ငွေကုန်ခံပြီး ကပ်ဘေးကို ရှောင်ရှားခြင်း။
Vol. 4 Ch. 49
အခန်း (၄၉) - ငွေကုန်ခံပြီး ကပ်ဘေးကို ရှောင်ရှားခြင်း။
ဝုန်း…
ထိုအချိန်၌ အဝေးတစ်နေရာမှ မြင်းခွာသံများ ရုတ်တရက် ထွက်ပေါ်လာလေသည်။
မျက်ခုံးမွှေးများကို အနီရောင် ဆိုးထားကြပြီး မောက်မာဝင့်ကြွားနေသော မျက်နှာထားများဖြင့် ကျပ်ထုပ်နေသော ဝတ်စုံများကို ဝတ်ဆင်ထားသည့် သန်မာထွားကျိုင်းသော လူတစ်စုသည် မြင်းများကို စီးနင်းလျက် သော်ကရွာစီသို့ ဦးတည်လာနေကြ၏။
သူတို့သည် လူအုပ်ကြီး၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာကြသည်။
မြင်းပေါ်မှနေ၍ အောက်သို့ ငုံ့ကြည့်နေပုံမှာ အလွန် မောက်မာခက်ထန်လှသည်။
လူအုပ်ကြီးကို ကြည့်နေသော သူတို့၏ အကြည့်သည် ပုရွက်ဆိတ်များကို ကြည့်နေသကဲ့သို့ပင်။
"မျက်ခုံးနီတပ်"
ရုတ်တရက် ပေါ်လာသော ဤလူအုပ်စုကို မြင်လိုက်ရသော် တံငါသည်များ လန့်ဖျပ်သွားကြသည်။
မျက်ခုံးနီတပ်နှင့် ပတ်သက်သော ကောလာဟလ အများအပြားကို သူတို့ ပြန်လည် အမှတ်ရမိသွားကြသည်။
ကောလာဟလများအရ မျက်ခုံးနီတပ်သားများသည် သူတို့၏ အထောက်အထားကို ခွဲခြားနိုင်ရန်အတွက် မျက်ခုံးမွှေးများကို တမင်တကာ အနီရောင် ဆိုးထားလေ့ရှိသည်ဟု ဆိုကြသည်။
စစ်သားအများအပြား စုဝေးရောက်ရှိနေကြသည်မှာ တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှပေသည်။
"ငါက ဖုန်းဝေပဲ... လင်းနို့ဘုရင် ယန်ချင်ရဲ့ လက်အောက်ငယ်သားပေါ့"
"ဒီနေ့ သခင်ကြီးယန်ရဲ့ အမိန့်အရ ဒီနားတစ်ဝိုက်က ရွာတွေကို လူသစ်စုဆောင်းဖို့ ရောက်လာတာ"
"ငါတို့ မျက်ခုံးနီတပ်ရဲ့ နာမည်ဂုဏ်သတင်းကို အားလုံး ကြားဖူးကြမယ်လို့ ယုံကြည်ပါတယ်"
"ငါတို့ရဲ့ ရည်မှန်းချက်က တရားမျှတမှုကို ဖော်ဆောင်ဖို့နဲ့ သူရဲကောင်းဆန်ဆန် ပြုမူဖို့ပဲ"
"လက်ရှိ နန်းတော်က မတရားဘူး... ဧကရာဇ်မင်းကလည်း အသုံးမကျဘူး... ပြည်သူတွေဆီကနေ အတင်း ခွန်ကောက်ပြီး ဒုက္ခပေးနေတယ်... ဒါကြောင့် ငါတို့က ဒီအကျင့်ပျက် ဧကရာဇ်ကို ဖြုတ်ချကာ တရားမျှတမှုကို ပြန်လည် ဖော်ဆောင်ဖို့ သစ္စာဆိုထားကြတယ်"
"ဒါကြောင့် ရွာသူရွာသား တစ်ယောက်ချင်းစီတိုင်းက ငွေအား၊ လူအား ထည့်ဝင်ပေးကြလိမ့်မယ်လို့ ငါ မျှော်လင့်တယ်"
"တကယ်လို့ မျက်ခုံးနီတပ်သာ သုံးမကျတဲ့ ဧကရာဇ် ကို ဖြုတ်ချနိုင်ခဲ့ရင် ရွာသားတစ်ယောက်ချင်းစီတိုင်း ကြွယ်ဝချမ်းသာတဲ့ ဘဝကို ခံစားရမှာပဲ"
သံချပ်ကာ ဝတ်ဆင်ထားပြီး မြင်းမြင့်ကြီး စီးနင်းထားသော လူလတ်ပိုင်းအရွယ် ဖုန်းဝေက လူအုပ်ကြီးကို မိန့်ခွန်းခြွေလိုက်လေသည်။
သွေးပင်လယ်ထဲမှ ထွက်ပေါ်လာသော သိုင်းပညာရှင် တစ်ဦးအလား ကြောက်မက်ဖွယ် ကောင်းသော မကောင်းဆိုးဝါး အရှိန်အဝါများ သူ့ထံမှ ထွက်ပေါ်နေသည်။
သူ၏ စွမ်းအားသည် အရွတ်ကြွက်သား သန့်စင်ခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အကယ်၍ သူသာ ကိုယ်တိုင် လှုပ်ရှားပါက သော်ကရွာ တစ်ရွာလုံးကို တစ်ယောက်တည်း သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။
စစ်ပွဲ အတွေ့အကြုံများသော ဤစစ်သားများ၏ ရှေ့မှောက်တွင် တံငါသည်များမှာ ကြောက်ရွံ့တုန်လှုပ်နေကြရှာသည်။
"သခင်ကြီး... ငွေအား၊ လူအား ထည့်ဝင်ပေးရမယ်ဆိုတာ ဘာသဘောပါလဲ"
ရွာလူကြီး ကျန်းချွမ်က ရှေ့သို့ တိုးထွက်လာပြီး တုန်ရီစွာ မေးမြန်းလိုက်သည်။
ရွာသားများမှာ ကြောက်လန့်လွန်းသဖြင့် စကားမပြောရဲကြကြောင်း သူ သဘောပေါက်သည်။
ရွာလူကြီး ဖြစ်သည့် သူတစ်ယောက်တည်းသာ မေးရဲခြင်း ဖြစ်သည်။
"မေးခွန်းကောင်းပဲ"
"တကယ်တော့ ရိုးရိုးလေးပါ"
"မျက်ခုံးနီတပ်က မင်းတို့ရွာဆီကနေ ပိုက်ဆံကောက်ခံမယ်"
"တစ်အိမ်ထောင်ကို လူဦးရေအလိုက် ပေးဆောင်ရမယ်... လူများလေ ပိုပေးရလေပဲ"
"တကယ်လို့ မပေးနိုင်ရင်လည်း ငါတို့က ခက်ခဲအောင် မလုပ်ပါဘူး... မျက်ခုံးနီတပ်ထဲဝင်ပြီး ငါတို့နဲ့အတူ တိုက်ပွဲဝင်ရုံပါပဲ"
ဖုန်းဝေက လူအုပ်ကြီးကို ကြည့်ရင်း ပြုံးလျက် ပြောလိုက်သည်။
ဘာ…
ထိုစကားကို ကြားရသော် တံငါသည်များ၏ မျက်နှာများ ပျက်သွားကြသည်။ နဂါးဘုရင်ဂိုဏ်းနှင့် ဘာမှ မကွာခြားလှပေ။
နဂါးဘုရင်ဂိုဏ်း ပျက်စီးသွားပြီးနောက် သူတို့၏ ဘဝများ ပိုကောင်းလာလိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြသည်။
သို့သော် နောက်ထပ် အုပ်စုတစ်စုက သူတို့ကို ခေါင်းပုံဖြတ်ရန် ရောက်လာလိမ့်မည်ဆိုသည်ကို သူတို့ မသိခဲ့ကြပေ။
အကယ်၍ မပေးဆောင်နိုင်ပါက မျက်ခုံးနီတပ်ထဲသို့ ဝင်ရောက်ပြီး စစ်မှုထမ်းရမည့် ကိန်းဆိုက်နေသည်။
ပြဿနာမှာ စစ်သားဖြစ်သွားသည်နှင့် ဘယ်အချိန် သေမလဲဆိုသည်ကို မသိနိုင်ပေ။
မျက်ခုံးနီတပ်၏ တိုက်ပွဲတိုင်းတွင် သေဆုံးမှုနှုန်းသည် (၅၀) ရာခိုင်နှုန်းကျော် ရှိသည်ဟု ဆိုစမှတ်ပြုကြသည်။
စစ်သားများကို အကြိမ်ကြိမ် အစားထိုးနေရသည်။
ထို့ကြောင့် မျက်ခုံးနီတပ်ထဲ ဝင်ခြင်းသည် အမြောက်စာ ဖြစ်သွားရန် အလားအလာ များနေသည်။
ဤစစ်သားများသည် တင်းမာခက်ထန်သူများ ဖြစ်သည်မှာ ထင်ရှားသည်။
ငြင်းဆန်ရဲသူ မည်သူမဆို သေလမ်းနှင့် ရင်ဆိုင်ရပေလိမ့်မည်။
တစ်ခုတည်းသော ရွေးချယ်စရာမှာ ကပ်ဘေးကို ရှောင်ရှားရန် ငွေကုန်ခံလိုက်ခြင်းသာ ဖြစ်သည်။
"ဒါ့အပြင် နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်"
"မကြာသေးခင်က သခင်ကြီးယန်ချင်က မောင်းမမိဿံတွေ ရှာနေတယ်လေ"
"အိမ်မှာ မိန်းကလေးတွေ ရှိရင်၊ ပြီးတော့ ရုပ်ရည်ချောမောလှပရင် ကိုယ့်သဘောဆန္ဒအလျောက် စာရင်းပေးသွင်းလို့ ရတယ်"
"တကယ်လို့ သခင်ကြီးယန်ချင် ရွေးချယ်တာကို ခံရရင် တစ်သက်လုံး စည်းစိမ်ဥစ္စာတွေ သုံးမကုန်အောင် ခံစားရမှာနော်"
"အားလုံး ဒီအခွင့်အရေးကောင်းကို လက်လွတ်မခံကြဖို့ ငါ မျှော်လင့်ပါတယ်"
ဖုန်းဝေက ပြောလိုက်သည်။
မျက်ခုံးနီတပ်သည် စပါးနှင့် ငွေကြေး စုဆောင်းရန်သာမက လင်းနို့ဘုရင် ယန်ချင်အတွက် မိန်းကလေးများ စုဆောင်းရန်ပါ ရောက်ရှိလာခြင်း ဖြစ်သည်မှာ ထင်ရှားသည်။
လင်းနို့ဘုရင် ယန်ချင်သည် သူ ရောက်ရှိရာ နေရာတိုင်းတွင် အလှပဂေးများကို စုဆောင်းလေ့ရှိပြီး သူ့ဆန္ဒများကို ဖြည့်ဆည်းလေ့ ရှိသည်။
"တကယ်ပဲ... အသုံးမကျတဲ့ အရူးတစ်သိုက်ပါလား"
ထိုစကားကို ကြားရသော် ကျန်းဖန် မျက်မှောင်ကြုတ်လိုက်မိသည်။
နယ်မြေကို မသိမ်းပိုက်နိုင်သေးမီကပင် ဤမျှ စည်းစိမ်ယစ်မူးနေကြသော သူများသည် ကျရှုံးရန် သေချာသလောက် ရှိနေပြီ ဖြစ်သည်။
နောက်ဆုံးတွင် သူတို့သည် နန်းတော်၏ ချေမှုန်းခြင်းကို ခံရပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ မျက်ခုံးနီတပ်၏ လက်ရှိအင်အားသည် သာမန်လူများ ရန်စနိုင်သော အနေအထား မဟုတ်ပေ။
သူတို့ ရှုံးနိမ့်မည် ဆိုလျှင်ပင် ဘယ်အချိန် ရှုံးနိမ့်မည်ကို မသိရှိရသေးချေ။
လောလောဆယ်တွင်မူ ဤလူများသည် ဤနေရာ၌ စိတ်တိုင်းကျ ပြုမူနေနိုင်ဦးမည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ဤအခြေအနေကို ကြိုတင်မျှော်မှန်းထားပြီး စုဝေဝေကို ရုပ်ဖျက်ထားစေခဲ့သည်။
သေချာသည်မှာ စုဝေဝေကို တွေ့လျှင်ပင် လင်းနို့ဘုရင် ယန်ချင်အား ပြုစုရန် စေခိုင်းကြမည် မဟုတ်ပေ။
အကယ်၍ သူတို့ တကယ် စေခိုင်းရဲပါကလည်း သူသည် လူသတ်ပွဲ စတင်ရန် ဝန်လေးနေမည် မဟုတ်ချေ။
"ဒါက..."
ထိုစကားကို ကြားရသော် တံငါသည်များ၏ မျက်နှာများ မနှစ်မြို့ဖွယ် ဖြစ်သွားကြသည်။ မျက်ခုံးနီတပ်သည် ငွေရော၊ မိန်းမပါ တောင်းဆိုနေသဖြင့် နဂါးဘုရင်ဂိုဏ်းထက်ပင် ဆိုးရွားနေသေးသည်။ ထို့ကြောင့် သူတို့၏ ရင်ထဲတွင် ဒေါသများ ပြည့်နှက်နေကြသည်။
သို့သော် မြင်းမြင့်ကြီးများ စီးနင်းထားပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားသော သန်မာထွားကျိုင်းသည့် ဤစစ်သားများကို မြင်လိုက်ရသော် သူတို့ သူရဲဘော ကြောင်သွားကြသည်။
သိုင်းပညာရှင်များနှင့် ယှဉ်လျှင် သာမန်လူများသည် အလွန် အားနည်းလွန်းလှသည်။
"ကောင်းပါပြီ... သေချာတာပေါ့"
"မျက်ခုံးနီတပ်က တရားမျှတမှုအတွက် ဆောင်ရွက်နေတာပဲဟာ.. သုံးမကျတဲ့ အုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်နေတာလေ"
"သူတို့က သာမန်ပြည်သူတွေရဲ့ သူရဲကောင်း သူတွေပဲ"
"စည်းစိမ်ဥစ္စာ အနည်းငယ်နဲ့ ကူညီထောက်ပံ့တာ သဘာဝပဲ"
"တကယ်လို့ ရွာထဲက မိန်းကလေးတွေ သခင်ကြီးရဲ့ မျက်စိကျတာ ခံရရင် အဲဒါ သော်ကရွာရဲ့ ဂုဏ်ယူစရာပေါ့"
ရွာလူကြီး ကျန်းချွမ်က နှိမ့်ချစွာဖြင့် ခေါင်းညိတ်လိုက်သည်။
သူသည် လိုက်လျောရန် ရွေးချယ်လိုက်သည်။
ဤဆုံးဖြတ်ချက်ကို ချမှတ်ရန် လွယ်ကူလှသည်။
ငြင်းဆန်လိုက်ပါက ရွာပျက်စီးသွားနိုင်သည်။
သို့သော် သဘောတူလိုက်ပါက ငွေကြေးအနည်းငယ်သာ ကုန်ကျမည် ဖြစ်သည်။
အနည်းဆုံးတော့ အချို့လူများ အသက်ရှင်ကျန်ရစ်နိုင်မည် ဖြစ်သည်။
"မဆိုးဘူး... ခင်ဗျားက ရွာလူကြီးကောင်း တစ်ယောက်ပဲ"
"ခေတ်ကာလ အခြေအနေကို နားလည်တာက ပညာရှိတာပဲပေါ့"
"အိမ်ထောင်စုတိုင်း အလှည့်ကျ စာရင်းလာပေးကြ"
ဖုန်းဝေ ကျေနပ်သွားပုံ ရသည်။
သော်ကရွာမှ ရွာသားများသည် နူးညံ့သိမ်မွေ့ပြီး ခုခံခြင်းလည်း မရှိဟု သူ တွေးမိလိုက်သည်။
ဤအချက်က သူ့အတွက် အချိန်နှင့် လူအင်အား သက်သာစေသည်။
မူလက မျက်ခုံးနီတပ်၏ အစွမ်းအစကို ပြသရန်အတွက် ရွာသားအချို့ကို သတ်ဖြတ်ရန် စဉ်းစားထားခဲ့သည်။
ယခုမူ မလိုအပ်တော့ဟု ထင်ရပေသည်။
"ဟုတ်ကဲ့ပါ အရှင်"
ရွာလူကြီး ကျန်းချွမ် ခေါင်းညိတ်လိုက်ပြီး ရွာသားများကို အလျင်စလို ရှေ့ထွက်လာစေသည်။
သော်ကရွာမှ တံငါသည်များသည် ကျပ်တည်းစွာ နေထိုင်ရသော်လည်း နဂါးဘုရင်ဂိုဏ်းအတွက် ပေးဆောင်ရမည့် လစဉ်ကြေးများကို စုဆောင်းထားကြသည်။
ယခု နဂါးဘုရင်ဂိုဏ်း မရှိတော့သဖြင့် လစဉ်ကြေး ပေးဆောင်ရခြင်း မရှိသေးပေ။
သူတို့ သိမ်းထားရမည်ဟု ထင်မှတ်ထားခဲ့ကြသည်။
သို့သော် ယခုအခါ ငွေလက်ခံမည့်သူ ပြောင်းလဲသွားခြင်းမျှသာ ဖြစ်သည်။
ဤကဲ့သို့သော ကိစ္စရပ်များသည် တံငါသည်များအတွက် ရိုးနေပြီ ဖြစ်သည်။
သူတို့သည် စာရင်းပေးသွင်းရန်နှင့် ငွေပေးချေရန် ရှေ့သို့ ထွက်လာကြသည်။
မကြာမီအချိန်တွင် ကျန်းဖန်နှင့် စုဝေဝေတို့ အလှည့် ရောက်ရှိလာလေသည်။
"သခင်ကြီးဖုန်း... ဒါ ကျွန်တော်တို့ ကျန်းမိသားစုရဲ့ ပိုက်ဆံပါ"
"အခုတော့ ကျွန်တော်တို့ နှစ်ယောက်တည်းပဲ ကျန်ပါတော့တယ်"
ကျန်းဖန်သည် ငွေထုပ်ကို ဖုန်းဝေနှင့် အခြားသူများထံ ကမ်းပေးလိုက်သည်။
စုဝေဝေသည် သူ့ဘေးတွင် ရပ်နေပြီး ကြောက်ရွံ့နေရှာသည်မှာ ပေါ်လွင်သည်။
သူမသည် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ချေ။