← Chapters

အထက်တန်းလွှာ မိသားစုများကို သတ်ဖြတ်ခြင်း။

Vol. 4 Ch. 45

အထက်တန်းလွှာ မိသားစုများကို သတ်ဖြတ်ခြင်း။

Vol. 4 Ch. 45

"ဂိုဏ်းချုပ်... ဘာဖြစ်လို့ နန်းတော်က စစ်တပ်ကြီးက ရုတ်တရက် ပြိုကွဲသွားရတာလဲ"

"ပုံမှန်ဆိုရင် မျက်ခုံးနီ သူပုန်တပ်က နေရာအနှံ့က စုစည်းထားတဲ့ ဓားပြအုပ်စုပဲလေ"

"သူတို့က နန်းတော်က ပင်မစစ်တပ်ကြီးရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး"

"ဘယ်လိုဖြစ်ပြီး ဒီလောက်မြန်မြန်ကြီး ပြိုလဲသွားရတာလဲ"

နဂါးဘုရင်ဂိုဏ်း အကြီးအကဲ တစ်ဦးသည် အလွန် နားမလည်နိုင် ဖြစ်နေ၏။ နန်းတော်၏ စစ်တပ် ရှုံးနိမ့်သွားသည့် အရှိန်သည် မြန်ဆန်လွန်းသည်ဟု ခံစားနေရသည်။

ဤအခြေအနေသည် ရှိနေသူ အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။

ယခင်က သူတို့၏ ယူဆချက်များအရ နန်းတော်သည် မျက်ခုံးနီ သူပုန်တပ်ကို အလွယ်တကူ အနိုင်ယူလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။

မျက်တောင်တစ်ခတ်အတွင်း ပြိုလဲသွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။ တကယ့်ကို စိတ်ကူးမယဉ်နိုင်လောက်အောင်ပင် ဖြစ်သည်။

ပုံမှန်အားဖြင့် ဓားပြအုပ်စု တစ်စုသည် နန်းတော်ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။

ဆင်းရဲသား တစ်စုသည် သိုင်းပညာကို လေ့ကျင့်နိုင်ရန် မဖြစ်နိုင်သောကြောင့်ပင်။

လုံလောက်သော သိုင်းပညာရှင်များ မပါရှိဘဲ ဝေနိုင်ငံ၏ နန်းတော်ကို ခုခံတော်လှန်ရန် စိတ်ကူးယဉ်ခြင်းသည် မိုက်မဲခြင်း သက်သက်သာ ဖြစ်ပေသည်။

အမှန်တိုင်းပြောရလျှင် ဝေနိုင်ငံသည် လူတန်းစားခွဲခြားမှု အပြည့်ရှိသော လူ့အဖွဲ့အစည်းတစ်ခု အဖြစ်သို့ လုံးဝ အသွင်ပြောင်းလဲသွားပြီ ဖြစ်သည်။

အထူးသဖြင့် သိုင်းပညာ ကျင့်စဉ်များကို အထက်တန်းလွှာများက လက်ဝါးကြီးအုပ်ထားသဖြင့် ဤကမ္ဘာလောကရှိ သာမန်ပြည်သူများ အတွက် လူရာဝင်ရန် မျှော်လင့်ချက် မရှိသလောက်ပင်။

"မတတ်နိုင်ဘူးလေ... မျက်ခုံးနီ သူပုန်တပ် ခေါင်းဆောင် ချန်ယောက်ချွမ်က သူ့အကြောင်းကို အရမ်း လျှို့ဝှက်ထားလွန်းတာကိုး"

"သူက ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းအဆင့် သိုင်းသမား တစ်ယောက်တင် မဟုတ်ဘူး… သိုင်းပညာ အရှင်သခင် တစ်ယောက်လည်း ဖြစ်နေတယ်"

"တိုက်ပွဲရဲ့ အဆုံးအဖြတ် အခိုက်အတန့်မှာ မျက်ခုံးနီ သူပုန်တပ် ခေါင်းဆောင် ချန်ယောက်ချွမ်က ရုတ်တရက် ဝင်တိုက်လိုက်တာလေ"

"သိုင်းပညာ အရှင်သခင် တစ်ယောက်ရဲ့ စွမ်းအားနဲ့ နန်းတော်က စစ်သူကြီး တစ်ဒါဇင်ကျော်လောက်ကို ဆက်တိုက် သတ်ပစ်လိုက်ပြီး ရှုံးနိမ့်တော့မယ့် အခြေအနေကို ကယ်တင်လိုက်နိုင်တယ်"

"သူက သောင်းချီတဲ့ နန်းတော်စစ်တပ်ကိုတောင် အနိုင်တိုက်နိုင်ခဲ့တာ"

နဂါးဘုရင်ဂိုဏ်း ဂိုဏ်းချုပ် လီလေက မတတ်သာသည့် လေသံဖြင့် ပြောလိုက်သည်။

အမှန်တိုင်းပြောရလျှင် မျက်ခုံးနီ သူပုန်တပ် ခေါင်းဆောင်၏ စွမ်းရည်သည် စိတ်ကူးမယဉ်နိုင်လောက်အောင်ပင်။ သိုသိုသိပ်သိပ်နှင့် သိုင်းပညာ အရှင်သခင် တစ်ယောက်အထိ ဖြစ်လာခဲ့သည်။

လူတိုင်း မမျှော်လင့်ထားသော ကိစ္စပင်။

ချန်ယောက်ချွမ်၏ စွမ်းအား ဘယ်ကရလာသလဲ၊ ဘယ်သူသင်ပေးတာလဲ ဆိုသည်ကိုမူ မည်သူမှ မသိကြပါ။

"ဘာ...သိုင်းပညာ အရှင်သခင် ဟုတ်လား"

ထိုစကားကို ကြားရသော် အကြီးအကဲ အများအပြား တုန်လှုပ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် သိုင်းပညာ အရှင်သခင် တစ်ယောက် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့ သိထားကြသောကြောင့် ဖြစ်သည်။ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း အဆင့် သိုင်းပညာရှင်များထက် လုံးဝ သာလွန်ပေသည်။

ထိုကဲ့သို့သော အစွမ်းထက် ပုဂ္ဂိုလ်မျိုးသည် လူတစ်ထောင်ကို တစ်ယောက်တည်း အလွယ်တကူ ရင်ဆိုင်နိုင်စွမ်း ရှိသည်။

အကယ်၍ အရေးကြီးသော အချိန်တွင် သိုင်းပညာ အရှင်သခင် တစ်ယောက် ဝင်ရောက်တိုက်ခိုက်ပါက စစ်ပွဲတစ်ခုလုံး၏ အခြေအနေကို လုံးဝ ပြောင်းလဲသွားစေနိုင်သည်။

ဝေနိုင်ငံ တစ်ခုလုံးတွင် သိုင်းပညာ အရှင်သခင် အများအပြား မရှိချေ။

နန်းတော်စစ်တပ်က မျက်ခုံးနီ သူပုန်တပ်ကို မယှဉ်နိုင်ဘဲ ဆက်တိုက် ရှုံးနိမ့်နေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

"ဒါကြောင့် အခု ငါတို့လုပ်နိုင်တာက ဆုတ်ခွာဖို့ပဲ ရှိတော့တယ်"

"ယွင်ဇီခရိုင်ကို ဆုတ်ခွာကြမယ်"

"ခရိုင်မြို့ကြီးရဲ့ မြင့်မားတဲ့ မြို့ရိုးတွေကို အကာအကွယ်ယူပြီး မျက်ခုံးနီ သူပုန်တပ်ရဲ့ တိုက်ခိုက်မှုကို ခုခံကြတာပေါ့"

"ထုန်ဟယ်မြို့နယ်ရဲ့ နယ်မြေကိုတော့ ငါတို့ နဂါးဘုရင်ဂိုဏ်းအနေနဲ့ ယာယီ စွန့်လွှတ်ထားရလိမ့်မယ်"

"မျက်ခုံးနီ သူပုန်တပ်ကို အနိုင်တိုက်ပြီးမှ ထုန်ဟယ်မြို့နယ်ကို ပြန်လာကြတာပေါ့"

နဂါးဘုရင်ဂိုဏ်း ဂိုဏ်းချုပ် လီလေသည် ဂိုဏ်း၏ နောက်လာမည့် အစီအစဉ်ကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။ အကယ်၍ မျက်ခုံးနီ သူပုန်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်ပါက နဂါးဘုရင်ဂိုဏ်းသည် ပြိုင်ဘက်ဖြစ်လာမည် မဟုတ်ဘဲ သေချာပေါက် မျိုးပြုန်းသွားပေလိမ့်မည်။

ထို့ကြောင့် နဂါးဘုရင်ဂိုဏ်း၏ နောက်ကွယ်မှ လီမိသားစုသည် မိသားစုတစ်ခုလုံး ခရိုင်မြို့ကြီးသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ထုန်ဟယ်မြို့နယ်ရှိ အခြေစိုက်စခန်းကို ယာယီ စွန့်လွှတ်လိုက်ခြင်း ဖြစ်သည်။

နာကျင်စရာကောင်းသော ဆုံးဖြတ်ချက် ဖြစ်သော်လည်း ဤနည်းဖြင့်သာ လီမိသားစု၏ အသက်ရှင်ကျန်ရစ်သော အင်အားစုများကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

"ကောင်းပါပြီ ဂိုဏ်းချုပ်"

နဂါးဘုရင်ဂိုဏ်း အကြီးအကဲ အများအပြား ခေါင်းညိတ် သဘောတူလိုက်ကြသည်။ သူတို့သည် အရူးများ မဟုတ်ကြပါ။ မည်သို့ ရွေးချယ်ရမည်ကို သဘာဝကျစွာ သိရှိကြသည်။

ထို့အပြင် ယာယီ ထွက်ခွာခြင်းမျှသာ ဖြစ်သည်။

နောက်ဆုံးတွင် သူတို့အားလုံး ဒီနေရာကို ပြန်လာကြဦးမည်။

ဤနေရာသည် နဂါးဘုရင်ဂိုဏ်း၏ နယ်မြေအဖြစ် ထာဝရ တည်ရှိနေမည်သာ ဖြစ်သည်။

တစ်ခဏအတွင်း ထုန်ဟယ်မြို့နယ် တစ်ခုလုံးသည် ဖရိုဖရဲ အခြေအနေသို့ ကျရောက်သွားတော့သည်။

......

ထိုအချိန်၌ မျက်ခုံးနီ သူပုန်တပ် စခန်းတွင် ဖြစ်သည်။

ခေါင်းဆောင် ချန်ယောက်ချွမ်နှင့် မျက်ခုံးနီ သူပုန်တပ် စစ်သူကြီး အများအပြား စုဝေးရောက်ရှိနေကြသည်။

လူတိုင်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အမူအရာများ ရှိနေကြသည်။ ဤသည်မှာ ကြုံတောင့်ကြုံခဲ ကြီးမားသော အောင်ပွဲတစ်ခု ဖြစ်သောကြောင့်ပင်။

နန်းတော်၏ စစ်တပ်ကို အနိုင်ယူပြီးနောက်တွင် မြို့များကို ပိုမို သိမ်းပိုက်နိုင်တော့မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူပုန်များ အနေဖြင့် ဤလမ်းကြောင်းကို ရွေးချယ်လိုက်သည်နှင့် နောက်ပြန်လှည့်ရန် လမ်းမရှိတော့ချေ။

အကယ်၍ ဝေနိုင်ငံ၏ အုပ်ချုပ်မှုကို မဖြုတ်ချနိုင်ပါက သူတို့၏ နိဂုံးသည် ဆွေစဉ်မျိုးဆက် ကိုးဆက်တိုင် မျိုးပြုန်းသတ်ဖြတ်ခံရခြင်းသာ ဖြစ်ပေလိမ့်မည်။

အကယ်၍ အောင်မြင်ခဲ့ပါက တစ်ယောက်ချင်းစီတိုင်းသည် နိုင်ငံတော် တည်ထောင်သူ ဖခင်ကြီးများ ဖြစ်လာကြပြီး အဆုံးအစမဲ့ ကြွယ်ဝချမ်းသာမှုနှင့် ဘုန်းကျက်သရေများကို ခံစားရရှိကြမည် ဖြစ်သည်။

"ငါတို့ရဲ့ နောက်ပစ်မှတ်က ယွင်ဇီခရိုင်ပဲ"

"ခရိုင်မြို့ကြီးကို ဖောက်ဝင်နိုင်တာနဲ့ ယွင်ဇီခရိုင် တစ်ခုလုံး ငါတို့ မျက်ခုံးနီ သူပုန်တပ်ရဲ့ လက်ထဲ ရောက်လာပြီ"

"အဲ့ကျရင် ဝေနိုင်ငံရဲ့ ပင်မစစ်တပ်ကြီး လာတိုက်ရင်တောင် ကြောက်စရာ မလိုတော့ဘူး"

"ဒါကြောင့် ဒီတိုက်ပွဲက မဖြစ်မနေ တိုက်ရမယ့်ပွဲပဲ... ငါတို့ အမှားမခံဘူး"

ခေါင်းဆောင် ချန်ယောက်ချွမ်သည် စစ်သူကြီး အများအပြားကို ကြည့်ရင်း ပြင်းထန်သော လေသံဖြင့် ပြောလိုက်သည်။

သူသည် ကြောက်မက်ဖွယ်ကောင်းသော အရှင်သခင် အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။ သူ၏ ကိုယ်ခန္ဓာမှ သွေးနှင့် ချီစွမ်းအင်များသည် မီးတောက်တစ်ခုကဲ့သို့ တောက်လောင်နေသည်။

ဤအရှိန်အဝါကြောင့် စစ်သူကြီး အများအပြား အသက်ရှုကြပ်မတတ် ဖြစ်သွားကြရသည်။

သိုင်းလောကမှ သိုင်းပညာ အရှင်သခင် တစ်ယောက်အနေဖြင့် သူသည် ဤ စိမ်းလန်းသော တောအုပ်မှ သူရဲကောင်းများ ( ဥပဒေပြင်ပမှ သိုင်းသမားများ) အုပ်စုကို နှိမ်နင်းထားနိုင်သည်။

သိုင်းလောက သံယောဇဉ်ကြောင့် မဟုတ်ဘဲ အကြွင်းမဲ့ လွှမ်းမိုးထားနိုင်သော စွမ်းအားကြောင့်သာ ဖြစ်သည်။

ထိုစွမ်းအားကြောင့်ပင် ဥပဒေပြင်ပ သိုင်းသမား အများအပြားသည် အညံ့ခံရုံမှတစ်ပါး ရွေးချယ်စရာ မရှိကြခြင်း ဖြစ်သည်။

"သခင်ကြီး... ဒါပေမဲ့ အခု ကျွန်တော်တို့ မျက်ခုံးနီ သူပုန်တပ်မှာ ငွေကြေးနဲ့ စားနပ်ရိက္ခာ ပြတ်လပ်နေပါတယ်"

"ဒီအတိုင်း ဆက်သွားရင် ကျွန်တော်တို့ ငတ်သေသွားနိုင်ပါတယ်"

စစ်သူကြီးတစ်ဦးက ချက်ချင်း ဝင်ရောက်ပြောဆိုလိုက်သည်။

ဤအချက်သည် မျက်ခုံးနီ သူပုန်တပ်အတွက် ကြီးမားသော အားနည်းချက်တစ်ခုလည်း ဖြစ်သည်။

တည်ငြိမ်သော နယ်မြေပိုင်ဆိုင်မှု မရှိသောကြောင့် သူတို့တွင် ပုံမှန် ဝင်ရောက်နေသော စပါးရိက္ခာ ရင်းမြစ် မရှိချေ။ တစ်ချိန်တည်းမှာပင် မျက်ခုံးနီ သူပုန်တပ်သည် ဒုက္ခသည် အမြောက်အမြားကို လက်ခံထားရသည်။

လူရော၊ မြင်းပါ ကျွေးမွေးရသည့်အတွက် နေ့စဉ် ကုန်ကျသော စပါးရိက္ခာ ပမာဏမှာ အလွန် ကြီးမားလှသည်။

လုံလောက်သော အစားအစာ မရှိပါက နန်းတော်မှ လာတိုက်စရာပင် မလိုဘဲ မတိုက်မီကပင် တပ်ပျက်သွားနိုင်သည်။

ထို့ကြောင့် အောင်ပွဲရပြီးနောက် သူတို့၏ အဓိကတာဝန်မှာ အစားအသောက် အမြောက်အမြားကို ရှာဖွေရယူရန် ဖြစ်သည်။

"ဒါကို ငါက သင်ပေးနေရဦးမှာလား"

"စားစရာ မရှိရင် သွားလုလေကွာ"

"ဟို အထက်တန်းလွှာ မိသားစုတွေနဲ့ မြေရှင်သူဌေးကြီးတွေရဲ့ အိမ်တိုင်းမှာ စပါးကျီကြီးတွေ မရှိတဲ့အိမ် ဘယ်အိမ်ရှိလို့လဲ"

"သူတို့ရဲ့ စပါးတွေက ငါတို့ မျက်ခုံးနီ သူပုန်တပ်ရဲ့ စပါးတွေပဲ"

"ငါတို့ မျက်ခုံးနီ သူပုန်တပ် ငတ်နေတဲ့အချိန်မှာ သူတို့က စိမ်ပြေနပြေ စားသောက်နေလို့ မရဘူးလေ... မဟုတ်ဘူးလား"

ခေါင်းဆောင် ချန်ယောက်ချွမ်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

ထိုအထက်တန်းလွှာ မိသားစုများနှင့် မြေရှင်သူဌေးကြီးများ မည်မျှ ချမ်းသာကြွယ်ဝကြောင်း သူ ကောင်းစွာ သိရှိထားသည်။

လူ့အဖွဲ့အစည်းတွင် ချမ်းသာကြွယ်ဝမှု (၁၀) ပုံ ရှိပါက သူတို့က အနည်းဆုံး (၉) ပုံကို ပိုင်ဆိုင်ထားကြသည်။

သာမန်ပြည်သူ အများအပြား၏ ချမ်းသာကြွယ်ဝမှုသည် (၁၀) ပုံ (၁) ပုံပင် မပြည့်ချေ။

ထို့ကြောင့် လုယက်မည်ဆိုပါက သူတို့သည် ထိုအထက်တန်းလွှာ မိသားစုများကို သေချာပေါက် လုယက်ရမည် ဖြစ်သည်။

"ဒါပေမဲ့ အဲ့လိုလုပ်လိုက်ရင် အထက်တန်းလွှာ မိသားစုတွေက ကျွန်တော်တို့ကို ဆန့်ကျင်ပြီး ပြန်တိုက်ခိုက်လာနိုင်ပါတယ်"

စစ်သူကြီး အများအပြား တွန့်ဆုတ်နေကြသည်။

"တုံးလိုက်တာကွာ... ဝေနိုင်ငံရဲ့ တော်ဝင်မိသားစုကိုတောင် ငါတို့ မကြောက်တာ... အဲ့ဒီ အထက်တန်းလွှာ မိသားစုလောက်ကို ဘာကြောက်နေစရာ လိုလို့လဲ"

"ငါတို့ မျက်ခုံးနီ သူပုန်တပ်ကို ဆန့်ကျင်ရဲတဲ့ကောင် ရှိရင် သတ်ပစ်လိုက်"

"ငါ့အမိန့်ကို ဖြန့်လိုက်... စစ်တပ်ကို စုစည်းပြီး အနီးအနားက မြို့နယ်တွေမှာရှိတဲ့ အထက်တန်းလွှာ မိသားစုတွေကို အပြတ်ရှင်းပစ်"

"သူတို့ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ စည်းစိမ်ဥစ္စာတွေနဲ့ စပါးရိက္ခာတွေ အားလုံးက ငါတို့ မျက်ခုံးနီ သူပုန်တပ်ရဲ့ ပိုင်ဆိုင်မှုတွေပဲ"

"ဒီနားမှာ ထုန်ဟယ်မြို့နယ် ရှိတယ်မလား... တခြားသူတွေ ကြောက်လန့်သွားအောင် ဒီမြို့နယ်ကနေ စလိုက်ကြတာပေါ့"

ခေါင်းဆောင် ချန်ယောက်ချွမ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

သူ အများကြီး တွေးပူမနေချင်တော့ပေ။

မျက်ခုံးနီ သူပုန်တပ် အနေဖြင့် အစားအသောက် အမှန်တကယ် လိုအပ်နေ‌၏။ အထက်တန်းလွှာ မိသားစုများထံမှ မလုယူနိုင်ပါက ဆင်းရဲသား ပြည်သူများထံမှ လုယူရမည်လော။

ဆင်းရဲသားများသည်ပင် တစ်ယောက်ကလေး တစ်ယောက် ပြန်စားရလုနီးပါး ဆင်းရဲနေကြရာ မည်သည့်နေရာမှ စပါးရိက္ခာ ထွက်လာနိုင်ပါမည်နည်း။

သံသယဖြစ်ဖွယ် မရှိပေ။ အကယ်၍ အထက်တန်းလွှာ မိသားစုများထံမှ စပါးရိက္ခာကို မလုယူပါက မျက်ခုံးနီ သူပုန်တပ် ဖရိုဖရဲ ဖြစ်သွားပေလိမ့်မည်။

ဗိုက်ဆာနေလျက်နှင့် တိုက်ပွဲဝင်ရန် မဖြစ်နိုင်ချေ။

"ဟုတ်ကဲ့ပါ"

မျက်ခုံးနီ သူပုန်တပ်၏ စစ်သူကြီး အများအပြားသည် ချက်ချင်း လိုက်နာလိုက်ကြသည်။

မျက်ခုံးနီ သူပုန်တပ် အနေဖြင့် လုယက်ရန် လိုအပ်ကြောင်း သူတို့ ယုံကြည်ကြသည်။ မလုယက်ပါက မည်သည့်နေရာမှ စပါးရိက္ခာ ရရှိနိုင်မည်နည်း။

စပါးရိက္ခာများသည် လေထဲမှ ရုတ်တရက် ကျလာမည် မဟုတ်ချေ။

ချက်ချင်းပင် မျက်ခုံးနီ သူပုန်တပ်၏ တပ်ဖွဲ့များသည် အလုံးအရင်းဖြင့် ထုန်ဟယ်မြို့နယ်ဘက်သို့ ချီတက်သွားကြတော့သည်။

…

All Chapters