နယ်မြေတစ်ခုလုံးမှ တိုက်ပွဲမီးတောက်
Vol. 35 Ch. 455
နတ်ဆိုးဖြူသည် အမေ့ခံ နတ်ဆိုးပင်လယ်၌ အလောင်းချီကို အာရုံခံမိထားပြီး နောက်ပိုင်းတွင် သာယာလှပသော ပတ်ဝန်းကျင်မှာ ရုတ်တရက် ပြောင်းလဲသွားသည်။ လှပမှုများ ပျောက်ကွယ်၍ သွေးနှင့် အညစ်အကြေးများ ပြည့်နှက်နေသည့် ရေပြင်ကျယ်ကြီး ပေါ်ထွက်လာကာ ရယ်မောသံများသည် ငိုသံများ ဖြစ်လာပြီး နေရာတိုင်းတွင် မတရား သတ်ဖြတ်ခံထားရသော အလောင်းများ ပေါ်ပေါက်လာ၏။ သူမနှင့်အတူ နတ်ဆိုးပေါင်းများစွာသည် ပုံရိပ်ယောင်အတွင်း နစ်မြုပ်နေသောကြောင့် ကြောက်စိတ် ပြင်းထန်စွာ ဖြစ်တည်လာသည်။ အရောင်အသွေး စုံလင်သော ဒေသဟူသည်မှာ ၎င်းတို့ကို စိတ်ပိုင်းဆိုင်ရာ လှည့်စားရန် လွှမ်းခြုံထားသည့် ဧရာမ ပုံရိပ်ယောင်ကြီး ဖြစ်ကာ အမှန်တကယ်၌ သတ်ဖြတ်ရေး ကွင်းပြင်ကြီးအလားပင်။
ပင်လယ်ကြီးတစ်ခုလုံးကို ပုံရိပ်ယောင်ဖြင့် လှည့်စားထားနိုင်သည်မှာ အိပ်မက်နတ်ဆိုး ကမာမျိုးနွယ် ဖြစ်သည်ဟု ယွမ်ရှောင်က ကောက်ချက်ချလိုက်သောအခါ သူမကို အံ့သြတကြီး ဖြစ်သွားစေသည်။ သူက ဓားဝိညာဥ်ကို ဆင့်ခေါ်၍ တပ်ဆင်ထားသော ယန်နယ်ပယ် ဓားစက်ကွင်းဆယ်ခုအား ပြသရင်း ရှင်းပြခဲ့၏။
"ဒါတွေက အဲဲ့ဒီနတ်ဆိုးတွေကို သန့်စင်ထားတာလေ"
"မြင်ခဲ့ရသလောက်ဆိုရင် ဒီနတ်ဆိုးတွေက တော်တော်လေး ကြောက်စရာကောင်းတယ်။ သူတို့က ပုံရိပ်ယောင်ပညာရပ်မှာ ပြိုင်ဘက်ကင်းပြီး တကယ်တော့ ပင်လယ်တစ်ခုလုံးဟာ ဒီမျိုးနွယ်ရဲ့ ပိုင်နက် ဖြစ်နေပြီ။ တခြားနတ်ဆိုးအားလုံးက လှည့်စားမှုထဲမှာ မျောပါနေပြီး သေဆုံးတဲ့အထိ အတုအယောင် ပတ်ဝန်းကျင်ဆိုတာကို သဘောမပေါက်ကြဘူး"
နတ်ဆိုးဖြူက ခေါင်းညိတ်၍ လေးနက်တည်ကြည်စွာ ထပ်ပြောလာသောအခါ ယွမ်ရှောင်ကို မျက်မှောင်ကြုတ်သွားစေသည်။ အိပ်မက်နတ်ဆိုး ကမာမျိုးနွယ်က ထင်ထားသည်ထက် ပို၍ အစွမ်းထက်နေသည် မဟုတ်ပါလော။ သူ၏ နောက်လိုက် နတ်ဆိုးမလေးမှာ တိုးတက်လာသည့်အပြင် အငြှိုးအတေး အလောင်းချီများစွာ ရှိနေသည့်အတွက် သေဆုံးနေသော နတ်ဆိုးအလောင်းများကို ဝါးမျိုခဲ့ပုံပေါ်သည်။
"သေနေတဲ့ နတ်ဆိုးအလောင်းတွေကိုသာ ထိခဲ့တာပါ"
"ရတယ်။ ကိစ္စမရှိဘူး။ နောက်တစ်ခါကျရင် အသက်ရှင်နေလည်း ဝါးမျိုပစ်လိုက်"
"ဟုတ်ကဲ့"
သူမသည် အချိန်တိုအတွင်း အမေ့ခံ နတ်ဆိုးပင်လယ်၌ လျှို့ဝှက်ချက်များ စုံစမ်းနိုင်ခဲ့မည်ဟု ယွမ်ရှောင် မျှော်လင့်မထားပေ။ သို့ရာတွင် လက်ရှိ၌ အင်အား လိုအပ်နေသောကြောင့် ရှေးဟောင်းအပျက်အစီးနယ်မြေ၌ သူ့ကို ကူညီပေးရန် ညွှန်ကြားခဲ့၏။
"စကားမစပ် မင်းက ဒီကမာကောင်တွေရဲ့ အစာကို ခိုးခဲ့တာဆိုတော့ ဘယ်လိုတုံ့ပြန်ကြလဲ"
သူက စိတ်လှုပ်ရှားဟန်ဖြင့် တိုက်ခိုက်လိုစိတ် ပြင်းပြနေသော လက်အောက်ခံ နတ်ဆိုးမလေးကို မေးခွန်းထုတ်လိုက်၏။
"တကယ်တော့ သူတို့ မရှိကြဘူး။ ဒါကြောင့် အမြန်ဆုံး ပြန်လာခဲ့တာပါ"
"ဆိုလိုတာက သူတို့ ဒီနယ်မြေကို ရောက်နေပြီလား"
"ကမာမျိုးနွယ်ရဲ့ အစီအစဥ်တွေကို မသဲမကွဲ ကြားခဲ့ရတယ့။ အများစုက ရှေးဟောင်းအပျက်အစီးနယ်မြေကို စိမ့်ဝင်နေပြီး ငရဲကိုးထပ်ကမ္ဘာတဝိုက်မှာလည်း ရှိနိုင်တယ်။ အားလုံးက ပုံရိပ်ယောင်ပညာ ထူးချွန်လို့ ခွဲခြားဖို့ဆိုတာ မလွယ်လှဘူး"
နတ်ဆိုးဖြူက အလေးအနက် ပြောလိုက်သောအခါ ထိုနတ်ဆိုးမျိုးနွယ်၏ ရည်ရွယ်ချက်အကြောင်း ယွမ်ရှောင်ကို အတွေးနက်သွားစေသည်။ သူမ ဆက်ပြောလာသော သတင်းအရ နီအန်သားရဲကို ကယ်တင်မည့် အကြံဟု ဝေဝေဝါးဝါး သတ်မှတ်နိုင်သော်လည်း ၎င်းမှာ နတ်ဆိုးတစ်ကောင် မဟုတ်သောကြောင့် မသက်ဆိုင်ချေ။ သူက ဖြစ်နိုင်ချေများစွာကို စဥ်းစားနေရင်း အဖြေရှာနေစဥ် ကမာနတ်ဆိုးများမှာ အစွမ်းထက်သောကြောင့် သတိထားရန် တစ်ဖက်လူမှ ပြောလာပြန်သည်။
"ဒီမျိုးနွယ်ရဲ့သမိုင်းက ရှေးကျပြီး အင်မော်တယ်သုံးယောက်တောင် မချေမှုန်းနိုင်ခဲ့ဘူး။ ဒီနေ့အထိ ရှင်သန်နိုင်တာ အရည်အချင်းတော့ ရှိရမယ်"
ယွမ်ရှောင်က တည်ငြိမ်စွာ မှတ်ချက်ပေးသည်။
"သူတို့ရဲ့ ခေါင်းဆောင်က ဘာမဆို အသွင်ပြောင်းနိုင်တယ်။ သခင်လေးနဲ့ နီးစပ်သူ တစ်ယောက်တောင် ဖြစ်နိုင်တယ်။ ကျေးဇူးပြုပြီး သတိထားပါ"
နတ်ဆိုးဖြူက ကမာခေါင်းဆောင်အကြောင်း သတင်းပေးလိုက်သောအခါ သတိကြီးသော ယွမ်ရှောင်သည် ဝိညာဥ်မျက်လုံး ချက်ချင်း ထုတ်ဖော်၍ စစ်ဆေးခဲ့သည်။ ကံကောင်းမှာ သူမက အစစ်အမှန် နတ်ဆိုးဖြူ ဖြစ်နေသောကြောင့် စိတ်အေးစွာ သက်ပြင်းချပြီး ကောင်းကင်သို့ မော့ကြည့်လိုက်မိသည်။
"သတင်းဆိုးတော့ ရောက်လာပြီ။ တိုက်ပွဲထဲကို နောက်ထပ် အင်အားစုတစ်ခု ဝင်လာပြန်တယ်။ သူတို့က လူသားမျိုးနွယ်အတွက် ကောင်းကျိုး မဖြစ်နိုင်တာ သေချာတယ်။ မိစ္ဆာမျိုးနွယ်ပြီးရင် ဒီနယ်မြေရဲ့ အကြီးဆုံး ရန်သူတောင် ဖြစ်လာလိမ့်မယ်။ သတင်းကောင်းအနေနဲ့ အင်မော်တယ်သုံးယောက်ရဲ့ ရန်သူလည်း ဖြစ်နေတာပဲ"
သူက စိတ်ထဲတွင် ကောင်းကျိုးဆိုးပြစ်များ တွက်ချက်နေပြီး အင်မော်တယ်သုံးယောက် ဖြစ်စေ၊ အိပ်မက်နတ်ဆိုး ကမာကောင်များ ဖြစ်စေ ရန်သူတိုင်းသည် ကြီးမားသော အင်အား ပိုင်ဆိုင်သော အုပ်စိုးသူများ ဖြစ်ကြ၏။ စိတ်ဝင်စားစရာ ကောင်းလောက်အောင် သူတို့၏ နည်းလမ်းက တူညီနေပြီး အင်မော်တယ်သုံးယောက်သည် လူသားများကို အသက်ဝါးမျိုဂူဖြင့် ဦးနှောက်ဆေးကြသည်။ ကမာမျိုးနွယ်သည်လည်း နတ်ဆိုးများကို အတုအယောင် လောကတွင် နေထိုင်ရှင်သန်စေပြီး ပုံရိပ်ယောင်ဖြင့် အယုံသွင်းထားကြ၏။ လက်ရှိတွင် ထိုအင်အားစုနှစ်ခုလုံးသည် နားခိုရာဂိုဏ်းဟူသော ရတနာကို မျက်စိကျနေပုံရပြီး အင်မော်တယ်သုံးပါးနေ့ နီးကပ်လာသည်နှင့်အမျှ ယွမ်ရှောင်၏ ရင်ထဲတွင် အကြောင်းပြချက် ရေရေရာရာ မရှိဘဲ လေးလံနေသည်။
ကောင်းကင်ရင်းမြစ်နယ်မြေ၊ အမိန့်နန်းဆောင်တွင် ညနက်သန်းခေါင် ဖြစ်သော်လည်း ရွှေ၊ ငွေ၊ အနက်ရောင် ဝတ်ရုံရှည်များ လွှမ်းခြုံထားသည့် ကျင့်ကြံသူတစ်ထောင်ကျော် စုဝေးနေကြ၏။ အလင်းရောင်ဖျော့ဖျော့သာ ရှိသောကြောင့် လူများစွာ ပြည့်နှက်နေသော်လည်း ပတ်ဝန်းကျင်အခြေအနေမှာ လေးနက်တည်ငြိမ်၍ တိတ်ဆိတ်သည်။ ခန်းမအလယ်တွင် ခေါင်းပြတ်များ ထည့်ထားသော အိုးကြီးတစ်လုံး ရှိနေပြီး ထိုလူပေါင်းတစ်ထောင်ကျော်သည် မျက်နှာထားများ မည်းနက်၍ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်ရင်း အသက်ရှူသံများ ပြင်းထန်နေ၏။
"ကောင်းကင်ရင်းမြစ်သခင်၊ မြေသခင်၊ လူသားသခင်မ ကျေးဇူးပြုပြီး အမိန့်ပေးတော်မူပါ"
ကောင်းကင်အရာရှိများသည် အမြင့်တစ်နေရာတွင် ထိုင်နေသော အကြီးအကဲသုံးယောက်ထံ မော့ကြည့်၍ ထက်သန်စွာ တောင်းဆိုနေကြ၏။ ဤသုံးယောက်သည် အင်မော်တယ်သုံးပါး မျိုးဆက်တွင် ရာထူး အမြင့်ဆုံး ဖြစ်ပြီး အုပ်ချုပ်နိုင်သော အာဏာမျိုး ပိုင်ဆိုင်ထားသည်။ ကောင်းကင်ရင်းမြစ် သခင် ထန်တင်းနှင့် ယှဥ်လျှင် ငွေရောင်ဝတ်စုံ ဆင်မြန်းထားသည့် မြေသခင် ရှန်ကျန်းက ပိုမိုရဲရင့်ပုံပေါ်ပြီး လူငယ်တစ်ယောက်၏ မျက်နှာမျိုးဖြင့် တောက်ပတက်ကြွသော မျက်လုံးမျိုး ရှိသည်။ လူသားသခင်မကမူ အဘွားတစ်ယောက်၏ အသွင်အပြင်မျိုး ဖြစ်ကာ မျက်နှာ၌ ကင်းခြေများသဏ္ဍာန် အမာရွတ်ကြီး ရှိသောကြောင့် အကျည်းတန် ရုပ်ဆိုးလှ၏။ သူမ၏အမည်သည် ကျန်းမေ ဖြစ်ကာ ငယ်ရွယ်စဥ်အခါက အလှပဂေးတစ်ယောက် ဖြစ်နိုင်ခဲ့သော်လည်း သက်တမ်းကုန်ကာနီး အရွယ်သို့ ရောက်ရှိနေသည်။
ထိုသခင်သုံးယောက်၏ လက်အောက်တွင် အင်မော်တယ်သုံးပါး မျိုးဆက်များ၊ ရှေးဟောင်းမိသားစုများနှင့် ရှေးဟောင်းအစောင့်တပ်အားလုံး ချုပ်ကိုင်ထား၏။ စုဝေးရောက်ရှိနေသော ကျင့်ကြံသူထောင်ချီသည် အသက်ရာချီ နေထိုင်လာသော မြေခွေးအိုများ ဖြစ်ကာ ယိုယွင်းမှုနယ်ပယ် အထက်သို့ တက်လှမ်းထားသူများ ဖြစ်ကြသည်။ စီချင်းနှင့် အင်မော်တယ်သုံးပါး တိုက်ရိုက်မျိုးဆက်များသည် လူငယ်တစ်ယောက်၏ လက်ထဲတွင် အဆုံးသတ်သွားသောအခါ မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ သိက္ခာကျကုန်၏။
"သူ့ရဲ့ ဓားဝိညာဥ်က ဓားနှလုံးသားကို တိုက်ရိုက်စုပ်ယူနိုင်တယ်။ ဓားစက်ကွင်း ဆယ်ခုလည်း တပ်ဆင်းထားတယ်။ ဒီအချက်နှစ်ချက်နဲ့တင် ချက်ချင်း သတ်ဖြတ်ဖယ်ရှားပေးဖို့ လုံလောက်နေပြီ"
ထန်ယီလန်က ကောင်းကင်ရင်းမြစ် သခင်ထံ တင်ပြလိုက်သည်။
"သူ့ရဲ့ ခြိမ်းခြောက်နိုင်စွမ်းက လန်ရီအောက် မလျော့ဘူး။ သာရင်တောင် သာလိမ့်မယ်"
သမီးဖြစ်သူ အသတ်ခံထားရသော ကျောက်စိမ်းအင်မော်တယ် မျှော်စင်သခင်သည်လည်း ဒေါသတကြီး ဝင်ပြောခဲ့၏။ သူက ပြင်ပအင်အားစုများ၏ ကိုယ်စားလှယ်ဖြစ်ကာ ရှေးဟောင်းအပျက်အစီးနယ်မြေ၏ မိသားစုများစွာကို ခေါင်းဆောင်သည်။
"သူက စီချင်းလို ကြီးကြပ်သူတစ်ယောက်ကိုတောင် သတ်ရဲတယ်ပေါ့။ ကြောက်စိတ် မရှိဘူးလား"
လက်စားချေလိုသော ကျင့်ကြံသူများ အသံထွက်လာသကဲ့သို့ တိတ်ဆိတ် တည်ငြိမ်နေသူများလည်း ရှိ၏။
"အလျင်မလိုနဲ့။ ရန်သူက ရှေးဟောင်းမျှော်စင်ထဲမှာ ပုန်းနေလောက်ပြီ။ လန်ရီနဲ့ အတူတူ တွင်းထဲက ထွက်လာမှ တခါတည်း ဖြေရှင်းပစ်လိုက်တာ ကောင်းမယ်"
"အရုဏ်တက်တော့မယ်။ နေနဲ့ လ တစ်တန်းတည်းဖြစ်ရင် ဒီကောင်တွေအားလုံးကို ရှင်းပစ်ကြတာပေါ့"
"မှန်တယ်"
လူအုပ်ကြီးက တက်ကြွစွာ ဆွေးနွေးနေကြပြီး သခင်သုံးယောက်မှာမူ စီချင်း၏ ဦးခေါင်းကို ကြည့်ရင်း စဥ်းစားခန်းဝင်နေကြသည်။
"ဒီအိုးကို လူပုံအလယ် ထုတ်ပြလိုက်။ ယွမ်ရှောင်ကို မုန်းတီးကြရင် အကောင်းဆုံးပဲ။ ဒီငတုံးတွေကို ရှေ့ဆုံးက တိုက်ခိုက်ဖို့ မြှောက်ပေးလိုက်"
ခဏအကြာတွင် ထန်တန်းက အမိန့်ချလိုက်သောအခါ ကျင့်ကြံသူတစ်ရာကျော်သည် တာဝန်ကို လုပ်ဆောင်ရန် လျင်မြန်စွာ ထွက်ခွာသွားကြ၏။ မကြာမီ ရှေးဟောင်းအပျက်အစီးနယ်မြေ နောက်တစ်ဖန် တုန်လှုပ်သွားပြီး ကျောင်းတော်မှာ အမုန်းတရားကို ခါးစည်းခံလိုက်ရသည်။ လန်ရီက ကပ်ဘေးသယ်ဆောင်သူ ဖြစ်၍ ယွမ်ရှောင်ကိုလည်း လူသတ်သမားအဖြစ် ဦးနှောက်ဆေးပေးလိုက်ရာ ပဋိပက္ခများ ဖြစ်ကုန်သည်။ တိတ်ဆိတ်မှု ကြီးစိုးနေသော ကောင်းကင်အမိန့်နန်းဆောင်အတွင်းသို့ အလင်းရောင်တစ်ခု ကျဆင်းလာသောအခါ သခင်သုံးယောက်သည် ချက်ချင်း ဒူးထောက်၍ မျက်ကန်းယုံကြည်မှုမျိုးဖြင့် ခေါ်ဆိုလိုက်ကြလေသည်။
"ကြိုဆိုပါတယ် မြေအင်မော်တယ်"