ကောင်းကင်မှ ဖမ်းဆီးခြင်း
Vol. 35 Ch. 459
နှစ်ထောင်ချီအတွင်း ရှေးဟောင်းအပျက်အစီးနယ်မြေရှိ သက်ရှိတိုင်း၏ မှတ်ဉာဏ်အတွင်း စွဲထင်သွားစေရန် လန်ရီမှာ ကွပ်မျက်ခံရပေလိမ့်မည်။ ဤလုပ်ရပ်သည် မရေမတွက်နိုင်သော ကမ္ဘာများအကြား တုန်လှုပ်သွားစေပြီး မကောင်းမှုကို အောင်နိုင်ခြင်းအဖြစ် သမိုင်း၌ လိမ်ညာမှတ်တမ်းတင်ပေလိမ့်မည်။ သိုင်းဧကရာဇ်မျိုးနွယ်၏ ဘိုးဘေးများ လမ်းစဥ်အတိုင်း သူမကိုယ်တိုင်လည်း ကပ်ဘေးသယ်ဆောင်သူအဖြစ် တံဆိပ်ကပ်ခံရ၍ ကျိန်စာသင့်သွားနိုင်၏။ အဖြူရောင်ဝတ်ရုံနှင့် ကာကွယ်သူများသည် သွေးမျက်ရည်များ ကျဆင်း၍ ငိုကြွေးနေပြီး ချော်ရည်ပူပမာ ဒေါသမီး ပွက်ပွက်ဆူနေသည်။ ရှေးဟောင်းမျှော်စင် ပျက်စီးသွားခြင်းကြောင့် သူတို့အတွက် နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။
"ကယ်တင်ကြ"
သူတို့က ကောင်းကင်သို့ ချက်ချင်း ပျံတက်ကာ အင်အားအပြည့်နှင့် မြေအင်မော်တယ်ထံ ချီတက်သွားကြ၏။
"တရားခံရဲ့ နောက်လိုက်တွေက ပုန်ကန်နေပြီ။ တရားမျှတမှုကို ဘယ်သူတွေ ကာကွယ်မှာလဲ"
သူက အေးစက်စက် ကြေညာလိုက်သောအခါ အင်မော်တယ်သုံးပါးအတွက် အသက်စွန့်ရန် ဝန်မလေးသော အရူးများသည် စိတ်အားထက်သန်စွာ ရှေ့တက်လာ၍ ခန္ဓာကိုယ်ဖြင့် လမ်းပိတ်ထားလိုက်သည်။
"လက်ချင်းချိတ်ထားကြ။ အမှန်တရားကို ကာကွယ်ဖို့ ငါတို့ အသက်နဲ့ တံတိုင်း တည်ဆောက်မယ်"
သူတို့က အကြားအလပ်မရှိအောင် ပိတ်ဆို့ထားလိုက်ပြီး တစ်လွှာပြီး တစ်လွှာဖြင့် မရေမတွက်နိုင်သော လူသားများ သတ္တိရှိရှိဖြင့် စွန့်လွှတ်အနစ်နာခံရန် အသင့်ဖြစ်နေကြ၏။
"အနာဂတ်မျိုးဆက်တွေအတွက် ငါတို့က သေရဲတယ်"
"ငါ့ကို သတ်လိုက်ရင်လည်း ငါ့လို လူတွေ အများကြီး ထွက်ပေါ်လာလိမ့်မယ်"
"လာစမ်း သတ်လိုက်"
ဦးနှောက်ဆေးခံထားရသူများ၏ ကြွေးကြော်သံများက ဟိန်းထွက်နေပြီး ကာကွယ်သူများ ဆက်မသွားနိုင်စေရန် ဝိုင်းထားလိုက်ကြသည်။
"အစ်မကြီး ဒီကောင်တွေကို သတ်မယ်"
ယွမ်တဟဲမှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ခါနေပြီး ပေါက်ကွဲပစ်လိုက်ချင်နေသည်။
"မလုပ်နဲ့။ သူတို့ကို ဂူကောင်တွေက ထိန်းချုပ်ထားတာပဲ"
ယွီချန်သည် ရန်သူများကို ရင်ဆိုင်ရာ၌ ကြင်နာတတ်သူ မဟုတ်သော်လည်း စိတ်ကို ထိန်းချုပ်ခံထားရသော အရပ်သားများကိုမူ မသတ်ရက်ပေ။ မြေအင်မော်တယ်က အေးစက်စက် လှောင်ပြောင်၍ အောင်ပွဲခံနေပြီး သိုင်းဧကရာဇ်မျိုးနွယ်၏ ရိုးအမှုကြောင့် ပြိုင်ဘက်ဟူ၍ပင် သတ်မှတ်မထားပေ။ ရှေးဟောင်းမျှော်စင် ပျက်စီးသွားသည်နှင့် တပြိုင်နက် ဤတိုက်ပွဲက ပြီးဆုံးသွားပြီဖြစ်ကာ သူ့အတွက် များစွာ အားထုတ်စရာပင် မလိုခဲ့ချေ။
"ပြိုင်ဘက်ကင်းရတာ အထီးကျန်လိုက်တာ"
သူက မောက်မာစွာ ရေရွတ်နေပြီး ရှေးဟောင်းမျှော်စင် တည်ရှိဖူးသော နေရာ၌ လူသားအုပ်စုကြီးတစ်ခုသည် ကာကွယ်သူများကို ပိတ်ဆို့ထား၏။ သူတို့မှာ စကားဖြင့် ဖော်ပြမရလောက်အောင် စိတ်ဓာတ်ကျနေပြီး အားနည်းသော မြင်ကွင်း ဖြစ်သည်။ သူက ဖမ်းဆီးထားသော လန်ရီကို တစ်ချက်စိုက်ကြည့်၍ အသက်ရှူရန်ပင် မနည်းကြိုးစားနေရသဖြင့် သနားစရာကောင်းလှသော်လည်း ဂရုမစိုက်ချေ။
"ကံကြမ္မာက မင်းကို ရွေးချယ်လိုက်ရင်တောင် အသုံးမဝင်ဘူး။ ဒီနယ်မြေက ငါတို့ကို ဘုရားလို ကိုးကွယ်တယ်"
ထို့နောက် သူက ယိုယွင်းမှု ချီမီးတောက်များကြောင့် နာကျင်နေရသော ယွမ်ရှောင်ကို သတိပြုမိလိုက်သည်။
"ဒီကောင်က ဘာတွေ လုပ်ထားလို့ သူများတွေထက် ပိုပြီး နာကျင်နေရတာလဲ။ ငါတောင် လက်တစ်ချောင်း လှုပ်စရာ မလိုဘူး။ သေတော့မယ်"
ထိုအချိန်တွင် ယွမ်ရှောင်က ခြေတစ်လှမ်း တိုးလိုက်ပြန်ရာ ယိုယွင်းမှု စွမ်းအားသည် အသွေးအသားနှင့် ရုပ်ခန္ဓာကို ပို၍ ပြင်းထန်စွာ လောင်ကျွမ်းလာ၏။ အရေပြားက မြန်ဆန်စွာ အိုမင်းခြောက်ကပ်လာပြီး အနက်ရောင်မီးခိုးများ ထွက်ပေါ်လာကာ ခေါင်းအထက် ပေတစ်ရာကျော်အထိ မီးများ ထိုးတက်နေသည်။ မြေအင်မော်တယ်က ဤမြင်ကွင်းကို အရသာခံ ကြည့်နေရင်း ကိုယ့်ကိုကိုယ် သတ်သေနေသည့် တစ်ဖက်လူ ကြာကြာ နေရမည်မဟုတ်ကြောင်း နားလည်ထား၏။
"မင်း ရူးသွားပြီလား"
ယွမ်ရှောင်ကို တားဆီးရန် ကြိုးစားခဲ့သော ကြယ်ပြာမှာ မင်သက်၍ ခြေတစ်လှမ်းတိုးရုံဖြင့် မီးများ ပေတစ်ရာအထိ မြင့်တက်လာကာ နောက်ထပ် ခြေဆယ်လှမ်း ထပ်တိုးလိုက်သောအခါ စိတ်ကူးမရနိုင်လောက်အောင် ပြင်းထန်ပေလိမ့်မည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်၌ နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး လူသားတိုင်း ယိမ်းယိုင်သွားကာ ဦးခေါင်းနောက်စေ့ကို သံတုတ်ဖြင့် ရိုက်ချလိုက်သကဲ့သို့ နှာခေါင်းသွေးများစွာ စီးကျလာ၏။ သူတို့က တုန်ရီစွာ မော့ကြည့်လိုက်သောအခါ ကောင်းကင်၌ ကြီးမားသော အက်ကြောင်းတစ်ခု ဖြစ်တည်လာကာ သွေးနီရောင် မိုးရေများ ကျဆင်းလာသဖြင့် ကပ်ဘေးတစ်ခုအလား ဆင်တူနေသည်။ ကြောက်မက်ဖွယ် တည်ရှိမှုတစ်ခု ရုတ်တရက် တိုးထွက်လာ၍ လူတိုင်းကို မြေပြင်၌ လဲကျသွားစေပြီး ဒူးထောက်သည်ဖြစ်စေ၊ ပြားကပ်နေသည်ဖြစ်စေ အတူတူပင်။
"ဒါက ဘာလဲ"
ဖိအားကို ခံစားနေရသော မြေအင်မော်တယ်ကိုယ်တိုင် နားမလည်သဖြင့် မျက်မှောင်ကြုတ်ရင်း စဥ်းစားနေသည်။ အလွန်ကြီးမား ရှည်လျားသော သွေးရောင်လက်တစ်ဖက် အပေါက်ထဲမှ ဆန့်ထွက်လာ၍ ရှေးဟောင်းအပျက်အစီးနယ်မြေရှိ လူတိုင်း ကျောစိမ့်ကုန်၏။ လက်မှတဆင့် အလွန်ကြီးမားသော ဧရာမ ပုံရိပ်တစ်ခုကို မသဲမကွဲ မြင်နိုင်ပြီး ကြောက်မက််ဖွယ် ခေါင်းငါးလုံး သတ္တဝါကြီး ဖြစ်ကာ လက်ချောင်းများ၌ မျက်စိတစ်လုံးစီပင် ရှိနေသည်။
"ဒါက ဘာကြီးလဲ"
လူသားတိုင်း ဆွံ့အသွားကာ အံ့သြတကြီး ဖြစ်နေသောကြောင့် အသိစိတ်နှင့် ခံစားချက်များကို ဂူကောင်က အလုံးစုံ ထိန်းချုပ်မထားနိုင်ကြောင်း မီးမောင်းထိုးပြနိုင်သည်။
"မူမမှန်တဲ့ အရာတစ်ခုကို ရှင်းလင်းဖို့ အမိန့်ပေးလိုက်ပြီ"
လူသားများစွာ တုန်လှုပ်နေစဥ် ကျယ်လောင်သော အော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဧရာမလက်ကြီးသည် ယိုယွင်းမှု ချီမီးတောက်များ ဖုံးလွှမ်းနေသည့် လူငယ်တစ်ယောက်ကို တင်းကျပ်စွာ ဖမ်းဆီးလိုက်သည်။ ထို့နောက် ဟင်းလင်းပြင်အတွင်း ပြန်လည် ဝင်ရောက်သွားကာ တဂျစ်ဂျစ် မြည်သံများဖြင့် ကွဲထွက်နေသည့် အက်ကြောင်းမှာ အလိုလို ပြုပြင်သွား၏။ ခဏအကြာတွင် ကောင်းကင်က မည်သည်မျှ မဖြစ်ပျက်ခဲ့ဟန် ပြန်လည် ကြည်လင်သွားကာ သွေးထွက်နေသော နှာခေါင်းများမှ လွဲလျှင် လူတိုင်း မထိမခိုက် ကျန်ရစ်သည်။
"မကောင်းဆိုးဝါး လူသတ်သမားကို ဖမ်းဆီးသွားပြီ ဟား ဟား"
"ကောင်းကင်က တကယ် အပြစ်ပေးလိုက်တာပဲ"
"တရားမျှတမှု တကယ် ရှိနေပြီ"
လန်ရီ အဖမ်းခံလိုက်ရပြီးနောက် ဤဖြစ်ရပ်သည် အင်မော်တယ် သုံးပါး မျိုးဆက်အတွက် သတင်းကောင်းတစ်ခု ဖြစ်လာ၍ သူတို့၏ ဖြောင့်မတ်မှန်ကန်မှု ပိုမို ထင်ရှားလာစေသည်။
"မိစ္ဆာနှစ်ယောက်လုံးကို ကောင်းကင်က အပြစ်ပေးလိုက်ပြီ"
"လူသတ်သမားကို နတ်ဘုရားက ဖမ်းဆီးသွားပြီး ကပ်ဘေးသယ်ဆောင်သူက ကွပ်မျက်ခံရတော့မယ်။ ပျော်စရာကောင်းလိုက်တာ"
လူအုပ်ကြီးက ရူးသွပ်စွာ အောင်ပွဲခံနေကြသော်လည်း ယွီချန်နှင့် ကာကွယ်သူများအတွက် မျှော်လင့်ချက် နောက်တစ်ဖန် ရိုက်ချိုးခံလိုက်ရပြန်သည်။
"ကျောင်းအုပ်ယွီ ထွက်ပြေးဖို့ အချိန်တန်ပြီ။ ဒီလို ဆိုးယုတ် မိုက်မဲတဲ့ နေရာကို ဘယ်တော့မှ ပြန်မလာနဲ့"
အကြီးအကဲများက သူမကို ကိုယ်လွတ်ရုန်း ထွက်ပြေးရန် တိုက်တွန်းလိုက်သော်လည်း တစ်ကိုယ်ကောင်း မဆန်ချေ။
"ကပ်ဘေးသယ်ဆောင်သူရဲ့ နောက်လိုက်တွေ ထွက်ပြေးတော့မယ်။ သူတို့ကို သတ်ပစ်"
လူအုပ်က တစ်စခန်း ထလာပြန်ပြီး မြူခိုးများအောက်တွင် လက်နက်ကိုယ်စီ ဆွဲကိုင်ကာ ရှေးဟောင်းအပျက်အစီးနယ်မြေ ပျက်စီးရမည့် ဘေးအန္တရာယ်ကို မမြင်နိုင်လောက်အောင် အယူမှားနေကြလေသည်။