← Chapters

ပိုမိုဆိုးရွားလာသော အခြေအနေ

Vol. 35 Ch. 458

ပိုမိုဆိုးရွားလာသော အခြေအနေ

Vol. 35 Ch. 458

ဆန်းကြယ်ဘုရားကျောင်း၏ ပိုင်နက်အတွင်း တပည့်ပေါင်းများစွာနှင့် အကြီးအကဲများသည် မြေပြင်တွင် လဲကျ၍ ပြင်းထန်သော ဖျက်ဆီးစွမ်းအားကြောင့် နာကျင်စွာ တွန့်လိမ်နေကြသည်။ ယိုယွင်းမှု နယ်ပယ် ကျင့်ကြံသူများသည် နေရာ၌ ပြာဖြစ်အောင် လောင်ကျွမ်းခံလိုက်ရပြီး မကြည့်ရက် မမြင်ရက်စရာ မြင်ကွင်းပင်။ နာကျင်မှု၊ ကြောက်စိတ်နှင့် မျှော်လင့်ချက်မရှိသော အော်သံများ ဖုံးလွှမ်းကာ ပရမ်းပတာ ဖြစ်နေစဥ် ရွှေရောင်ဝတ်ရုံ ဆင်မြန်းထားသည့် ထန်ချန် ဆင်းသက်လာခဲ့သည်။ သူက လေးနက်တည်ငြိမ်သော မျက်နှာထားဖြင့် တပည့်များ၏ အော်သံကို ကျော်လွန်အောင် အသံကုန် ပြောဆိုနေ၏။

"ယွမ်ရှောင်က လူသားပေါင်းများစွာ သတ်ဖြတ်ခဲ့လို့ နတ်ဘုရား အပြစ်ဒဏ် ကျရောက်လာပြီ။ တက်ကျမ်းကို ကျင့်ကြံမှသာ ဒီယိုယွင်းမှုကနေ လွတ်မြောက်နိုင်မယ်။ ဘာကြောင့် တုံ့ဆိုင်းနေကြတာလဲ။ မကောင်းဆိုးဝါးတွေနဲ့ တစ်ဖက်တည်း ဖြစ်ချင်လို့လား"

သူက လက်တွေ့ပြသည့်အနေဖြင့် တင်ပျဥ်ခွေထိုင်ချ၍ တက်ကျမ်းကို ကျင့်ကြံလိုက်သောအခါ နာကျင်မှုများ ပျောက်ကွယ်ပြီး အဖြူရောင်မီးခိုးများသာ ထွက်ပေါ်လာ၏။

"မလုပ်နဲ့။ ဒါက တစ်ခုခု မှားနေတယ်"

တပည့်အများအပြားက ၎င်းကို ကျင့်ကြံရန် အစပျိုးနေသောအခါ ယွဲ့မိုလင်သည် နာကျင်မှုကို တောင့်ခံရင်း အသည်းအသန် တားမြစ်ခဲ့သည်။

"မင်းဘာသာ မကျင့်ကြံရင်လည်း ဘေးဖယ်စမ်း။ ငါတို့ကို လာမရှုပ်နဲ့"

"ယွမ်ရှောင်က လူတွေအများကြီး သတ်ခဲ့တာ ငါတို့ မြင်တယ်။ ဒီယိုယွင်းမှုက အင်မော်တယ်သုံးပါးနဲ့ သက်ဆိုင်တယ်လို့ အမြင်မှားမနေနဲ့။ ဂူကောင်ဆိုတာကိုရော ဘယ်သူများ မြင်ဖူးလို့လဲ"

သူက မျက်ရည်များဖြင့် လိုက်လံ တားမြစ်ချင်သော်လည်း တပည့်အရေအတွက် ခုနစ်ဆယ်ရာခိုင်နှုန်းသည် စတင်ကျင့်ကြံလိုက်ပြီး နာကျင်မှုများ ပျောက်ကွယ်ကုန်သည်။ သူတို့က အလွန်လျင်မြန်စွာ အိုမင်းရင့်ရော်လာသော်လည်း ပျော်ရွှင်စွာ ရယ်မောနေကြပြီး အရူးများပမာ လက်များ ဆန့်တန်း၍ အင်မော်တယ်သုံးပါး ပုံရိပ်များကို ပွေ့ဖက်နေကြသည်။

"အဖြူရောင်မီးခိုးတွေ ဘယ်ရောက်သွားတာလဲ"

ထောင့်တစ်နေရာတွင် ပုန်းအောင်းနေသည့် ရှောင်ရှိုးခေါ် မိန်းကလေးသည် ထိုမြင်ကွင်းကို မြင်ရသောအခါ တုန်လှုပ်သွားပြီး မျက်ရည်များ ကျဆင်းလာကာ စကားပြောမထွက်ဝံ့ပေ။ သူမက တွေးမိသည့်အတိုင်း လိုက်လံကြည့်ရှုလိုက်သောအခါ မရေမတွက်နိုင်သော မီးခိုးဖြူများသည် ရှေးဟောင်းမျှော်စင်အထက်၌ ဧရာမ ဝဲဂယက်ကြီးပမာ စုစည်းနေကြောင်း မြင်လိုက်ရ၏။ ၎င်းအတွင်း ပေရာပေါင်းများစွာ မြင့်မားသော ပုံရိပ်တစ်ခုသည် ကိုယ့်ကိုကိုယ် နတ်ဘုရားအဖြစ် မှတ်ယူနေသည့်အလား ကျေနပ်စွာ ပြုံးနေပုံပေါ်သည်။

မြေအင်မော်တယ်၏ နတ်ဘုရား စွမ်းအားက လောကကြီးကို ကာကွယ်၍ သက်ရှိအားလုံး ဘေးကင်းစေသည်ဟု လူသားများ ထင်ယောင်ထင်မှား ရေရွတ်နေကြသည်။ နယ်မြေတစ်ခုလုံးသည် ပြန်လည်ရှင်သန်လာသော အနေအထားမျိုးဖြင့် စိတ်အားထက်သန်စွာ ကြွေးကြော်ခဲ့ပြီး လူသန်းပေါင်းများစွာက ကောင်းကင်မှ ပုံရိပ်ထံ မော့ကြည့်ရင်း အသံအိုးကွဲသည်အထိ တရစပ် အော်ဟစ်လိုက်ကြ၏။ ရုပ်ခန္ဓာများ အိုမင်းရင့်ရော်လာကာ အသက်ဓာတ်များ ကုန်ဆုံးခြင်းကို သတိမပြုမိဘဲ သူတို့က တက်ကျမ်းကို အားကြိုးမာန်တက် ကျင့်ကြံနေသည်။ ဦးနှောက်ထဲတွင် စိတ်ခံစားချက်များ ချော်ရည်ပမာ ပွက်ပွက်ဆူနေ၍ ထူးဆန်းသော အပြုံးများ ဖြစ်တည်လာစေကာ အသက်ဓာတ်မီးခိုးများကမူ ကောင်းကင်တစ်ခုလုံး ဖုံးအုပ်သွားလောက်အောင် များပြားလာ၏။ တစ်ဖက်တွင် မြေအင်မော်တယ်သည် ကြီးမားလှသော ပါးစပ်ကို ဖွင့်၍ ထိုအသက်ဓာတ်များကို စုပ်ယူဝါးမျိုနေသည်။

"မြေအင်မော်တယ်ကို ကိုးကွယ်ကြ"

"ကယ်တင်ရှင် ရောက်လာပြီ"

လူသားများက အယူမှားစွာ ပြုံးနေကြ၍ ကယ်တင်ရန် မဖြစ်နိုင်သောကြောင့် အဆောက်အအုံ တစ်ခုအထက်မှ အရာရာကို မြင်နေရသည့် ယွမ်ရှောင်အနေဖြင့် သက်ပြင်းချရုံသာ တတ်နိုင်၏။

"သွားကြစို့။ ဒီနယ်မြေကို ကယ်တင်ဖို့ မဖြစ်နိုင်ဘူး။ သူက အသက်ဓာတ်တွေကို စုစည်းပြီး ရှေးဟောင်းမျှော်စင်ကို ထိုးဖောက်ဖို့ လုပ်နေတာပဲ။ ငါတို့ နောက်ကျသွားပြီ။ လန်ရီက ရတနာနဲ့ မပေါင်းစည်းရသေးဘူး။ မင်း အခု သွားရင်တောင် ဒီကောင့်ကို တားဆီးနိုင်မယ် မထင်ဘူး"

ကြယ်ပြာက လေးနက်စွာ သတိပေးလိုက်သော်လည်း ယွမ်ရှောင်သည် မကြားဟန်ဆောင်ကာ ကိုယ်တွင်း၌ တောက်လောင်နေသည့် မီးတောက်ကို သည်းခံရင်း ရှေ့တိုးရန် ကြိုးစားခဲ့သည်။

"မလုပ်နဲ့။ နောက်ထပ် ခြေတစ်လှမ်း ထပ်တိုးရင် အကျိုးဆက်က ပြင်းထန်လာလိမ့်မယ်။ ယိုယွင်းနေတဲ့ ချီတွေက မင်းကို သုတ်သင်ပစ်မှာ သေချာတယ်"

ရန်သူများဘက်မှ ခြေတစ်လှမ်း ဦးသွားသောကြောင့် သူ၏ အကြံအစည် ပျက်ပြယ်သွားကာ သေလုမျောပါး ဖြစ်နေပြီး မြေအင်မော်တယ်ကမူ လက်ရှိ၌ ပြိုင်ဘက်ကင်း ဖြစ်နိုင်သည်။ လူသားသန်းပေါင်းများစွာ၏ အသက်ဓာတ် ထောက်ပံ့မှုဖြင့် ငွေရောင်သားရဲကြီးအလား ထင်မှတ်ရကာ ရှေးဟောင်းမျှော်စင်ကို အေးစက်စက် စိုက်ကြည့်နေ၏။

"နတ်ဘုရားအပြစ်ဒဏ်ကို ကျော်လွှားဖို့၊ အပြစ်သားတွေကို ဒဏ်ခတ်ဖို့ မြေအင်မော်တယ် ကြိုးစားပေးပါ"

"သတ်လိုက် သတ်လိုက်"

လူသားများက နားကွဲမတတ် ဟိန်းဟောက်နေကာ တက်ကျမ်းကို မိုက်မဲစွာ ကျင့်ကြံနေဆဲဖြစ်ရာ ရှေးဟောင်းမျှော်စင် တုန်ခါသွားသည်။ ရာစုနှစ်ပေါင်းများစွာ တည်မြဲလာသော ရတနာသည် တောက်ပသော အလင်း မှိန်ဖျော့သွားပြီး အတွင်း၌ ယွီချန်နှင့် အပေါင်းအပါများက အင်အား စုစည်းထားသည်။ လူထု၏ အမြင်ကို လှည့်ဖြား၍ ဦးနှောက်ဆေးခြင်းမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ထိရောက်နေ၏။ အင်မော်တယ်သုံးပါး၏ အစွန်းရောက် ရက်စက်ယုတ်မာသော အကြံအစည်နှင့် ရင်ဆိုင်ရသောအခါ သူတို့မှာ ချောက်ကမ်းပါးအစွန်းသို့ ကျရန် လက်တစ်လုံးပင် မလိုတော့ချေ။ ထိုရန်သူများ နှစ်ပေါင်းရာချီ ကြံစည်နေသည်မှာ လန်ရီကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ ရှေးဟောင်းမျှော်စင်ကိုပါ တစ်ချက်တည်း ဖျက်ဆီးပစ်ရန် ဖြစ်နေသည်။

"ငါ့တပည့် လက်မလျှော့လိုက်နဲ့"

ယွီချန်သည် အံကြိတ်ထားရလွန်းသဖြင့် နီရဲနေသော မျက်ဝန်းများနှင့် အထက်သို့ မော့ကြည့်ကာ အားပေးလိုက်၏။ ထိုနေရာ၌ အဖြူရောင်စွမ်းအင်လုံး တစ်ခု မျောလွင့်နေကာ လန်ရီသည်လည်း ယိုယွင်းနေသော ချီမီးလျှံကို ခုခံရင်း အလုပ်များနေသည်။ ပတ်ဝန်းကျင်မှ အော်ဟစ်သံများက သူမ၏ နှလုံးသားကို နာကျင်စေသောကြောင့် မျက်ရည်များ တသွင်သွင် စီးကျကာ ရှေးဟောင်းမျှော်စင်သည်လည်း ပျက်စီးတော့မည့် လက္ခဏာများ ပြသလာ၏။ ကျောက်တိုင်များ ကျိုးပဲ့၍ နံရံများ အက်ကွဲကာ ကာကွယ်ရန် ရောက်ရှိနေသူများလည်း ယိုယွင်းမှု ချီကြောင့် ခွန်အား ကျဆင်းစပြုလာသည်။ နေနှင့် လ ပေါင်းစည်းရာမှ လူထု၏ ရူးသွပ်မှုက အားကောင်းလာ၍ မြေအင်မော်တယ်၏ လှောင်ရယ်သံသည် သူတို့၏ နားအတွင်း သံရည်ပူပမာ အဆက်မပြတ် ထိုးဖောက်နေသည်။

"ယွီချန် မင်းက လူကောင်းတစ်ယောက် ဖြစ်ချင်တာလား။ မကောင်းဆိုးဝါးနှစ်ယောက်ကို ကူညီပြီး ဘာကြောင့် လူသားတွေကို သတ်ဖြတ်ခွင့်ပေးခဲ့တာလဲ။ သူတို့ကြောင့် ရှေးဟောင်းကျောင်းတော် ပျက်စီးတော့မယ်။ လန်ရီနဲ့ ယွမ်ရှောင်ကို သတ်ပစ်လိုက်၊ သတ်ပစ်လိုက်စမ်း"

"ပါးစပ်ပိတ်ထားစမ်း လူယုတ်မာ"

ယွီချန်သည် ချီစွမ်းအင်ကို ရှေးဟောင်းမျှော်စင်ထံ ထောက်ပံ့ပေးထားသောကြောင့် မြေအင်မော်တယ် တိုက်ခိုက်လိုက်တိုင်း ခန္ဓာကိုယ် ရိုက်နှက်ခံလိုက်ရသကဲ့သို့ နာကျင်ရသည်။ သူမကိုယ်တိုင်လည်း အနက်ရောင်သွေးများ အန်ထွက်လာကာ အညိုအမည်း ဒဏ်ရာများ ဖြစ်ပေါ်လာသည့်အပြင် ကာကွယ်သူများလည်း မျက်စိမှ သွေးများ စီးထွက်လာကာ ပြိုလဲမတတ် ဖြစ်ကုန်၏။

"အစ်မကြီး ငါတို့အတွက် အခွင့်အရေး ရှိသေးလား"

ဖုန်းချင်းက တစ်ကိုယ်လုံး သွေးချင်းချင်းနီ၍ လေသံမှာ အားနည်းဖျော့တော့နေပုံရသည်။

"ရှိတယ်။ ခဏလောက် တောင့်ခံထား။ လန်ရီက မျှော်စင်နဲ့ ပေါင်းစည်းရင် အဆင်ပြေပြီ။ ငါတို့ မရှုံးရဘူး။ မဟုတ်ရင် ရှေးဟောင်းအပျက်အစီးနယ်မြေတင် မကဘဲ ကမ္ဘာပေါင်းများစွာ ပျက်စီးရလိမ့်မယ်။ အမေ့ခံနတ်ဆိုးပင်လယ် အတိုင်း တစ်ထပ်တည်း ဖြစ်လာမှာ သေချာတယ်"

သူမ၏ စကားကြောင့် ကာကွယ်သူတိုင်း ကျောစိမ့်သွားသော်လည်း ရှေးဟောင်းအပျက်အစီးနယ်မြေနှင့် ကမ္ဘာပေါင်းများစွာ၏ မရေမတွက်နိုင်သော အသက်များအတွက် တိုက်ပွဲဝင်နေဆဲပင်။ အမေ့ခံနတ်ဆိုးပင်လယ်တွင် အိပ်မက်နတ်ဆိုး ကမာကောင်များသာ ကြီးစိုး၍ အခြားသက်ရှိများမှာ ပုံရိပ်ယောင်အတွင်း ဖြည်းဖြည်းချင်း ဝါးမျိုခံရင်း အသက်ဓာတ်ကုန်ဆုံးသွားကြောင်း သူတို့ သိထား၏။

"မင်းတို့က ငါ့အတွက် အသက်ဓာတ် ထုတ်ပေးနေတဲ့ အရူးတွေကို လျှော့တွက်လိုက်တာပဲ"

မြေအင်မော်တယ်က လှောင်ရယ်သံတစ်ချက်ဖြင့် အသက်ဓာတ်အားလုံး စုစည်းကာ ရှေးဟောင်းမျှော်စင်ထံ အစွမ်းကုန် ရိုက်ချလိုက်၏။ နှစ်ပေါင်းများစွာ တည်တံ့လာသော လူသားမျိုးနွယ်၏ အမွေအနှစ်ရတနာမှာ တိုက်ကွက်အောက်တွင် ဘုန်းခနဲ ကြေမွသွားကာ အပိုင်းအစများ လောကတစ်ခွင် ပြန့်ကြဲကုန်သည်။

"ဟား ဟား မကောင်းဆိုးဝါးတွေရဲ့ ခံတပ် ပျက်စီးသွားပြီ"

"အောင်ပွဲခံရမယ်"

ဆူနာမီလှိုင်းလုံးကြီးပမာ ရယ်သံများ ထွက်ပေါ်လာကာ ရှုံးနိမ့်သွားသော ကာကွယ်သူများသည် မျှော်လင့်ချက်မဲ့သဖြင့် မျက်လုံးများ အရောင်အဆင်း မရှိတော့ပေ။

"မဟုတ်ဘူး"

ယွီချန်မှာ လက်ညှိုးတထိုးထိုးဖြင့် အပြစ်တင်စွပ်စွဲနေသော လူသားများကို စိုက်ကြည့်ရင်း လက်ကျန်အင်အားကို စုစည်းကာ ထရပ်လာခဲ့သည်။

"ဒီကောင်မက အရမ်းမိုက်မဲတယ်"

"ကောလဟာလ ကြားဖူးတယ်။ သူမက တပည့်တွေနဲ့ အိပ်ရာပေါ်က ဆက်ဆံရေးမျိုး ရှိတယ်တဲ့။ ငါတို့လည်း စမ်းသပ်ကြည့်ရအောင်"

ရူးမိုက်နေသော လူသားများစွာက အမှောင်ဘက်ခြမ်းကို ပေါ်တင် ထုတ်ပြလာကြပြီး မြေအင်မော်တယ်သည်လည်း လန်ရီရှိနေသော စွမ်းအင်လုံးကို တစ်ချက်တည်း မျိုချပစ်လိုက်၏။

"ကမ္ဘာအားလုံးကို သတင်းဖြန့်လိုက်။ မကြာခင်မှာ ကပ်ဘေးသယ်ဆောင်သူကို ငါကိုယ်တိုင် ကွပ်မျက်မယ်"

မြေအင်မော်တယ်က ကြေညာလိုက်သောအခါ ရှေးဟောင်းအပျက်အစီးနယ်မြေ၏ လူသားများသည် လက်ခုပ်လက်ဝါးတီး၍ အားပေးထောက်ခံခဲ့ကြလေသည်။

"နောက်ဆုံးတော့ တရားမျှတမှု ရောက်လာပြီ"

All Chapters