ဒုက္ခအကြီးအကျယ်
Vol. 35 Ch. 456
မြေအင်မော်တယ် ပြန်ရောက်လာသော အချိန်ကို ကောင်းကင်အမိန့်နန်းဆောင်ရှိ ကျင့်ကြံသူတိုင်း စောင့်ဆိုင်းနေခဲ့ကြသည်။ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာထားများ အရောင်ပြောင်းကာ သခင်သုံးယောက်နှင့်အတူ တညီတညွတ် ဒူးထောက်ဆည်းကပ်နေကြ၏။ နဖူးက မြေကြီးသို့ လေးလေးနက်နက် ထိကပ်နေပြီး ပြည့်စုံစွာ ဦးညွှတ်နေစဥ် ငွေရောင်ဝတ် ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ထိုအခိုက်တွင် လေထုက ထူးဆန်းစွာ ပြောင်းလဲသွားပုံပေါ်ပြီး ကောင်းကင်မှ ဂီတသံကဲ့သို့ သာယာနာပျော်ဖွယ် စကားသံတစ်ခု ထွက်ပေါ်လာသည်။
"ပြောင်းလဲမှုတွေ ရှိနေတယ်လို့ ငါ ကြားထားတယ်"
သူ၏ သားဖြစ်သူ ရှန်ကျန်းက အကြောင်းစုံတင်ပြ၍ ကုန်သည်များ ပိုင်ဆိုင်ထားသည့် ဓားနှလုံးသားများကို ဖျက်ဆီးရန် အမိန့်ပေးထားကြောင်း ပြောလိုက်သည်။ တစ်ဖက်လူက ယွမ်ရှောင်ကို စိတ်ဝင်စားဟန်ဖြင့် တစ်ချက်ရယ်မောလိုက်ပြီး မည်သည့်လှုပ်ရှားမှုကိုမျှ မလုပ်ဘဲ နယ်မြေကြီးတစ်ခုလုံးကို အထက်မှ ငုံ့ကြည့်နေ၏။ ရှေးဟောင်းကျောင်းတော် ပတ်ပတ်လည်တွင် လူထုက ဆူဆူပူပူ ဖြစ်နေပြီး အနီးအနားတွင် သံချပ်ကာကိုယ်စီနှင့် တိုက်ပွဲဝင်ရန် အသင့်ပြင်ထားသော အင်မော်တယ်သုံးပါး မျိုးဆက်များ နေရာယူထားကြသည်။
"နေ၊ လနဲ့ လူ နှစ်ပေါင်းရာချီ ကြိုးပမ်းပြီးနောက် အရာရာ နေသားတကျ ဖြစ်သွားပြီ"
လရောင်အောက်တွင် ပြုံးနေသော သူ၏ လက်ထဲတွင် သံလိုက်အိမ်မြှောင်သဏ္ဍာန် အရာတစ်ခု ထွက်ပေါ်လာပြီး ၎င်း၏ အလယ်၌ ရွှေရောင်နှင့် ငွေရောင် နေအသေးစားနှင့် လအသေးစား အရာများ လှည့်ပတ်နေသည့် သင်္ဘောပုံစံငယ်တစ်ခု ရှိနေသည်။ သူက ၎င်းကို လှုပ်ခတ်လိုက်သောအခါ ထိုအရာများ တဂျစ်ဂျစ် မြည်သွားသော်လည်း ပေါင်းစည်းခြင်း မရှိသေးပေ။ ၎င်းက ထိပ်တန်း လက်နက်တစ်ခု ဖြစ်ခဲ့ပြီး နေနှင့် လ ပေါင်းစည်းသွားမှသာ မူလခွန်အားကို ထုတ်ဖော်နိုင်ပေလိမ့်မည်။ သူက သံလိုက်အိမ်မြှောင်အတွင်း စွမ်းအားများ ထည့်သွင်းပေးလိုက်သောအခါ နယ်မြေတစ်ခုလုံး တုန်ဟီးသွား၍ နေရော လပါ လှုပ်ခတ်သွားကာ အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
"နေနဲ့လ ပေါင်းစည်းတော့မယ်"
နယ်မြေကြီးသည် အပြောင်းအလဲ တစ်ခု ကြီးမားစွာ ဖြစ်လာပြီး စွမ်းအင်များအကြားတွင် မြေအင်မော်တယ်၏ ငွေရောင်ဝတ်ရုံ လွင့်ပျံနေသည်။
"လာကြစမ်း။ ငါတို့ရဲ့ ခေတ်သစ်ကို အစပြုဖို့ စွမ်းအားတွေ ပေးကြ"
သူက အမိန့်ပေးလိုက်သောအခါ နတ်ဘုရားတစ်ယောက်မှ တာဝန်ပေးလိုက်သည့်အလား ကျင့်ကြံသူများ ချက်ချင်း ရှေ့တက်လာကြ၏။
ရှေးဟောင်းကျောင်းတော်တွင် ယွမ်ရှောင်သည် ရုန်းစုတ်တံကို ချထားလိုက်ပြီး အသက်တံဆိပ်မှာ ပိုမို တောက်ပလာ၍ ရုန်းအရေအတွက် ငါးသန်းကျော် ပိုင်ဆိုင်လာ၏။ သူက ရှေးဟောင်းကျောင်းတော်ရှိ အကောင်းဆုံး အစီအရင်များကို ရေးထိုးခဲ့ပြီး နာရီအနည်းငယ်သာ အချိန်ရသောကြောင့် ရုန်းအရေအတွက် နှစ်သန်းသာ တိုးတက်လာခြင်း ဖြစ်သည်။ သူက အခြေတည် ချီစက်ဝန်း နယ်ပယ်သာ ဖြစ်သော်လည်း ဓားဝိညာဥ်နှင့် အသက်တံဆိပ်၏ စွမ်းအားအရ နယ်မြေတစ်ခုလုံးတွင် ထိပ်တန်း ကျင့်ကြံသူ ဖြစ်လာ၏။ ၎င်းတို့သည် အားသာချက်ကိုယ်စီဖြင့် အချင်းချင်း အားဖြည့်ပေးနိုင်ပြီး ပူးပေါင်းတိုက်ခိုက်လိုက်လျှင် ကြီးမားသော ရလဒ် ထွက်ပေါ်လာပေလိမ့်မည်။
"ကမ္ဘာပေါင်းများစွာရဲ့ ကျောင်းတော်အနေနဲ့ ဒီက တာအိုဂါထာနဲ့ ဓားသိုင်းတွေက ငရဲကိုးထပ်ကမ္ဘာထက် အများကြီး နက်ရှိုင်းတယ်"
သူက လေထဲတွင် ရပ်နေရင်း မျက်လုံးများမှိတ်ကာ အသစ်သင်ယူလိုက်သော ကျင့်စဥ်များကို ပြန်လည်စဥ်းစားနေ၏။ ဆန်းကြယ်ဘုရားကျောင်း တိုက်ပွဲအပြီးတွင် ဝါးမျိုခဲ့သော ဖန်ဆင်းရှင်မျိုးစေ့များကြောင့် ရုပ်ခန္ဓာ၊ ဒန်တန်နှင့် သွေးကြောများ သိသိသာသာ တိုးတက်လာခဲ့သည်။ ကျင့်ကြံမှု နယ်ပယ်မှ လွဲ၍ ကဏ္ဍတိုင်းတွင် မြင့်တက်လာခဲ့သောကြောင့် ယိုယွင်းမှုငါးမျိုး ရောက်ရှိလာမည့်အချိန်ကိုသာ စောင့်ဆိုင်းရန် ကျန်ရစ်၏။ ကပ်ဘေးငါးမျိုးသာ ကျရောက်လာမည်ဆိုလျှင် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေဓာတ်များဖြင့် သက်ဆိုင်၍ ထူးခြားသော်လည်း ကျင့်ကြံသူအရေအတွက်များများ မသေစေခဲ့ပေ။ လက်ရှိတွင် ရှေးဟောင်းအပျက်အစီးနယ်မြေ၌ ချီစက်ဝန်းနယ်ပယ် ကျင့်ကြံသူများစွာ ရှိသော်လည်း အဆင့်တက်နိုင်သူ ရှားပါးလာခဲ့၏။
ယိုယွင်းမှုငါးမျိုး ကျရောက်လာလျှင် ကိုယ်တွင်းအင်္ဂါများ အလုပ်လုပ်ခြင်း ရပ်တန့်၍ နှလုံးခုန်သံ ပျောက်ဆုံးသွားမည်။ အဆုတ်က အသက်မရှူတော့ဘဲ အသည်းလည်း လုပ်ငန်းဆောင်တာများ ရပ်တန့်မည်။ ရုပ်ခန္ဓာက အိုမင်းရင့်ရော်၍ သွေးလည်ပတ်မှု ဟန့်တားခံလိုက်ရကာ ချီစွမ်းအင်များလည်း အနှောင့်အယှက်ကြောင့် လောင်ကျွမ်းခံလိုက်ရမည်ဖြစ်၍ သေခြင်းတရားနှင့် နီးကပ်လာနိုင်သည်။ ၎င်းကို ကျော်လွန်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ခံနိုင်ရည်ရှိရန် ဖြစ်ပြီး နောက်ဆုံးတွင် ချီစွမ်းအင် ပြန်လည် ဖြစ်ပေါ်လာကာ သွေးသစ်လောင်းလိုက်သကဲ့သို့ ရုပ်ခန္ဓာ ပြန်၍ အလုပ်လုပ်ပေလိမ့်မည်။ ယွမ်ရှောင်က ယိုယွင်းမှုနယ်ပယ်အကြောင်း အထက်ပါအတိုင်း နားလည်ထား၍ ကပ်ဘေးနယ်ပယ်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသောကြောင့် ကျင့်ကြံသူများကို ကြောက်ဒူးတုန်စေ၏။ သူ့အနေဖြင့် ဤသို့ ပြောင်းလဲသွားရခြင်းမှာ သိုင်းဧကရာဇ် မျိုးနွယ်နှင့် သက်ဆိုင်မည်ဟု လုံးဝ မယုံကြည်ပေ။ ကောင်းကင်က အပြစ်ပေးလျှင်လည်း နယ်မြေကြီးတစ်ခုလုံးကို ဒဏ်ခတ်စရာ အကြောင်း မရှိသောကြောင့်ပင်။
"ရှေးဟောင်းအပျက်အစီးနယ်မြေကို ရောက်ဖူးရင် ယိုယွင်းမှုနယ်ပယ်နဲ့ ရင်ဆိုင်ရမယ်။ ဒါက စုပ်ယူလိုက်မိတဲ့ ချီစွမ်းအင်တွေနဲ့ သက်ဆိုင်လိမ့်မယ်။ ပြီးတော့ နယ်မြေတစ်ခုလုံး လွှမ်းခြုံထားတဲ့ မြူခိုးတွေနဲ့ သက်ဆိုင်နေတာ ဖြစ်လောက်တယ်"
ကြယ်ပြာက ဤသို့ သုံးသပ်ပြလိုက်သောအခါ ကောင်းကင်ရှိ နေနှင့်လကို မော့ကြည့်နေသည့် ယွမ်ရှောင်အား မျက်မှောင်ကြုတ်သွားစေသည်။ ထို့အပြင် ကမ္ဘာများအကြား လှည့်လည်သွားလာနေသော ဤနယ်မြေကြီးတွင် မူလက နေနှင့် လ မရှိဖူးပေ။ အင်မော်တယ်သုံးပါး ရောက်ရှိလာ၍ ၎င်းတို့ကို ထည့်သွင်းလိုက်သည်ဟူသော သတင်းလည်း ရှိနေရာ ယိုယွင်းမှုနယ်ပယ် ဖြစ်လာရခြင်း၏ အကြောင်းအရင်းပင် ဖြစ်နိုင်နေသည်။ သူ အတွေးနက်နေစဥ် မြေပြင်က ပြင်းထန်စွာ တုန်ခါနေသဖြင့် မြင်လေရာရာ အဆောက်အအုံများ ယိမ်းထိုးကုန်၏။ ပတ်ပတ်လည်တွင် ငလျင်လှုပ်နေသော်လည်း လမ်းများအထက် လူသားများ စုစည်း၍ နက်ရှိုင်းသော ဒေါသဖြင့် အော်ဟစ်စွပ်စွဲနေဆဲပင်။
"အထက်ကို မော့ကြည့်လိုက်"
ကြယ်ပြာက ရုတ်တရက် အလန့်တကြား အော်ဟစ်လိုက်သောအခိုက် ယွမ်ရှောင်အနေဖြင့် ကောင်းကင်သို့ မကြည့်နိုင်ခင် မြေကြီးမှာ ရုတ်တရက် လင်းလက်လာ၏။ မယုံကြည်နိုင်လောက်စရာ မြင်ကွင်းတစ်ခု ရှိနေပြီး နေနှင့်လသည် ကောင်းကင်ယံတွင် တစ်ခုကို တစ်ခု ဆွဲငင်နေသကဲ့သို့ အရှိန်အဟုန်ပြင်းစွာ တိုးဝင်သွားကြသည်။ ရှေးဟောင်းအပျက်အစီးနယ်မြေ၏ ကျင့်ကြံသူများအတွက် ၎င်းသည် မကြုံစဖူး မြင်ကွင်းမျိုး ဖြစ်သောကြောင့် ချက်ချင်း တုန်လှုပ်သွားကာ ပြိုင်တူ မော့ကြည့်လိုက်မိ၏။
"ဘုန်း"
ထိုအခိုက်အတန့်တွင် နေနှင့် လက အချင်းချင်း ဝင်ဆောင့်လိုက်ကြပြီး ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာရမည့်အစား ဝေးကွာနေသော ဇနီးမောင်နှံအလား တစ်ခုနှင့် တစ်ခု ပေါင်းစည်းရောနှောသွားကြသည်။ ခဏအတွင်း ရွှေရောင်နှင့် ငွေရောင် နှစ်ရောင်စပ် စက်လုံးတစ်ခု ဖြစ်သွားကာ ယင်ယန် ငါးနှစ်ကောင် လည်ပတ်နေသော အဖြူအနက် ထိုက်ကျိစက်ဝိုင်းနှင့်ပင် တူညီလာ၏။
"ငါ အခု နားလည်သွားပြီ။ ယိုယွင်းမှုနယ်ပယ်က ဒီလို ဖြစ်လာတာပဲ။ အစ်ကိုကြီး ငါတို့တော့ အကြီးအကျယ် ဒုက္ခရောက်တော့မယ်"
ရှေးဟောင်းအပျက်အစီးနယ်မြေ၏ ကျင့်ကြံသူများသည် အသစ်ဖြစ်ပေါ်လာသော စက်လုံးကြီး အံ့သြတကြီး ဖြစ်နေကာ ဂူကောင်များ၏ လှုံ့ဆော်မှုအရ ဒူးထောက်လိုက်ကြစဥ် ကြယ်ပြာမှာမူ မျက်နှာအမူအရာ ပြောင်းလဲသွားလေသည်။