← Chapters

စွမ်းအား အမှန်

Vol. 35 Ch. 454

စွမ်းအား အမှန်

Vol. 35 Ch. 454

ရှေးဟောင်းမျှော်စင်၏ ပထမအထပ်၌ စမ်းသပ်ရာတွင် အသုံးပြုသော ရုပ်သေးများ ပြည့်နှက်ခဲ့ဖူးသော်လည်း လက်ရှိတွင် ခမ်းနားထည်ဝါသည့် ခန်းမတစ်ခု ဖြစ်တည်လာသည်။ ၎င်းအတွင်း အရှိန်အဝါ ကြီးမားသော ကျင့်ကြံသူများ စုဝေးနေကာ အကြည့်များ လေးနက်၍ အသက်ပြင်းပြင်းရှူရင်း တစ်ခုခုကို စောင့်ဆိုင်းနေပုံရသည်။ အလယ်တည့်တည့်၌ ကြာဖြူတစ်ပွင့် ရှိကာ ဆံပင်ဖြူများ ဝဲကျ၍ ကျောက်စိမ်းပမာ ချောမွတ်သော အသားအရေပိုင်ရှင် ယွီချန် တင်ပျဥ်ခွေ ထိုင်နေ၏။

"အစ်မကြီး"

ထိုအချိန်တွင် ပိန်ပိန်ပါးပါး အကြီးအကဲတစ်ယောက် အလောတကြီး ပြေးဝင်လာပြီး လေးနက်ကြည်လင်စွာ အော်ဟစ်နေသဖြင့် လူတိုင်းကို တုန်လှုပ်စေခဲ့သည်။

"ဘာဖြစ်တာလဲ အကြီးအကဲဖုန်း"

အကြည့်အားလုံးက ဖုန်းချင်းထံ ကျရောက်လာပြီး ပုံမှန်ဆိုလျှင် ဆူဆူညံညံ လုပ်လေ့မရှိသောကြောင့် ရှုပ်ထွေးသွားကြ၏။ သူ၏ လက်ရှိအပြုအမူသည် အရေးကြီးသော အရာတစ်ခု ဖြစ်ပျက်နေရမည်ဟု ညွှန်ပြနေသည်။

"ဆန်းကြယ်ဘုရားကျောင်းမှာ ကြီးကြီးမားမား ဖြစ်ပျက်သွားတယ်"

"ဘာဖြစ်ခဲ့တာလဲ"

သူက လူအုပ်အကြား တိုးဝှေ့၍ ယွှီချန် အရှေ့သို့ ရောက်လာသောအခါ သူမသည် မျက်မှောင်ကြုတ်၍ ညှင်သာစွာ မေးခွန်းထုတ်၏။

"ယွမ်ရှောင်က ဆန်းကြယ်ဘုရားကျောင်းကို သွားပြီး ကျန်းရှင်း၊ စီချင်း၊ ဘုရားကျောင်းသခင်တွေ၊ စံအိမ်သခင်ဆယ်ယောက်နဲ့ အနက်ရောင်တပ်ရင်း စစ်သည် တစ်သောင်းကျော်ကို သတ်ပစ်လိုက်တယ်"

ဖုန်းချင်းသည် အသက်ဝဝရှူလိုက်ပြီး တစ်လုံးချင်း ပြောလိုက်သောအခါ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားကာ လူတိုင်း ဆွံ့အကုန်သည်။

"မဖြစ်နိုင်ဘူး။ သူက အခုမှ ကလေးတစ်ယောက်ပဲ ရှိသေးတာလေ"

"ငါတို့ နားကြားမှားတာလား။ အနက်ရောင် တပ်ရင်းစစ်သည် တစ်သောင်းကျော်ကို သတ်လိုက်တယ်ပေါ့"

သိုင်းဧကရာဇ် မျိုးနွယ်၏ ဘက်တော်သားများက အချင်းချင်း တီးတိုးပြောဆို၍ သူ့ကို သံယသဖြင့် ကြည့်ကာ အဖြစ်အပျက်အား လက်ခံနိုင်ရန် ခက်ခဲနေကြ၏။ ယွီချန်လည်း စူးရှစွာ စိုက်ကြည့်လိုက်သောကြောင့် သူက ကျောင်းတော်တပည့်များထံမှ သိလာရသမျှကို ဖောက်သည်ချလိုက်သည်။ အဓိကအချက်မှာ ဓားနှလုံးသားများ ဖြစ်၍ ယွမ်ရှောင်၏ ဓားဝိညာဥ်သည် ၎င်းတို့ကို တိုက်ရိုက်စုပ်ယူ၍ အဆင့်ကျော် တိုက်ခိုက်နိုင်သော အင်အားမျိုး ထုတ်ဖော်နိုင်သည်။ ဓားနှလုံးသားတစ်ရာကျော်ကို အသုံးပြုပြီး ရန်သူများကို သတ်ဖြတ်ကာ ကျောင်းတော်တပည့်များ တက်ကျမ်း မကျင့်ကြံရန် ဟန့်တားနိုင်ခဲ့၏။ အကြီးအကဲများစွာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဤမျှ အရေးကြီးသော သတင်းမျိုးနှင့် ပတ်သက်၍ တစ်ဖက်လူ နောက်ပြောင်လိမ့်မည် မဟုတ်ကြောင်း နားလည်နေကြသည်။

ကျောက်စိမ်းအင်မော်တယ် မျှော်စင်နှင့် လမ်းပြအသင်းနန်းတော် ဖြစ်ရပ်များမှာ ယွမ်ရှောင်၏ လက်ချက် ဖြစ်ကြောင်း အားလုံး သဘောပေါက်သွား၏။ ထိုအချိန်က တရားခံအဖြစ် လက်ညှိုးထိုးခံလိုက်ရသော်လည်း မည်သူမျှ မယုံကြည်ခဲ့ပေ။

"အရေးကြီးဆုံးက ဓားစက်ကွင်း ဆယ်ခု။ ဒါက တကယ့်ကို အတုမဟုတ်ရင် နတ်ဘုရားပဲ။ လူသားအင်မော်တယ်က ဓားစက်ကွင်း ရှစ်ခုကြောင့် သူ့ကိုယ်သူ အထွတ်အထိပ်လို့ သတ်မှတ်ထားဆိုရင် ယွမ်ရှောင်ကရော ဘာဖြစ်သွားမလဲ"

ဓားကျင့်ကြံသူ တစ်ယောက် ဖြစ်သော ယွမ်တဟဲက ကတုံးပြောင်ပြောင်ကို ပွတ်သပ်၍ အံ့သြမှုကြောင့် မျက်လုံး ပြူးနေသည်။ ခဏအကြာတွင် သူက ပေါင်ကို ဖြန်းခနဲ ပုတ်၍ အားရ ကျေနပ်စွာ ချီးကျူးခဲ့၏။

"ဆိုရိုးစကား ရှိတယ်မလား။ သူတော်အချင်းချင်း သတင်းလွေ့လွေ့တဲ့။ လန်ရီက တကယ့်ကို ပါရမီရှင်တစ်ယောက် ဖြစ်တယ်။ ဒီတော့ သူ့ချစ်သူကလည်း ပြိုင်ဘက်ကင်း ဓားပါရမီရှင်ဖြစ်နေတာ မဆန်းပါဘူး"

လန်ရီ၏ အမာခံ အင်အားစုများက တစ်ယောက်ကို တစ်ယောက် လေးနက်စွာ ကြည့်၍ မျက်လုံးများ တောက်ပလင်းလက်လာကြသည်။ အားလုံးမှာ ကျောင်းတော်နှင့် သက်ဆိုင်သည်မဟုတ်ဘဲ အခြားကမ္ဘာများ၏ အစွမ်းထက် ကျင့်ကြံသူများလည်း ပါဝင်ကာ ရှေးဟောင်းမိသားစုကြီးများ၏ အဖွဲ့ဝင်အချို့လည်း ရှိနေ၏။ သူတို့ အားလုံး စုစည်းနေရသော အကြောင်းအရင်းသည် အင်မော်တယ်သုံးပါး မျိုးဆက်ကို တွန်းလှန်ရန် မျှော်လင့်ချက် ဖြစ်သော လန်ရီအား ကာကွယ်ရန်ပင်။

"သူ အခု ဒီလို လူသိရှင်ကြား ထွက်လာတဲ့ ရည်ရွယ်ချက်က ဘာလဲ"

လူတိုင်း ဤမေးခွန်း၏ အဖြေကို စဥ်းစားနေစဥ် ယွီချန်က ရုတ်တရက် ပြောလိုက်သည်။

"သူက လန်ရီအပေါ် ရန်သူတွေ အာရုံမစိုက်နိုင်အောင် ကိုယ့်ကိုကိုယ် တည်ကြက် လုပ်လိုက်တာပဲ"

"လူငယ်တွေရဲ့ အချစ်က ရိုးရှင်းပြီး ရဲရင့်တယ်။ တကယ်အားကျစရာပဲ"

"ဒီကလေးက တစ်ခုခုတော့ တစ်ခုခုပဲ။ လန်ရီနဲ့ ထိုက်တန်တယ်ဆိုတာ မမှားဘူး"

"သူက ဖြစ်ရပ်ကြီးတွေရဲ့ တရားခံအဖြစ် တာဝန်ယူပြီး ရန်သူတွေကို တစ်ကိုယ်တော် ရင်ဆိုင်ဖို့ သတ္တိရှိတယ်။ ဒီလို ပြတ်သားတဲ့ စိတ်ထားမျိုး ငါတို့လို အဘိုးကြီးတွေမှာ မရှိနိုင်ဘူး"

ယွမ်ရှောင်၏ ရဲရင့်သော ဆုံးဖြတ်ချက်သည် သူတို့၏ စိတ်ထဲတွင် အမြင်ကောင်းတစ်ခု ဖြစ်ပေါ်လာစေသည်။

"ငါတို့မှာ နောက်ထပ် မျှော်လင့်ချက်တစ်ခု ရှိလာပြီ။ သူနဲ့ ဆွေးနွေးဖို့ ခေါ်လိုက်ရမလား"

ဖုန်းချင်းက တွေးတွေးဆဆ မေးခွန်းထုတ်သည်။

"မလိုအပ်ဘူး။ သူလုပ်နေတာကို သူ သိပါတယ်"

ယွီချန်သည် ခဏတာ စဥ်းစား၍ ခေါင်းယမ်းလိုက်သော်လည်း သူကမူ အစိုးရိမ်ကြီးနေသည်။

"ဆန်းကြယ်ဘုရားကျောင်းမှာ တော်တော်များများ သေကုန်ပြီဆိုတော့ အင်မော်တယ်သုံးယောက် ရောက်လာပြီး အန္တရာယ်ပေးနိုင်တယ်"

"ပြဿနာ မရှိဘူး။ သူတို့ဘက်က လန်ရီကို သိုင်းဧကရာဇ် မျိုးဆက်ဆိုတာ ဖော်ထုတ်ပြီး စစ်ပွဲ စလိုက်ပြီ။ ယွမ်ရှောင် ဒီလိုလုပ်ရဲတယ်ဆိုတာ သူ့ကိုယ်သူ ယုံကြည်ချက် ရှိလို့ ဖြစ်မယ်"

"ဒီဖြစ်ရပ်ကြောင့် ရှေးဟောင်းအပျက်အစီးနယ်မြေက လူတွေ သူ့ကို ပိုပြီး မုန်းတီးနေကြတယ်။ ဂူနဲ့ ထိန်းချုပ်ခံထားရတဲ့ လူတွေက အင်မော်တယ်သုံးယောက်နဲ့ ပတ်သက်ပြီး အကျည်းတန် အမှန်တရားကို မြင်ရင်တောင် ပြောင်းလဲနိုင်ပါ့မလား"

သူက လေးကန်စွာ သက်ပြင်းချ၍ အဝေးသို့ ငေးမောနေခဲ့သည်။

"ငါ မသိဘူး"

ယွီချန် နားလည်ထားသည်မှာ ဆန်းကြယ်ဘုရားကျောင်း လူသတ်မှုကြောင့် ရှေးဟောင်းကျောင်းတော်၏ ဂုဏ်သိက္ခာ ထပ်မံ ကျဆင်းသွားကြောင်း ဖြစ်သည်။ လက်ရှိအချိန်သည် သူတို့အတွက် အခက်အခဲဆုံး အနေအထားဖြစ်ကာ ပြန်လည် မြင့်တက်နိုင်ခြင်း ရှိမရှိ မသေချာပေ။ သို့ရာတွင် သူတို့ ကြိုးစားပေးခြင်းအားဖြင့် အနည်းဆုံး ကမ္ဘာပေါင်းများစွာမှ သာမန်သက်ရှိများကို ကယ်တင်နိုင်ပေလိမ့်မည်။

ရှေးဟောင်းကျောင်းတော်၏ တစ်နေရာတွင် ယွမ်ရှောင်သည် ခေါင်မိုးတစ်ခုအထက်၌ တင်ပျဥ်ခွေ ထိုင်နေပြီး ဆန်းကြယ်ဘုရားကျောင်း ဖြစ်ရပ်ကြောင့် တပည့်များ အပြင်မထွက်ရဲသောအခါ လူသူလေးပါး ကင်းမဲ့လျက်ရှိ၏။ သူက အသက်တံဆိပ်အပေါ်တွင် အစွမ်းထက် အစီအရင်ပုံကြမ်းများကို ရုန်းစုတ်တံဖြင့် ဂရုတစိုက် ရေးဆွဲနေသည်။ ငွေရောင် လအလင်း ဖြာကျနေသော ကျောင်းတော်အတွင်း အရာရာ တိတ်ဆိတ်ငြိမ်းချမ်းနေသော်လည်း ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုလုံး သတင်းရလိုက်သောကြောင့် ဗလောင်ဆူကုန်သည်။ ဦးနှောက်ဆေးခံထားရသူများက ဒေါသတကြီး ဖြစ်နေပြီး မီးများတောက်လောင်နေဟန် ပူလောင်သွားကာ အဖြူရောင် သေမင်း ဟူသော အမည်သည် နယ်မြေတစ်ခုလုံး တုန်ခါသွားစေ၏။

ယွမ်ရှောင်၏ တည်ငြိမ်မှုသည် အပြင်ဘက်ရှိ အခြေအနေနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ ချော်ရည်ပူများအကြား အေးစက်စက် တည်ရှိနေပြီး အရည်ပျော်ကျမသွားသော ရေခဲတုံးအလားပင်။

"သခင်လေးယွမ်"

"အနားလာခဲ့ပါ"

ဖျော့တော့သော ခေါ်သံတစ်ခု ကျောဘက်မှ ထွက်ပေါ်လာသောအခါ သူက ရုန်းစုတ်တံကို ရေးသားနေရာမှ ရပ်တန့်လိုက်သည်။ ဆံပင်ဖြူများ ဖရိုဖရဲနှင့် ဖြူဆွတ်ဆွတ် အရေပြားရှိသော မိန်းကလေးတစ်ယောက် သရဲပမာ ဝဲပျံလာကာ ခေါင်မိုးအစွန်း၌ ရပ်တန့်လိုက်၏။ သူမက ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ဆုပ်၍ ခါးကိုင်း အရိုအသေပေးနေပြီး မီးခိုးရောင် မြူခိုးများ လွှမ်းခြုံထားကာ ခန္ဓာကိုယ်အတွင်းမှ သေလွန်ဝိညာဥ်များ၏ အငြှိုးတရားနှင့် အမုန်းတရားများ တရှိန်ရှိန် ထွက်ပေါ်နေသည်။

"များလိုက်တဲ့ အမုန်းတရားတွေပါလား"

"အမေ့ခံနတ်ဆိုးပင်လယ်က နည်းနည်း ထူးခြားနေတယ်"

"အခု မပြောနဲ့ဦး"

ယွမ်ရှောင်က စကားဖြတ်ပြော၍ အလောင်းများ၏ နတ်ဆိုးစွမ်းအင်ကြောင့် ညစ်ညမ်းသွားမည်ကို စိုးရိမ်နေသော နတ်ဆိုးဖြူအား အနားကပ်လာရန် လက်ဟန်ပြလိုက်၏။ ထို့နောက် သူက အသက်တံဆိပ်နှင့် တစ်ဖက်လူ၏ နဖူးကို ထိကပ်ပေးလိုက်သောအခါ မကောင်းဆိုးဝါး အငွေ့အသက်များ ရှဲခနဲ လောင်ကျွမ်းသန့်စင်ခံလိုက်ရသည်။ သန့်ရှင်းစင်ကြယ်သော စွမ်းအားများသာ ကျန်ရစ်ခဲ့သောကြောင့် သူမသည် အလောင်းနတ်ဆိုးဖြစ်သော်လည်း သက်ရှိလူသားနှင့် တူညီလာ၍ အသက်ဝင်လာစေသည်။ ခဏအကြာတွင် မြူခိုးများ လွင့်ပြယ်သွားကာ အရေပြားတွင် သွေးရောင်လွှမ်း၍ နှလုံးခုန်သံ တဒုတ်ဒုတ်ပင် ထွက်ပေါ်လာ၏။ ထို့ကြောင့် သူမအနေဖြင့် လမ်းပေါ်တွင် လှည့်ပတ်သွားလာနေလျှင်ပင် အလောင်းနတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း လူသားများ အလွယ်တကူ မသိနိုင်တော့ပေ။

"နေကောင်းသွားပြီလား"

"ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်"

နတ်ဆိုးဖြူက ကျေးဇူးတင်လွန်းသောကြောင့် ဒူးထောက်ကာနီးတွင် ယွမ်ရှောင်သည် လက်နှစ်ဖက်ဖြင့် ဆွဲထူပြီး ဟန့်တားထားခဲ့သည်။

"ဆက်ပြောပါဦး။ အမေ့ခံ နတ်ဆိုးပင်လယ်က ဘယ်လို ထူးဆန်းတာလဲ"

"ဟုတ်ပါတယ်။ ကျွန်မ ပထမဆုံး ရောက်တုန်းက ဒီပင်လယ်ဟာ ရောင်စုံလှပပြီး မျက်စိကျိန်းလောက်အောင် တောက်ပနေတယ်။ နတ်ဆိုးနဲ့ သားရဲတွေ ယှဥ်တွဲနေထိုင်ပြီး သာယာဝပြောတယ်။ ငြိမ်းချမ်းတယ်။ ကျွန်မကိုယ်တိုင်လည်း မျောပါသွားပြီး ပျော်ရွှင်နေခဲ့ပေမယ့် ရုတ်တရက် ပြင်းထန်လွန်းတဲ့ အလောင်းစွမ်းအင်တွေကို ခံစားမိခဲ့တယ်"

သူမက ချက်ချင်း ခေါင်းညိတ်၍ လေးနက်စွာ ရှင်းပြလိုက်လေသည်။

All Chapters