← Chapters

ငါက မန်ချိန်

Vol. 90 Ch. 1249

ငါက မန်ချိန်

Vol. 90 Ch. 1249

ထွက်ပေါက်၏အပြင်ရှိ ကြယ်တာရာကောင်းကင်သည် ပိတ်ပိန်းမှောင်မိုက်နေပြီး အရပ်လေးမျက်နှာတွင် အဆုံးမဲ့လျက်ရှိ၏။ မန်ဟို ထွက်လာသောအခါ တောက်ပနေသော ကျန်အက်ကွဲကြောင်းများမှ ထွက်လာနေကြသည့် အခြားကျင့်ကြံသူများကို မြင်လိုက်ရသည်။

ကောင်းကင်နတ်ဘုရားမဟာမိတ်၏ ကျင့်ကြံသူအတော်များများသည် ငရဲဘုံ ၃၃ ဘုံသို့ ၀င်ရောက်ခဲ့ကြ၏။ ယခု ထွက်လာနေကြသူများအနက် တချို့မှာ ထိတ်လန့်နေကြပုံရပြီး တချို့ကတော့ ဝမ်းမြောက်နေကြပုံပင်။ ဝမ်းမြောက်နေကြသူများကား အထဲ၌ အဖိုးထိုက်သောအရာများကို ရရှိခဲ့သူများဖြစ်ကြောင်း မေးခွန်းထုတ်စရာပင် မလိုပေ။ ထိုကဲ့သို့ကျင့်ကြံသူများကိုမူ သူတို့၏ဂိုဏ်းတူများက လျင်မြန်စွာ ခြံရံ၍ စောင့်ရှောက်ပေးကြလေသည်။

အချို့ကတော့ ထိုအခြင်းအရာနှင့်ပတ်သက်၍ သိပ်ဘဝမကျဟန်တူသော်လည်း အခြေအနေကို စဉ်းစားပြီးနောက် အမြတ်အစွန်းများအတွက် အချင်းများမနေရန် ဆုံးဖြတ်လိုက်ကြသည်။

မန်ဟိုသည် ထိုလူအုပ်ကြီးနှင့်ရော၍ သူတို့ပြောနေသောစကားများကို နားထောင်ရင်း ငရဲဘုံ ၃၃ ဘုံဧရိယာမှ ထွက်လာခဲ့၏။

"အခု ပိတ်သွားပြီဆိုတော့ ကနဦးပွင့်ခြင်းကာလ ပြီးဆုံးသွားပြီ။ နောက်တစ်ကြိမ် ပွင့်လာရင် အထဲမှာ သင်္ချိုင်းတွေ ပိုများလာလိမ့်မယ်...."

"ငရဲဘုံ ၃၃ ဘုံက သုံးကြိမ်ဆက်တိုက်‌ ပွင့်မှာ။ ပြီးတော့ အဲဒီလိုပွင့်တဲ့ အချိန်ကာလတစ်ခုနဲ့တစ်ခုအကြားလည်း သိပ်မကွာဘူး .... ဆိုတော့ မကြာခင် ဒုတိယအကြိမ် ပွင့်လိမ့်မယ် ....ပြီးရင်တော့ တတိယအကြိမ်"

"နောက်ဆုံးအကြိမ်ဖြစ်မယ့် တတိယအကြိမ်ကို စောင့်‌တောင်မစောင့်နိုင်တော့ဘူးကွာ။ ကြည့်ရတာ ဂိုဏ်းတော်တော်များများ အဖိုးထိုက်ရတနာတွေနဲ့ တာအိုရတနာတွေကို ရခဲ့ကြတဲ့ပုံပဲ"

"ဒါပေမဲ့ တစ်ကြိမ် ထပ်ပွင့်တိုင်း အန္တရာယ်က ပိုများလာမှာလေ။ အခုတော့ အသေအပျောက် သိပ်မများသေးပေမယ့် ဒုတိယအကြိမ်ကျ ၀င်သွားတဲ့လူအရေအတွက်ရဲ့ တစ်၀က်လောက် ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး။ တတိယအကြိမ်ကျရင်တော့ ... အင်မတန် ကံကောင်းတဲ့လူတွေပဲ အသက်ရှင်ကျန်ခဲ့လိမ့်မယ်"

မန်ဟို့မျက်လုံးများက လင်းလက်သွားသော်လည်း သူ့အမူအရာကတော့ မပြောင်းလဲပေ။ သူသည် လူအုပ်ကြီးနှင့်အတူ လိုက်ပါပျံသန်းသွား၏။ ယခုလောလောဆယ်တွင် သူ၏ကျင့်ကြံခြင်းအခြေခံမှာ သိပ်မမြင့်မားပေ။ အင်မော်တယ်နယ်ပယ်သာဖြစ်၍ ထိုအဖွဲ့ထဲတွင် အဆင့်နိမ့်ဆုံး ဖြစ်နေသည်။ သို့သော် သူတစ်ယောက်တည်းသာ အင်မော်တယ်အဆင့်မဟုတ်။ သူ့လိုလူနည်းနည်းပါးပါး ရှိသဖြင့် သူတစ်ယောက်တည်း ချွန်း၍ ထွက်မနေချေ။

သူသည် တမင်တကာ နောက်ကျန်ခဲ့အောင် အရှိန်တစ်ခုကို ထိန်းရင်း ဆက်သွားနေ၏။ လက်ရှိအုပ်စုကို ဦးဆောင်နေသူများက တာအိုနယ်ပယ်ပညာရှင်များဖြစ်ပြီး နောက်ဆုံးတော့ သူတို့အားလုံး ငရဲဘုံ ၃၃ ၏ ဧရိယာအပြင်သို့ ရောက်လာကြသည်။

မန်ဟိုလည်း နောက်ဆုံးမှ လိုက်ပါလာ၏။ သူ ထွက်လာသောအခါ စူးရှတောက်ပသောအလင်းရောင်ကြောင့် သူ့မျက်လုံးများ ကျိန်းစပ်သွားသည်။ ဤနေရာတွင် ကြယ်တာရာ‌ကောင်းကင်သည် ငရဲဘုံ ၃၃ ဘုံဧရိယာ၏ ပိတ်ပိန်းမှောင်မိုက်နေမှုနှင့် ဆန့်ကျင်ဘက် .... လင်းလက်စွာ တောက်ပနေလေသည်။

မန်ဟိုက ဘေးဘီဝဲယာကို ကြည့်လိုက်ရာ ငရဲဘုံ ၃၃ ဘုံကို ဝန်းရံထားသော ပတ်ဝန်းကျင်တွင် ပျံဝဲနေသော စစ်သင်္ဘောများ ပြည့်ကျပ်နေကြောင်း တွေ့လိုက်ရ၏။ ကောင်းကင်နတ်ဘုရားမဟာမိတ်ရှိ ဂိုဏ်းအသီးသီးတို့ တည်ဆောက်ထားသည့် နန်းဆောင်များပင် ပျံဝဲနေသည်။ ငရဲဘုံ ၃၃ ဘုံထဲမှ ထွက်လာခဲ့သော ကျင့်ကြံသူများသည် သူတို့၏သက်ဆိုင်ရာဂိုဏ်းများရှိရာသို့ ဦးတည်သွားကြ၏။ မန်ဟိုလည်း မန်မျိုးနွယ်စု၏အပိုင်သင်္ဘောကို တွေ့သည်အထိ သင်္ဘောများကို လှည့်ပတ်ကြည့်လိုက်သည်။ မန်မျိုးနွယ်သင်္ဘောထဲတွင် သခင်လေးနှင့် သူ၏တာအိုစောင့်ရှောက်သူသည် ဝင်သွားခဲ့သည့် မန်မျိုးနွယ်ဝင်များ ပေါ်လာနိုးနိုးဖြင့် ငရဲဘုံ ၃၃ ဘုံမှ ထွက်လာနေသော လူတိုင်းကို စေ့စေ့ငှငှ ကြည့်နေကြသည်။

မန်ဟိုသည် မျက်လုံးများ အေးစက်စက်တောက်ပနေလျက် သူ့မျက်နှာကို ဖျော့တော့သွားစေပြီး ယခုလေးတင် အသက်ဘေးမှ ပွတ်သီကာလွတ်လာခဲ့သည့်ပုံစံ ဖမ်းလိုက်၏။ ထို့နောက် သူက ဒဏ်ရာရထားသည့်လူပမာ ဒယိမ်းဒယိုင်ဖြင့် မန်မျိုးနွယ်သင်္ဘောဆီ ဦးတည်သွားလေသည်။

စစချင်း လူတိုင်း သူတို့၏သက်ဆိုင်ရာဂိုဏ်းများဆီ ပြန်သွားနေကြသဖြင့် အတော်လေး ရှုပ်ယှက်ခတ်နေသော်လည်း တဖြေးဖြေး ငြိမ်သက်လာသည်။

မန်ဟိုက မန်မျိုးနွယ်သင်္ဘောဆီ တရွေ့ရွေ့ ချဉ်းကပ်သွားနေပြီး နောက်ဆုံးတွင်တော့ သခင်လေးသည် သူ့အား မြင်သွားတော့၏။ သခင်လေးကား ချက်ချင်း ဝမ်းသာသွားပုံပေါက်သော်လည်း သူ့အနောက်ရှိ တာအိုစောင့်ရှောက်သူက မျက်မှောင်ကြုတ်သွားပြီး အဝေးကို လှမ်းကြည့်သည်။ နောက်ထပ်မန်မျိုးနွယ်တစ်ယောက်မှ ပေါ်မလာသည်ကို မြင်လျှင် သူက သက်ပြင်းချလိုက်လေသည်။

မကြာမီ သင်္ဘော၏ဒိုင်းများ အောက်ပြန်ကျသွားပြီး မန်ဟိုက သင်္ဘောပေါ် ဆင်းလိုက်သည်။ ထို့နောက် သူသည် သွေးတစ်ပွက်အန်ရင်း ယိမ်းထိုးသွားသဖြင့် လဲကျမသွားအောင် လက်ရန်းတစ်ခုကို အားပြုလိုက်သည်။

“ဘယ်လိုလုပ် မင်းတစ်ယောက်တည်း ပြန်ရောက်လာခဲ့တာလဲ” တာအိုစောင့်ရှောက်သူက ဆီးပြီးငေါက်သည်။ “ကျန်တဲ့သူတွေရော ဘာဖြစ်သွားတာလဲ” သခင်လေး၏ လက်ရှိနောက်တော်ပါးအဖွဲ့အနက် တချို့က သူ၏ငယ်ကျွန်များ ဖြစ်ကြလေသည်။ တစ်ယောက်သည် မန်ချိန်အသက်ရှင်နေသည်ကို အလွန်အံ့အားသင့်နေပုံရပြီး ထိုလူမှာတော့ မန်ချိန်ကို ယခုရက်ပိုင်း ဆူပူကြိမ်းမောင်းနေခဲ့သော သက်လတ်ပိုင်း အစေခံထိန်း ဖြစ်၏။

ငရဲဘုံ ၃၃ ဘုံထဲ ဝင်ရောက်သွားခဲ့သော မျိုးနွယ်ဝင်များအနက် မန်ချိန်၏ကျင့်ကြံခြင်းအခြေခံမှာ အားအနည်းဆုံးဖြစ်ခဲ့သည်မဟုတ်ပါလော။ သို့ထိတိုင် ယခုတွင် သူတစ်ယောက်တည်းသာ ပြန်ရောက်လာခဲ့သည်။

သင်္ဘော၏အခြားတစ်ဖက်တွင်မူ ဟန်မျိုးနွယ်စုမှ သခင်လေးနှင့် သူ၏တာအိုစောင့်ရှောက်သူ ရှိနေသည်။ ဟန်မျိုးနွယ်သခင်လေးက ထူးဆန်းသောမျက်လုံးများဖြင့် မန်ဟို့ကို စိုက်ကြည့်ရင်း နှုတ်ခမ်းသပ်လိုက်သည်။

“ဒီလူ အသက်ရှင်လျက် ထွက်လာနိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး” ဟန်မျိုးနွယ်သခင်လေးက ခပ်တိုးတိုး ဆိုသည်။ “သူက တော်တော်လေးကံကောင်းတဲ့ပုံပဲ...” မန်ဟို့ကို အပေါ်အောက်ကြည့်နေစဉ် သူ့မျက်လုံးများသည် တောက်ပလာ၏။

သူ၏တာအိုစောင့်ရှောက်သူက ဘာမှမပြောပေ။ ထိုအကြည့်၏အဓိပ္ပါယ်ကို သူ သိသလို၊ သူတို့မျိုးနွယ်စု၏ သခင်လေးသည် ဤမန်မျိုးနွယ်ကျင့်ကြံသူအပေါ် ပြန်လည်စိတ်ဝင်စားသွားကြောင်းကိုလည်း သိသည်...

အော်ဟစ်နေသော တာအိုစောင့်ရှောက်သူကို တုံ့ပြန်သည့်အနေဖြင့် မန်ဟို့မျက်နှာမှာ ဖြူဆုပ်သွားပြီး သူ့တစ်ကိုယ်လုံး တုန်ရီလာသည်။ သူသည် လွန်စွာကြေကွဲနေသောလေသံဖြင့် မောရှိုက်စွာ ပြောလိုက်၏။ “သေသွားပြီ....အကုန် သေသွားကြပြီ...”

မန်ဟိုသည် မန်ချိန်၏ပြောပုံဆိုပုံနှင့် မရင်းနှီးသည့်အတွက် စကားသိပ်များများစားစား မပြောပေ။ သူက သွေးတချို့ ထပ်အန်လိုက်ပြီး သတိလစ်တော့မည့်အလား ယိမ်းယိုင်သွားသည်။ သို့သော် မန်မျိုးနွယ်စု၏ သခင်လေးကို လှမ်းကြည့်လိုက်ကာ ရင်ဒိန်းခနဲ ခုန်သွား၏။

“သေသွားပြီတဲ့လား” တာအိုစောင့်ရှောက်သူက မာန်မဲပြန်သည်။ “ဘယ်လိုလုပ်ကျန်တဲ့သူတွေ သေသွားပြီး မင်းက အသက်ရှင်နေတာလဲ။ အဲဒီမှာ ဘာဖြစ်ခဲ့တာလဲ ငါ့ကို ပြောပြစမ်း”

မန်ဟိုက တာအိုစောင့်ရှောက်သူကို အဖက်မလုပ်ဘဲ သူ၏သိုလှောင်အိတ်ကို ပုတ်ရင်း ငွေရောင်သုံးခွမှိန်းကို ထုတ်၍ မြှောက်လိုက်သည်။

“မန်ချိန် တာဝန်ကျေခဲ့ပါတယ်" မန်ဟိုက ကြေညာသည်။ “ကျုပ် သေလုမျောပါးဖြစ်ခဲ့ပေမယ့် ဒီရတနာကို ယူလာနိုင်ခဲ့တယ်။ ဒါက လူတိုင်း ယူဖို့ ကြိုးစားရင်း သေသွားကြရတဲ့ မှော်ပစ္စည်းပဲ...”

သခင်လေး၏မျက်လုံးများ တောက်ပသွားသည်။ သူက ခြေလှမ်းကြဲကြဲများဖြင့် လျှောက်လာရင်း ငွေမှိန်းကို ဆွဲယူ၍ စမ်းသပ်ကြည့်ပြီးနောက် ဝမ်းသာသွားသောအမူအရာက သူ့မျက်နှာကို စိုးမိုးသွားတော့သည်။ ထို့နောက် သူသည် မန်ချိန့်ကို ကြည့်ပြီး မန်ချိန့်သိုလှောင်အိတ်ကို ယူ၍ မွှေနှောက်ပြီးနောက်မှ ပြန်ပေး၏။

“မဆိုးဘူး မန်ချိန်။ တာဝန်ကျေတယ်” သခင်လေးသည် မှိန်းကို မြှောက်ကြည့်ရင်း ကျေနပ်သထက် ကျေနပ်လာပြီးနောက်ဆုံး အကျယ်ကြီး အော်ရယ်တော့သည်။

“အခု ငါ အဖိုးထိုက်ရတနာတစ်ပါးကို ရပြီဆိုတော့ မျိုးနွယ်စုဆီ ပြန်ပြီး ခေါင်းဆောင်ကြီးရဲ့ ချီးကျူးခံရတော့မယ်”

မန်ဟိုမှာ ဒယိမ်းဒယိုင်ဖြစ်နေရင်း မနည်းလက်ယှက်၍ လေးနက်စွာ အရိုအသေပေးရင်း ပြောလိုက်သည်။ “ဒါက မန်ချိန်တစ်ယောက်ပဲ တာဝန်ကျေတာမဟုတ်ပါဘူး။ မျိုးနွယ်ဝင်အားလုံး ဒီမှိန်းကို အရယူဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ကြတာပါ။ ဟုတ်တာပေါ့ အရေးအကြီးဆုံးကတော့ ဒါတွေအားလုံးက သခင်လေးရဲ့ ပြောင်မြောက်တဲ့အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တာပါပဲ။ သခင်လေးရဲ့အစီအစဉ်ကြောင့် ကျုပ်တို့ ဒီရတနာကို အောင်အောင်မြင်မြင် ရခဲ့တာပါ”

သခင်လေးက သူ့ကို တအံ့တဩ ကြည့်ပြီးနောက် သူ့ပခုံးကို ပုတ်ကာ အကျယ်ကြီးအော်ရယ်လေသည်။

"သိပ်ကောင်းတယ် သိပ်ကောင်းတယ်" သခင်လေးသည် စိတ်ကြည်နေကြောင်း သိသာထင်ရှား၏။ "မင်းက အခုလိုမျိုး စွမ်းဆောင်ပေးခဲ့တယ်ဆိုတော့ မင်းကို ဆုချီးမြှင့်ပေးရမှာပေါ့။ ကဲ သုံးရက်တိုင်တိုင် ဖျားနာခန်းမှာ သွားကုသချည်။ ကိုယ့်လူတို့ သူ့ကို တွဲခေါ်သွားကြ" သခင်လေး၏လူများက မန်ဟို့ကို ဖျားနာခန်းသို့ ချက်ချင်း လိုက်ပို့ကြသည်။

တာအိုစောင့်ရှောက်သူအဘိုးကြီးက မျက်မှောင်ကြုတ်သွား၏။ သူသည် မန်ဟို့ကို သံသယ၀င်နေခြင်းမဟုတ်ဘဲ ဂိုဏ်းသို့ ပြန်ရောက်ပါက အခြေအနေကို မည်သို့ရှင်းပြရမလဲတွေးရင်း ဦးနှောက်ခြောက်နေခြင်း ဖြစ်သည်။ သူကတော့ မန်ဟို၏အပြုအမူ ထူးဆန်းနေသည်ကို အချိန်ကုန်ခံတွေးမနေသော်လည်း မန်ချိန်နှင့် စကားပြောခဲ့ဖူးသော ဘေးရှိ သက်လတ်ပိုင်းအရွယ်အစေခံထိန်းမှာ အံ့အားသင့်နေပုံရလေသည်။

ဟန်မျိုးနွယ်စုမှ လူငယ်လေး၏မျက်လုံးများကမူ မန်ဟို့ထံမှ မခွာသည့်အပြင် ယခင်ထက်ပင် တောက်ပ‌လင်းလက်နေတော့၏။

အချိန်တွေ ကြာသွား၏။ သုံးရက်ကြာသော် မန်ဟိုသည် ကျင့်ကြံအားထုတ်ဖို့ သင်္ဘောပေါ်ရှိ သူ့အခန်းထံ ပြန်လာသည်။ သူက ကုစားနေဆဲဖြစ်ကြောင်း သတိပေးချက်အား တံခါးပေါ်တွင် ကပ်ထားသဖြင့် မည်သူမှ သူ့ကို မနှောင့်ယှက်ကြပေ။ မန်ချိန့်ကို ဂရုစိုက်သည့်လူလည်း မရှိသလောက် ရှားသည်မဟုတ်ပါလော။

သင်္ဘောပေါ်က မန်ချိန်၏ဘဝနှင့်ပတ်သက်၍မူ မန်ချိန့်တွင် မိတ်ဆွေတစ်ယောက်မှ မရှိပေ။ ဖျားနာခန်းတွင် အနားယူနေသည့်အတောအတွင်း မန်ဟိုသည် သူ၏နတ်ဘုရားအာရုံကို သင်္ဘောတစ်စင်းလုံးအား လွှမ်းခြုံထားခဲ့၏။ သူသာ စိတ်ရှိလျှင် သင်္ဘောပေါ်ရှိ လူတစ်ယောက်မှ မကျန်အောင် သတ်ပစ်နိုင်သည်။ တာအိုစောင့်ရှောက်သူပင်လျှင် ခြွင်းချက်မဟုတ်ပေ။

သာမန်မျိုးနွယ်ဝင်များအကြားက စကားများ၊ သခင်လေးမန်ဒဲ့နှင့် သူ၏တာအိုစောင့်ရှောက်သူအကြားက အပြောအဆိုများအပြင် မန်ဟို့ကို မျက်မှောင်ကြုတ်သွားစေသော ဟန်မျိုးနွယ်စုမှ လူငယ်၏တဏှာကြီးပုံ အစရှိသော အခြေအနေများကို အတန်ကြာစောင့်ကြည့်ပြီးနောက် သင်္ဘောပေါ်တွင် မန်ချိန် မည်မျှခက်ခဲပင်ပန်းစွာ ရှင်သန်ခဲ့ရကြောင်း မန်ဟို တစတစ နားလည်လာခဲ့သည်။

မန်ချိန်မှာ အနိုင်ကျင့်မှု၊ အရှက်ခွဲခံရမှုများကိုလည်း ကြုံတွေ့ခဲ့ရသည်။ ထိုအရာအားလုံးကြောင့် ဤနေရာရှိ မည်သူ့ကိုမှ သူနှင့် ရင်းနှီးသည်ဟု သတ်မှတ်မရပေ.... သို့သော် သက်လတ်ပိုင်းအရွယ်အစေခံထိန်းမှ လွဲ၍။

ထိုလူတစ်ယောက်တည်းသာ မန်ဟို အသက်ရှင်လျက် ထွက်လာမှုကြောင့် အံ့အားသင့်သွားခဲ့သည့်ဟန်ပန် ရှိခဲ့သည်။ ဤသုံးရက်လုံး ထိုလူ့ကို စောင့်ကြည့်ပြီးနောက် သူသည် မန်ချိန်နှင့် ရင်းနှီးသယောင်ထင်ရသော်လည်း ပျက်စီးစေလိုစိတ်ရှိနေကြောင်း မန်ဟို ပြောနိုင်သွား၏။ နောက်ဆုံးတော့ ထိုလူ တရားထိုင်နေသော တစ်ညတွင် မန်ဟိုသည် နတ်ဘုရားစိတ်ဆန္ဒတချို့အား ထိုလူရှိရာသို့ ပို့လွှတ်၍ သူ၏စိတ်ကို ယောက်ယှက်ခတ်သွားစေပြီး တိတ်တဆိတ် သတ်ဖြတ်လိုက်သည်။

ထိုလူ၏သေဆုံးမှုက မန်မျိုးနွယ်ဝင်များအကြား အတန်ငယ်ပူညံပူညံ ဖြစ်စေခဲ့သော်လည်း တာအိုစောင့်ရှောက်သူ၏ စစ်ဆေးမှုများအရ ကျင့်ကြံနေသည့်အတောအတွင်း မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သက်သေပြနေရာ အကုန်လုံး သက်ပြင်းသာချမိကြတော့သည်။

ထိုကိစ္စမှာ လျင်မြန်စွာ မေ့ဖျောက်ခံလိုက်ရပြီး မန်မျိုးနွယ်သင်္ဘောသည် ကောင်းကင်နတ်ဘုရားမဟာမိတ်ကို ဖြတ်၍ ဆက်လက်ပျံသန်းသွား၏။ သူတို့ ထွက်ပေါက်ဂြိုဟ်တစ်ဂြိုဟ်အနား ရောက်လာသည့်အခါ မန်ဟိုက ဖျားနာခန်းမှ ထွက်ပြီး ကျင့်ကြံအားထုတ်ဖို့ မန်ချိန်၏အခန်းဆီ ပြန်သွားသည်။

ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ သေဆုံးမှုကြောင့် သူ့ခေါင်းအတွက် ဆုကြေးသည် ကောင်းကင်နတ်ဘုရားမဟာမိတ်အဖွဲ့အတွက် သိပ်စွဲမက်စရာမကောင်းတော့ပေ။ ငရဲဘုံ ၃၃ ဘုံလည်း ပွင့်လာခဲ့သည့်အချက်ကို ထည့်ပေါင်းလိုက်သည့်အခါ မန်ဟို့အကြောင်းပင် မပြောတော့သလောက် ဖြစ်လာသည်။ မန်ဟို့ကို လိုက်ရှာနေကြသူဆို၍ သူ သတ်ခဲ့သော ခေါင်းဆောင်ကြီးများ၏ဂိုဏ်းတချို့မှ ဂိုဏ်းသားများသာ ရှိတော့သည်။

ကောင်းကင်နတ်ဘုရားမဟာမိတ်မှ ထွက်ပေါက်အများစုနှင့် နေရာရွှေ့ပြောင်းခြင်းမုခ်ဝအတော်များများကို ပြန်ဖွင့်ပေးခဲ့သည့်အတွက် သွားရေးလာရေးလည်း များစွာအဆင်ပြေလာသည်။ ထိုနေရာတွင် စစ်ဆေးမှုအနည်းငယ်ရှိသည်ကလွဲ၍ မန်ဟို့ကို လိုက်ရှာခြင်းနှင့်ပတ်သက်ပြီး လှုပ်ရှားမှုသိပ်မရှိတော့ပေ။

အတော်များများက မန်ဟို ငရဲဘုံ ၃၃ ဘုံတွင် သေသွားပြီဟုသာ ယူဆလိုက်ကြလေသည်။

အမှန်တွင် ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းပင်လျှင် သူ့အကြောင်းတစ်စုံတရာ အမိန့်ထုတ်ပြန်ခြင်းမရှိတော့ပေ။ ထိုအကြောင်းအရာအားလုံးကြောင့် မန်မျိုးနွယ်စု၏သင်္ဘောအတွက် ထွက်ပေါက်ဂြိုဟ်မှ ဖြတ်သန်းရန်မှာ ရိုးရှင်းသောကိစ္စလေးသာ ဖြစ်၍... ကောင်းကင်နတ်ဘုရားမဟာမိတ်၏အပြင်သို့ ရောက်သွားကြတော့သည်။

ထိုသို့ရောက်လာသည့်အခါ မန်ဟိုက မျက်လုံးများကို ဖွင့်လိုက်သည်။ ကြယ်တာရာကောင်းကင်ရှိ အပြောင်းအလဲများကို ခံစားလိုက်ရသဖြင့် သူသည် သူ့အခန်းမှ သင်္ဘော၏ကုန်းပတ်အပေါ်သို့ လမ်းလျှောက်ထွက်လာပြီး သက်ပြင်းချရင်း ကောင်းကင်နတ်ဘုရားမဟာမိတ်ကို ပြန်လှည့်ကြည့်လိုက်၏။

သူ့မှာ အဋ္ဌမတောင်ပင်လယ်တွင် သိပ်ကြာကြာမနေရသေးသော်လည်း များစွာကြုံတွေ့ခဲ့ရပြီးလေပြီ။

သူသည် ဝိညာဉ်နက်အဖွဲ့အစည်းကို အမြစ်ဖြုတ်သုတ်သင်ခဲ့သည့်အတွက် ကောင်းကင်နတ်ဘုရားမဟာမိတ်၏ အလိုရှိစာရင်းထဲ ဝင်သွားခဲ့သည်။ အင်ပါယာစာမေးပွဲပြန်ဖြေလိုသော သူ၏ဆန္ဒကိုလည်း ဖြည့်ဆည်းနိုင်ခဲ့ပြီး မြင့်မြတ်တည်ကြည်ဂိုဏ်း၏ တာအိုရသေ့ကိုလည်း ဆုံတွေ့ခဲ့ရကာ ကောင်းကင်ဘုံချုပ်နှောင်ခြင်းဂါထာကို သင်ယူခဲ့ရသည်။ ထို့နောက် ငရဲဘုံ ၃၃ သို့ ဝင်ရောက်၍ တာအိုသခင်များကို သတ်ဖြတ်ခဲ့ပြီး လောဘ၏ပူးကပ်ခြင်းခံခဲ့ရရာမှ ကံကြမ္မာကောင်းကို ရရှိခဲ့သည်။ သို့နှင့် နောက်ဆုံး ဤသင်္ဘောပေါ်တွင် မန်ချိန်၏နေရာကို ဝင်ခဲ့၏။

“ငါ မန်မျိုးနွယ်စုကို ရောက်ရင်... မယုံကြည်နိုင်ဖွယ်အရာတွေကို သေချာပေါက် လုပ်ပြမယ်” မန်ဟိုသည် ပြုံးလိုက်ပြီး သူ၏မျက်လုံးများ လင်းလက်တောက်ပနေသည်။ ဤအခိုက်အတန့်တွင် ယောက်ျားတစ်ယောက်၏ အေးအေးဆေးဆေးအသံက သူ့နောက်မှ ရုတ်တရက် ထွက်လာလေသည်။

“မင်း ငါနဲ့ ဒီည အတူနေရမယ်”

All Chapters