ကောင်းကင်တာအိုနယ်မြေ
Vol. 35 Ch. 453
ဘုန်း
သွေးမြူခိုးများ အလုံးအရင်းလိုက် ထွက်ပေါ်လာကာ သွေးရောင် အသက်တံဆိပ်ထံမှ လင်းနို့ပေါင်း ထောင်ချီ ထွက်ပေါ်လာ၍ ဓားမြှောင်ကို ဟန့်ထားပစ်ခဲ့သည်။ သေရေရှင်ရေး အခိုက်အတန့်၌ စီချင်းသည် အစွမ်းကုန် ထုတ်သုံးကာ ဓားချက်ကို ကာကွယ်နိုင်လိုက်၏။ ဓားနှလုံးသားများ၏ စွမ်းအားက တစ်ဝက်ကျော် ကျဆင်းသွားကြောင်း သိလိုက်ရသဖြင့် သူမအတွက် အခွင့်အရေးတစ်ခု ပေါ်လာသည်ဟု မှတ်ယူကာ မျက်ဝန်းအတွင်း တန်ပြန်တိုက်ခိုက်ရန် ယုံကြည်ချက်တို့ ပြည့်နှက်နေသည်။ ဘယ်ညာနှစ်ဖက်တွင် ဓားဝိညာဥ်နှင့် အသက်တံဆိပ်ကို ဆွဲကိုင်ပြီး ပတ်ဝန်းကျင်တစ်ခုလုံး မြူခိုးများ ဖြန့်ထုတ်လိုက်သောအခါ သတ်ဖြတ်လိုစိတ်သည် အရာရာကို ဖုံးလွှမ်းသွား၏။
ယွမ်ရှောင်သည် ပြန်ကန်ထွက်လာသော ဓားဝိညာဉ်ကို ဓားရှည်အသွင် ပြောင်းလဲလိုက်စဥ် သွေးလင်းနို့အုပ်အတွင်း ပိတ်မိသွားသည်။ ၎င်းတို့၏ အော်သံက စိတ်မသက်မသာ ဖြစ်စေပြီး အစွယ်အဖွေးသားနှင့် ဝိုင်းအုံကိုက်ခဲရန် နီးကပ်လာ၏။ တစ်ချိန်တည်းမှာပင် စီချင်းက ပြေးတက်လာ၍ သွေးဓားဝိညာဥ်နှင့် တစ်သားတည်းပေါင်းစပ်ကာ နှလုံးသားထံ ထိုးနှက်ခဲ့သည်။
"အခွင့်အရေးရှိတာကို ထွက်မပြေးဘူးပေါ့"
ဓားနှလုံးသား စွမ်းအားများ ကုန်ဆုံးစပြုလာသော်လည်း ယွမ်ရှောင်က အကြောက်အလန့် ကင်းမဲ့နေဆဲပင်။ ဟိုက်ဒရာ အသက်တံဆိပ်သည် အနက်ရောင်တပ်ရင်းရှိ ရုန်းကျင့်ကြံသူပေါင်း သုံးထောင်ကျော်ကို ဝါးမျိုပြီးနောက် ရုန်းအရေအတွက် သုံးသန်းအထိ ပိုင်ဆိုင်လာကာ ရန်သူထက် ကျော်လွန်သွားသည်။ ၎င်းသည် ဓားနှလုံးသားစွမ်းအားကို မစုပ်ယူနိုင်သော်လည်း ကိုယ်ပိုင်ခွန်အားက မနည်းမနောပင်။ တာအိုနဂါးအသွင် ပြောင်းလဲလိုက်သောအခါ ခရမ်းရောင် ခေါင်းကိုးလုံး နဂါးကြီးတစ်ကောင် ဖြစ်တည်လာ၍ သူ့ကို ရစ်ပတ်ကာကွယ်ပေးလိုက်သောအခါ နဂါးနတ်ဘုရားအလား ထင်မှတ်ရ၏။
"ဝေါင်း"
နဂါးဟိန်းသံ ထွက်ပေါ်လာသောအခါ လင်းနို့များ လွင့်ထွက်ကုန်ပြီး စွမ်းအားချင်း ကွာခြားသဖြင့် ပြန်လည်ချဥ်းကပ်ရန် ရုန်းကန်နေရပုံပေါ်သည်။ ဟိုက်ဒရာ အသက်တံဆိပ်၏ သန့်စင်သော စွမ်းအားက ဆိုးယုတ်သော မိစ္ဆာစွမ်းအားကို လောင်ကျွမ်းပစ်နေပြီး မီးခိုးများ ထွက်၍ တဂျစ်ဂျစ် မီးလောင်သံများ ကြားနေရ၏။ ဓားနှလုံးသားများ၏ စွမ်းအား ပျောက်ကွယ်သွားလျှင်ပင် အသက်တံဆိပ်သည် ယွမ်ရှောင်ကို ထောက်ပံ့ပေးရန် လုံလောက်ကြောင်း သက်သေပြခဲ့သည်။ သူ၏ မျက်လုံးက လင်းနို့များအကြားမှ တိုးဝင်လာသော ရန်သူကို စိုက်ကြည့်နေပြီး ခြေတစ်လှမ်းတက်ကာ ဓားရှည်ဖြင့် ကြိုဆိုခဲ့၏။
စွမ်းအားသုံးပါးဓားသိုင်း နယ်နမိတ်မဲ့ ဓားချက်
ဓားနှလုံးသားများ၏ လက်ကျန်စွမ်းအားကို ၎င်းဓားချက်တွင် အကုန်အစင် ထုတ်လွှတ်လိုက်သောအခါ ဓားဖျား၌ မိုးပြာရောင် ချီမုန်တိုင်း စုစည်းလာ၏။ ၎င်းမှာ ဒြပ်သဏ္ဍာန် ဖြစ်တည်လုနီးပါး ထူထပ်နေပြီး လင်းနို့များကို ကြေမွသွားစေကာ စီချင်း ရှေ့တည့်တည့်သို့ ရောက်ရှိသွားသည်။
"ထန် ထန် ထန်"
ကောင်းကင်သင်္ချိုင်း ဓားသည် သွေးဓားကို အတင်းအကြပ် ဖျက်ဆီး၍ ရန်သူ၏ အားအနည်းဆုံး နေရာများထံ တရစပ် ထိုးဖောက်နေသည်။ ကြမ်းတမ်း တိကျသော ဓားချက်များအောက်တွင် စီချင်း၏ ဘယ်ဘက်ရင်အုံ ပေါက်ထွက်သွားကာ ကျောဘက်မှ ဓားဖျား ပြန်ထွက်လာ၏။ ပြင်းထန်သော နာကျင်မှုက သူမ၏ မျက်နှာကို သွေးဆုတ်ဖြူရော်သွားစေကာ အသက်တံဆိပ်ရော ဓားဝိညာဉ်ပါ မှေးမှိန်သွားသည်။ ၎င်းက ယွမ်ရှောင်အနေဖြင့် စွမ်းအားအကုန် သုံးလိုက်သော နောက်ဆုံး ဓားချက်ဖြစ်နိုင်သော်လည်း ကံဆိုးသည်မှာ မကာကွယ်နိုင်ခဲ့ပေ။ မျှော်လင့်ချက်မဲ့သော အခြေအနေတွင် သူမက မောက်မာဟန်ဆောင်ထားသော မာနကို ခဝါချ၍ မျက်ရည်များဖြင့် တောင်းပန်ချင်ခဲ့သည်။
"ငါ့ကို မသတ်ပါနဲ့။ ငါက မင်းအတွက် အသုံးဝင်နိုင်တယ်"
"ဘာအသုံးဝင်တာလဲ"
ယွမ်ရှောင်က ဓားကို ရက်စက်စွာ ဆွဲထုတ်၍ တစ်ဖက်လူ၏ နဖူးကို ထောက်ထားလိုက်သည်။
"ငါက အထက်မှာရှိတဲ့ ကောင်းကင်တာအိုနယ်မြေက ဆင်းသက်လာတဲ့ ကြီးကြပ်သူတစ်ယောက်ပါ။ ယန်နယ်ပယ်ရဲ့ အထက်မှာ တက်လှမ်းသွားတဲ့ အစစ်အမှန် အင်မော်တယ်တွေ ရှိကြတယ်။ သူတို့က ကျင့်ကြံရေးလမ်း အဆုံးသတ်ကို ရောက်နေကြပြီ။ ငါ အခု ပြန်သွားပြီး ဂူကျင့်ကြံသူတွေက ဒီနယ်မြေကို ဦးနှောက်ဆေးနေကြောင်း အစီအရင်ခံလိုက်မယ်။ ဒါဆိုရင် ရုံးတော်က သူတို့ကို သတ်ပစ်ဖို့ နတ်ဘုရားအပြစ်ဒဏ် သေချာပေါက် ချမှတ်လိမ့်မယ်"
ယွမ်ရှောင်သည် ဤလျှို့ဝှက်ချက်များကို အလေးထားမည်ဟု သူမ ထင်ထားသော်လည်း ဆန့်ကျင်ဘက်ဖြစ်စွာ လှောင်ရယ်သံတစ်ချက် ပြန်လည် ထွက်ပေါ်လာ၏။
"ကောင်းကင်တာအိုနယ်မြေက သေမျိုးကမ္ဘာတစ်ခုကို ကြီးကြပ်ဖို့ သွေးနှောတစ်ယောက်ကို စေလွှတ်လိုက်တယ်။ ဒါကို မင်းက သာမန်လူသားတွေအပေါ် လျစ်လျူရှုပြီး ဂူကျင့်ကြံသူတွေနဲ့ ပူးပေါင်းတယ်။ အကျိုးအမြတ် ရယူတယ်။ မင်းကို ယုံစရာ အကြောင်းမရှိသလို လူသားတွေကို လျစ်လျူရှုထားတဲ့ စောက်ရူးအင်မော်တယ်တွေကိုလည်း မယုံဘူး"
ယွမ်ရှောင်က တည်ငြိမ်စွာ ရေရွတ်လိုက်ပြီး စီချင်းမှာ တစ်ကိုယ်လုံး ချွေးနှင့် သွေးများ စိုရွှဲနေသော်လည်း အသတ်မခံစေရန် အတင်းအကြပ် ပြုံးထားကာ ဆက်လက် နားချနေ၏။
"ဒီနေရာက အရိုင်းသာသာ အောက်ကမ္ဘာတစ်ခုပါပဲ။ အထက်ကို တက်လေလေ အင်မော်တယ်တွေက သန့်စင်ပြီး မြင့်မြတ်ယဥ်ကျေးလေလေ ဖြစ်တယ်။ မင်းကို ငါက...."
စကားမဆုံးခင်မှာပင် သူ၏ ဓားက ရုတ်တရက် လှုပ်ရှားသွားကာ စီချင်း၏ ဦးခေါင်းကို ဖြတ်တောက်ပစ်ခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ဤကြီးကြပ်သူက အသက်မဲ့ အလောင်းတစ်ခု ဖြစ်သွားကာ မြေကြီးပေါ်သို့ ဘုတ်ခနဲ လဲကျသွား၏။ သူက သိုလှောင်အိတ်ကို ခံစားချက်ကင်းမဲ့စွာ ကောက်ယူလိုက်ပြီး ဓားဝိညာဉ်၊ အသက်တံဆိပ်နှင့် ဖန်ဆင်းရှင်မျိုးစေ့ကို ချက်ချင်း ဝါးမျိုပစ်လိုက်သည်။ ဓားအော်ရာ အရေအတွက်က ငါးသန်းအထိ မြင့်တက်သွားကာ ရုန်းအရေအတွက်လည်း လေးသန်းနီးပါး ဖြစ်လာခဲ့သည်။
"မင်း ပြောတာ မှားတယ်။ အထက်ကို ရောက်လေလေ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ရက်စက်ယုတ်မာလေလေပဲ။ ကျင့်ကြံသူတစ်ယောက် အင်မော်တယ်ဖြစ်လာဖို့ သာမန်လူတွေ သန်းပေါင်းများစွာ သေဆုံးပေးနေရတယ်။ ဘာကို မြင့်မြတ်ယဥ်ကျေးတာလဲ ထွီ"
ယွမ်ရှောင်က စီချင်း၏ ခေါင်းပြတ်ထံ တံတွေးထွေးချပစ်လိုက်ပြီး အထက်မှ ဆင်းသက်လာသည်ဟူသော အမှန်တရားမှာ သူမကို သတ်ရန် အကြောင်းပြချက် ဖြစ်လာသည်။ သူ့အနေဖြင့် အခြားတစ်ယောက်ကို ယုံကြည်ပြီး ကိုယ့်ကံကြမ္မာကိုယ် မဖန်တီးရန် ဆုံးဖြတ်ခြင်းမှာ တုံးအလွန်း၏။ အကယ်၍ သူမသာ အထက်နယ်မြေများနှင့် ဆက်စပ်နေခြင်းမရှိလျှင် အသုံးချခံ ဖြစ်လာရန် အသက်ရှင်ကောင်းရှင်ပေလိမ့်မည်။ အလောင်းကို မီးရှို့ပြီးနောက် သူက အင်မော်တယ်သုံးပါး မျိုးဆက်၏ ခေါင်းပြတ်များကို စုစည်း၍ ဆန်းကြယ်ဘုရားကျောင်း ရင်ပြင်သို့ ပြန်သွားကာ အိုးကြီးအတွင်း ပစ်ထည့်လိုက်သည်။ ရှေးဟောင်းကျောင်းတော်၏ တပည့်များနှင့် အကြီးအကဲများသည် မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်နေပြီး ရင်တဒိန်းဒိန်း ခုန်နေကြသည်။ ဆန်းကြယ်ဘုရားကျောင်း၏ ကျင့်ကြံသူများ၊ စံအိမ်သခင်များနှင့် အနက်ရောင်တပ်ရင်း၏ စစ်သည်သောင်းချီကို တစ်ကိုယ်တော် သတ်ဖြတ်လိုက်ခြင်းမှာ လူတိုင်း၏ စိတ်ကို တုန်လှုပ်သွားစေနိုင်သော အံံ့ဖွယ်စွမ်းဆောင်ချက် မဟုတ်ပါလော။
"သခင်လေးယွမ် ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ"
ယွဲ့မိုလင်က သတ္တိမွေး၍ မေးခွန်းထုတ်လိုက်၏။
"ဒီအတိုင်း ဆက်နေကြ။ ဒါပေမယ့် တက်ကျမ်းကို ဘယ်တော့မှ မကျင့်ကြံနဲ့။ ဒါက ကောင်းကင်ကို သွားမယ့်အစား ငရဲ ရောက်သွားစေလိမ့်မယ်"
အလေးအနက် မှာကြားပြီးနောက် ယွမ်ရှောင်သည် လူတိုင်း၏ မြင်ကွင်းမှ ဖြတ်ခနဲ ပြန်လည် ထွက်ခွာသွားခဲ့သည်။
ငရဲကိုးထပ်ကမ္ဘာ နားခိုရာဂိုဏ်းအတွင်း နီအန်သားရဲသည် စစ်ဆေးလိုဟန်ဖြင့် အပြင်သို့ စောင့်ကြည့်နေခဲ့၏။
"နောက်ထပ် ပိုးကောင်တစ်ကောင် သွားပြီ။ အပြင်မှာ တစ်ကောင်တည်း ကျန်တော့တယ်။ ဖောက်ထွက်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ"
"နည်းနည်းလောက် သည်းခံဦး။ ငါ ဒီဂူကောင်တွေကို ထပ်စားချင်သေးတယ်။ မင်းရဲ့ ခွန်အားကို သေချာစုစည်ထားလိုက်"
၎င်း၏ ကိုယ်တွင်းမှ လနတ်သား၏ စကားသံက ခံစားချက်မဲ့စွာ ထွက်ပေါ်လာလေသည်။
"မြန်မြန်လုပ်ဟ။ ငါက နီအန်သားရဲ၊ နှစ်ကူးသားရဲလို့လည်း ခေါ်ကြတယ်။ နှစ်သစ်မရောက်ခင် ငါ အပြင်ကို ထွက်ချင်တယ်"