ကောင်းကင်၏ အမျက်ဒေါသ
Vol. 35 Ch. 464
မြေအင်မော်တယ်ကို ယိုယွင်းမှု၏ ပြယုဂ်အဖြစ် ဆင်းသက်လာသော ခေါင်းငါးလုံး သတ္တဝါက ညှစ်ချေလိုက်သောအခါ လူအနည်းငယ်သာ အမှန်တရားကို သဘောပေါက်နိုင်ကြ၏။ အင်မော်တယ်သုံးပါး မျိုးဆက်များက သတိလက်လွတ် မော့ကြည့်နေမိသဖြင့် မြေခွေး၏ ပါးစပ်ဖျားတွင် အသက်ပျောက်ကုန်သည်။ ယွမ်ရှောင်၏ ဓားမြှောင်၌ ထိုးစိုက်ခံထားရသော ငွေရောင်လိပ်ပြာများ မိုးပြာရောင် မီးတောက် ဖြင့် ပြာကျသွားရာ မြေအင်မော်တယ်၏ နာကျင်စွာ အော်သံ တိတ်ဆိတ်သွား၏။
"မြေအင်မော်တယ် သေပြီ။ ယွမ်ရှောင်က မင်းတို့ ပြောနေတဲ့ အစစ်အမှန် အင်မော်တယ်ကို သတ်ပစ်လိုက်တာပဲ"
ပျော်ရွှင်ခြင်းနှင့် မယုံကြည်နိုင်ခြင်း ရောနှောနေသော စကားသံက လူတိုင်း၏ နားအတွင်း ဓားတစ်စင်းပမာ ထိုးဖောက်ဝင်ရောက်လာသည်။ လူအများ တုန်လှုပ်၍ မော့ကြည့်လိုက်ရာ စကားပြောလိုက်သူသည် ယွီချန် ဖြစ်ကြောင်း မြင်ခဲ့ရ၏။ သူမသည် တိုက်ပွဲ၏ အနီးဆုံးနေရာတွင် ရှိနေသောအခါ အရာရာတိုင်းကို ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရသည်။ မြေခွေး၏ သတ်ဖြတ်မှုကို ရူးသွပ်စွာ ရှောင်တိမ်းနေကြသော အင်မော်တယ်သုံးပါး မျိုးဆက်များက အဖြစ်မှန်ကို မယုံကြည်ချင်ကြပေ။
"မဖြစ်နိုင်ဘူး"
"ဒီမိန်းမက ရူးနေပြီ။ မဟုတ်တာတွေ ပြောနေတယ်"
"အင်မော်တယ်တွေက ထာဝရ အသက်ရှင်တယ်။ ဘယ်လိုလုပ် သေနိုင်မှာလဲ။ ရယ်စရာကောင်းလိုက်တာ"
"ငါတို့ဘိုးဘေးက ထာဝရ တည်ရှိနေလိမ့်မယ်"
အင်မော်တယ်သုံးပါး မျိုးဆက်များနှင့် ရှေးဟောင်းအပျက်အစီးနယ်မြေ၏ လူသားများ ကျယ်လောင်စွာ လှောင်ရယ်လိုက်ကြပြီး ရိုက်သတ်ခံလိုက်ရသည့်တိုင်အောင် ယုံကြည်ခြင်း မရှိပေ။ လူသားများမှာ အုပ်စုနှစ်ခု ကွဲနေပြီး ကာကွယ်သူများကမူ ယွမ်ရှောင်ကို အံ့သြဝမ်းမြောက်သော အကြည့်မျိုးဖြင့် စိုက်ကြည့်၍ ပျော်ရွှင်နေကြ၏။
"တကယ့်ကို မျှော်လင့်ချက် မရှိတော့ပါလား"
မြေအင်မော်တယ် ရိုက်သတ်ခံလိုက်ရကြောင်း မျက်မြင်တွေ့ရသည်အထိ မယုံကြည်နိုင်ဘဲ ကိုးကွယ်နေဆဲဖြစ်သော လူသားများကြောင့် ယွီချန် သက်ပြင်းချကာ ကယ်တင်လိုစိတ်ပင် မရှိတော့ချေ။ ထိုအချိန်တွင် အရေးကြီးသော အရာတစ်ခု ဖြစ်ပေါ်လာကာ မီးတောက်များ ရုတ်တရက် ငြိမ်းသွား၍ လန်ရီမှာ လွတ်မြောက်ပြီး ကောင်းကင်မှ ပြုတ်ကျလာသည်။
"ဘယ်လိုနေသေးလဲ"
ယွီချန်က တပည့်ဖြစ်သူကို ဖမ်းယူလိုက်သောအခါ ကာကွယ်သူများ စိုးရိမ်တကြီး ချဥ်းကပ်လာကြ၏။ သူမက လန်ရီကို ပွေ့ပိုက်ထားပြီး ချီစွမ်းအင်များ ထည့်သွင်းပေးကာ နူးညံ့သော ခန္ဓာကိုယ်လေးအား စစ်ဆေးနေသည်။
"ဒဏ်ရာက မပြင်းထန်ဘူး။ အရေပြားပေါ်မှာ မီးလောင်ဒဏ်ရာ နည်းနည်း ဖြစ်နေတာပဲ ရှိတယ်။ ဆေးလိမ်းလိုက်ရင် ပျောက်သွားမှာပါ"
သူမက စိတ်တင်းထားသည်ကို လွှတ်ချလိုက်သောကြောင့် ဝမ်းသာဝမ်းနည်း မျက်ရည်များ ကျဆင်းလာခဲ့သည်။ ကာကွယ်သူ ရာချီသည် အဖြူရောင်ဝတ် လူငယ် ယွမ်ရှောင်ကို မော့ကြည့်နေကြပြီး အသက်ရှူမှားလောက်စရာ စွမ်းဆောင်ချက်များကြောင့် ချီးကျူးမဆုံးပေ။ လန်ရီ၏ မျက်ဝန်းလေးများ ပွင့်လာသောအခါ ယွီချန်ကို ကျော်လွန်၍ ကောင်းကင်ရှိ ယွမ်ရှောင်ထံ နက်ရှိုင်းသော အကြည့်မျိုးဖြင့် ကျရောက်သွား၏။
"ရှေးဟောင်းသံလိုက်အိမ်မြှောင်က ပိုင်ရှင် မရှိတော့လို့ မီးတောက် ပျောက်ကွယ်သွားတာလား။ ဒါဆိုရင် မြေအင်မော်တယ်က တကယ် သေသွားတာလား"
ကျောက်စိမ်းအင်မော်တယ် မျှော်စင်သခင်က လဲကျမတတ် အံ့သြသွားကာ မျက်လုံးများ အလွန် ပြူးထွက်လာ၏။ အမှန်တရားသည် အယူမှားနေသူများ၏ စိတ်ကို သံချောင်းပမာ စိုက်ဝင်ကာ ယုံကြည်ချက် ပျက်စီးသွားသည့် အင်မော်တယ်သုံးပါး မျိုးဆက်များက နာကျင်စွာ အော်ဟစ်ရင်း မမြင်ရသော ဓားတစ်လက် ဦးခေါင်းအတွင်း မွှေနှောက်နေသကဲ့သို့ ရှုပ်ထွေးနေကြသည်။ လုံးဝ မျှော်လင့်ချက်ကင်းမဲ့သွားသဖြင့် ပြင်းထန်စွာ အသက်ရှူရင်း တစ်ယောက်ပြီး တစ်ယောက် လဲကျသွားကာ ရင်ဘတ်ကို ဆုပ်ကိုင်ရင်း ပါးစပ်မှ သွေးများ အန်ထွက်လာသည်။ မျက်လုံးများက ကျွတ်ထွက်လုမတတ် ပြူးကျယ်နေကာ သွေးစိမ်းရှင်ရှင် ပန်းထွက်နေ၏။
"မြေအင်မော်တယ်ကို ယွမ်ရှောင်က တကယ် သတ်လိုက်နိုင်တာလား"
ဤအချက်ကို ပြန်တွေးလိုက်တိုင်း သူတို့၏ နှလုံးသားကို ဓားဖြင့် ထိုးဖောက်လိုက်သကဲ့သို့ နာကျင်ရကာ တစ်ကိုယ်လုံး တောင့်တင်းကုန်သည်။ ထိုအခိုက်အတန့်တွင် ငွေရောင်မြေခွေးကြီးသည် မည်သည့်ကရုဏာတရားကိုမျှ မပြဘဲ လိုက်လံကိုက်ဖြတ်ပြီး စားသောက်နေ၏။ ကောင်းကင်အရာရှိများ ဖြစ်စေ၊ စံအိမ်သခင်များဖြစ်စေ၊ ငယ်ရွယ်နုပျိုသော ပါရမီရှင်များ ဖြစ်စေ သွေးများအကြား နစ်မြုပ်၍ နောက်ဆုံးထွက်သက် ရောက်လာမည်ကို စောင့်ဆိုင်းနေကြရ၏။
"အင်မော်တယ်သုံးပါး မျိုးဆက်ကရော တကယ်ပဲ ပြိုင်ဘက်ကင်းပါ့မလား"
ကျောက်စိမ်းအင်မော်တယ် မျှော်စင်သခင်က ဤစကားများကို ရုတ်တရက် ပြောထွက်လာပြီး မျက်လုံးအတွင်းမှ အနက်ရောင်အရည်များ စီးထွက်လာသည်။ ထူးဆန်းသည်မှာ ထိုအရည်များကြောင့် သူ၏ မြင်ကွင်းက ပိုမိုရှင်းလင်းလာ၍ အရာရာကို အမှန်အတိုင်း မြင်နိုင်စွမ်း ရှိလာ၏။
"ကောင်းကင်အင်မော်တယ်နဲ့ လူသားအင်မော်တယ် သေသွားရင် ရှေးဟောင်းအပျက်အစီးနယ်မြေ ဘာဖြစ်မှာလဲ။ နေပါဦး။ မျှော်စင်သခင် ခင်ဗျားက ဘာကြောင့် ဒီလောက်အသက်ကြီးသွားတာလဲ"
တခြားအကြီးအကဲတစ်ယောက်က ရေရွတ်လိုက်ပြီး ထိုအတွေးကြောင့် တုန်လှုပ်သွားသော်လည်း အချက်တစ်ချက် သတိပြုမိလိုက်သည်။
"ငါ အိုမင်းသွားတယ် ဟုတ်လား"
သူက ကြေးမုံတစ်ချပ် အလျင်အမြန် ဆွဲထုတ်၍ စစ်ဆေးလိုက်သောအခါ အရေးအကြောင်းများနှင့် အသက်ကြီးမှု၏ လက္ခဏာများ တွေ့လိုက်ရသည်။
"ခင်ဗျားတို့အားလုံးလည်း အသက်ကြီးသွားပြီ။ ဘာတွေ ဖြစ်သွားတာလဲ"
ပတ်ဝန်းကျင်မှ လူအများအပြား အိုမင်းရင့်ရော်နေကြောင်း သူက ခြောက်ခြားဖွယ် မြင်လိုက်ရပြီး လူငယ်များပင် အိုမင်းရင့်ရော်သော လက္ခဏာအဖြစ် တက်ကြွမှုများ ပျောက်ဆုံးကာ ဆံပင်များ ဆွတ်ဆွတ်ဖြူနေ၏။
"ငါ ဘာကြောင့် အသက်ကြီးသွားတာလဲ"
"အမေ သမီးရဲ့ဆံပင်တွေ ဖြူနေပြီ။ အဟင့် အဟင့်"
"ဘုရားရေ ငါက အသက်၁၇ ခုမှ ပြည့်ထားတာလေ။ ဒီအရေးအကြောင်းတွေက ဘာကြီးလဲ"
မျက်လုံးမှ အနက်ရောင်အရည်များ စီးကျလာသူတိုင်း အမှန်တရားကို မြင်တွေ့နိုင်သောကြောင့် သေဆုံးသွားသော မြေအင်မော်တယ်ကိုပင် သတိမရတော့ဘဲ လျော့နည်းသွားသော သက်တမ်းအတွက် ကြောင့်ကြပူပန်နေသည်။ ဆုံးရှုံးသွားသော အသက်ဓာတ်ကို ပြန်လည်ရယူရန် မဖြစ်နိုင်တော့ချေ။ အခြေအနေက နောက်တစ်ကြိမ် ပရမ်းပတာ ဖြစ်သွားသော်လည်း မရေမတွက်နိုင်သော လူသားများ မျက်ကန်းယုံကြည်မှုအတွင်း ပိတ်မိနေဆဲပင်။
"အင်မော်တယ်တွေကို ကောင်းကင်က စေလွှတ်လိုက်တာပဲ။ ဘာလို့ သတ်ပစ်လိုက်တာလဲ။ ကောင်းကင်ရဲ့ စည်းမျဥ်းကို ချိုးဖောက်ရဲတယ်ပေါ့"
"မင်း အခု သေရတော့မယ်။ ကောင်းကင်ရဲ့ အမျက်ဒေါသ ဆင်းသက်လာရင် ပြန်လည်ဝင်စားတာတောင် လုပ်နိုင်မှာ မဟုတ်ဘူး"
အပြစ်တင်ရှုံ့ချသံများက ဒီရေလှိုင်းကြီးပမာ ယွမ်ရှောင်ထံ တရစပ် ဝင်ရောက်လာသည်။ သက်တမ်း ဆုံးရှုံးမှုကြောင့် စိုးရိမ်ကာ အမြင်မှန်ဝင်လာသူများက လက်ရှိစုဝေးလာသော အရေအတွက်၏ တစ်ဝက်ခန့်သာ ရှိ၍ ဂူကျင့်ကြံသူ တစ်ယောက်ချင်းစီသည် ရှေးဟောင်းအပျက်အစီးနယ်မြေရှိ လူသားသုံးပုံတစ်ပုံစီ လှည့်စားခဲ့ကြောင်း သိနိုင်သည်။ မြေအင်မော်တယ် ဦးနှောက်ဆေးထားသူများသာ လွတ်မြောက်လာ၍ အသိစိတ်ဝင်ကာ အသက်ဓာတ် နည်းပါးလာခြင်းကို သဘောပေါက်နိုင်ခဲ့သည်။
"ယွမ်ရှောင် ငါတို့အသက်ဓာတ်တွေ ဘယ်ရောက်သွားတာလဲ။ အင်မော်တယ်သုံးပါးက တစ်ခုခုကို လှည့်စားထားတာလား"
ကျောက်စိမ်းအင်မော်တယ် မျှော်စင်သခင်က အရာရာကို လျစ်လျူရှုကာ ကောင်းကင်သို့ မော့ကြည့်၍ ကျိုးကြောင်းဆီလျော်စွာ မေးခွန်းထုတ်နိုင်စွမ်း ရှိလာ၏။ တစ်ဖက်လူက သူ၏ မျှော်စင်ကို ဓားပြတိုက်ခဲ့ပြီး သမီးကို သတ်ဖြတ်ခဲ့သောကြောင့် ရန်သူ ဖြစ်သော်လည်း အမှန်တရားကို အလွန်သိချင်နေသဖြင့် လောလောဆယ် မေ့ထားလိုက်သည်။
"ဘာကြောင့်လဲ"
သတိပြန်ဝင်လာသူများက မျက်ကန်းယုံကြည်မှုဖြင့် ကျိန်ဆဲနေသူများ၏ အသံကို ကျော်တက်သွားလောက်အောင် ဟိန်းဟောက်လိုက်ကြပြီး ယွမ်ရှောင်ထံ မော့ကြည့်နေကြသည်။ ထူးဆန်းစွာပင် တစ်ဖက်လူအပေါ် ဒေါသများ ပျောက်ကွယ်နေပြီး မည်သည့်အကြောင်းအရင်းကြောင့် မုန်းတီးမိခဲ့သည်ကိုပင် စဥ်းစားမရတော့ပေ။
"ကျောင်းအုပ်ယွီ ကျေးဇူးပြုပြီး အမှန်တရားကို လူတိုင်းဆီ ပြောပြလိုက်ပါ"
ယွမ်ရှောင်က လူတိုင်းကို တစ်ချက်ဝေ့ကြည့်ကာ ယွီချန်အား ရှေ့ထွက်လာရန် တောင်းဆိုလိုက်လေသည်။