← Chapters

ခင်ဗျားတို့နှစ်ယောက် ကျုပ်ကိုသတ်ဖို့ ဒီရောက်လာတာလား

Vol. 1 Ch. 309

ခင်ဗျားတို့နှစ်ယောက် ကျုပ်ကိုသတ်ဖို့ ဒီရောက်လာတာလား

Vol. 1 Ch. 309

"ဝှစ်"

ထိုခဏတွင် မြောက်ဘက် ကောင်းကင်ပြင်မှ အခြားသော အနက်ရောင်အရိပ် တစ်ရိပ်သည်လည်း လျင်မြန်စွာ ပျံသန်းလာခဲ့သည်။ ထိုသူ၏ ဆံပင်များမှာ ဆွတ်ဆွတ်ဖြူနေပြီး မျက်နှာ အရေပြားများ ရှုံ့တွနေသည်။ ဆံပင်များသာ မရှိပါက သစ်ခေါက်များ ပြည့်နေသည့် သစ်ပင်တစ်ပင်ဟုပင် အထင်မှားနိုင်ဖွယ် ရှိသည်။ ထိုသူမှာ ပျံသန်းလာသည်နှင့် မတူဘဲ နန်းတော်ထဲတွင် အမိန့်စာလွှာ တစ်ခုကို ကိုင်ဆောင်ရင်း လမ်းလျှောက်နေသည့် မိန်းမစိုး တစ်ဦးနှင့် ဆင်တူသည်။ သူခြေလှမ်းလှမ်းတိုင်းတွင် ကီလိုမီတာ ရာချီ၍ ခရီးရောက်လေသည်။

နောက်ထပ် ဗာဂျရာအဆင့် သိုင်းပညာရှင် တစ်ယောက် ...

"ကျင်းရှန်နိုင်ငံရဲ့ စစ်သေနာ ပတိချုပ်နဲ့ ရှန်ဝူနိုင်ငံက ကုန်းကုန်းလင်းပဲ"

ရှားနိုင်ငံမှ အသက်ကြီးကြီး စစ်သူကြီး တစ်ဦးသည် အလန့်တကြား ရေရွတ်လိုက်သည်။ ထိုသူနှစ်ယောက်မှာ ဗာဂျရာအဆင့်သို့ ရောက်နေသည်မှာ နှစ်များစွာ ကြာပြီဖြစ်သည်။ နှစ်ယောက်လုံး ရောက်လာခြင်းအား စကားထဲတွင်ပင် ထည့်ပြောနေရန် မလို၊ တစ်ယောက်တည်းနှင့်ပင် ရှားနိုင်ငံ ဖျက်ဆီးပစ်ရန် လုံလောက်လေသည်။ နှစ်ယောက်စလုံး လျင်မြန်စွာ ရောက်ရှိလာပုံအား ကြည့်ရလျှင် တိုက်ပွဲမစခင်တည်းက အနီး ပတ်ဝန်းကျင်တွင် ရှိနေခဲ့ပုံ ပေါ်လေသည်။ ကျင်းရှန်နိုင်ငံနှင့် ရှန်ဝူနိုင်ငံသည် ရှားနိုင်ငံအား အမြစ်ပြတ် ချေမှုန်းရန် ဆုံးဖြတ်ထားကြပုံ ပေါ်သည်။

နှစ်ယောက်လုံးသည် ကောင်းကင်ပေါ်မှ ပျံသန်းလာကြပြီး စစ်မြေပြင် အလယ်တွင် ရှိနေသော ကျန်းရီအား စိုက်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာများတွင် မည်သည့်ခံစားချက်မှ ပေါ်လွင် မနေသော်လည်း အောက်မှလူများသည် ထိုသူနှစ်ဦးထံမှ ဖုံးကွယ်ထားသည့် လူသတ်ငွေ့များကို အလိုလို ခံစားမိနေသည်။

ရှားနိုင်ငံသည် ပျက်စီးရမည်။ စစ်တပ်ခြောက်ခု၏ တပ်ပေါင်းစုကြီးသည် အောင်ပွဲမရဘဲ ပြန်၍မဖြစ်၊ မဟုတ်ပါက မဟာမိတ် တပ်ဖွဲ့ကြီးသည် သမိုင်းတစ်လျှောက်တွင် လူရယ်စရာ ဖြစ်ကုန်လိမ့်မည်။

ထို့ကြောင့် ... ကျန်းရီလည်း သေရလိမ့်မည်။

ကျန်းရီတွင် နတ်ဆိုး သားရဲမျိုးနွယ် ဧကရီ၏ အထောက်အပံ့ရှိသည်။ သူသည် ရောက်လေရာ နေရာတိုင်းတွင် ပြဿနာရှာတတ်သည့် မကောင်းဆိုးဝါး သဘာဝရှိပြီး အကြောက်အလန့်မရှိ တစ်ဇွတ်ထိုး လုပ်တတ်သည်။ ယခု သူ့အင်အား အဆမတန် ထိုးတက်သွားပြီး စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်တွင် ပြိုင်ဘက်ကင်း သွားခဲ့သည်။ သူသာ ဤနေရာမှ အောင်အောင်မြင်မြင် ထွက်သွားခဲ့ပါက အနာဂတ်တွင် နယ်မြေ၏ ငြိမ်းချမ်းသော နေ့ရက်များ ကုန်ဆုံးသွားလိမ့်မည်။

ဤဖြစ်ရပ်သည် လူသားများအကြားမှ ပဋိပက္ခ ဖြစ်ပြီး အင်အားစုကြီး ခြောက်ခု၏ ဆုံးဖြတ်ချက်ကို ကိုယ်စားပြုသည်။ နတ်ဆိုးဧကရီက ကျန်းရီအား ကယ်တင်ချင်လျှင် လူသားမျိုးနွယ်နှင့် အပြီးတိုင် သံယောဇဉ် ဖြတ်ရလိမ့်မည်။ ထို့ကြောင့် နတ်ဆိုးဧကရီ ဝင်မပါဟု လူတိုင်း သေချာနေကြသည်။ အစောပိုင်းက ကျန်းရီ သေလုနီးပါး ဖြစ်သွားစဉ် သူမပေါ်မလာခဲ့ခြင်းက သက်သေဖြစ်သည်။

ထို့ကြောင့် နောက်ဆုံးအချိန်တွင် ပုန်းအောင်းနေကြသော ဗာဂျရာအဆင့် သိုင်းပညာရှင်နှစ်ဦး ထွက်ပေါ်လာခဲ့ကြသည်။ သူတို့ပေါ်လာသည့် ခဏတွင် ကျန်းရီကိုသာ ကြည့်နေကြသည်။ အထူးသဖြင့် ရှန်ဝူနိုင်ငံက မိန်းမစိုးကြီး၏ မျက်လုံးများတွင် အလွန်ပြင်းထန်သည့် လူသတ်ငွေ့များ ပေါ်ထွက်နေလေ၏။

ကျန်းရီသည် ထိုသူနှစ်ယောက်အား တစ်ချက် လှမ်းကြည့်လိုက်ပြီး အကြောက်အလန့်မရှိ ဆက်လက် သတ်ဖြတ်နေခဲ့သည်။ မီးနဂါးများမှာ လျင်မြန်စွာ ထွက်ပေါ်နေကြပြီး နောက်တွင်ကျန်နေခဲ့သော စစ်သည်များကို ဝါးမျိုနေကြသည်။ ကျန်းရီသည် တည်ငြိမ်စွာ လူသတ်နေခဲ့ပြီး ခြေလှမ်းများမှာလည်း ပုံမှန်အတိုင်းပင်။ သူ၏ ဝတ်ရုံနှင့် သွေးနီရောင် ဆံပင်များမှ ကျယ်လောင်သော တဖျပ်ဖျပ် မြည်သံတို့သည် စစ်တပ်ခြောက်ခုမှ စစ်သည်များ၏ နှလုံးခုန်သံအား မြန်ဆန်စေသည်။

"ဖုန်း ... ဖုန်း ... ဖုန်း"

မီးနဂါး နှစ်ကောင်သည် နောက်ဆုံးကျန်ရစ်သော လူရာဂဏန်း အနည်းငယ်ကို အမှုန့်ခြေ ပြီးသောအခါ ကျန်းရီရပ်တန့်လိုက်သည်။ သူ့ခေါင်းသည် ဖြည်းဖြည်းချင်း မော့လာခဲ့ပြီး ကောင်းကင်ထက်မှ လူနှစ်ဦးကို ကြည့်လိုက်သည်။ ထို့နောက်မှ ပါးစပ်ဟကာ ခံစားချက်မဲ့သော လေသံနှင့် ပြောလိုက်သည်။

"ခင်ဗျားတို့ နှစ်ယောက် ကျုပ်ကိုသတ်ဖို့ ဒီရောက်လာတာ ... ဟုတ်တယ်မလား"

"ကျန်းရီ"

ကျင်းရှန်နိုင်ငံမှ စစ်သေနာပတိချုပ်သည် မည်သို့မှ မတုံ့ပြန်ဘဲ မိန်းမစိုးလင်းက လက်နောက်ပစ်၍ ဆိုလာလေ၏။ သူ့အသံသည် ယောက်ျားသံလည်း မပေါက်သလို မိန်းမသံလည်း မပေါက်ဘဲ အလွန် ကိုးရိုးကားရား နိုင်လှသည်။

"ကျန်းရီ ... မင်းထွက်သွားနိုင်တယ်၊ ရှားနိုင်ငံက ပျက်စီးရမယ် ... ဒီရလဒ်ကို ဘယ်သူကမှ ပြောင်းလဲလို့ မရဘူး။ ဒီကုန်းကုန်းက လော့ကဲအရှင်ကျန်းရဲ့ မျက်နှာကို ထောက်ထားပြီး မင်းအသက်ကို ချမ်းသာပေးလိုက်မယ်"

"လော့ကဲ အရှင်ကျန်း"

ကျန်းရီသည် မဲ့ပြုံးပြုံးလိုက်သည်။ ထိုအပြုံးအား သွေးနီရောင် မျက်လုံးများနှင့် ပေါင်းစပ်လိုက်သောအခါ မြင်ကွင်းမှာ အလွန် ထူးဆန်းနေလေ၏။ သူ့မျက်နှာတွင် လှောင်ရိပ်များ၊ ရွံရှာမှုများမှာ ရေးထားသည့်အတိုင်း ပေါ်လွင်နေပြီး ခေါင်းအသာယမ်း၍ ပြန်ပြောလိုက်သည်။

"ဘာလို့ ခင်ဗျားက လော့ကဲအရှင်ရဲ့ မျက်နှာကို ထောက်ထားနေတာလဲ။ ကျုပ်ကကျုပ်၊ သူကသူပဲ ... ကျူပ်က သူနဲ့ ဘာမှမပတ်သက်ဘူး။ လောရွှယ်က သေသွားကောင်း သေသွားတယ်ဆိုပေမဲ့ သူမနိုင်ငံကို ကျုပ်ကာကွယ်ပေးရမယ် ... ခင်ဗျားတို့ ရှားနိုင်ငံကို ချေမှုန်းချင်လည်းရတယ် ဒါပေမဲ့ ကျုပ်အလောင်းကို နင်းသွားမှရမယ်"

စကားဆုံးသည်နှင့် ကျန်းရီ၏ လက်ထဲမှ မီးနဂါးဓားမှာ ဖြည်းဖြည်းချင်း တောက်ပလာခဲ့သည်။ သူသည် ခပ်လှမ်းလှမ်းမှ မိန်းမစိုးလင်းအား ဓားဖြင့်ချိန်ရွယ်လိုက်သည်။ သူ့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများ ဖြာထွက်လာခဲ့ပြီး အော်ဟစ်လိုက်သည်။

"ဗာဂျရာအဆင့် တစ်ယောက်ရဲ့ အံ့မခန်း တည်ရှိမှုကို ဒဏ္ဍာရီတွေထဲမှာပဲ ကြားဖူးတယ် ... ဒီသခင်လေးက ဗာဂျရာအဆင့်ရဲ့ အရှိန်အဝါတွေ ဘယ်လောက် အားပြင်းလဲဆိုတာ ဒီနေ့ စမ်းသပ်ကြည့်ချင်တယ်၊ ထုတ်လိုက်စမ်းပါ"

ရှားယွိမြို့၏ မြောက်ဘက်ရှိ စစ်မြေပြင် တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ လူတိုင်း၏ ခံစားချက်များမှာ အလွန်လေးလံလာသည်။ ဗာဂျရာအဆင့် သိုင်းပညာရှင် တစ်ဦးအား စိန်ခေါ်ဝံ့သူမှာ နှစ်တစ်သောင်းအတွင်း ကျန်းရီသည် ပထမဆုံး ဖြစ်လိမ့်မည်။

"ဟက် ... ဟက်"

မိန်းမစိုးလင်းသည် ဆံပင်များပင် ထောင်ထသွားစေနိုင်သည့် ကောက်ကျစ်လှသော ရယ်သံကြီးကို ပြုလိုက်သည်။ သူ့ကိုယ်မှ အရှိန်အဝါများ ပေါ်ထွက်လာခဲ့သည်။ ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်လောက်သည့် ထိုအရှိန်အဝါများသည် အောက်သို့ ကျဆင်းလာခဲ့ပြီး ကျန်းရီ၏ ကိုယ်ထက် ကျဆင်းလာခဲ့သည်။ ကျန်းရီမှာ တစ်လက်မလေးတောင် မလှုပ်နိုင်တော့ပေ။

မိန်းမစိုးလင်းသည် ကျန်းရီ၏မျက်နှာ ပျက်ယွင်းနေသည်ကို မြင်သောအခါ ကောက်ကျစ်စွာ ရယ်မောလိုက်ပြီး ပြောလာခဲ့သည်။

"ပုရွက်ဆိတ် တစ်ကောင်က ကောင်းကင်ကို ကိုင်လှုပ်ချင်နေတယ်၊ ဒီကုန်းကုန်းက မင်းရဲ့ ဘာမဟုတ်တဲ့ အင်အားလေးကို စာမဖွဲ့ဘူး ... မင်းက သေချင်နေမှတော့ ဒီကုန်းကုန်းက ကူညီပေးရမှာပေါ့"

"ဝုန်း"

မိန်းမစိုးလင်း၏ ကိုယ်မှ အရှိန်အဝါများ ပိုမို များပြားလာခဲ့ပြီး ကျန်းရီ၏ မီးနဂါးဓားမှာ ဖြည်းဖြည်းချင်း ကျဆင်းလာခဲ့သည်။ ကျန်းရီ၏ သူ့ကိုယ်ပေါ် တောင်ကြီးတစ်တောင် ကျဆင်းလာသည့် အလား ခံစားနေရသည်။ သူ့အရိုးများမှ အက်ကွဲသံများ ထွက်ပေါ်လာခဲ့ပြီး မြေပြင်ပေါ် ဒူးထောက်ကျလု နီးပါး ဖြစ်လာခဲ့သည်။

"ခွေးအိုကြီး"

ကျန်းရီသည် အသက်ပင် မရှူနိုင်တော့သော်လည်း သူ့ကိုယ်မှာ တစ်လက်မလေးတောင် မရွေ့ချေ။ သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါမှာလည်း ဖိအားကြောင့် တဖြည်းဖြည်း ပျက်ပြယ်လာပြီး အံကြိတ်၍ မိန်းမစိုးလင်းအား ကျိန်ဆဲလိုက်သည်။

"ဟက် ... ဟက် ... မင်းမှာ သတ္တိတော့ ရှိသားပဲ၊ ဆက်ပြီး ကျိန်ဆဲနေလိုက် ... မင်းဘယ်လောက် ခုခံနိုင်မလဲ ဒီကုန်းကုန်းက ကြည့်လိုက်ဦးမယ်။ ဒူးထောက်လိုက်စမ်း"

မိန်းမစိုးလင်းသည် မကောင်းဆိုးဝါးပမာ ရယ်မောလိုက်ပြီး အရှိန်အဝါအား ထပ်မံ တိုးမြှင့်လိုက်သည်။ ကျန်းရီ၏ ပခုံးများမှာ ထပ်မံနိမ့်ဆင်း သွားခဲ့သည်။ သူ့လည်ချောင်းထဲတွင် သွေးအရသာများ ရလိုက်ပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများ ကျဆင်းလာခဲ့သည်။ သူ့ကိုယ်တွင်း အင်္ဂါများမှာ ထိခိုက်သွားကြောင်း ထင်ရှားလှသည်။

ခရက် ... ခရက်

ကျန်းရီ၏ အရိုးများသည် ဆူညံသံများ ထွက်ပေါ်လာခဲ့ပြီး သူ့ခြေထောက်အောက်မှ မြေသားများတွင် အက်ကွဲကြောင်းများ စတင်ဖြစ်ပေါ်လာသည်။ သူ့ခြေထောက်များမှာ တဆတ်ဆတ် တုန်ယင်နေပြီး သူအချိန်မရွေး ဒူးထောက်ကျ သွားတော့မည့် အလားပင်။

"ဘန်း"

ကျန်းရီသည် အားကုန်သုံး၍ မီးနဂါးဓားအား မြေပေါ်စိုက်ချလိုက်သည်။ သူ့တစ်ကိုယ်လုံး တုန်ယင်နေပြီး နှုတ်ခမ်းထောင့်မှ သွေးများ အဆက်မပြတ် စီးကျနေသော်လည်း သူ၏ခေါင်းမာလှသော သဘာဝက သူ့အားဒူးထောက်ခွင့် မပေးချေ။ သူသည် ခေါင်းမော့လိုက်သည်။ သူ့မျက်လုံးများတွင် နာကျင်မှုများ ပေါ်လွင်နေသော်လည်း သူ့နှုတ်ခမ်းဖျားတွင် လှောင်ပြုံးတစ်ခု တွဲခိုနေလေ၏။

"ဟွန်း"

မိန်းမစိုးလင်းသည် ကျန်းရီ၏ လှောင်ပြုံးကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားပြီး အရှိန်အဝါအား ထပ်မံ တိုးမြှင့်လိုက်သည်။ ကျန်းရီ၏ ဦးခေါင်းအထက်မှ ဖိအားများကြောင့် လေများသည်ပင် ရွေ့လျားနေခြင်း မရှိတော့ပေ။ ကျန်းရီနှင့် ဆယ်ကီလိုမီတာကျော် ဝေးသော နေရာမှ လူများသည်ပင် ဖိအားဒဏ်ကို ခံစားမိကြလေသည်။

"ဝုန်း"

ကျန်းရီရပ်နေသော မြေပြင်သည် ထပ်မံ ကွဲအက်သွားခဲ့ပြန်သည်။ သူ့ဒူးဆစ်များမှာ ရွှံ့သားများထဲ နစ်မြုပ်နေပြီဖြစ်ပြီး သူ့ရင်ဘတ်မှာ နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးများကြောင့် စိုရွှဲနေသည်။ မီးနဂါးဓားအား ဆုပ်ကိုင်ထားသော သူ့လက်များနှင့် သူ့မျက်နှာပေါ်တွင် သွေးကြောများ ထောင်ထနေလေသည်။ သူ့ပုံစံမှာ အငြိုးကြီးသော သရဲတစ်ကောင် အလားပင်။

သူ့မျက်လုံးများ ပိတ်သွားခဲ့ပြီဖြစ်ပြီး အံကြိတ်သံများလည်း ထွက်ပေါ်နေခဲ့သည်။ သူ၏ အကန့်အသတ်ကို ရောက်နေပြီဖြစ်ပြီး ဖိအားကြောင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးကာ စက္ကန့်ပိုင်းအတွင်း သေဆုံးသွားနိုင်သည်။

သို့သော်လည်း သူသည် ဆက်လက်ရပ်နေခဲ့ပြီး ဥဒေါင်းတစ်ကောင်ပမာ ဦးခေါင်းအား မော်ချီထားလေသည်။

နေရာတစ်ခုလုံးသည် အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်နေခဲ့သည်။ လူများသည် ခေါင်းမာလှသော လူငယ်ကို ဝေခွဲမရနိုင်သော မျက်လုံးများဖြင့် ငေးကြည့်နေခဲ့သည်။ မည်သို့ပင် ဖြစ်နေပါစေ ... ကျန်းရီ၏ ပုံရိပ်သည် သူတို့ရင်ထဲတွင် ရေးထွင်းထားပြီး ဖြစ်နေခဲ့သည်။ သူတို့ တစ်သက်တာတွင် ထိုလူငယ်အား မေ့နိုင်တော့မည် မဟုတ်ချေ။

"ဟမ့် ... မင်းဘယ်လောက်ကြာအောင် ခုခံနေနိုင်မလဲလို့ ဒီကုန်းကုန်းက ကြည့်ဦးမယ်"

မိန်းမစိုးလင်းသည် ရှက်ဒေါသများ မွှန်ထူလာခဲ့သည်။ ဗာဂျရာအဆင့် သိုင်းပညာရှင် တစ်ယောက်သည် အားနည်းသော သိုင်းသမား တစ်ယောက်ကို သတ်ဖြတ်ရန် အချိန်အကြာကြီး ယူနေရသည်။ ထို့ပြင် သူသည် ထိုမျှ အရှိန်အဝါများ ထုတ်ဖော်ထားသော်လည်း ကျန်းရီသည် ဒူးမထောက်သေးချေ။ သူ့အဖြစ်သည် ကျန်ဗာဂျရာအဆင့် လူများအတွက် ရယ်စရာပင် ဖြစ်လာနိုင်သည်။

"ဂရား"

မိန်းမစိုးလင်းသည် သူ့အရှိန်အဝါကို အကုန်အစင် ထုတ်လွှတ်ရန် ပြင်လိုက်သည်။ ထိုအခိုက်အတန့်တွင် အနောက်မြောက် အရပ်မှ ကြည်လင်ပြတ်သား လှသော နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ နဂါးကြီး တစ်ကောင်သည် အဝေးမှ ပျံသန်းလာခဲ့ပြီး အိုမင်း၍ မာန်ပါလှသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ကုန်းကုန်းအိုကြီးလင်း ... မင်းက ရာစုနှစ် တစ်ခုကျော်ကြာ နေလာတဲ့ မကောင်းဆိုးဝါးကြီး ဖြစ်နေပြီး ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတဲ့ ကောင်လေးကို အနိုင်ကျင့်နေတယ်။ မင်းမရှက်ဘူးလား ... အိုး ... ငါမေ့သွားတယ်၊ မင်းက မင်းရဲ့ယောက်ျား တန်ဆာကိုတောင် ရင်းပစ်နိုင်တာ ... မင်းရဲ့ မျက်နှာမှာလည်း ဘာအရှက်မှကျန်မှာ မဟုတ်ဘူးဆိုတာ ငါလောင်းရဲတယ်"

"ဝှစ် ... ဝှစ် ... ဝှစ်"

အံ့အားသင့်သော အမူအရာများနှင့် မျက်လုံးများစွာသည် အနောက်မြောက် အရပ်သို့ ရောက်ရှိသွားခဲ့သည်။ ရှန်ဝူနိုင်ငံ၏ ဗာဂျရာအဆင့် နှစ်ယောက်ထဲမှ တစ်ယောက်အား စော်ကားရဲလောက်အောင် ရူးသွပ်သည့်သူအား သူတို့ ကြည့်ချင်ကြသည်။ ထိုသူသည် မိန်းမစိုးလင်း၏ ယောက်ျား တန်ဆာကိုတောင် လှောင်ပြောင် လိုက်သေးသည်။

နဂါးကြီးသည် လျင်မြန်စွာ ပျံသန်းလာခဲ့သည်။ ထိုနဂါးသည် ရွှေရောင်အကြေးခွံများ ဖုံးလွှမ်းနေပြီး မီတာတစ်ရာကျော် ရှည်လျားသည်။ ထိုနဂါးမှာ ကျန်းစွန်းဝူကျိ၏ ရေခဲနဂါးနှင့် လုံးဝကွဲပြားသည့် အဆင့်အတန်းတွင် ရှိသည်။ ၎င်း၏ ခြေထောက်များတွင် ခြေသည်းခြောက်ခု ပါရှိ၍ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံး အဆင့်များကိုတောင် မလှုပ်ရှားနိုင်အောင် ဖိနှိပ်နိုင်သည့် ခမ်းနားထည်ဝါသော အရှိန်အဝါတို့ ထုတ်လွှတ်နေလေသည်။

နဂါးကြီး၏ ကျောထက်တွင် မည်သူမှ ရပ်မနေဘဲ ၎င်းသည် ဘီးတပ်ကုလားထိုင် တစ်ခုကိုသာ ဆွဲလာလေသည်။ ကုလားထိုင်ထက်တွင် ဝိညာဉ်လွင့်နေသည့် ပုံစံ၊ တွဲကျနေသော မျက်ခွံများနှင့် ငိုက်မြည်းနေသည့် အနေအထားဖြင့် အဘိုးကြီးတစ်ဦး ထိုင်လျက် လိုက်ပါလာသည်။

"ခြေသည်းခြောက်ခု ရွှေရောင်နဂါး ... ကျူးကော့ချမ်ယွမ်"

ရှားနိုင်ငံမှ စစ်သူကြီးအိုကြီးသည် အံ့သြတကြီး ရေရွတ်လိုက်သည်။ သူ၏မျက်လုံးများမှာ ထွန်းလင်းနေသည့် နေမင်းကြီးကဲ့သို့ တလက်လက် တောက်ပနေလေသည်။

***

All Chapters