အခန်း (၇၁)
Vol. 8 Ch. 71
အစပိုင်းတွင် ထိုလူယုတ်မာအဖွဲ့က သူမကို အကြိမ်အနည်းငယ်ခန်း အရိပ်အမြွက်ပြခဲ့သည်။
ထို့နောက်တွင်တော့ သူမနှင့်သူမ၏ကလေးသာ အခြေစိုက်စခန်းထဲ ဆက်နေချင်လျှင် သူမ၏ကံကြမ္မာအား နာခံစွာလက်ခံရမည်ဟု သူမ၏မျက်နှာတည့်တည့်ဝှေ့တွင် တိုက်ရိုက်ပြောခဲ့ကြလေသည်။
နေ့ရက်များ ကုန်ဆုံးသွားခဲ့ပြီးနောက် သူမ ခင်ပွန်းသည်၏ အသက်အတွက် အလဲအလှယ်အဖြစ် ရခဲ့သည့် အစားအစာများကလည်း လျော့နည်းလာပြီး သူမ၏ကလေးသည်လည်း ပို၍ ပိန်လှီလာခဲ့သည်။
အားနည်းသောအမျိုးသမီး တစ်ယောက်အနေဖြင့် မည်သည်ကိုမှ မလုပ်နိုင်ခဲ့ချေ။
သူမခင်ပွန်း၏ ‘အပေါင်းအဖော်များ’ဟု ခေါ်ရမည့်သူများထဲမှ နေ့တိုင်း ခြိမ်းခြောက်ခြင်းခံရပြီးနောက်တွင် သူမသည် ပြိုလဲခြင်း၏အစွန်အဖျားတွင် ရောက်ရှိလာခဲ့ရ၏။ အဆုံးသတ်တွင်တော့ သူမအံကြိတ်၍သာ သူတို့၏အလိုဆန္ဒကို နာခံခဲ့ရတော့သည်။
အသက်ရှင်သန်ရန်အတွက် အရှက်ခွဲခံရမှုကို သည်းခံရန်မှလွဲ၍ သူမ၌ ရွေးချယ်စရာမရှိချေ။
ပျက်ကပ်တွင် သူမ၏ကလေးကို ဆက်လက်ပျိုးထောင်နိုင်ရန် အစားအစာအတွက် အလဲအလှယ်အနေဖြင့် သူမ၏ခန္ဓာကိုယ်ကိုအသုံးပြုခဲ့လေသည်။
သို့သော်ငြား လွန်ခဲ့သည့်နှစ်ရက်က သူမ၏ရှောင်ပေါင်လေးက အမည်မသိရသည့် အင်းစက်တစ်ကောင်၏ တုပ်ခြင်းကို ခံလိုက်ရ၏။
ထိုည၌ပင် ပြည်တည်လာခဲ့ပြီး ဒဏ်ရာက ကြီးမားပြီးရောင်ကိုင်းနေခဲ့သည်။
သူမ ကြောက်စိတ်မွှန်လျှက် အပ်တစ်ချောင်းကို မီးနှင့်ပိုးသတ်ပြီး ပြည်ကိုထုတ်ခဲ့သော်လည်း ဒဏ်ရာက နောက်ရက်တွင် ပို၍ပင်ကြီးလာခဲ့လေသည်။
သူမ အလွန်ပင် ကြောက်သွားခဲ့၏။ သူမ ခင်ပွန်း၏အသင်းဖော်များထံကို သူမအတွက် အမှတ်အချို့ ပေးရန် တောင်းဆိုခဲ့သည်။
ထိုမှသာ ဆေးအချို့ကို လဲလှယ်ပြီး အခြေစိုက်စခန်းတွင် ဖွင့်လှစ်ထားသော ဆေးခန်း၌ ပိုးသတ်နိုင်မည်ဖြစ်သည်။
သို့သော်ငြား ဤလူများက သူတို့၏အမှတ်များကို သူမဆီသို့ ပေးရန် တွန့်ဆုတ်နေခဲ့ကြသည်။
သူမ၏တောင်းဆိုချက်ကို ငြင်းဆိုရန်အတွက် အကြောင်းပြမျိုးစုံ ပေးခဲ့ကြသည်။
အဆုံးသတ်တွင် သူမ၏ ထပ်ခါတလဲလဲ စိတ်အနှောင့်အယှက်ပေးမှုကြောင့် စိတ်မရှည်ဖြစ်လာကြသောကြောင့် အလွန်အမင်း လွန်ကြူးသည့် အခြေအနေတစ်ခုတစ်ခုကို တောင်းဆိုလာခဲ့သည်။
ထိုအခြေအနေကို လက်ခံပါက သူမကိုကူညီမည်ဟု ပြောခဲ့ကြသည်။
သို့သော် သူမက ကလေး၏ အကျိုးအတွက် ၎င်းကို သဘောတူခဲ့လေသည်။
သို့သော်ငြား ထိုသူတို့ထံမှ အမှတ်များကိုမရသေးခင် ရှောင်ပေါင်လေးမှာ ညဘက်တွင် အဖျားတက်လာခဲ့ပြန်သည်။
သူက နာကျင်စွာ ငိုယို၍ အဓိပ္ပာယ်မရှိသည့်စကားများကို ကယောင်ကတမ်းပြောနေခဲ့ကာ သူ၏မျက်နှာပေါ်မှ ဒဏ်ရာသည်လည်း ဆက်လက် အနာရင်းနေခဲ့သည်။
သူမက ကလေးကို ဆေးရုံဆီသို့ ခေါ်သွားရန်အတွက် ဤလူများထံတွင် ငိုကြွေးလျက် တောင်းဆိုခဲ့သည်။
သို့သော်လည်း ထိုလူများက မျက်မှောင်ကြုတ်ကာ “သူက သေလူတစ်ယောက်ပဲ” ဟုပြောပြီး ကလေး၏ သေခြင်းတရားကိုသာ စောင့်ဆိုင်းရန်အတွက် ကလေးကို အခြေစိုက်စခန်းမှ ရေခဲတိုက်သို့ ပို့ဆောင်ခဲ့လေသည်။
ဤအကြောင်းများကို ကြားလျှင် ယင်ရိလျိုတစ်ယောက် ဒေါသတကြီး အံကြိတ်လိုက်မိသည်။
ပျက်ကပ်ကာလ အတောအတွင်း အမျိုးသမီးနှင့် ကလေးများမှာ ခွန်အားအမဲ့ဆုံးဖြစ်ကာ သူတို့၏ကိုယ်ပိုင် ကံကြမ္မာကို ကိုယ်တိုင်ဆုံးဖြတ်ရန်အတွက် အခွင့်အရေးအနည်းပါးဆုံးဖြစ်နေခဲ့သည်။
သူတို့က ဆင့်ကဲပြောင်းလဲသူများ ဖြစ်လျှင် ကိစ္စများက ပိုကောင်းနိုင်သော်လည်း သာမန်လူများတွင်တော့ ရွေးချယ်စရာမရှိချေ။
လမ်းတစ်လျှောက်တွင် တိရစ္ဆာန်များ၊ အပင်များ၏ ဆင့်ကဲပြောင်းလဲမှုနှင့် လူသားသဘာဝ၏ ယိုယွင်းလာမှုကိုလည်း သူမ မျက်မြင်တွေ့ခဲ့ရသည်။
ဤအခြေအနေများက ပျက်ကပ်မှာ သူမနှင့် မသက်ဆိုင်ဟူသော သူမ၏ ခိုင်မာသည့်ယုံကြည်ချက်ကို ယိမ်းယိုင်စပြုလာစေခဲ့သည်။
ပျက်ကပ်နှင့်ပက်သက်ပြီး သူမ တကယ်ပဲ ဘာတစ်ခုကိုမှ မလုပ်နိုင်တော့ဘူးလား?
ပျက်ကပ်ကို အဆုံးသတ်ရန် နည်းလမ်းကိုရှာခြင်းဆိုတာက ဝတ္ထုထဲမှ ဇာတ်လိုက်တွေကပဲ ပြီးမြောက်နိုင်တဲ့ တစ်စုံတစ်ရာလား?
သူမ နှုတ်ခမ်းကိုဖိလိုက်ပြီး ဆေးဝါးတချို့နှင့် အစားအစာတချို့ကို တဲဝင်ပေါက်ဘေးတွင် ထားပြီး ထွက်လာခဲ့သည်။
ညကောင်းကင်တွင် တောက်ပနေသည့်လမင်းက မြေပြင်မှ မြင့်မြင့်တွင် ချိတ်ဆွဲခံနေရပြီး ကြီးမားသည့် ငွေရောင်အစက်များကတော့ မြေပြင်ပေါ်သို့ ပက်ဖြန်းနေခဲ့သည်။
ကြွယ်ဝမှုနှင့် ဇိမ်ခံမှုကို တစ်ချိန်က သင်္ကေတပြုခဲ့သည့် ဟိုတယ်သည်က ယခုအချိန်တွင် ခိုမှီရာတစ်ခုဖြစ်လာခဲ့သည်။
ရှင်သန်ရန်ရုန်းကန်နေရသည့် မရေမတွက်နိုင်သောလူများကတော့ ဤနေရာတွင်နေရင်း ပို၍တောက်ပလာမည့် မနက်ဖြန်ကို မျှော်လင့်နေကြသည်။
ယင်ရိလျို လေထဲမှ သွေးနံ့ဖျော့ဖျော့နောက်ကို လိုက်ပြီး ဝံပုလွေနက် ရှိနေခဲ့သည့် အရပ်မျက်နှာဆီသို့ ပြေးသွားခဲ့သည်။
သူမက လျှင်မြန်စွာ ရွေ့လျားနေပြီး သူမ၏မျက်နှာပေါ်တွင်တော့ ကလေးမလေးတစ်ယောက်၏ အပြစ်ကင်းစင်မှု မရှိဘဲ တည်ကြည်လေးနက်သည့် အမူအရာနှင့် တောက်ပသည့် မျက်လုံး တစ်စုံသာရှိလေသည်။
ထိုအချိန်၌ အမျိုးသားတစ်ဦးမှာ ခန္ဓာကိုယ်အနှံ့တွင် ဝံပုလွေနက်ထံမှ အကိုက်ခံရသည့် ဒဏ်ရာများ ရှိနေခဲ့သည်။သူ၏လက်မောင်းတစ်ဖက်က ပြတ်နေခဲ့ပြီး ဝမ်းဗိုက်တွင် အပေါက်ကြီးတစ်ခုအဖြစ် ပွင့်နေခဲ့ကာ ခြေထောက်များကတော့ အဆတ်မပြတ် တုန်ရီနေခဲ့သည်။
သူ့၏နောက်ဘက်တွင်တော့ လူလုပ်ရေကန်တုတစ်ခု ရှိနေခဲ့၏။
ရေကန်ထဲမှ ရွှေငါးများက မကောင်းဆိုးဝါးငါးများအဖြစ် သန္ဓေပြောင်းခဲ့ကာ သွေးနံ့ကိုရသောကြောင့် ကမ်းစမပ်နားမှ ရေတိမ်တိမ်တွင် ခေါက်တုံ့ခေါက်ပြန် ခုန်နေကြသည်။
သူ့၏နောက်မှ နှေးကွေးသည့်ခြေသံများကို ကြားလျှင် ဝံပုလွေက ခေါင်းကိုပင် လှည့်မကြည့်ခဲ့ဘဲ သွေးများဖုံးလွှမ်းနေသည့်လူဆီသို့သာ ဆက်လက် ချဥ်းကပ်လျှက် ၎င်း၏ သွေးသံရဲရဲ ပါးစပ်ဖြင့် မာန်ဖီနေခဲ့သည်။
မနက်ပိုင်းအချိန်တုန်းက အလွန်အမင်း မောက်မာပြီး ဝံပုလွေနက်ကို လိုချင်လောဘရှိနေခဲ့သည့် လူမှာ ယခုအချိန်တွင်တော့ ကြောက်လန့်တကြားဖြစ်နေခဲ့သည်။
ဤဝံပုလွေလေးမှာ နေ့ခင်းဘက်အတောအတွင်းက ဖြစ်ပျက်ခဲ့သည့်ကိစ္စများအတွက် လက်စားချေရန် ညွှန်ကြားခြင်းခံထားရခြင်းဖြစ်မည် သူ တွေးတောမိခဲ့သည်။
အရှေ့ဘက်မှ သူဆီသိုး ချဥ်းကပ်လာနေသော ဝံပုလွေနှင့် သူ့၏ နောက်ရှိရေကန်ထဲမှ မကောင်းဆိုးဝါးငါးများကို တစ်လှည့်စီ ကြည့်ပြီးနောက် သူ အံကိုတင်းတင်း ကြိတ်ပြီး ရေကန်ထဲသို့ခုန်ဆင်းသွားခဲ့သည်။
သွေးနံ့ကြောင့် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ရသည့် သန္ဓေပြောင်းရွှေငါးများမှာ တစ်ဖက်လူ၏ခန္ဓာကိုယ်က ရေထဲသို့ရောက်လာသည်နှင့် ကိုက်ဖြတ်ရန်အတွက် အုပ်စုလိုက်ရောက်လာခဲ့ကြသည်။
ကန်ရေများမှာ သွေးကြောင့်တဖြည်းဖြည်း အနီရောင်သို့ ပြောင်းလာခဲ့ပြီး ထိုသူ၏အော်ဟစ်သံများကလည်း ဗလုံးဗထွေးဖြင့် ထွက်ပေါ်နေခဲ့လေသည်။
ယင်ရိလျို၏ လက်များမှ သွေးများက ခြောက်သွားခဲ့ပေပြီ။
သူမက ဝံပုလွေ၏ဘေးကို ဖြည်းညှင်းစွာ လျှောက်လာခဲ့ပြီး ရေကန်ထဲမှ လှုပ်ရှားမှုများ တဖြည်းဖြည်း ငြိမ်ကျသွားပြီး ကြက်သွေးရောင် သွေးစက်များ လွင့်ပြယ်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။
“သွားရအောင်”
သူမ မျက်တစ်တစ်ချက်ခတ်ပြီး နောက်ဘက်ကို လှည့်လိုက်သည်။
သူမ၏လက်များက သွေးစွန်းသွားပြီဖြစ်သော်လည်း သူမ နောင်တမရပါချေ။
ပျက်ကပ်ထဲမှ လူတိုင်းက သာမာန်လူများဖြစ်သည့် သူတို့အဖွဲ့ဝင် အပေါင်းအပါများ၏ အသက်များကိုပင် စွန့်လွှတ်နိုင်သည်ဟု မှတ်ယူခဲ့လျှင် ၎င်းသည်က လောကကြီး အမှန်တကယ် ပြိုကျသည့် အချိန်ဖြစ်ပေလိမ့်မည်။
ဤအခိုက်အတန့်တွင် ယင်ရိလျိုတစ်ယောက် ဝတ္ထုထဲ၌ ပါဝင်ခဲ့သည့် ပျက်ကပ်ဖြစ်ပေါ်လာရသည့်အပေါ် စူးစမ်းရှာဖွေမှုနှင့် မူရင်းဇစ်မြစ်အကြောင်း သဲလွန်စများကို လေးနက်စွာ ပြန်လည်စုစည်းရန် စတင်တွေးတောခဲ့လေသည်။
မိန်းကလေးနှင့် ဝံပုလွေလေး ထွက်သွားပြီးနောက် ခဏမျှအကြာတွင် ရေကန်ထဲမှ ရေစင်သံများ ထွက်ပေါ်လာခဲ့ကာ သွေးသံရဲရဲဖြင့် လူတစ်ယောက် ရေထဲမှ ထွက်လာခဲ့သည်။
သူ၏ခန္ဓာကိုယ်အနှံ့တွင် ကိုက်ရာ ရှိနေခဲ့သည်။ ထိုသူက ယင်ရိလျိုနှင့် ဝံပုလွေနက် ထွက်သွားသည့်ဘက်ကို မကျေမချမ်းဖြင့် စိုက်ကြည့်နေခဲ့သည်။
သူ ရှင်သန်မှရမယ်!
ဒီလူတွေကို သတ်ပစ်ဖို့အတွက် လျိုမန်ဆီကို သူ ရောက်အောင်သွားမှ ဖြစ်မယ်!
သူက သူ၏ ခန္ဓာကိုယ်အနှံ့မှ နာကျင်မှုကို တောင့်ခံပြီး သူ့၏အသားကို ကိုက်ခဲနေသည့် ငါးများ၏ ပါးစပ်ကို ချိုးဖွင့်ခဲ့သည်။
သူ ကမ်းခြေသိုး သွားတော့မည့်အချိန်တွင်ပင် တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ရုတ်တရက်ခံစားလိုက်ရသည်။
သူ ခေါင်းမော့ပြီး ကြည့်လိုက်လျှင် သေနတ်၏အနက်ရောင် ပြောင်းဝနှင့် ဆုံတွေ့လိုက်ရပြီး သူ၏သွေးစွန်းနေသောမျက်နှာသည်လည်း အလွန်ပင် ပျက်ယွင်းသွားရလေသည်။
လရောင်အောက်တွင် ချောမောခန့်ညားသည့်လူတစ်ယောက် ရပ်နေခဲ့ပြီး ထိုသူက သူ့ခေါင်းကို သေနတ်ဖြင့်ချိန်ရွယ်ထားခဲ့သည်။
ထိုအမျိုးသားက မတ်တတ်ရပ်နေသော်လည်း သူသည်က နေ့ခင်းဘက်အတောအတွင်းတွင် ဝှီးချဲပေါ်တွင် ထိုင်နေသူဖြစ်ကြောင်းကို သူ ရှင်းလင်းစွာပင် မှတ်မိနေခဲ့သည်။
သူ စကားမပြောနိုင်ခင် မသဲမကွဲအသံတစ်ခုကို ကြားလိုက်ရပြီး သူ၏ နဖူးတွင်လည့် အပေါက်တစ်ခု ပေါက်သွားခဲ့သည်။
အဖြူရောင်နှင့် အနီရောင်ရောနှောနေသည့် ဦးနှောက်အရည်ပျစ်ပျစ်များမှာ သူ့၏ ပါးပြင်ဆီသို့ စီးကျသွားပြီး သူ၏ခန္ဓာကိုယ်မှာလည်း ရေကန်ထဲသို့ နောက်ပြန်လဲကျသွားခဲ့သည်။
ဤအကြိမ်တွင်တော့ သူ ဘယ်တော့မှ ပြန်မထလာနိုင်တော့ပါချေ။
ကျင်းယန်တစ်ယောက် အသံတိတ် သေနတ်ကို ပြန်ချလိုက်ပြီး ညင်သာသည့် သက်ပြင်းတစ်ချက်ကို ချလိုက်မိသည်။
လူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီးနောက်တွင် သူ၏ သူငယ်ချင်းလေးက အလွန်သေးကွေးလွန်းပြီး ကလေးမလေးအရွယ်ဖြစ်နေမည်ဟု သူ မမျှော်လင့်ထားခဲ့ပါချေ။
အလွန်သေးငယ်လွန်းသောကြောင့် သူ၏နှလုံးသားပင် နူးညံ့သွားခဲ့သည်။
ယင်ရိလျို၏ ခြေဗလာနှင့် ပါးလွှာသည့် ဝတ်စုံကို တွေးတောလိုက်လျှင် သူတစ်ဖန် စိတ်ပူလာခဲ့ပြန်သည်။
ဒီလိုကလေးငယ်လေးတစ်ယောက်က အဝတ်အစားပါးပါးလေးတွေ ဝတ်ပြီး သွားလာနေဖို့ တကယ်ကြီး အဆင်ပြေပါ့မလား?
ကျင်းယန်တစ်ယောက် ယင်ရိလျို ပျောက်ကွယ်သွားသည် အရပ်မျက်နှာ အဝေးကို စိုက်ကြည့်ပြီး သူ၏ပံုရိပ်သည်လည်း အမှောင်ထုထဲ ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။