← Chapters

လူသတ်ချင်နေလို့ မပြေးကြပါနဲ့

Vol. 35 Ch. 452

လူသတ်ချင်နေလို့ မပြေးကြပါနဲ့

Vol. 35 Ch. 452

"ဒီကောင်ရဲ့ ခွန်အားက ယင်နယ်ပယ်ထက် မကျော်ဘူး။ ယာယီမြှင့်တင်ထားဖို့အတွက် ပြင်ပအရင်းအမြစ်ကို အားကိုးနေတာပဲ။ အချိန်ကြာကြာ ထိန်းသိမ်းထားနိုင်မှာ မဟုတ်ဘူး"

စီချင်းက အံကြိတ်၍ ရှင်းပြလိုက်ပြီး ဘုရားကျောင်းသခင်များကို အတူတကွ တိုက်ခိုက်ကြရန် မျက်ရိပ်ပြခဲ့၏။

"ဖြောင့်မတ်မှန်ကန်တဲ့ စစ်သည်တော်တို့။ သာမန်ပြည်သူတွေ အကျိုးအတွက် ဒီမကောင်းဆိုးဝါးကို သတ်ကြ"

ဓားစံအိမ် သခင်ဟူကလည်း အော်ဟစ်အမိန့်ပေးလိုက်သောအခါ ဘက်ပြောင်းသွားသည့် ရှေးဟောင်းကျောင်းတော် အကြီးအကဲများ ထွက်လာကြ၍ အနက်ရောင်တပ်ရင်းနှင့် ပူးပေါင်းလိုက်ကြသည်။ သူတို့အမြင်တွင် ယွမ်ရှောင်သည် မဲမဲမြင်ရာ လိုက်ကိုက်နေသော ခွေးရူးတစ်ကောင်သာ ဖြစ်၍ မစွန့်စားလိုသော စီချင်းမှာ ချက်ချင်း နောက်ဆုတ်ပြီး တိုက်ခိုက်ရန် ကျယ်လောင်စွာ အမိန့်ပေးခဲ့၏။ ဘုန်းခနဲ မြည်သံနှင့်အတူ တိုက်ကွက်ပေါင်းမြောက်များစွာက မိုးရွာသည့်အလား တဖွဲဖွဲ ကျရောက်လာသည်။

"ကောင်းပြီ။ ထွက်မပြေးကြနဲ့နော်။ ငါ လူသတ်လို့ မဝသေးဘူး"

ယွမ်ရှောင်က ရယ်ရယ်မောမောနှင့် ဓားနှလုံးသား တစ်ရာကျော်ကို ဆွဲထုတ်ပြီး ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်ထံ ကျွေးမွေးလိုက်သည်။ ၎င်းတို့ကို ဝါးမျိုပြီးနောက် သုံးပေသာသာရှည်သော ဓားအား ဗဟိုပြု၍ မိုးပြာရောင် ချီမုန်တိုင်းကြီး ဖြစ်ပေါ်လာကာ လောကကြီးကို တုန်လှုပ်စေသော ဧရာမ မကောင်းဆိုးဝါးကြီးအလားပင်။

"မင်းတို့က ငါ့ကို မကောင်းဆိုးဝါးလို့ စွပ်စွဲကြတယ်။ ငါကလည်း မင်းတို့ကို အရင်းအမြစ်တွေလို့ မြင်တယ်။ စကားရှည်ရှည်ဝေးဝေး ပြောမနေတော့ဘူး။ သန်မာတဲ့လူက တရားမျှတတယ်"

စကားအဆုံးတွင် ဓားဝိညာဥ်မှာ ဆန့်ထွက်လာပြီး ဓားပျံအသွင် ပြောင်းလဲကာ ဓားနှလုံးသား ရာချီကို ဝါးမျိုပြီးနောက် မိုးနဂါးကြီးတစ်ကောင်နှင့်ပင် တူညီလာသည်။ သူက ၎င်းအပေါ် ခုန်တက်လိုက်ပြီး သေရည်တစ်အိုး ဆွဲထုတ်ကာ အားရပါးရ မော့သောက်ပစ်လိုက်ရာ မျက်နှာပင် အနီရောင် ပြောင်းသွား၏။

"ပုရွက်ဆိတ်တွေကြားမှာ ငါ့ဓားက နဂါးတစ်ကောင် ဖြစ်လာတယ်"

ယွမ်ရှောင်က မူးယစ်သွားပုံပေါ်သော်လည်း ဓားပျံမှာမူ တည်ငြိမ်နေပြီး နတ်ဘုရားအပြစ်ဒဏ် ကျဆင်းလာသကဲ့သို့ ကြမ်းတမ်းသော အရှိန်အဝါ ထွက်ပေါ်နေသည်။ ပတ်ပတ်လည် ဝိုင်းရံခံထားရသောကြောင့် ဓားပျံနှင့် ထွက်ပြေးလိမ့်မည်ဟု ရန်သူများ တွေးထင်နေခဲ့သော်လည်း မှားယွင်းသော အဖြေပင်။ သူက တစ်ချက်ပြုံး၍ ပျံတက်သွားသောအခါ နဂါးကြီးတစ်ကောင် ကောင်းကင်ထိုးခွဲ၍ မြင့်တက်သွားသကဲ့သို့ တူညီ၏။ ဓားစက်ကွင်းဆယ်ခု၏ ပုံရိပ်ယောင်များလည်း တောက်ပနေကာ မရေမတွက်နိုင်သော အိပ်မက်ကမ္ဘာများ ဖြစ်တည်လာပုံပေါ်သည်။ စွမ်းအားသုံးပါးဓားသိုင်းတွင် အသန်မာဆုံး ဓားကွက်မှာ ခမ်းနားသော ဓားပျံသိုင်းကွက်၊ ကောင်းကင်ဓားတာအို ဖြစ်ပြီး ပြိင်ဘက်ကင်း ဓားတစ်လက်ဖြင့် နယ်နမိတ် အကန့်အသတ်မဲ့သော ကောင်းကင်သို့ တက်ရောက်မည်ဟု ဆိုလို၏။

ယွမ်ရှောင်၏ ရယ်သံက ပေါ့ပေါ့ပါးပါးသာ ထင်ရသော်လည်း ရန်သူများ စိတ်နှလုံးအထိ ထိုးဖောက်သွားကာ ယုံကြည်ချက်များ ယိမ်းယိုင်ကုန်သည်။ သူတို့၏ မြင်ကွင်းတွင် မိုးပြာရောင် နဂါးတစ်ကောင် လေဆင်နှာမောင်းပမာ ထိုးဖောက်ဝင်ရောက်လာနေပြီး ရတနာများ အက်ကွဲသည်။ ဓားဝိညာဥ်များ ငိုကြွေးသည်။ အသက်တံဆိပ်များ တုန်ရီသည်။ ဓားနှလုံးသား တစ်ရာကျော်၏ စွမ်းအားဖြင့် ထောက်ပံ့ပေးထားသောကြောင့် ၎င်းမှာ လက်ရှိရန်သူများအကြား ပြိုင်ဘက်ကင်းဖြစ်လာကာ လက်နက်များမှာ ကလေးကစားစရာများအလား ပြန်ကန်ထွက်သွားခဲ့၏။

ခဏအတွင်း မိုးပြာရောင် ချီမုန်တိုင်းသည် အနက်ရောင်တပ်ရင်းကို ဝါးမျိုသွားပြီး စစ်သည်တော်များ ကြောက်လန့်သွားကြသည်။ နဂါးတစ်ကောင်က ပိုးမွှားများကို ဝါးမျိုလိုက်သကဲ့သို့ ရန်သူများ တစ်ယောက်ချင်း အငွေ့ပျံသွား၍ အနက်ရောင်ပြာအဖြစ် လေထဲ ပြန့်ကြဲသွား၏။ ဓားအရိုးများ၊ အသက်တံဆိပ်များ၊ ဖန်ဆင်းရှင်မျိုးစေ့များနှင့် သိုလှောင်အိတ်များမှာမူ ယွမ်ရှောင်လက်အတွင်း ကျရောက်ကုန်သည်။

"မင်းတို့ မမှားဘူး။ ငါက မိစ္ဆာတစ်ကောင်လို့ ပြောနိုင်တယ်။ ဒီမိစ္ဆာက အကြွေးပြန်တောင်းဖို့ ရောက်လာတဲ့ ဖန်ဆင်းရှင်ဆိုတာကိုတော့ မင်းတို့ မသိကြဘူး"

မိုးပြာရောင်ဓားပျံသည် ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားသော နေရာတိုင်း နာကျင်စွာ အော်သံများ ထွက်ပေါ်လာသဖြင့် တပည့်များကို တုန်လှုပ်သွားစေသည်။ အနက်ရောင် တပ်ရင်းမှ စစ်သည် တစ်ယောက်ချင်းစီသည် သူတို့ကို ကြောက်လန့်စေရန် လုံလောက်သော်လည်း တစ်ဖက်လူမှာ ပိုးကောင်သတ်သကဲ့သို့ ဖိချေနေ၏။ မျက်တောင်တစ်ခတ်အတွင်း စစ်သည်သောင်းချီ ပြာကျသွားပြီး ဆံပင်တစ်ချောင်းပင် မကျန်ရစ်ဘဲ အကြွင်းအကျန် ဝိညာဥ်များသာ နာနာကျင်ကျင် အော်ဟစ်ရင်း မျောလွင့်နေကြသည်။ ရန်သူနှင့် ပူးပေါင်းသွားသော ကျောင်းတော်အကြီးအကဲများလည်း ထပ်တူညီသော ကံကြမ္မာမျိုး လက်ခံလိုက်ရပြီး မည်သူမျှ မလွတ်မြောက်ခဲ့သောကြောင့် စံအိမ်သခင်များရော ဘုရားကျောင်းသခင်များပါ အသက်ရှူရပ်မတတ် ကြောက်ရွံ့သွားကြသည်။

"ဒါ...ဒါက လူသားတစ်ယောက် မဟုတ်နိုင်ဘူး"

ဓားစံအိမ် သခင်ဟူက တုန်ရီစွာ ရေရွတ်နေသကဲ့သို့ စီချင်းမှာလည်း စကားပင် ထစ်နေခဲ့၏။

"ပြေး...ပြေးကြ"

ဓားနှလုံးသားတစ်ရာကျော်၏ စွမ်းအားသည် ယန်နယ်ပယ်နှင့် ယှဥ်နိုင်သောကြောင့် ယွမ်ရှောင်ကို ဝိုင်းဝန်းသတ်ဖြတ်ရန် အခွင့်အရေး မရှိတော့ပေ။ ကြောက်စိတ်ကြောင့် သူမ၏ နှလုံးသားမှာ တဒုန်းဒုန်း ခုန်နေပြီး ထွက်ပြေးခြင်းမှာ ရှက်စရာ ကောင်းသော်လည်း ရွေးချယ်စရာ မရှိချေ။

"ဘယ်ပြေးမလို့လဲ"

ယွမ်ရှောင်၏ အေးစက်စက် ရယ်သံကြောင့် သူတို့ မော့ကြည့်လိုက်သောအခါ ချီမုန်တိုင်း ပျောက်ကွယ်သွားပြီဖြစ်၏။ အဖြူရောင်ဝတ် သေမင်းက ကောင်းကင်ထက်မှ ဆင်းသက်လာကာ အလွန်အမင်း ကျေနပ်နေသော မျက်နှာထားမျိုး ဆင်မြန်းထားသည်။

"သူတို့ကို မလွတ်စေနဲ့"

"ဟုတ်တယ်။ သခင်လေးယွမ် မြန်မြန် သတ်ပစ်လိုက်စမ်းပါ"

စီချင်းနှင့် အပေါင်းအပါများက ဘက်ပေါင်းစုံသို့ ချက်ချင်း ထွက်ပြေးသွားသောအခါ တပည့်တစ်ယောက်သည် မသိစိတ်၏ လှုံ့ဆော်မှုအရ အော်ဟစ်သတိပေးလိုက်မိသည်။ သူက ပထမတွင် တစ်ယောက်တည်း အသံထွက်သွားသဖြင့် ကြောက်လန့်နေသော်လည်း တပည့်အုပ်ကြီး၏ အော်သံလည်း တခဲနက် လိုက်ပါလာခဲ့သည်။

"ကောင်းပြီ"

သူတို့၏ ထောက်ခံမှုသည် ယွမ်ရှောင် ကြိုးစားထုတ်ဖော်ခဲ့သော အမှန်တရား အလဟဿမဖြစ်သွားကြောင်း သိသာသည်။ သူက လွတ်လပ်စွာ ရယ်မော၍ အနှစ်သက်ဆုံး ကျားသေရည်ကို စိတ်လိုလက်ရ သောက်သုံးပစ်ခဲ့၏။

"သွားတော့ ငါ့ကောင် အကုန်သတ်လိုက်"

ထို့နောက် သူက ပါးစပ်အပြည့် သေရည်များငုံ၍ ဓားဝိညာဥ်အပေါ် ထွေးချလိုက်ရာ သတ်ဖြတ်လိုစိတ် ပိုမို ပြင်းထန်လာခဲ့သည်။ ၎င်းမှာ ဓားမြှောင်အသွင်ဖြင့် ပစ်လွှတ်ခံလိုက်ရသောအခါ ဟင်းလင်းပြင်အတွင်း ဝင်ရောက် ပျောက်ကွယ်သွား၏။

"ဟင် ဘာဖြစ်တာလဲ"

ဆန်းကြယ်ဘုရားကျောင်းအပြင်သို့ ရှေ့ဆုံးမှ အသည်းအသန် ထွက်ပြေးလာသော ဓားစံအိမ်သခင်ဟူမှာ သတ်ဖြတ်လိုစိတ်တစ်ခု ကျရောက်လာကြောင်း ခံစားမိခဲ့၏။ သူ မင်သက်နေစဥ် အလင်းတန်းတစ်ခု နီးကပ်လာကာ နှလုံးသားကို ဖောက်ထွက်သွားသော်လည်း အလွန်လျင်မြန်သောကြောင့် ချက်ချင်း သွေးမထွက်လာခဲ့ပေ။

"မဟုတ်ဘူး။ မဖြစ်နိုင်ဘူး"

သူက သွေးရူးသွေးတန်း ဖြစ်သွားကာ ရင်ဘတ်ကို လက်ဖြင့် ဆုပ်ကိုင်လိုက်သောခဏတွင် အနက်ရောင်သွေးများ ဝေါခနဲ စီးထွက်လာ၏။ သူက သွေးထွက်မလွန်စေရန် ချီစွမ်းအင်ဖြင့် ပိတ်ဆို့ချင်သော်လည်း မိုးပြာရောင် မီးတောက်တစ်ခုမှာ ခန္ဓာကိုယ်အတွင်း စိတ်တိုင်းကျ လောင်ကျွမ်းဖျက်ဆီးနေသဖြင့် အကြောင်းမထူးချေ။

"အင်မော်တယ်သုံးပါး ယွမ်ရှောင်က အန္တရာယ်များလွန်းတယ်။ သတိထားပြီး ကိုင်တွယ်ပါ"

ဓားစံအိမ်သခင်ဟူသည် နောက်ဆုံးစကားကို ရေရွတ်ရင်း ဘုန်းခနဲ ပစ်လဲသွားစဥ် မိုးပြာရောင် ဓားအလင်းက ရန်သူများ၏ အသက်ကို တစ်ယောက်ချင်း လိုက်လံ ရိတ်သိမ်းနေ၏။ ခဏအတွင်း ထိပ်တန်းကျင့်ကြံသူများ တဘုန်းဘုန်း လဲကျကာ အသက်ထွက်ကုန်၍ ဓားကျင့်ကြံသူတစ်ယောက် အလွန်အမင်း အစွမ်းထက်လျှင် သန်းပေါင်းများစွာသော စစ်တပ်ကို ရင်ဆိုင်ရန် ဓားတစ်လက်သာ လိုအပ်သည်။

အလန့်တကြား ထွက်ပြေးနေသော စီချင်းမှာ ရုတ်တရက် အေးစက်မှုကို ခံစားလိုက်ရသဖြင့် အလောတကြီး အရှိန်သတ်လိုက်ရ၏။ ရင်ဘတ်နှင့် မနီးမဝေးတွင် ဓားမြှောင်တစ်လက် ရှိနေပြီး သတိမထားမိလျှင် ထိုးဖောက်ခံလိုက်ရပေလိမ့်မည်။

"ယွမ်..ယွမ်ရှောင်"

ကြောက်စိတ်ကြောင့် ချွေးများ ရွှဲရွှဲစိုနေသော သူမ နောက်လှည့်ကြည့်လိုက်သောအခါ လရောင်အောက်တွင် သေရည်အိုးတစ်လုံး ဆွဲကိုင်ပြီး လွတ်လပ်ပေါ့ပါးစွာ ရယ်မောနေသည့် အဖြူရောင် သေမင်းနှင့် အကြည့်ချင်း ဆုံသွားသည်။ တစ်ဖက်လူမှာ လူပေါင်းသောင်းချီ သတ်ဖြတ်ခဲ့သော်လည်း ရိုးသား၍ အပြစ်ကင်းစင်သော လူငယ်တစ်ယောက်ပမာ ချောမောတင့်တယ်နေခဲ့လေသည်။

All Chapters