နတ်ဆိုးသားရဲ
Vol. 35 Ch. 460
နားခိုရာဂိုဏ်း၏ မှောင်မိုက်သော အတွင်းပိုင်း၌ မြေပြင်တစ်ခုလုံး အသက်ဝင်လာသကဲ့သို့ ဟိန်းသံများ ထွက်ပေါ်လာပြီး နီအန်သားရဲမှာ လက်ဝါးဖြင့် တဘုန်းဘုန်း ရိုက်ချနေသဖြင့် အဆက်မပြတ် တုန်ခါနေ၏။
"မင်း ဘာတွေ ဆူဆူညံညံ လုပ်နေတာလဲ။ ငါတို့က ဟန်ဆောင်နေရမှာ မဟုတ်ဘူးလား"
နီအန်က ဝမ်းဗိုက်ထံ ငုံ့ကြည့်ရင်း ကျိန်ဆဲလိုက်သောအခါ တစ်ကိုယ်လုံး ပြန့်ထွက်နေသည့် ငွေရောင်သွေးကြောများထံမှ အဖြေစကားသံ ပြန်လည် ထွက်ပေါ်လာသည်။
"ဟန်ဆောင်မနေနဲ့။ အခုက အပြင်ထွက်ရမယ့် အချိန်ပဲ။ ချက်ချင်း လုပ်လိုက်၊ နောက်မကျစေနဲ့"
"လာနောက်နေတာလားဟ"
သားရဲကြီး၏ မှိန်ဖျော့သော အဝါရောင်မျက်လုံးများ တဖြတ်ဖြတ် လင်းလက်တောက်ပလာ၏။ သို့သော် ရုပ်ခန္ဓာကြီးက မိုးချုန်းသံပမာ ကျယ်လောင်စွာ ထရပ်လာပြီး အက်ကြောင်းများထံ စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် ချဥ်းကပ်လိုက်သည်။ နီအန်က သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့သဖြင့် စိတ်ရှုပ်ထွေးနေစဥ် ရုပ်ခန္ဓာက ကြောက်မက်ဖွယ် အရှိန်မျိုးဖြင့် ပြေးထွက်သွား၏။ ဂူကောင်များကို လောင်ကျွမ်း၍ စွမ်းအင်များ ဝါးမျိုထားသည့် ငွေရောင်သွေးကြောများမှာ ကိုယ်တိုင်းအင်္ဂါများ၊ အာရုံကြောနှင့် ဦးနှောက်ပါမကျန် ပျံ့နှံ့ကာ အဆတစ်ရာကျော် တိုးပွားလာသည်။
"အရူးကောင် ငါ့ကို ဘာလုပ်လိုက်တာလဲ။ နိမ့်ကျတဲ့ နတ်ဆိုး မဖြစ်ချင်ဘူးကွ"
နီအန်၏ အသိစိတ်က မကျေမနပ် အော်ဟစ်နေသော်လည်း လနတ်သားမှာ ရုပ်ခန္ဓာကို အပိုင်သိမ်းလိုက်ပြီဖြစ်၍ အရေးမစိုက်တော့ပေ။ ပျက်စီးနတ်ဆိုး စွမ်းအားများက ၎င်းကို ပြောင်းလဲပစ်လိုက်၍ အရေခွံအထက်တွင် ငွေရောင်သားမွေးများ ထွက်ပေါ်လာကာ နတ်ဆိုးအရှိန်အဝါလည်း ဖြစ်တည်လာသည်။ နီအန်က မျှော်လင့်ချက်မဲ့စွာ အော်ဟစ်နေသော်လည်း အချည်းနှီးသာဖြစ်၍ လနတ်သားသည် ၎င်းကို သိမ်းပိုက်ထိန်းချုပ်ရန် တစ်ချိန်လုံး စောင့်ဆိုင်းနေရသည် မဟုတ်ပါလော။
ငွေရောင်အငွေ့များ တရှိန်ရှိန် ထွက်ပေါ်လာ၍ နတ်သားရဲ နီအန်၏ အသွင်သဏ္ဍာန်သည် နတ်ဆိုးသားရဲအသစ် တစ်ကောင်အဖြစ် ပြောင်းလဲကာ ခြင်္သေ့၊ ကျားနှင့် ကျားသစ် ပေါင်းစပ်ထားပုံပေါ်ရာမှ မြေခွေးပုံစံ ဖြစ်လာသည်။ ဝှစ်ခနဲ မြည်သံနှင့် အတူ ပတ်ဝန်းကျင်ကို လင်းထိန်သွားစေလောက်အောင် တောက်ပသော ငွေရောင်အမြှီးခြောက်ချောင်းလည်း ထွက်ပေါ်လာသည်။
"ငါ မြေခွေး မဖြစ်ချင်ဘူးဟ"
နီအန်မှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တောင့်တင်းသွား၍ တရစပ် ကျိန်ဆဲချင်သော်လည်း လနတ်သားသည် ပါးစပ်ကိုပင် ထိန်းချုပ်ပစ်လိုက်သဖြင့် ဖြည်းဖြည်းချင်း တိတ်ဆိတ်သွားလေ၏။ ပြိုင်ဘက်ကင်း၍ အာဏာရှင် ဖြစ်ခဲ့သော ကပ်ဘေးသားရဲမှာ မြေခွေးတစ်ကောင် ဖြစ်လာသောကြောင့် မျိုးရိုးတစ်ခုလုံး စော်ကားခံလိုက်ရသကဲ့သို့ပင်။ သို့သော် လနတ်သားက ၎င်းကို လျစ်လျူရှုထား၍ လေထဲသို့ နောက်ဂျွမ်း တစ်ချက်ပစ်လိုက်ရာ ပြန်အကျတွင် လှပတင့်တယ်သော မြေခွေးဖြစ်ပေါ်လာသည်။ သို့သော် ပို၍ ကြမ်းကြုတ်ရက်စက်လာပုံပေါ်၍ လည်ပင်းပတ်ပတ်လည်၌ ခြင်္သေ့လည်ဆံမွေးပမာ ငွေရောင်အမွေးများ ရှိနေ၏။ သွားများက ကျားတစ်ကောင်၏ အစွယ်ပမာ ထက်ရှ၍ လက်သည်းများမှာ ကျားသစ်အလား ထက်မြပြီး အမွေးများသည် သံမဏိအပ်များ ထောင်ထားသည့်အလား ချွန်မြိနေသည်။
"ငါ အပြင်လောကကို မြင်ချင်သေးတယ်"
နီအန်၏ အသိစိတ်က အစွမ်းကုန် ရုန်းကန်၍ ထိန်းချုပ်နိုင်သမျှကို အားကိုးပြီး နောက်ဆုံးလက်ကျန် စွမ်းအားမှန်သမျှ အဝါရောင် မျက်လုံးတစ်စုံ အဖြစ် ဖန်တီးခဲ့သည်။ ထို့နောက် ၎င်းတို့သည် မြေခွေး၏ ငွေရောင်မျက်လုံးများအထက်တွင် အတင်းအကြပ် တိုးထွက်လာကာ သားရဲကြီး၏ ကြမ်းတမ်းရက်စက်သော အရှိန်အဝါ အငွေ့အသက်ကို သယ်ဆောင်ထား၏။
"ငါ့ခန္ဓာကိုယ်ကို ဒီလိုမျိုး ပြောင်းလဲပစ်လိုက်တာလား"
၎င်းသည် ကိုယ့်ကိုကိုယ် ပြန်ကြည့်၍ စိတ်ပျက်အားငယ်စွာ ညည်းညူလိုက်သည်။ လနတ်သားကမူ လျစ်လျူရှုထား၍ ကောင်းကင်သို့ ဟိန်းထွက်သွားလောက်အောင် အော်ဟစ်လိုက်၏။
"စိတ်ဝင်စားစရာပဲ"
အက်ကြောင်းအပြင်တွင် ရှိနေသော ရွှေရောင်ဝတ် ကောင်းကင်အင်မော်တယ် ခေါ် ဂူကျင့်ကြံသူက အဖြစ်အပျက်တစ်ခုလုံးကို မြင်တွေ့ခဲ့ရပြီး မယုံနိုင်ဖြစ်နေသည်။ လနတ်သားက သူ့ကို အေးစက်စွာ ရုတ်တရက် စိုက်ကြည့်နေရင်း ရေတံခွန်အလား ငွေရောင်ဆံနွယ်များ ဖြာကျ၍ သွယ်လျလှပသော ကိုယ်ဟန်အနေအထားပိုင်ရှင် လူငယ်တစ်ယောက် အသွင်ပြောင်းလိုက်၏။ အရှိန်အဝါက ထူးဆန်းလွန်းပြီး မြေခွေးနားရွက်တစ်စုံ၊ ထက်ရှသော လက်သည်းများနှင့် တွဲလောင်းကျနေသည့် အမြှီးခြောက်ချောင်းလည်း ပိုင်ဆိုင်ထားသည်။ နီအန်၏ အဝါရောင်မျက်လုံးတစ်စုံကလည်း ထွက်ပေါ်လာကာ အပြင်လောကကို လောဘတကြီး စိုက်ကြည့်နေသောကြောင့် အသွင်အပြင် ဆန်းကြယ်၍ ကြောက်မက်ဖွယ်ကောင်းလာပြီး မြင်ရသူတိုင်း ကျောစိမ့်သွားပေလိမ့်မည်။ လက်ရှိတွင် နီအန်၏ အစွမ်းထက် ဖန်ဆင်းရှင်မျိုးစေ့သည် ပျက်စီးနတ်ခန္ဓာအတွင်း ပေါင်းစပ်သွားကာ ယွမ်ရှောင်၏ ကိုယ်ပွားအတွက် အခြေခံ နတ်ဆိုးအုတ်မြစ် ဖြစ်လာသည်။
"မင်းလို နတ်ဘုရားသားရဲတစ်ကောင်က နတ်ဆိုးသားရဲ ဖြစ်သွားတာလား။ အဆင့်နိမ့်လွန်းတယ်။ မင်းရဲ့ မျိုးနွယ်အတွက် ရှက်စရာပဲ"
ကောင်းကင်အင်မော်တယ်က တုန်လှုပ်စွာ ကြည့်နေရာမှ မကဲ့ရဲ့ဘဲ မနေနိုင်တော့ပေ။ လနတ်သားသည် လေတိုက်သည့်အလား မျောလွင့်သွားကာ နီအန်ကို ဖမ်းချုပ်ထားသော နားခိုရာဂိုဏ်းအတွင်းမှ ခဏချင်း ဖောက်ထွက်လာခဲ့၏။
"ငါ လွတ်ပြီ။ နောက်ဆုံးတော့ လွတ်မြောက်ပြီကွ"
နီအန်၏ အသိစိတ်က စိတ်လှုပ်ရှားစွာ အော်ဟစ်ရင်း လွတ်လပ်သော အရသာကို စတင်ခံစားလိုက်မိသည်။
"မင်းက မျိုးနွယ်ကို စွန့်ပစ်လိုက်မှတော့ ပုရွက်ဆိတ်တစ်ကောင်လို အားနည်းသွားပြီ"
ကောင်းကင်အင်မော်တယ်သည် အပိုင်တွက်ထားရင်း အထင်သေးစွာ ပြောဆိုနေစဥ် လနတ်သားက ဝင်ဆောင့်ပစ်လိုက်သောအခါ ဘုန်းခနဲ လွင့်ထွက်သွားပြီး နံရံများအတွင်း နစ်ဝင်ကာ အက်ကြောင်းရာချီ ဖြစ်ပေါ်လာသည်။
"ထွက်ပြေးဖို့ ကြိုးစားနေတာလား။ စဥ်းတောင်မစဥ်းစားနဲ့"
တစ်ဖက်လူက နားခိုရာဂိုဏ်း၏ ထွက်ပေါက်ထံ ဆက်လက်ပြေးသွားခဲ့သောကြောင့် သူသည် မရေမတွက်နိုင်သော လိပ်ပြာများကို မီးလျှံအဖြစ် ဖောက်ခွဲပစ်ခဲ့သည်။
"အဲ့ကောင်နဲ့ စကားရှည်မနေနဲ့။ လောကကြီးကို ငါမြင်ချင်နေပြီ"
နီအန်က စိတ်လှုပ်ရှားလွန်းသဖြင့် မည်သည်မျှ သတိမရတော့ဘဲ လနတ်သားနှင့် ပူးပေါင်းပေးလိုက်သဖြင့် ခန္ဓာနှင့် အသိစိတ် ပေါင်းစပ်သွားရာ လိပ်ပြာများအကြား ဖောက်ထွက်နိုင်ခဲ့၏။
ဘုန်း
နောက်ဆုံးတွင် သားရဲကြီးမှာ နားခိုရာဂိုဏ်းအပြင်သို့ ထွက်နိုင်ခဲ့ပြီး အင်မော်တယ်သုံးယောက်၏ လိပ်ပြာအစီအရင်များ ပိတ်ဆို့ထားသော်လည်း မထူးခြားချေ။
"နီအန်က လောကထဲကို ပြန်ရောက်လာပြီကွ"
အဝါရောင် မျက်လုံးတစ်စုံက ဝမ်းသာလွန်းသဖြင့် အစွမ်းကုန် တောက်ပနေ၏။
"ပါးစပ်ပိတ်ထားစမ်း"
လနတ်သားက အေးစက်စက် ငေါက်ငမ်း၍ ကောင်းကင်သို့ ငွေရောင်မြေခွေးအသွင်ဖြင့် မော့ကြည့်လိုက်သည်။ ထို့နောက် သူက အသံကုန် ဟိန်းဟောက်ကာ ငွေရောင်အလင်းတန်း တစ်ခုအဖြစ် အစီအရင်ထံ လျင်မြန်စွာ တိုးဝင်သွား၏။ နားခိုရာဂိုဏ်းကို ဝိုင်းရံ တည်ဆောက်ထားသော အစီအရင်ကျောက်တိုင်များ တဘန်းဘန်း ပြိုလဲ၍ အစီအရင်မှာ ပျက်စီးသွားရသည်။ နီအန်သည် ပတ်ဝန်းကျင် ရေမြေတောတောင်များကို စိုက်ကြည့်နေစဥ် ဖြုန်းစရာ အချိန်မရှိသော လနတ်သားသည် ကောင်းကင်သို့ ချက်ချင်း ပျံတက်သွားသည်။
"ရှေးဟောင်းအပျက်အစီးနယ်မြေမှာ ပြဿနာရှာဖို့ ကြိုးစားနေတာလား။ နတ်ဆိုးကောင် ငါ့လက်ထဲက ပြေးမလွတ်ဘူးကွ"
နားခိုရာဂိုဏ်းအတွင်းမှ ရွေရောင်အလင်းတစ်ခု ဒရောသောပါး ပြေးထွက်လာကာ သူ့နောက်သို့ ဒေါသတကြီး အော်ဟစ်ရင်း လိုက်ပါလာခဲ့လေသည်။