နဂါးဘုရင်ဂိုဏ်း၏ နိဂုံး။
Vol. 4 Ch. 46
နောက်ထပ် သုံးရက်ခန့် ကုန်လွန်သွားခဲ့လေသည်။
မျက်ခုံးနီ သူပုန်တပ်သည် ထုန်ဟယ်မြို့နယ်သို့ ရောက်ရှိလာပြီး တစ်ရက်တည်းနှင့် မြို့နယ်ရုံးစိုက်ရာနေရာကို သိမ်းပိုက်လိုက်နိုင်သည်။
မြို့ထဲရှိ အထက်တန်းလွှာ မိသားစုများသည် ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြရပြီး သူတို့၏ ပိုင်ဆိုင်မှုများ အားလုံးလည်း သိမ်းဆည်းခံလိုက်ရသည်။
နဂါးဘုရင်ဂိုဏ်း ဆိုလျှင် ချက်ချင်းပင် ဖျက်ဆီးခံလိုက်ရသည်။
အထက်တန်းလွှာ အကြီးအကဲများသည်သာ ကြိုတင်ထွက်ပြေး လွတ်မြောက်သွားနိုင်ခဲ့၏။ အောက်ခြေအဆင့် ဂိုဏ်းသားများမှာမူ လွတ်မြောက်ခြင်း မရှိခဲ့ကြချေ။
ဤမျှ အံ့သြဖွယ်ကောင်းသော သတင်းစကားသည် ဟာရီကိန်းမုန်တိုင်းတစ်ခုအလား လျင်မြန်စွာ ပျံ့နှံ့သွားပြီး သော်ကရွာသို့ အချိန်တိုအတွင်း ရောက်ရှိလာခဲ့လေသည်။
"နဂါးဘုရင်ဂိုဏ်း ပျက်သွားပြီတဲ့လား"
သော်ကရွာမှ ရွာသားအများအပြားသည် အချင်းချင်း ကြည့်လိုက်ကြ၏။ သူတို့၏ ရင်ထဲတွင် စိတ်လှုပ်ရှားခြင်း၊ နားမလည်ခြင်းနှင့် အံ့သြဝမ်းသာခြင်း ခံစားချက်များ ရောပြွမ်းနေကြသည်။
အမှန်တိုင်းဆိုရလျှင် သူတို့သည် နဂါးဘုရင်ဂိုဏ်း၏ အနိုင်ကျင့်မှုကို ဆယ်စုနှစ်များစွာ ခံခဲ့ရသူများ ဖြစ်သည်။
လစဉ်ကြေး ပမာဏသည် တစ်နှစ်ထက်တစ်နှစ် တိုးလာခဲ့သည်။
ယခုအချိန်တွင် လစဉ်ကြေး ပမာဏသည် တံငါသည်များအတွက် မခံမရပ်နိုင်သော ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု ဖြစ်နေခဲ့ပြီ။
လွန်ခဲ့သော သုံးရက်က နဂါးဘုရင်ဂိုဏ်း အကြီးအကဲ လော့ကျန့် သော်ကရွာသို့ ရောက်လာပြီး လစဉ်ကြေး နှစ်ဆတိုးတောင်းခဲ့သည့် ကိစ္စဆိုလျှင် ထည့်ပြောစရာပင် မလိုတော့ချေ။
တံငါသည် အများအပြားသည် ဤကဲ့သို့ ခေါင်းပုံဖြတ်မှုများမှ လွတ်မြောက်ရန် သော်ကရွာမှ ထွက်ခွာဖို့ပင် စီစဉ်နေခဲ့ကြသည်။
သုံးရက်အတွင်း အရာအားလုံး ပြောင်းလဲသွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
မျက်ခုံးနီ သူပုန်တပ် ထုန်ဟယ်မြို့နယ်သို့ ရောက်ရှိလာပြီးနောက် မြို့ထဲရှိ အထက်တန်းလွှာ မိသားစုများ အားလုံး သုတ်သင်ရှင်းလင်း ခံလိုက်ရသည်။
နဂါးဘုရင်ဂိုဏ်းပင်လျှင် မလွတ်မြောက်နိုင်ခဲ့ပေ။
ထို့ကြောင့် တံငါသည်များအပေါ် ကျရောက်နေသော ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးကြီးလည်း ပျောက်ကွယ်သွားခဲ့လေသည်။
ဤအချက်က တံငါသည်များကို သက်ပြင်းချနိုင်စေခဲ့ပြီး အံ့သြဝမ်းသာ ဖြစ်စေခဲ့သည်။
"တကယ် ကောင်းတာပဲကွာ... နောက်ဆုံးတော့ နဂါးဘုရင်ဂိုဏ်းကို နှိမ်နင်းမယ့်သူ ပေါ်လာပြီပေါ့... မကောင်းမှုလုပ်ရင် မကောင်းကျိုးပေးတယ် ဆိုတာ ဒါပဲလေ"
"ဟုတ်ပါ့... ပြီးတော့ နဂါးဘုရင်ဂိုဏ်း အကြီးအကဲ လော့ကျန့်လေ... ထုန်ဟယ်မြို့နယ်ကို မရောက်ခင် လမ်းမှာတင် လူစိမ်းတွေ သတ်သွားတာတဲ့... အခုထိ နဂါးဘုရင်ဂိုဏ်းက တရားခံကို မမိသေးဘူးတဲ့ဗျာ"
"ဟားဟား... တရားခံ ရှာအုံးမယ်ပေါ့... နဂါးဘုရင်ဂိုဏ်းက ကိုယ့်ကိုယ်ကိုယ်တောင် မကယ်နိုင်တော့တာ... တရားခံရှာဖို့ ဘယ်ကစွမ်းရည် ရှိဦးမှာလဲ"
"သေသင့်တာပေါ့ကွာ... အဲ့ဒီကောင်စုတ် လော့ကျန့်က ငါတို့ကို တော်တော် နှိပ်စက်ခဲ့တာ... အရင်က လစဉ်ကြေး နှစ်ဆတိုးတောင်းချင်နေတာလေ... အခု ငရဲပြည်မှာသွားပြီး နှစ်ဆတိုးတောင်းခိုင်းလိုက်"
တံငါသည် အများအပြားသည် ဝမ်းသာအားရ ရယ်မောလိုက်ကြပြီး ပီတိဖြစ်နေကြသည်။
ဤမျှ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပြီးနောက် ယခုကဲ့သို့ ပျော်ရွှင်မှုကို ပထမဆုံးအကြိမ် ခံစားဖူးခြင်း ဖြစ်သည်။
အထူးသဖြင့် ထိုလူယုတ်မာများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြသည်ခြင်းသည် တကယ့်ကို ဝဋ်လည်ခြင်းပင် ဖြစ်သည်။
ကောင်းကင်ကြီးက မျက်စိဖွင့်ကြည့်လိုက်သကဲ့သို့ပင်။
"အခြေအနေက ထင်ထားသလောက် မကောင်းသေးပါဘူးကွာ... ကြားတာတော့ နဂါးဘုရင်ဂိုဏ်း အကြီးအကဲတွေက သတင်းကြိုရပြီး ခရိုင်မြို့ကြီးဘက်ကို ကြိုထွက်ပြေးသွားကြတယ်တဲ့... ဒါကြောင့် အကုန်လုံး အဖမ်းမခံလိုက်ရဘူး"
ရွာလူကြီး ကျန်းချွမ်က ခေါင်းခါလိုက်သည်။
သူ၏ သတင်းအချက်အလက်များသည် သာမန်ရွာသားများထက် ပိုမို တိကျမှန်ကန်၏။ မျက်ခုံးနီ သူပုန်တပ် ထုန်ဟယ်မြို့နယ်ကို မတိုက်ခိုက်မီကပင် နဂါးဘုရင်ဂိုဏ်း အကြီးအကဲများက ပစ္စည်းသိမ်းပြီး ထွက်ပြေးသွားကြကြောင်း သိထားသည်။
ထို့ကြောင့် သီအိုရီအရဆိုလျှင် ထိုလူယုတ်မာများ ပြန်လာနိုင်မည့် အခွင့်အရေးမှာ ရှိနေသေးသည်။
ထိုအချက်ကြောင့်ပင် သူတို့ သိပ်ပြီး မပျော်နိုင်ကြသေးခြင်း ဖြစ်သည်။
"ဟာ... မဖြစ်နိုင်တာ... အဲ့ဒါဆိုရင် နဂါးဘုရင်ဂိုဏ်းက ကောင်စုတ်တွေ ပြန်လာနိုင်မယ့် အခွင့်အရေးက ရှိနေသေးတာပေါ့"
တံငါသည် အများအပြား မှင်သက်သွားကြသည်။
နဂါးဘုရင်ဂိုဏ်း ပျက်စီးသွားပြီဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအခါ အဆုံးအစမဲ့ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာပြန်သည်။
နဂါးဘုရင်ဂိုဏ်း ပြန်လည် နိုးထလာမည်ကို သူတို့ မလိုလားကြပေ။
၎င်းသည် တံငါသည်တိုင်းအတွက် သတင်းဆိုး ဖြစ်ပေလိမ့်မည်။
"မဖြစ်နိုင်ပါဘူးကွာ... မျက်ခုံးနီ သူပုန်တပ်က အခုဆို တားမရဆီးမရ ဖြစ်နေပြီတဲ့... တကယ်လို့ သူတို့သာ ခရိုင်မြို့ကြီးကိုပါ သိမ်းပိုက်လိုက်ရင် နဂါးဘုရင်ဂိုဏ်းကကောင်တွေ ပြေးစရာမြေ မရှိတော့ပါဘူး"
"ဟုတ်တယ်... ခရိုင်မြို့ကြီးကို ပြေးတာနဲ့ လွတ်ပြီလို့ ထင်နေကြတာလား... နေရာတိုင်းမှာ ပုန်ကန်မှုတွေ ဖြစ်နေတာ သူတို့ မသိကြဘူးလား... ဘယ်မှာပုန်းပုန်း အလကားပဲ... မကြာခင် ဝဋ်လည်ကြမှာပါ"
"ဘာပဲဖြစ်ဖြစ်ကွာ... နဂါးဘုရင်ဂိုဏ်းရဲ့ ဖိနှိပ်မှု မရှိတော့ဘူးဆိုရင် တို့ဘဝတွေ ရှေ့လျောက်ကျ သေချာပေါက် ကောင်းလာမှာပါ"
တံငါသည် အများအပြား ဆွေးနွေးနေကြ၏။ အားလုံး ဝမ်းသာနေကြသည်။
မူလက လစဉ်ကြေး ပေးဆောင်ရခြင်းသည် အလွန် လေးလံသော ဝန်ထုပ်ဝန်ပိုး ဖြစ်ခဲ့သည်။
ယခု နဂါးဘုရင်ဂိုဏ်း မရှိတော့သဖြင့် နောင်တွင် လစဉ်ကြေး လာကောက်မည့်သူ ရှိတော့မည် မဟုတ်ချေ။
အနည်းဆုံးတော့ ရေတိုကာလအတွက် ဝန်ထုပ်ဝန်ပိုး ပေါ့သွားမည်မှာ သေချာသည်။
"အရမ်းကြီး မပျော်ကြပါနဲ့ဦး"
"နဂါးဘုရင်ဂိုဏ်း မရှိတော့တာ မှန်ပေမဲ့ မျက်ခုံးနီ သူပုန်တပ် ရောက်လာပြီလေ"
"သူတို့က တော်လှန်ရေး တပ်ဖွဲ့လို့ ထင်ရပေမဲ့ ငါတို့ တံငါသည်တွေအပေါ် ဘယ်လို ဆက်ဆံမလဲ ဆိုတာက မသေချာသေးဘူး"
"ငါသိသလောက်ဆိုရင် မျက်ခုံးနီ သူပုန်တပ်ရဲ့ ဂုဏ်သတင်းက သိပ်မကောင်းဘူး"
"ဒီလူတွေက မူလက ဓားပြဘဝကနေ လာကြတာလေ"
"နဂါးဘုရင်ဂိုဏ်းထက်တောင် ပိုပြီး ရက်စက်ချင် ရက်စက်ဦးမှာ"
ရွာလူကြီး ကျန်းချွမ်က အကောင်းဘက်ကချည်း မတွေးသင့်ဟု ယူဆသည်။ မည်သို့ပင်ဆိုစေကာမူ မျက်ခုံးနီ သူပုန်တပ်၏ သဘောသဘာဝကို မည်သူမျှ မသိရှိကြသေးပေ။ ကောင်းမွန်သော တပ်ဖွဲ့လား (သို့မဟုတ်) ဓားပြတပ်ဖွဲ့လား ဆိုသည်ကို မသိရသေးချေ။
အကယ်၍ ကောင်းမွန်သော တပ်ဖွဲ့ဖြစ်ပါက ကောင်းမွန်သော ကိစ္စဖြစ်သည်။
သို့သော် ဓားပြတပ်ဖွဲ့ ဖြစ်နေပါက သော်ကရွာ အတွက် နောက်ထပ် ကပ်ဘေးတစ်ခု ဖြစ်လာနိုင်သည်။
သို့သော် လောလောဆယ်တွင် သူတို့သည် စဉ်းတီတုံးပေါ်က ငါးများကဲ့သို့ ဖြစ်နေ၏။ သာမန်တံငါသည်များ အနေဖြင့် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် မထိန်းချုပ်နိုင်ကြရှာပေ။
"ဒါက..."
ထိုစကားကို ကြားရသော် တံငါသည် အများအပြား ပြန်လည် တည်ငြိမ်သွားကြသည်။
နဂါးဘုရင်ဂိုဏ်း ကျဆုံးသွားခြင်းသည် ကောင်းသော ကိစ္စဖြစ်သော်လည်း မျက်ခုံးနီ သူပုန်တပ် ရောက်ရှိလာခြင်းနှင့်အတူ ဘာဆက်ဖြစ်မည်ကိုမူ မသိရှိရသေးပေ။
အကယ်၍ သူတို့က နဂါးဘုရင်ဂိုဏ်းထက် ပိုမို ရက်စက်ကြမ်းကြုတ်ပါက သူတို့၏ နေ့ရက်များသည် ပိုမို ခက်ခဲလာနိုင်သည်။
"နဂါးဘုရင်ဂိုဏ်းက တကယ်ပဲ ဒီလို အလွယ်တကူ ပျက်စီးသွားတာလား"
ထိုအချိန်၌ လူအုပ်ကြားထဲတွင် ရှိနေသော ကျန်းဖန်သည်လည်း အတော်လေး အံ့သြသွားမိသည်။
မူလက သူ၏ သိုင်းပညာ ပြည့်ဝလာသည့်အချိန်ကျမှ နဂါးဘုရင်ဂိုဏ်းကို ဖြေရှင်းရန် စဉ်းစားထားခဲ့၏။ သို့သော်လည်း အခြေအနေများ ပြောင်းလဲမှုသည် မြန်ဆန်လွန်းလှသည်။ သူ၏ သိုင်းပညာ မပြည့်ဝမီမှာပင် နဂါးဘုရင်ဂိုဏ်း ကျဆုံးသွားခဲ့ချေပြီ။
သို့သော် ဤသည်မှာ စစ်ပွဲ၏ ပရမ်းပတာ သဘောသဘာဝပင် ဖြစ်သည်။
မည်သည့် အင်အားစု၊ မည်သည့် မိသားစုမှ ရှင်သန်ရပ်တည်နိုင်မည်ဟု အာမခံချက် မရှိပေ။
သာမန်တံငါသည်များ အတွက် နဂါးဘုရင်ဂိုဏ်းသည် ဘီလူးကြီးတစ်ကောင် ဖြစ်သော်လည်း…
ပိုမို အစွမ်းထက်သော အင်အားစုတစ်ခုအတွက်မူ နဂါးဘုရင်ဂိုဏ်းသည် အလွယ်တကူ ချေမှုန်းပစ်နိုင်သော ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်ပေသည်။
ထို့ကြောင့် နဂါးဘုရင်ဂိုဏ်း ကျဆုံးသွားခြင်းသည် အံ့သြစရာ မဟုတ်တော့ပေ။
ကျန်းဖန်အတွက်မူ ဤသည်မှာ သေချာပေါက် ကောင်းသော ကိစ္စဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ နဂါးဘုရင်ဂိုဏ်း ကျဆုံးသွားခြင်းသည် သူ့ကို ဒုက္ခပေးမည့်သူ မရှိတော့ကြောင်း ဆိုလိုသည်။
အကြီးအကဲ လော့ကျန့် သေဆုံးမှုသည်လည်း မည်သူမျှ ဂရုစိုက်တော့မည့် ကိစ္စ မဟုတ်တော့ပေ။
ရေတိုကာလတွင် သူ အလွန် ဘေးကင်းလုံခြုံနေမည် ဖြစ်သည်။
"ဘေးကင်းမယ်လို့ ပြောလို့မရသေးဘူး"
"ပိုပြီးတောင် အန္တရာယ်များလာနိုင်သေးတယ်"
"ကောလာဟလတွေအရဆိုရင် မျက်ခုံးနီ သူပုန်တပ်က ဓားပြတွေ စုစည်းထားတဲ့ တောပုန်းစစ်တပ်ပဲ"
"ဒီလို သူပုန်တပ်ထဲမှာ လူကောင်းရော၊ လူဆိုးရော ရောနှောနေမှာပဲ"
"လူကောင်းတွေ ရှိကောင်းရှိနိုင်ပေမဲ့ လူဆိုးတွေကတော့ သေချာပေါက် ပိုများလိမ့်မယ်"
"အထူးသဖြင့် ဓားပြတွေကြားထဲမှာ လူကောင်းရှာတယ်ဆိုတာ မစင်ပုံထဲ ရွှေရှာသလို အလကားပဲ ဖြစ်နေလိမ့်မယ်"
"မျက်ခုံးနီ သူပုန်တပ်က ဒီဒေသကို အုပ်စိုးလိုက်တာဟာ သာမန်ပြည်သူတွေအတွက် ကောင်းချင်မှ ကောင်းမယ့်ကိစ္စပဲ"
"ဒါကြောင့် တိုက်ခိုက်ရေး စွမ်းရည်ကို အမြန်ဆုံး မြှင့်တင်ဖို့ လိုအပ်နေသေးတယ်"
"ဒါမှသာ အန္တရာယ် တစ်စုံတစ်ရာ ပေါ်ပေါက်လာရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ့် စွမ်းအားရှိမှာ... အလွယ်တကူတောင် ဖြေရှင်းနိုင်ဦးမယ်"
ကျန်းဖန်၏ မျက်လုံးများတွင် ပြတ်သားသော အရိပ်အယောင်များ လက်သွားလေသည်။
သံသယဖြစ်ဖွယ် မရှိသည်မှာ ယခုအချိန်တွင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန် နည်းလမ်း နှစ်လမ်းသာ ရှိတော့သည်။
ပထမတစ်လမ်းမှာ သူ၏ သိုင်းပညာနယ်ပယ်ကို မြှင့်တင်ပြီး အရိုးတည်ဆောက်ခြင်း အဆင့် သိုင်းပညာရှင် ဖြစ်လာရန် ဖြစ်သည်။ ထိုသို့ဖြစ်လာပါက သူ၏ စွမ်းအားများ သဘာဝကျစွာ တိုးတက်လာမည် ဖြစ်သည်။
သို့သော် အရိုးတည်ဆောက်ခြင်း အဆင့် သိုင်းပညာရှင် ဖြစ်လာရန်အတွက် သူသည် အနည်းဆုံး ကံကောင်းခြင်း အမှတ် (၅၀၀) လိုအပ်သည်။
ရေတိုကာလအတွင်း ဤမျှများပြားသော ကံကောင်းခြင်း အမှတ်များကို စုဆောင်းရန် မဖြစ်နိုင်သေးပေ။
ဒုတိယတစ်လမ်းမှာ သူ၏ ဓားသိုင်းအဆင့်ကို မြှင့်တင်ရန် ဖြစ်သည်။
အကယ်၍ အလင်းတန်း ဓားသိုင်းကို ဆရာတစ်ဆူအဆင့် အထိ မြှင့်တင်နိုင်ပါက သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် သေချာပေါက် အဆမတန် မြင့်တက်လာမည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် အရွတ်ကြွက်သား သန့်စင်ခြင်း အဆင့်ဖြင့်ပင် အရိုးတည်ဆောက်ခြင်း အဆင့် သိုင်းပညာရှင်ကို သတ်ဖြတ်နိုင်စွမ်း ရှိလာပေလိမ့်မည်။
သူ၏ စွမ်းအားသည်လည်း သိသာထင်ရှားစွာ တိုးတက်လာမည် ဖြစ်သည်။
ထို့ပြင် ကံကောင်းခြင်း အမှတ် လိုအပ်ချက်လည်း ပိုမို နည်းပါးပေသည်။
…