။
မန်ချိန်က မန်ဟို၏မျက်နှာပေါ်ရှိ စိတ်ပိုင်းဖြတ်ထားသောအရိပ်အယောင်ကို မြင်လျှင် ပြုံးသည်။ အပြုံးမှာ စက္ကန့်ပိုင်းမျှသာ ခံလိုက်သော်လည်း သူ၏မျက်ဝန်းများမှတစ်ဆင့် မန်ချိန်၏ မယိမ်းယိုင်သောအစွဲကို မန်ဟို ခံစားလိုက်ရသည်။ ထိုအစွဲသည် တစတစ မှေးမှိန်ပျောက်ကွယ်သွားပြီး မန်ချိန်၏အကြည့်သည် အသက်မဲ့သွား၏။ သူ၏အသက်မီးတောက်လည်း ငြိမ်းသေသွားလေပြီ။
ယခုတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ သေခြင်းအရှိန်အဝါ၏စိုးမိုးခြင်း ခံလိုက်ရတော့သည်။
မန်ချိန်ကား အသက်မရှိတော့ပေ။
ဘေးတွင် သူ၏ တစ်ခုတည်းသော ပိုင်ဆိုင်မှုဖြစ်သည့် သိုလှောင်အိတ်တစ်လုံး ရှိနေသည်။
မန်ဟိုသည် အတန်ကြာတိတ်ဆိတ်နေပြီးနောက် သက်ပြင်းချလိုက်၏။ သူ့အဘိုး၏သွေးဆက်မှာ အာဏာကျဆင်းနေပြီး ထိုသို့ဖြစ်ရသည့် အကြောင်းရင်းများထဲက တစ်ခုမှာ သူဖြစ်ကြောင်း သူ သိသည်။ ဖန်မျိုးနွယ်စုတုန်းကလည်း ထိုနည်းတူပင်။ သူ့အဘိုးနှစ်ယောက်လုံးသာ သူ့ကို ကယ်ဖို့ ပျောက်မသွားခဲ့လျှင် သူ့အဘိုး၏သွေးဆက်သည် ထိုမျှအခြေအနေ ဆင်းရဲနေမည်မဟုတ်ပေ။
“သွေးဆက်မှာ တစ်ယောက်တည်းရှိတဲ့ အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတဲ့လား..." မန်ဟိုက ဖြေးဖြေးချင်း ထရပ်ရင်း ရေရွတ်လိုက်သည်။ သူသည် ခြေကို ဆောင့်နင်း၍ သေခြင်းအခိုးငွေ့များကို ဖယ်ရှားလိုက်ပြီး မြေကြီးများအား ပြန့်ကြဲသွားစေကာ မန်ချိန်၏အလောင်းအား ပေါ်လာစေသည်။ ထို့နောက် ဂရုတစိုက် ပွေ့မလိုက်၏။
“မင်းကို အိမ်ပြန်ခေါ်သွားဖို့ အချိန်ကျပြီ” သူက တိုးညင်းစွာ ပြောရင်း မန်ချိန်ကို သူ၏သိုလှောင်အိတ်ထဲ ဂရုတစိုက် ထည့်ပြီးနောက် လှည့်၍ လေးပင်စွာ လျှောက်ထွက်သွားသည်။ ထိုသို့လျှောက်နေစဉ် သူ၏ပုံပန်းသွင်ပြင်က ... မန်ချိန်၏ပုံစံအတိုင်း ဖြစ်သွားလေသည်။
“ငါ မင်းရဲ့အစွဲကို ဖြည့်ဆည်းပေးဖို့ မင်းအစား နေပေးမယ်” သူက တစ်လုံးချင်း ပြောသည်။ “ငါ မင်းတို့သွေးဆက်ကို ... မန်မျိုးနွယ်စုထဲမှာ ဦးပြန်မော့လာနိုင်အောင် ဦးဆောင်ပေးမယ်”