အားလုံးသေရမယ်
Vol. 1 Ch. 307
စုဂိုဏ်းသား တစ်ရာကျော်အတွင်း စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်များ ကင်းမဲ့နေခြင်း မဟုတ်သော်လည်း သူတို့အားလုံးသည် အားနည်းနေကြပြီး ထွက်မပြေးနိုင်ကြပေ။ မည်သူကမှလည်း အားကောင်းလှသော တိုက်ကွက်ဖြင့် ခုခံရန် မတတ်နိုင်ကြပေ။ ခရမ်းရောင် ကောင်းကင် အလင်းတန်းသည် သူတို့၏ နောက်ဆုံးသော ဝှက်ဖဲဖြစ်ပြီး ထိုစွမ်းရည်မှာ အဆင့်နိမ့် နတ်ဆိုးသားရဲ တစ်မျိုး၏ နတ်ဆိုးစွမ်းအားလည်း ဖြစ်လေသည်။ အလွန်အကျွံ သုံးမိသည်နှင့် အားပြတ်ကာ သေဆုံးရမည်ကို စောင့်နေရုံသာရှိသည်။
"ဝှစ် ... ဝှစ်"
စုဂိုဏ်းမှ အကြီးအကဲများသည် အပြုံးကိုယ်စီ ဆင်မြန်းကာ ရှိသမျှ အားအင်တို့ကို စုစည်း၍ လက်ဝါးကြီးထံ အကြောက်အလန့်မရှိ ခုန်ဝင်သွားကြသည်။ သူတို့သည် သူတို့၏ ကိုယ်ကိုအသုံးပြု၍ စုဂိုဏ်းသားများ အသက်ရှင်ရန် အခွင့်အရေး တစ်ခုကို ဖန်တီးပေးချင်သည်။
"ဗုန်း ... ဗုန်း ... ဗုန်း"
လက်ဝါးချက်ကြီးသည် အားပြင်းလှသည်။ စုဂိုဏ်းမှ အကြီးအကဲများ လက်ဝါးကြီးနှင့် ထိတွေ့သွားသည်နှင့် တောင်ကြီးတစ်လုံးနှင့် ရိုက်မိသွားသည့် အလား သေဆုံးသွားကြသည်။ သို့သော်လည်း စုဂိုဏ်းသားများသည် ပိုးဖလံမျိုးမီးကို တိုးသည့်အလား လက်ဝါးကြီးထံ ဆက်လက် ပျံသန်းနေကြပြီး သူတို့၏ နောက်ဆုံးထွက်သက်ကို ရဲဝံ့စွာ ပေးဆပ်သွားကြသည်။
"ကျန်းရီ ... ကျွန်မအချစ်ဆုံး အမျိုးသားလေး ... နှုတ်ဆက်ခဲ့ပါတယ်"
စုလောရွှယ်သည် ကျန်းရီ၏ အော်သံများကို ကြားသောအခါ သူမ၏မျက်ဝန်းများ အတွင်းမှ ထိတ်လန့်ရိပ်များ ကွယ်ပျောက်သွားခဲ့သည်။ သူမသည် ခပ်လှမ်းလှမ်းမှ သူ့အား လှမ်းကြည့်လိုက်သည်။ ကျန်းရီသည် ဆက်တိုက်နေရာ ရွှေ့ပြောင်းရင်း သူမရှိရာသို့ ပြေးလာနေသည်ကို မြင်သောအခါ သူမ၏ ဖြူဖျော့နေသော မျက်နှာလေးသည် ကြွေနွမ်းတော့မည့် နှင်းကြာပွင့်လေးပမာ အလွန်တရာ လှပသော အပြုံးလေး တစ်ခုကို ပြုံးလိုက်လေ၏။
"ဗုန်း"
နောက်ဆုံးတွင် လက်ဝါးချက်ကြီး ကျဆင်းလာခဲ့ပြီး မြေပြင်မှာ တုန်ခါသွားကာ ဖုန်မှုန့်များ၊ မြေမှုန်များ တထောင်းထောင်း ထသွား၍ စစ်သည်များလည်း လွင့်စဉ်ကုန်သည်။ လက်ဝါးရာကြီးမှာ မြေပြင်ပေါ်တွင် ချိုင့်ဝင်နေပြီး အောက်ခြေကိုပင် မမြင်ရချေ။ စုလောရွှယ်နှင့် စုဂိုဏ်းသားများသည် တမလွန်၏ ကိုးထပ်မြောက်သို့ လက်ဝါးချက် တစ်ချက်တည်းဖြင့် ပို့ဆောင်ခံလိုက် ရသည့်အလားပင်။
"ဟင့်အင်း ...”
ကျန်းရီသည် နေရာရွှေ့ပြောင်း နေရာမှ ရပ်တန့်လိုက်သည်။ သူ၏သွေးနီရောင် မျက်လုံးများသည် ကီလိုမီတာ အတော်များများ အဝေးမှ လက်ဝါးရာချိုင့်ကြီးကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေလေ၏။ သူ့မျက်နှာ ကြွက်သားများမှာ တင်းမာသွားခဲ့ပြီး သူ့ကိုယ်မှ သေခြင်းတရား၏ အငွေ့အသက်များ ဖြာထွက်လာခဲ့သည်။
ထိုကဲ့သို့ အားကောင်းလှသော လက်ဝါးချက်နှင့် ရင်ဆိုင်ရရာတွင် အားအနည်းဆုံး အခြေအနေသို့ ရောက်နေသော စုဂိုဏ်းသားများမှာ ခုခံနိုင်ကြမည် မဟုတ်ပေ။ ခရမ်းရောင် နန်းတော်ရှင် အဆင့်တွင်သာ ရှိသေးသော စုလောရွှယ်ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။
"သေသွားပြီလား"
ထိုခဏတွင် ကျန်းရီသည် သူ့နှလုံးသားမှာ အပိုင်းပိုင်းအစစ ဖြစ်သွားသည်ဟုပင် ခံစားလိုက်ရသည်။ သူသည် သူအချစ်ဆုံးသော မိန်းကလေးကို သူမည်မျှ ချစ်မြတ်နိုးကြောင်း ပြောပြရန် အခွင့်အရေး မရလိုက်ခင်တွင် သူမသေဆုံး သွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်။ သူ သူမ၏လက်ကို ဆုပ်ကိုင်ခွင့် မရလိုက်ခင်တွင် သူမ၏ ဝိညာဉ်သည် နဝမမြောက် ကောင်းကင်ဘုံသို့ ပြန်သွားခဲ့သည်။ ထို့ပြင် သူမ၏ ကိုယ်မှာလည်း တစ်စစီတောင် ဖြစ်သွားကောင်း ဖြစ်သွားလောက်သည်။
"သေသွားပြီ"
ကျန်းရီ၏ စိတ်သည် သူတို့တွေ့ဆုံခဲ့ပုံ၊ သူ စုလောရွှယ်အား ပထမဆုံးအကြိမ် မြင်ခဲ့စဉ်က မှင်တက်သွားရပုံ စသည့် မှတ်ဉာဏ်များကို တစ်ခုချင်း ပြန်မြင်ယောင် လာခဲ့သည်။ ဝိညာဉ်သားရဲ မြို့ပြင်တွင် သူမ သူ့အတွက် ကူညီ၍ ပြောပေးခဲ့သော အခိုက်အတန့် ... စုလောရွှယ် သူတို့အဖွဲ့၏ ဆရာအဖြစ် ရှိစဉ်ကာလက သူတို့ နှစ်ယောက်ကြားရှိ အဖြစ်အပျက်များ ... သူမသည် စိတ်ဆုံးဖြတ်ပြီး ကောင်းကင်ဧကရာဇ်၏ ဂူသင်္ချိုင်းအတွင်းသို့ သူ့နောက်မှ လိုက်လာခဲ့ပုံများ ... အိမ်ရှေ့စံ၏ အိမ်တော်တွင် သူမသည် ဝမ်းနည်းစွာဖြင့် သူ့အား ကျောခိုင်းသွားခဲ့ပုံ ... ရှားယွိမြို့၏ စားသောက်ပွဲ အခမ်းအနားတွင် သူ့ကို မြင်သောခဏ၌ တောက်ပလာသော သူမ၏ လှပသော မျက်လုံးအစုံ ... စသည်ဖြင့် သူ့စိတ်သည် ဖြစ်ရပ်တစ်ခုချင်းစီထံ အလည်ရောက် သွားခဲ့သည်။
သူတို့ နှစ်ယောက်ကြားတွင် ဖြစ်ရပ်များစွာ ရှိခဲ့ပြီး သူတို့သည် အခက်အခဲများစွာကို အတူကျော်ဖြတ် ခဲ့ကြဖူးသည်။ ကျန်းရီတွင် စုလောရွှယ်ကို ပြောစရာ စကားများစွာ ရှိသော်လည်း သူမအား မပြောနိုင်တော့ပေ။ စုလောရွှယ်သည် ကျန်းရီ၏ နှလုံးသားကိုပါ ယူဆောင်ရင်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
"သေသွားပြီ ... သေသွားပြီ ... သေသွားပြီ"
ကျန်းရီ၏ မျက်နှာတွင် သေဆုံးသွားချင်သော အရိပ်အယောင်တို့ ပေါ်လွင်နေခဲ့သည်။ သူသည် အရှေ့သို့ မျက်နှာသေနှင့်ကြည့်ကာ အရူးတစ်ယောက်လိုမျိုး တတွတ်တွတ် စကားပြောနေလေ၏။ သူ့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါတို့သည် ဖြည်းဖြည်းချင်း ယုတ်လျော့သွားခဲ့ပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများသည် မြေပြင်ပေါ်သို့ တတောက်တောက် ကျဆင်းနေလေ၏။ ထိုခဏတွင် သူ့လက်ထဲမှ မီးနဂါးဓားသည်လည်း အလင်းရောင်များ ပျောက်ဆုံးသွား၏။ စုလောရွှယ် သေဆုံး သွားပြီးသည့်နောက် သူပါ အသက် ဆက်မရှင်ချင်တော့သည့် ပုံစံပင်။
"ဝှစ်"
မိန်းမစိုးအိုကြီး ဝေ့သည် ကျန်းရီ၏ စိတ်အခြေအနေကို မြင်သောအခါ မျက်လုံးများ တောက်ပလာလေ၏။ ဤအခွင့်အရေးကို သူမည်သို့ လက်လွှတ်ခံနိုင်ပါ မည်နည်း။ သူနှင့် စိတ်ဝိညာဉ် မျောလွင့်ခရီးသည် ထိပ်ဆုံးအဆင့် လူတစ်ယောက်သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကျန်းရီထံ ပြေးဝင်လာကြသည်။
ဆယ်ကီလိုမီတာ၊ ခြောက်ကီလိုမီတာ ... သုံးကီလိုမီတာ ...
ကျန်းရီနှင့် နီးလာလေလေ သူတို့နှစ်ယောက်၏ မျက်လုံးများမှာ တောက်ပလာလေလေ ဖြစ်သည်။ ကျန်းရီသည် နေရာတွင်သာ ငတုံးတစ်ယောက်ပမာ ရပ်နေခဲ့ပြီး ပြန်လည် တိုက်ခိုက်မည့် အရိပ်အယောင် လုံးဝမရှိချေ။
"သေစမ်း"
မိန်းမစိုးအိုကြီး ဝေ့သည် ရက်စက်စွာ အော်ဟစ်လိုက်သည်။ ဤတစ်ကြိမ်တွင် အစောပိုင်းက သူသုံးခဲ့သော တာအိုဖွဲ့စည်းပုံအား ထုတ်မသုံးခဲ့ပေ။ သူ့ကိုယ်သည် ပုံရိပ်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ ကျန်တစ်ယောက်သည်လည်း ကျန်းရီထံ လျှပ်စီးအလျင်နှင့် ပြေးဝင်လာခဲ့သည်။ သူတို့သည် ကျန်းရီကို သတိဝင်လာအောင် လုပ်လိုက်သလို ဖြစ်သွားမည်ဆို၍ ကိုယ်တိုင် အနီးကပ် တိုက်ခိုက်ကြခြင်း ဖြစ်သည်။
မီတာနှစ်ထောင် ... မီတာတစ်ထောင် ... မီတာငါးရာ ...
မိန်းမစိုးဝေ့၏ နှလုံးခုန်သံများ မြန်ဆန်လာခဲ့သည်။ သူကျန်းရီကို ကိုယ်တိုင် သတ်နိုင်လျှင် အပြစ်ကို ကလဲ့စားဖြင့် ဆေးကြောခဲ့၍ အသက်ရှင်နိုင်သည့် အခွင့်အရေး ရနိုင်၏။
"ဟိုင်းယား"
ကျန်းရီနှင့် မီတာတစ်ရာခန့် အကွာသို့ ရောက်သောအခါ မိန်းမစိုးဝေ့၏ ကိုယ်မှ အရှိန်အဝါများ ထွက်ပေါ်လာခဲ့ပြီး နဂါးတစ်ကောင်ပမာ ကျန်းရီထံ တိုးဝင်သွားခဲ့သည်။ ထိုမျှ နီးကပ်နေသော အကွာအဝေးတွင် ကျန်းရီရုတ်တရက် နေရာရွှေ့ပြောင်း လိုက်မည် ဆိုလျှင်တောင် ကျန်းရီကို သူသတ်နိုင်မည်မှန်း သေချာပေါက် ယုံကြည်ချက်ရှိသည်။ သူသည် လေထဲတွင် ခုန်လိုက်ရင်း အော်ဟစ်လိုက်သည်။
"ကျန်းရီ ... သေပေတော့"
"သေပေတော့ဟုတ်လား"
ကျန်းရီသည် နောက်ဆုံးတွင် အသိပြန်ဝင်လာပြီး မိန်းမစိုးဝေ့အား မော့ကြည့်လိုက်သည်။ သူသည် တဖြည်းဖြည်း ကြီးလာနေသော မိန်းမစိုးဝေ့၏ သိမ်းငှက်လက်သည်းပုံ လက်အနေအထားကို မြင်လိုက်ရသည်။ တစ်ဖက်မှ ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်၍ သူ့ထံ လျှပ်စီးအလျင်နှင့် ပျံသန်းလာနေသော အနက်ရောင် အရိပ်တစ်ရိပ်ကိုလည်း သူမြင်လိုက်သည်။
သူသည် အနည်းငယ်လေးတောင် ကြောက်လန့်သွားခြင်း မရှိသလို စိတ်ဝိညာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်း ကျင့်စဉ်ကို အသုံးပြုရန် ရည်ရွယ်ချက်လည်း မရှိပေ။ အချုပ်ပြောရလျှင် သူ့ပုံစံမှာ သေဆုံးခြင်းကိုသာ အလိုရှိသည့်ပုံပင်။ သူသည် ခေါင်းငုံ့ကာ တီးတိုး ရေရွတ်နေခဲ့သည်။
"ဒါဆိုလည်းသေမယ် ... သေတာပေါ့၊ လောရွှယ်ကသေပြီ ... ငါဘာလို့ အသက်ဆက်ရှင်ရမှာလဲ ... ငါလည်းသေပြီး အကုန်လုံးကို အဆုံးသတ်လိုက်တာပေါ့"
"မဟုတ်သေးဘူး"
သူသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ခေါင်းကို ချက်ချင်း ပြန်မော့လာခဲ့ပြီး မိန်းမစိုးဝေ့ကို သွေးနီရောင် မျက်လုံးများဖြင့် ကြည့်လာလေ၏။ သူ့ပုံစံသည် မျှော်လင့်ချက် မဲ့နေသော မျက်နှာထားမှသည် ရက်စက်လှသော မျက်နှာထားအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သူ၏ အားနည်းသွားသော အရှိန်အဝါများသည် တစ်ဟုန်ထိုး ပြန်လည် ထွက်ပေါ်လာခဲ့သည်။ သူ၏ မူရင်း သွေးနီရောင်မျက်လုံး အစုံမှသည် အနီရောင် အလင်းများပါ တောက်ပလာခဲ့ပြီး နှုတ်ခမ်းများ တွန့်သွားကာ စကားပြောလာလေ၏။
"ခင်ဗျားက လောရွှယ်ကို သတ်လိုက်တဲ့ တစ်ယောက်မဟုတ်လား၊ ဘာလို့ငရဲကို မသွားတာလဲ"
"ဟား ... ဟား ... ဟား"
မိန်းမစိုးအိုကြီးဝေ့၏ သိမ်းငှက် လက်သည်းများသည် ကျန်းရီနှင့် မီတာအနည်းငယ်သာ ဝေးတော့ပြီး ကျန်းရီ၏ ဦးခေါင်းကို စက္ကန့်ပိုင်းအတွင်း ထိုးဖောက်သွားတော့မည့် အလားပင်။ ကျန်းရီသည် အသိပြန်ဝင် လာသော်လည်း မိန်းမစိုးဝေ့မှာ သူကျန်းရီအား အသာလေး သတ်နိုင်သည်ဟု ယုံကြည်ချက် ရှိလေ၏။ ကျန်းရီသည် မီးဝိညာဉ်ကျောက်တုံးကို ထုတ်လိုက်လျှင်တောင် သေလူဖြစ်နေပြီးသား ဖြစ်လေသည်။ ကျန်းရီ၏ လက်ထဲမှ မီးဝိညာဉ်ပုလဲသည် တောက်ပမလာခဲ့ပေ။ မီးဝိညာဉ် ကျောက်တုံးအား သူထုတ်ချင်လျှင်တောင် နောက်ကျနေပြီ ဖြစ်သည်။
"သေကြ ... လောရွှယ်ကို အန္တရာယ် ပေးတဲ့သူတိုင်း သေရမယ်"
မီးဝိညာဉ်ပုလဲလည်း တောက်ပမလာသလို မီးနဂါးဓားမှာလည်း မှိန်ဖျော့နေဆဲသာ။ ကျန်းရီသည် ခေါင်းမော့၍ မရပ်မနား အော်ဟစ်နေလေသည်။ သူအော်နေချိန်တွင် သူ့ဆံပင် နက်နက်များမှာ လေမတိုက်ပါဘဲ တဖျပ်ဖျပ် လွင့်နေခဲ့သည်။ အလွန် ထူးဆန်းသည့်အရာ ဖြစ်လာခဲ့သည်။
သူ၏ ဦးခေါင်းမှ အနက်ရောင် ဆံပင်များမှာ သွေးနီရောင်အဖြစ် လျင်မြန်စွာ ပြောင်းလဲနေခဲ့ခြင်း ...
"ဒါက ...”
မိန်းမစိုးဝေ့နှင့် စိတ်ဝိညာဉ် မျောလွင့်ခရီးသည် ထိပ်ဆုံးအဆင့် သက်တော်စောင့်တို့၏ မျက်လုံးများတွင် အံ့အားသင့်ရိပ်များ ဖြတ်ပြေးသွားကြသည်။ ကျန်းရီ၏ သတ်ဖြတ်ခြင်း အရှိန်အဝါဖြင့် ဖိနှိပ်ထားခံရသော အနီးမှ စစ်သည်များ၏ မျက်လုံးများမှာလည်း သရဲမြင်လိုက်ရသည့် ပမာ ပြူးကျယ်သွားကြ၏။
ဝမ်းနည်းမှုကြောင့် ညတွင်းချင်း ဆံပင်များ ဆွတ်ဆွတ်ဖြူသွားခြင်း ...
ထိုစကားကို လူတိုင်းနီးပါး ကြားဖူးကြသော်လည်း ဆံပင်အနက်မှသည် သွေးနီရောင်သို့ ပြောင်းလဲ သွားခြင်းသည်ကား တွေးပင် မတွေးမိကြသည့် ကိစ္စ ဖြစ်လေသည်။ ထိုအကြောင်းအား ထူးခြားဆန်းကြယ် ဒဏ္ဍာရီများတွင်တောင် မကြားဖူးကြပေ။ သို့သော် ထိုဖြစ်ရပ်မှာ သူတို့မျက်စိရှေ့တွင် ဖြစ်ပွားနေ၏။
"သေကြ"
ကျန်းရီ၏ ကိုယ်တွင် ထူးဆန်းလှသော ပြောင်းလဲမှုတစ်ခု ဖြစ်ပွားသော်လည်း မိန်းမစိုးဝေ့၏ ကိုယ်မှာ ရပ်တန့်သွားမည့်ဟန် မရချေ။ သူ၏ သိမ်းငှက် လက်သည်းများမှာ လေကိုခွင်း၍ လာခဲ့ပြီး ကျန်းရီ၏ ဦးခေါင်းအား ကုတ်ချလာခဲ့သည်။
"ဝှစ်"
ထိုခဏတွင် ကျန်းရီ၏ကိုယ်မှ ယခင်ကထက် ဆယ်ဆမက ပိုပြင်းထန်သည့် သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ ထိုအရှိန်အဝါတို့ကြောင့် ကျန်းရီအား ရှေးဟောင်းမျိုးစိတ် သားရဲတစ်ကောင် အလားပင် ထင်မှတ်မှားကြ ရသည်။ ထိုအရှိန်အဝါသည် ခရမ်းရောင် နန်းတော်ရှင်အဆင့် အဆင့်နိမ့် စစ်သည်များနှင့် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် တပ်မှူးများကို ဖိနှိပ်ထားသောကြောင့် သူတို့မှာ မြေပြင်ပေါ်တွင် ဝပ်နေကြရလေ၏။ သွေးများမှာလည်း ဦးခေါင်းရှိ ဒွါရခုနစ်ပေါက်မှ ယိုစီးထွက်လာကြသည်။
"ဒါ ... ဒါက ...” ခုနစ်
တစ်ဖက်တွင် ကျန်းရီနှင့် မီတာရာဂဏန်းခန့် ဝေးနေသော စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် သက်တော်စောင့်သည် မှင်တက်နေလေ၏။ သူ့မျက်လုံးများမှာ ထိတ်လန့်မှုများ ပေါ်လွင်နေပြီး သူ့ကိုယ်သည် တဆတ်ဆတ် တုန်ယင်နေလေသည်။
သူသည် စစ်တပ်၏ အလယ်တွင် သွေးနီရောင် ဆံပင်များ တဖျပ်ဖျပ်လွင့်၍ ရပ်နေသော ကျန်းရီအား ကြည့်လိုက်သည်။ ထို့နောက် တစ်ကိုယ်လုံးမှ အားများကို အတင်းစုစည်း၍ ပါးစပ်အနိုင်နိုင် ဖွင့်ကာ အလန့်တကြား ရေရွတ်လိုက်သည်။
"ပြင်းလိုက်တဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါ ... ကျန်းရီရဲ့ သတ်ဖြတ်ခြင်း အင်အားက စတုတ္ထအဆင့်ကို ရောက်သွားပြီလား။ ဒါ ... ဒါ ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သတ်ဖြတ်ခြင်း ဧကရာဇ် စတုတ္ထအဆင့်ကို ရောက်ဖို့ ဆယ်နှစ်မက အချိန်ယူခဲ့ ရတယ်လေ ... ကျန်းရီ အသက်က ဘယ်လောက်ရှိသေးလို့လဲ"
ကျန်းရီ၏ သွေးနီရောင် မျက်လုံးများမှာ အနီးတစ်ဝိုက်ရှိ ကြောက်လန့်နေကြသော စစ်သည်များအား ဝေ့ကြည့်လိုက်သည်။ သူ့မျက်နှာတွင် ဘာခံစားချက်မှ မပေါ်နေပေ။ သူ၏ ဆံပင်နှင့် အဝတ်အစားများမှာ အသံများ မြည်သည်အထိ တဖျပ်ဖျပ် လွင့်နေခဲ့သည်။ သူသည် မီးနဂါးဓားကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး သေမင်းတမန်တို့ ပိုင်ဆိုင်သည့် ဝိညာဉ်နုတ်တော့မည့် လေသံနှင့် ပြောလာခဲ့လေသည်။
"ဒီနေ့ ... အားလုံး သေရမယ်"
***