ကြီးမားသော အမြတ်အစွန်း၊ ကံကောင်းခြင်းအမှတ် ၃၀၀။
Vol. 4 Ch. 43
"ကျွမ်းကျင်အဆင့် ရောက်နေတဲ့ အလင်းတန်း ဓားသိုင်းက ဒီလောက် စွမ်းအားကြီးတာ အံ့သြစရာ မရှိပါဘူး"
တိုက်ပွဲ၏ ရလဒ်ကို ကြည့်ရှုရင်း ကျန်းဖန် အလွန် ကျေနပ်သွားမိ၏။
အကယ်၍ သူသည် အခြေခံ ဓားသိုင်းအဆင့်မျှသာ ရှိသေးလျှင် ဆယ်စုနှစ်များစွာ ကြိုးစားလေ့ကျင့်ထားသော လော့ကျန့် နှင့် ရင်ဆိုင်ရပါက ရလဒ်ကောင်း ရချင်မှ ရပေလိမ့်မည်။
သတိမထားမိပါက တစ်ယောက်ယောက် ထွက်ပြေးလွတ်မြောက်သွားနိုင်ချေ ရှိသည်။
ထိုသို့ဆိုလျှင် သူ၏ အထောက်အထား ပေါက်ကြားသွားပေလိမ့်မည်။
ယခုမူ မျက်တောင်တစ်ခတ်အတွင်းမှာပင် လော့ကျန့်နှင့် အခြားသူများကို သတ်ဖြတ်နိုင်ခဲ့၏။ အားပင် မစိုက်ထုတ်လိုက်ရသလောက်ပင်။
ဤအချက်က ကျွမ်းကျင်အဆင့် ရှိသော အလင်းတန်း ဓားသိုင်း၏ စွမ်းအားကို ပြသနေခြင်း ဖြစ်သည်။
အကယ်၍ သူသာ ဆရာတစ်ဆူအဆင့်သို့ တက်လှမ်းနိုင်ပါက သူ၏ တိုက်ခိုက်ရေး စွမ်းရည်သည် ပိုမို မြင့်မားလာဦးမည် ဖြစ်သည်။
အမှန်စင်စစ် ဤအချက်အပြင် သူ၏ လက်ထဲမှ ချန်ယင်းဓား၏ ကောင်းမှုလည်း ပါဝင်ပေသည်။
ဤနတ်ဘုရားဓားကို ကိုင်ဆောင်ထားသဖြင့် သူသည် အမှန်တကယ်ပင် အတောင်ပံတပ်ထားသော ကျားတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
ရန်သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ရန် အားစိုက်ထုတ်စရာ မလိုသလောက်ပင်။
ဤအချက်က သူ၏ တိုက်ခိုက်ရေး စွမ်းရည်ကို အများကြီး တိုးတက်စေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ရန်သူမှာ လက်နက်မဲ့ ဖြစ်နေသဖြင့် သူ့ကို ပြန်လည် တိုက်ခိုက်ရန် ကြိုးစားခြင်းသည် မိုက်မဲသော အိပ်မက်တစ်ခုသာ ဖြစ်ပေသည်။
"ဒီကောင်တွေဆီမှာ ငွေစတွေ ဒီလောက်တောင် ပါတာလား"
"သူတို့ ပြည်သူတွေဆီကနေ ဘယ်လောက်တောင် ခေါင်းပုံဖြတ်ထားကြသလဲ"
ထိုအချိန်၌ ကျန်းဖန်သည် အလောင်းများကို ရှာဖွေစစ်ဆေးလိုက်ရာ လော့ကျန့်ထံမှ အထုပ်တစ်ထုပ်ကို တွေ့ရှိလိုက်ရသည်။
ထိုအထုပ်ထဲတွင် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ငွေစ (၅၇၆) ပြားတိတိ ပါရှိနေလေသည်။
တံငါသည် မိသားစုတစ်စု တစ်သက်လုံး လုပ်ကိုင်လျှင်ပင် ဤမျှများပြားသော ငွေပမာဏကို ရှာဖွေနိုင်မည် မဟုတ်ချေ။
အစားအသောက် ဝယ်ယူရန်အတွက်သာ အသုံးပြုပြီး ဖြုန်းတီးခြင်း မရှိပါက ဤငွေပမာဏသည် ဘယ်တော့မှ ကုန်ခမ်းမည် မဟုတ်ပေ။
သို့သော် သိုင်းပညာ လေ့ကျင့်သူ တစ်ယောက်အတွက်ဆိုလျှင်မူ ဤငွေပမာဏသည် ဘာမှ မဟုတ်ချေ။
စားသုံးလိုက်သော ရတနာဆေးဝါး တစ်ခုတည်းကပင် တန်ဖိုး မည်မျှရှိသည်ကို မည်သူ သိနိုင်ပါမည်နည်း။
ထို့ကြောင့် ဆင်းရဲသားများ အနေဖြင့် သိုင်းပညာတွင် အောင်မြင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
အထက်တန်းလွှာ မိသားစုများသာလျှင် မျိုးဆက်တစ်ခုပြီးတစ်ခု သိုင်းပညာရှင် အများအပြားကို မွေးထုတ်ပေးနိုင်ကြသည်။
"ဒီလောက် ငွေအများကြီး ရှိမှတော့ ငါးဖမ်းထွက်စရာ မလိုတော့ဘူး"
"ဘာမှမလုပ်ဘဲ ထိုင်စားရင်တောင် အကြာကြီး ခံဦးမှာ"
ကျန်းဖန် အလွန် ကျေနပ်သွားမိသည်။
ဆိုရိုးစကား ရှိသည်မဟုတ်လော... ငွေဆိုတာ သူရဲကောင်းတစ်ယောက်ရဲ့ ရဲစွမ်းသတ္တိပဲ... ဟူ၍။ ဤခေတ်ကာလတွင် ငွေမရှိဘဲ ရပ်တည်ရန် မဖြစ်နိုင်ချေ။
ငွေတစ်ပြား မရှိလျှင် သူရဲကောင်းပင် ဒုက္ခရောက်ရတတ်သည်။
လက်ထဲတွင် ငွေရှိနေသမျှ ကာလပတ်လုံး မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ကောင်းမွန်စွာ နေထိုင်နိုင်မည် ဖြစ်သည်။
နောင်တွင် ယွင်မုန်ကန်သို့ ငါးဖမ်းထွက်ခြင်းသည် အပျော်သဘော သက်သက်သာ ဖြစ်တော့မည်၊ အသက်ရှင်ရပ်တည်ရေးအတွက် မဟုတ်တော့ပေ။
ငါးမမိလျှင်လည်း ကိစ္စမရှိတော့ချေ။
ဝုန်း…
ထိုအချိန်၌ ကျန်းဖန်၏ အသိစိတ်အာရုံ နက်ရှိုင်းသော နေရာမှ သတင်းစကားတစ်ခု ပေါ်ထွက်လာလေသည်။
"ကြိုတင်ပြင်ဆင်မှုသည် လက်ဦးမှု ရယူနိုင်ခြင်း ဖြစ်သည်။ သင်၏ နိုးကြားမှုကြောင့် နဂါးဘုရင်ဂိုဏ်း အကြီးအကဲ လော့ကျန့်ကို လမ်းခုလတ်တွင် ခြုံခိုတိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူကြီးတစ်ဦးကို လက်ဦးမှုရယူကာ ရှင်းလင်းနိုင်ခဲ့သည်။ သေစေနိုင်သော ကပ်ဘေးတစ်ခုကို ရှောင်ရှားနိုင်ခဲ့သဖြင့် အဋ္ဌမအဆင့် အခွင့်အလမ်းနှင့် ကံကောင်းခြင်း အမှတ် (၃၀၀) ကို ရရှိသည်။"
ထိုသတင်းစကားကို အာရုံခံမိလိုက်သော် ကျန်းဖန်၏ ရင်ထဲတွင် ဝမ်းသာပီတိများ လှိုင်းထသကဲ့သို့ ဖြစ်ပေါ်လာသည်။ မမျှော်လင့်ဘဲ အဋ္ဌမအဆင့် အခွင့်အလမ်းကို ရရှိခဲ့ရုံသာမက ကံကောင်းခြင်း အမှတ် (၃၀၀) ကိုပါ ရရှိခဲ့လေသည်။
သံသယဖြစ်ဖွယ် မရှိသည်မှာ နဂါးဘုရင်ဂိုဏ်းမှ လော့ကျန့်ကို သတ်ဖြတ်လိုက်ခြင်းက သူ့ကို ကြီးမားသော ကံကောင်းခြင်းများ ယူဆောင်လာပေးခြင်း ဖြစ်သည်။
သူ၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း ထင်ရှားနေသည်။
အကယ်၍ လော့ကျန့်ကိုသာ လမ်းခုလတ်တွင် မတားဆီးခဲ့ပါက ဤလူယုတ်မာသည် နောင်တစ်ချိန်တွင် သူ့အတွက် ကြီးမားသော ရန်သူ ဖြစ်လာမည်မှာ သေချာသည်။
သူ့ကို ဒုက္ခပေးရန် နဂါးဘုရင်ဂိုဏ်းမှ အထက်တန်းလွှာ အများအပြားကိုပင် ခေါ်ဆောင်လာနိုင်ပြီး သူ့ကို ဘေးအန္တရာယ် အတွင်းသို့ ကျရောက်စေနိုင်ပေသည်။
ယခုမူ အခြေအနေများ ကွာခြားသွားပြီ ဖြစ်၏။
ရန်သူ မလှုပ်ရှားမီ အခွင့်ကောင်းယူ၍ လော့ကျန့်ကို တိုက်ရိုက် သတ်ဖြတ်လိုက်ခြင်းဖြင့် လက်စားချေရန် အခွင့်အရေး မပေးတော့ချေ။
ထို့ပြင် ယခုအချိန်တွင် ပရမ်းပတာ ဖြစ်နေပြီး မျက်ခုံးနီ သူပုန်တပ်များလည်း သောင်းကျန်းနေသဖြင့် နဂါးဘုရင်ဂိုဏ်းက သိရှိသွားလျှင်တောင်မှ ဘာမှလုပ်နိုင်မည် မဟုတ်ချေ။ တရားခံကို ရှာဖွေရန် မဖြစ်နိုင်တော့ပေ။
ထိုသို့ တွေးတောရင်း ကျန်းဖန်သည် အခွင့်အလမ်း အလင်းစက်ကလေးကို ဖွဖွလေး နှိပ်လိုက်သည်။
အခြားသတင်းစကားတစ်ခု လျင်မြန်စွာ ပေါ်ထွက်လာလေသည်။ "ခုနစ်ရက်အကြာ နေ့လယ်ခင်းအချိန်တွင် ယွင်မုန်ကန်ရှိ ဖိနပ်တောင်ကျွန်းမှ မီတာ (၅၀၀) အကွာရှိ ဂူတစ်ခုသို့ သွားရောက်၍ အဋ္ဌမအဆင့် အခွင့်အလမ်းကို ရယူပါ။"
ဖိနပ်တောင်ကျွန်း ဟုတ်လား...။
ယွင်မုန်ကန်ရှိ ဤကျွန်းကို ကျန်းဖန် ကောင်းစွာ သိရှိထားသည်။ မည်သို့ပင်ဆိုစေကာမူ ယွင်မုန်ကန်သည် မိုင်ပေါင်း (၈၀၀) မျှ ကျယ်ဝန်းသော ရေပြင်နှင့် စိမ့်မြေဒေသဖြစ်ပြီး ကျယ်ပြန့်သော ကန်ရေပြင်ပေါ်တွင် လူမနေသော ကျွန်းအမျိုးမျိုး ရှိနေသည်။
ထိုအထဲတွင် ဖိနပ်တောင်ကျွန်းသည် စတုရန်းမီတာ သောင်းချီ ကျယ်ဝန်းသော ကျွန်းတစ်ကျွန်းဖြစ်ပြီး ပန်းထိုးဖိနပ်တစ်ဖက်နှင့် တူသောကြောင့် တံငါသည်များက ဖိနပ်တောင်ကျွန်းဟု အမည်ပေးထားကြခြင်း ဖြစ်သည်။
ကျွန်းပေါ်တွင် ထူထပ်သော သစ်တောများနှင့် တောင်ကုန်းငယ်အချို့ ရှိသည်။
တံငါသည်များသည် တစ်ခါတစ်ရံ ဤကျွန်းပေါ်တွင် ယာယီခေတ္တ ရပ်နားလေ့ ရှိကြသည်။
ဤနေရာတွင် ခုနစ်ရက်အကြာ၌ အဋ္ဌမအဆင့် အခွင့်အလမ်း ပေါ်ပေါက်လာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။
သို့သော် မည်ကဲ့သို့သော အခွင့်အလမ်းမျိုး ဖြစ်မည်ကိုမူ ခုနစ်ရက်နေမှသာ သူ သိရပေလိမ့်မည်။
ဝှစ်…
ကျန်းဖန်သည် ဤနေရာတွင် ကြာကြာနေရန် အစီအစဉ် မရှိသဖြင့် အင်္ကျီအတွင်းမှ အလောင်းဖျောက် ရေစင်ကို ထုတ်ယူလိုက်ပြီး လော့ကျန့်နှင့် အခြားသူများ၏ အလောင်းများပေါ်သို့ တစ်စက်စီ ချလိုက်ရာ လျင်မြန်စွာပင် သွေးအိုင်များအဖြစ် ပြောင်းလဲသွားလေသည်။
အကယ်၍ အလောင်းများ ကျန်ရစ်ခဲ့ပါက မှုခင်းဆေးပညာ ကျွမ်းကျင်သူအချို့သည် အလောင်းပေါ်ရှိ ဒဏ်ရာများကို ကြည့်ရှုပြီး သူ့အကြောင်း အသေးစိတ် အချက်အလက်များကို ခန့်မှန်းမိသွားနိုင်ပေသည်။
ခြေရာလက်ရာ သိပ်မကျန်ရစ်စေရန် အတွက် အလောင်းများကို ဖျက်ဆီးပြီး သက်သေအထောက်အထားများကို ဖျောက်ဖျက်လိုက်ခြင်းက အကောင်းဆုံး ဖြစ်သည်။
ကိစ္စအားလုံး ပြီးဆုံးသွားပြီးနောက် ကျန်းဖန်သည် သော်ကရွာသို့ လျင်မြန်စွာ ပြန်လာခဲ့သည်။
သူ သော်ကရွာမှ ထွက်ခွာသွားပြီး လမ်းခုလတ်တွင် လော့ကျန့်နှင့် အခြားသူများအား ခြုံခိုတိုက်ခိုက် သတ်ဖြတ်ခဲ့သည်ကို မည်သူမျှ သိရှိလိုက်ကြမည် မဟုတ်ချေ။
ကျန်းဖန် ထိုနေရာမှ ထွက်ခွာသွားပြီး အတော်အတန် ကြာမြင့်သော အချိန်တွင် ကျန်ရစ်ခဲ့သော နဂါးဘုရင်ဂိုဏ်းသား (၁၀) ယောက်ခန့် နောက်မှ ရောက်ရှိလာကြလေသည်။
သူတို့၏ ရာထူးအဆင့်အတန်းသည် နိမ့်ကျသဖြင့် မြင်းလှည်း မစီးရဘဲ ထုန်ဟယ်မြို့နယ်သို့ လမ်းလျှောက်ပြန်ကြရသူများ ဖြစ်သည်။
"နေပါဦး... ဒါ သခင်ကြီးလော့ရဲ့ မြင်းလှည်း မဟုတ်ဘူးလား"
"ဘာလို့ ဒီနေရာ ရောက်နေရတာလဲ"
"ပြီးတော့ အပိုင်းပိုင်းအစစ ကြေမွနေပါလား... ဓားပြတွေများ သခင်ကြီးလော့ကို တိုက်ခိုက်လိုက်ကြတာလား"
ထိုလူစုသည် လုံးဝ ကြေမွပျက်စီးနေသော မြင်းလှည်းကို ချက်ချင်း သတိထားမိလိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားကြသည်။
မြင်းလှည်းပင် ဤမျှ အခြေအနေ ဆိုးရွားနေပါက သခင်ကြီးလော့နှင့် အခြားသူများ ဘာဖြစ်သွားကြမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
"သခင်ကြီးလော့နဲ့ တခြားလူတွေရဲ့ အလောင်းတွေကို ရှာမတွေ့ဘူး... မြေကြီးပေါ်မှာ သွေးအိုင်တွေပဲ ကျန်တော့တယ်"
"သောက်ကျိုးနည်း... ဒါက သိုင်းလောကမှာ ကောလာဟလ ထွက်နေတဲ့ နာမည်ကျော် အလောင်းဖျောက် ရေစင်ပဲ... သခင်ကြီးလော့နဲ့ တခြားသူတွေ သေချာပေါက် အသတ်ခံလိုက်ရပြီ"
"မဖြစ်နိုင်တာ... တကယ်ကြီးလား... အလောင်းဖျောက် ရေစင်က အရမ်း ရှားပါးတာနော်... သာမန် သိုင်းသမားတွေ လက်လှမ်းမီတာ မဟုတ်ဘူး... သခင်ကြီးလော့ကို ဘယ်သူကများ ခြုံခိုတိုက်ခိုက်နိုင်မှာလဲ"
"အမှန်တိုင်းပြောရရင် ဘယ်သူပဲဖြစ်ဖြစ်... သူက ငါတို့ ရန်စလို့ရမယ့်သူ မဟုတ်ဘူး"
နဂါးဘုရင်ဂိုဏ်းသား အများအပြား အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ တစ်ယောက်ချင်းစီတိုင်း ကြောက်ရွံ့နေကြောင်း ထင်ရှားနေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် သာမန် သိုင်းပညာရှင်များသာ ဖြစ်ကြပြီး အများဆုံးမှ အရေပြား သန့်စင်ခြင်း အဆင့်သာ ရှိကြသည်။
တစ်ဖက်လူက အရွတ်ကြွက်သား သန့်စင်ခြင်း အဆင့် သိုင်းပညာရှင်ကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသည်။
ထို့ကြောင့် သူတို့ကို သတ်ဖြတ်ရန်မှာ လက်လေးခါလိုက်သလောက်ပင် လွယ်ကူပေလိမ့်မည်။
"သွား... မြန်မြန်သွားပြီး ထွက်ပြေးကြစို့"
"လူသတ်သမားက ဒီနားမှာ ရှိနေနိုင်သေးတယ်"
"ငါတို့ကို တွေ့သွားရင် ငါတို့ပါ အသတ်ခံရလိမ့်မယ်"
"ဟုတ်တယ်... ထုန်ဟယ်မြို့နယ်ကို မြန်မြန်ပြန်ပြီး ဂိုဏ်းချုပ်ကြီးကို ဒီကိစ္စ သတင်းပို့ကြတာပေါ့... ငါတို့ ကိုင်တွယ်နိုင်မယ့်ကိစ္စ မဟုတ်ဘူး"
"ဟူး... တကယ့်ကို ကပ်ဘေးကာလပဲ... နဂါးဘုရင်ဂိုဏ်း တကယ်ပဲ ကျဆုံးတော့မှာလား မသိပါဘူး"
"အေးကွ... ဘာမှမဖြစ်သေးခင်မှာပဲ ပြိုလဲမယ့် လက္ခဏာတွေ ပြနေပြီ"
"ကြည့်ရတာ ငါတို့လည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုမယ့်ပုံပဲ"
နဂါးဘုရင်ဂိုဏ်းသားများ တီးတိုး ဆွေးနွေးလိုက်ကြပြီး ကြောက်ရွံ့နေကြသည်။
သူတို့သည် ဆက်လက်နေထိုင်ပြီး သဲလွန်စများကို စုံစမ်းစစ်ဆေးရဲခြင်း မရှိကြချေ။
လူသတ်သမားသာ အနီးအနားတွင် ရှိနေပါက သူတို့ သေချာပေါက် အသတ်ခံရမည် ဖြစ်သည်။
လူသတ်သမား ဘယ်သူလဲဆိုတာ သိလိုက်ရရင်တောင်မှ သူတို့မှာ လက်စားချေနိုင်သည့် စွမ်းရည် မရှိပါ။
အမှန်တိုင်းပြောရလျှင် သူတို့သည် အကျိုးစီးပွားအတွက် နဂါးဘုရင်ဂိုဏ်းထဲ ဝင်ထားကြခြင်းသာ... အသက်ပေးဖို့အတွက် ဝင်ထားကြခြင်း မဟုတ်ကြ။
အကယ်၍ နဂါးဘုရင်ဂိုဏ်းသာ အကျပ်အတည်းနှင့် ရင်ဆိုင်ရလျှင် သူတို့သည် တခြားလူများထက် အရင်ဆုံး ထွက်ပြေးကြမည်မှာ သေချာသည်။
…