ယိုယွင်းမှုနယ်ပယ်၏ အမှန်တရား
Vol. 35 Ch. 457
ယိုယွင်းနေသော ချီစွမ်းအားများ ပြန့်ထွက်လာသောကြောင့် နေနှင့်လ ပေါင်းစည်းပြီးနောက် မြင့်မြတ်ဟန်ရှိသော ခမ်းနားထည်ဝါသည့် အလင်းများ ဖြာကျလာသော်လည်း ယွမ်ရှောင်နှင့် ကြယ်ပြာ ပြိုင်တူ မျက်မှောင်ကြုတ်နေကြသည်။
"ဒါက လောကကြီးအတွက် တကယ့်ဘေးအန္တရာယ်ပဲ။ အသွေးအသားနဲ့ အသက်ဓာတ်ကို ဝါးမျိုနိုင်လို့ မကောင်းဆိုးဝါး ဆန်လွန်းတယ်။ တကယ်တမ်းပြောရရင် သေခြင်းတရားရဲ့ တာအိုအန္တရာယ် ဖြစ်လာလိမ့်မယ်"
ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခွင် လမ်းတိုင်း အဆောက်အအုံတိုင်းတွင် ထိုစွမ်းအားများ စိမ့်ဝင်လာသောအခိုက်၌ ကြယ်ပြာက ရှင်းပြလာ၏။ ၎င်းက အရှိန်အဝါသက်သက်နှင့် ဆင်တူကာ ကျင့်ကြံသူများ ကိုယ်တွင်းသို့ စုပ်ယူမိလိုက်သည်နှင့်တပြိုင်နက် အဆိပ်မိထားသကဲ့သို့ အချိန်တန်လျှင် ပေါက်ကွဲထွက်လာပေလိမ့်မည်။ ၎င်းသည် လူသားမျိုးနွယ်ကို အဆိပ်ခတ်ခြင်း ဖြစ်ကာ နေ နှင့် လသည် မြူခိုးများ ဆက်တိုက်ထုတ်လွှတ်၍ ချီစွမ်းအင်အကြား ရောနှောပစ်ခဲ့သည်။ ကျင့်ကြံသူတစ်ယောက်အနေဖြင့် သတိထားမိမည် မဟုတ်ဘဲ ခန္ဓာကိုယ်အတွင်း ဖြည်းဖြည်းချင်း စုစည်းလာ၍ သေစေနိုင်သော ရောဂါ ဖြစ်လာပေလိမ့်မည်။ ဤအချက်သည် ရှေးဟောင်းအပျက်အစီးနယ်မြေတွင် ကပ်ဘေးနယ်ပယ်မှ ယိုယွင်းမှုနယ်ပယ် အဖြစ် ပြောင်းလဲသွားသော အမှန်တရား ဖြစ်ကာ ကောင်းကင်အပြစ်ဒဏ် လုံးဝ မဟုတ်ချေ။
အင်မော်တယ်သုံးပါး ခေါ် ဂူကျင့်ကြံသူများသည် နေ နှင့် လကို ယူဆောင်လာသော တရားခံများဖြစ်ကာ နှစ်ပေါင်းရာချီ ကြံစည်နေသော ယုတ်မာမှု ယနေ့တွင် ပေါ်ပေါက်လာပုံရသည်။ ယွမ်ရှောင်သည် အလွန်အမင်း ဒေါသထွက်နေပြီး အောက်တန်းကျ ယုတ်မာ၍ တရားခံအစစ်များက လူကောင်းသူကောင်းများကို ရှုံ့ချပြီး သူတော်ကောင်းအယောင်ဆောင်နေသောကြောင့်ပင်။ နေ နှင့် လ ပေါင်းစည်းသွားသောအခါတွင်မှ ထိုအမှန်တရား ပေါ်ပေါက်လာခဲ့ပြီး ယိုယွင်းနေသော ချီစွမ်းအင်များ ပေါ်တင်ထွက်ပေါ်လာသဖြင့် သူ အနည်းငယ် စိုးရိမ်နေသည်။ ရှေးဟောင်းမျှော်စင်၌ ကျင့်ကြံနေသော လန်ရီမှာ ထိုရန်သူများ၏ အဓိက ပစ်မှတ် မဟုတ်ပါလော။
ရှေးဟောင်းကျောင်းတော်သည် ပရမ်းပတာ ဖြစ်နေပြီး ဆန်းကြယ်ဘုရားကျောင်းမှ လူသတ်မှု သတင်း ပျံ့နှံ့နေသဖြင့် ဒေါသထွက်နေသော လူအုပ်ကြီး ထိုးဖောက်ဝင်ရောက်၍ အရာရာကို ဖျက်ဆီးရင်း ဒေါသထုတ်ဖော်နေကြ၏။ ရှေးဟောင်းမျှော်စင်နှင့် ဆန်းကြယ်ဘုရားကျောင်းမှ လွဲ၍ အဆောက်အအုံတိုင်း မီးများတောက်လောင်နေကာ နှစ်ပေါင်းများစွာကြာအောင် တည်ဆောက်ခဲ့ရသော အုတ်မြစ် ပျက်စီးသွားခဲ့သည်။ ကြီးမားလှသော မီးတောက်များကြောင့် မြေပြင်သည် မည်းနက်နေအောင် လောင်ကျွမ်းခံထားရပြီး လူအုပ်ကြီးမှာ ရှေးဟောင်းမျှော်စင်ကို ဝိုင်းထားကြ၏။ တစ်ယောက်ချင်းစီက ဒေါတသကြီး ဖြစ်နေကာ တရားမျှတမှုပေးရန် ကြွေးကြော်၍ ကျိန်ဆဲနေကြသည်။ အပြင်ဘက်မှ လူပေါင်းများစွာ တရစပ် ဝင်ရောက်လာပြီး ၎င်းကို ပိတ်ဆို့ထားကာ ယွမ်ရှောင်ကိုယ်တိုင် ထိုနေရာသို့ ရောက်သောအခါ တိုးဝှေ့ဝင်ရောက်ရန် မဖြစ်နိုင်သလောက်နီးပါးပင်။ ယွီချန်သည် ကာကွယ်ရေးအစီအရင်ကို အသက်သွင်းကာ ဒေါသထွက်နေသော လူအုပ်ကြီးကို ဟန့်တားထားရန်မှလွဲ၍ ရွေးချယ်စရာ မရှိပေ။
"ယွီချန် စုန်းမ တရားခံနှစ်ယောက်ကို ထုတ်ပေးစမ်း"
"ရှေးဟောင်းကျောင်းတော်ရဲ့ မြင့်မြတ်မှုက ပျက်စီးသွားပြီ"
"တရားခံနှစ်ယောက်ကို လွှဲပေးရင် အင်မော်တယ်သုံးပါးက မင်းတို့ကို ခွင့်လွှတ်ချင် ခွင့်လွှတ်လိမ့်မယ်"
"အသုံးမကျတဲ့ အသက်ရှင်ချင်သေးရင် ထွက်လာစမ်း"
သူတို့၏ မျက်လုံးများက သွေးရောင်တောက်ပနေသည့်အပြင် သွေးများ တတောက်တောက် စီးကျလာသော်လည်း ဆက်တိုက် အော်ဟစ်နေကြ၏။ ဦးနှောက်များ ရောင်ယမ်း၍ ခန္ဓာကိုယ်ရော စိတ်ဝိညာဥ်ပါ ပူလောင်နေခြင်းကို လျစ်လျူရှုထားကာ ပခုံးချင်းယှဥ်ရပ်၍ လူဦးရေ များသထက် များလာသည်။
"ဘုန်း"
ဒေါသကြောင့် လူရုပ်ပင် မပေါက်လောက်အောင် ဆိုးသွမ်းနေသော လူအုပ်ကြီးသည် အသက်ကိုပင် ပဓာန မထားဘဲ အစီအရင်ထံ ဆက်တိုက် ဝင်တိုးနေကြရာ သွေးများ အသားစများ ဖွာထွက်ကုန်သည်။
"အနာဂတ်မျိုးဆက်ရဲ့ ငြိမ်းချမ်းရေးအတွက် ငါတို့က အားနည်းရင်တောင် သိုင်းဧကရာဇ်မျိုးနွယ်ကို ရှင်းပစ်မယ်"
"သတ်ကြ"
"အသက်နဲ့ရင်းပြီး ထိုးဖောက်ကြစမ်း"
သူတို့၏ ရတနာများ၊ ဓားဝိညာဥ်များနှင့် အသက်တံဆိပ်များသည် မျှော်စင်ထံ တဖွဲဖွဲ ဝင်ရောက်လာသည်။ ကံကောင်းသည်မှာ ၎င်းက အစွမ်းထက် ရတနာတစ်ခု ဖြစ်နေသောကြောင့် ထိုတိုက်ကွက်များကို ယခုအချိန်တိုင်အောင် ခုခံထားနိုင်၏။ ယွမ်ရှောင်သည် အမှောင်ထဲတွင် ရပ်နေရင်း ဖြစ်ပျက်သမျှအရာရာကို စစ်ဆေးခဲ့သည်။ အရေအတွက်များပြားလှသော လူအုပ်ကြီး၏ ခေါင်းများအထက်တွင် မြူခိုးများ ငွေ့ရည်ဖွဲ့လောက်သည်အထိ ထူထပ်စွာ သိပ်သည်းနေ၏။ မြူခိုးများအကြားတွင် အနီရောင် ပိုးကောင်များ မြူးထူးပျော်ပါးနေကြပြီး ပေါ်လိုက်ပျောက်လိုက် မြင်နေရသည်။
"ဒီကောင်တွေ ဘာလုပ်နေကြတာလဲ။ ရှေးဟောင်းမျှော်စင်ကို ဖောက်ဝင်နိုင်တာလည်း မဟုတ်ဘူး။ ဘာတွေ ကြံနေကြတာလဲ"
ရှေးဟောင်းမျှော်စင်သည် ကျောင်းတော်၏ အဓိက အမွေအနှစ်ဖြစ်ကာ ကြံ့ကြံ့ခံ ရပ်တည်နေသမျှ ကာလပတ်လုံး ကျောင်းတော်က ထာဝရရှင်သန်နေပေလိမ့်မည်။ သူ အတွေးရခက်နေစဥ် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာ၍ ကောင်းကင်မှ ယိုယွင်းနေသော ချီသည် လူအုပ်ထံ ဝုန်းခနဲ ဆင်းသက်လာသည်။
"အား"
နာကျင်စွာ အော်သံများ ထွက်ပေါ်လာပြီး ဒေါသထွက်နေသော လူသားများ ရုတ်တရက် လဲကျကာ လူးလွန့်နေကြသည်။ အသွေးအသားများ မီးလောင်ကျွမ်းကာ အရေပြားနှင့် ကြွက်သား ကျုံ့ဝင်သွား၍ ချီစွမ်းအင် မီးရှို့ခံနေရ၏။ လူသား သန်းပေါင်းများစွာက မြေပြင်တွင် နာကျင်စွာ အော်ဟစ်နေသော မြင်ကွင်းသည် ငရဲပြည်အလား ထင်မှတ်ရပြီး ဤနေရာတွင်သာ မဟုတ်ဘဲ ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုလုံး ဤမြင်ကွင်းများ ဖြစ်ပေါ်လာသည်။ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်ကာ လျှာများ တွဲလောင်းကျ၍ အသက်ဓာတ်များ လျင်မြန်စွာ စီးထွက်ကုန်၍ စွမ်းအင်များ အဝတ်ရေညှစ်သကဲ့သို့ ထုတ်ယူခံနေရ၏။ ဤအတိုင်းဆက်သွားလျှင် ထိုလူသားများအားလုံး အသက်ဓာတ် ပျောက်ကွယ်နေမည့် ရုပ်ခန္ဓာ အခွံများ ဖြစ်လာပေလိမ့်မည့။
ယိုယွင်းနေသော ချီကို စုပ်ယူခဲ့ခြင်း၏ ရလဒ် ထွက်ပေါ်လာပြီဖြစ်ကာ ယိုယွင်းမှုနယ်ပယ် ကျင့်ကြံသူ ဟုတ်မဟုတ် အရေးမပါတော့ချေ။ ယွမ်ရှောင်သည်လည်း ကိုယ်တွင်း၌ တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိသဖြင့် မျက်နှာပျက်သွားသည်။ မြူခိုးများက သူ၏ ဒန်တန်အတွင်း စိမ့်ဝင်နေကာ ချီကို လောင်ကျွမ်းပြီး အစပိုင်းသာ ဖြစ်သော်လည်း မကောင်းသော နိမိတ် လက္ခဏာပင်။
"ဒီဂူကျင့်ကြံသူတွေ ဘာလုပ်ချင်နေတာလဲ"
သူ၏ မျက်လုံးအတွင်း ပါးစပ်မှ အမြုပ်တစီစီ ထွက်ကာ တက်နေကြသော လူကြီးလူငယ် ကျားမ မရွေး လူသားများကို နေရာတိုင်း မြင်နေရသည်။ သူတို့က အဆုံးမဲ့ နာကျင်ခံစားနေရဟန်ဖြင့် ငိုကြွေးနေကာ မီးတောက်ကို လောင်စာပေးရန် လောင်ကျွမ်းခံနေရသော ထင်းများအလားပင်။ သူက ကယ်တင်ပေးရန် တစ်ခုခု လုပ်ချင်သော်လည်း ဒန်တန်အတွင်း၌ နာကျင်မှု စတင် ဖြစ်ပေါ်လာခဲ့၏။ ယိုယွင်းနေသော ချီစွမ်းအင်များသည် ကြယ်သွေးကြောများ တလျှောက် ဖြတ်သန်း၍ ခန္ဓာကိုယ်တစ်ခုလုံး ဖောက်ခွဲလျက်ရှိသည်။ ထိုအချိန်၌ သူက ကိုယ့်ကိုကိုယ် ဒေါသထွက်နေမိပြီး လူသားမျိုးနွယ်၏ ကန့်သတ်ချက်များ ကျော်လွန်အောင် ကျင့်ကြံထားသော်လည်း ယိုယွင်းမှုအောက်တွင် စွမ်းအားမဲ့နေ၏။ ဤအချင်းအရာသည် အစပိုင်းသာ ဖြစ်၍ မည်သို့သော ပမာဏမျိုးအထိ မြင့်တက်လာမည်ကို မည်သူမျှ မသိနိုင်ပေ။
"အင်မော်တယ်သုံးပါး ကယ်တော်မူပါ"
"အစစ်အမှန် အင်မော်တယ်တို့ လောကကြီးနဲ့ လူသားတွေကို ကယ်တင်ပေးပါဦး"
သို့ရာတွင် နာကျင်ခံစားနေရသော လူသားများသည် တရားခံအစစ်များထံ ကိုးကွယ်ဆည်းကပ်၍ ယုံကြည်မှု ပြင်းထန်စွာ ဆုတောင်းနေကြ၏။ လေထဲတွင် အင်မော်တယ်သုံးပါး၏ ပုံရိပ်များကို မြင်နေရဟန်ဖြင့် လက်များ ဆန့်တန်း၍ ကယ်တင်ပေးရန် တောင်းခံနေကြသည်။ သူတို့၏ အမြင်တွင် ပုံရိပ်သုံးခုသည် နတ်ဘုရားပမာ မြင့်မြတ်ခမ်းနား၍ မျှော်လင့်ချက်အသစ်များ ပေးစွမ်းလာကြသည်။
"လန်ရီနဲ့ ယွမ်ရှောင်ဆိုတဲ့ မကောင်းဆိုးဝါးနှစ်ကောင်က ကောင်းကင်ကို ဒေါသထွက်စေပြီး နတ်ဘုရားအပြစ်ဒဏ် ကျရောက်လာစေတယ်။ အပြစ်မဲ့ သတ္တဝါတွေက ဒီအကျိုးဆက်ခံနေရတာကို အရှင်သုံးပါးက မကြည့်ရက်နိုင်လို့ အသနားခံပေးခဲ့တယ်။ ကောင်းကင်ရုံးတော်က ဒီအပြစ်ဒဏ်ကို ကျော်လွှားဖို့ ချီးမြှင့်လိုက်တဲ့ တက်ကျမ်းကို ကျင့်ကြံကြပါ"
အင်မော်တယ် သုံးပါး မျိုးဆက်များသည် ရှေးဟောင်းအပျက်အစီးနယ်မြေ တစ်လျှောက်လုံး လှည့်လည်သွားလာရင်း အော်ဟစ်နေကြ၏။ နာကျင်မှု ခံစားနေရသော လူသားများက မျက်ကန်းယုံကြည်၍ ယွမ်ရှောင်နှင့် လန်ရီအပေါ် ပိုမို ဒေါသထွက်လာကြပြန်သည်။ အားကိုးရာ ဖြစ်နိုင်သော တက်ကျမ်းကို ကျင့်ကြံရန် မျှော်လင့်တကြီး ကြိုးစားနေသော ဤငတုံးများမှာ မီးအတွင်း တိုးဝင်နေသည့် ပိုးဖလံများနှင့် မခြားပေ။ သူတို့က နေရာတွင် တင်ပျဥ်ခွေထိုင်ချလိုက်ပြီး ၎င်းကို ကျင့်ကြံရန် စတင်လိုက်သောအခါ မျက်နှာထားများ လေးနက်ကုန်သည်။
"အင်မော်တယ်သုံးပါးက ကပ်ဘေးနဲ့ မကောင်းမှကြို ဖယ်ရှားဖို့၊ ငါတို့ကို ကယ်တင်ပေးဖို့ ဆင်းသက်လာခဲ့တယ်။ ယိုယွင်းမှုကို ကျော်ဖြတ်ပြီး အင်မော်တယ်ဖြစ်လာအောင် တက်ကျမ်းကို ကျင့်ကြံကြ"
လူသားများက ထိုနည်းစနစ်ကို စတင်လည်ပတ်လိုက်သည်နှင့် တပြိုင်နက် ကိုယ်တွင်း၌ တောက်လောင်နေသော မီးများ ပျောက်ကွယ်၍ စျာန်ဝင်စားသကဲ့သို့ အေးချမ်းသွားကြ၏။ သန်းနှင့် ချီသော မျက်နှာများ စိတ်အေးသွားဟန်ဖြင့် ပျော့ပြောင်းလာကာ ကျေနပ်စွာ ပြုံးရင်း ဝိညာဥ်များ ပေါ့ပါးလာသည်။ သူတို့က အင်မော်တယ်သုံးပါးကို ကျေးဇူးတင်လွန်းသဖြင့် အထပ်ထပ်အခါခါ ရှိခိုးဦးချနေစဥ် ဦးခေါင်းအတွင်းမှ အဖြူရောင် မီးခိုးများ တရှဲရှဲ စိမ့်ထွက်လာခဲ့သည်။ ၎င်းမီးခိုးများသည် အမွှေးတိုင်ပူဇော်ရာမှ ထွက်ပေါ်လာသော အငွေ့များအလား ကောင်းကင်တွင် စုစည်းသွားကြ၏။ နာကျင်မှုများ ပျောက်ကွယ်သွားသောကြောင့် တက်ကျမ်းကို ကျင့်ကြံခြင်းသည် အသက်ဓာတ်များ လျင်မြန်စွာ စိမ့်ထွက်၍ ဆက်လက် အိုမင်းရင့်ရော်လာသည်ကိုမူ သတိမထားမိခဲ့ကြပေ။ အဖြူရောင်မီးခိုးများမှာ ဦးနှောက်ဆေးခံထားရသော လူသားများ၏ အသက်ဓာတ်များ မှိန်ဖျော့လာကြောင်း သက်သေပင်။