အခန်း (၇၂)
Vol. 8 Ch. 72
အဖွဲ့နှစ်ဖွဲ့က သူတို့သိထားသည့် သတင်းအချက်အလက်များနှင့် သူတို့သိလိုသော သတင်းအချက်အလက်များကို လဲလှယ်ခဲ့ကြ၏။
လျိုမန်နှင့်အခြားသူများက မြို့တော် M အစွန်းတွင် နေကြခြင်းဖြစ်ပေသည်။
ထို့ကြောင့် သူတို့ လက်ရှိတွင် အသိချင်ဆုံးနှင့် စိတ်အဝင်စားဆုံး အကြောင်းအရာမှာ မြို့တော် M မှ လက်ရှိအခြေအနေနှင့် သူတို့ကို ကြောက်ရွံ့စေသော ဧရာမသစ်ပင်ကြီးက မည်မျှကြီးနေပြီဖြစ်ကြောင်းကိုပင်ဖြစ်၏။
တစ်ချိန်တည်းတွင် သူကကျင်းယန်နှင့်သူ၏အသင်းဖော်များကိုလည်း မြို့တော် Zမှ အာဏာ၏ လက်ရှိဖြန့်ဝေမှုကို ပြောပြခဲ့သည်။
လက်ရှိတွင် လက်ရှိမြို့တော်Bကိုဖယ်ထားပါက နိုင်ငံထဲတွင် အကြီးမားဆုံးအခြေစိုက်စခန်းထဲမှ တစ်ခုအနေဖြင့် မြို့တော် Z ထဲမှ လူများမှာ အဖွဲ့မျိုးစုံအဖြစ် ကွဲထွက်နေသော်ငြား အင်အားကြီးဖွဲ့များအဖြစ် လူနှစ်ယောက်သာလျှင် ဦးဆောင်ခဲ့သည်။
သူတို့ထဲမှ တစ်ယောက်က ဗဟိုအစိုးရမှ ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သည့် လီကျန်ကျောင်းဖြစ်၏။
သူ၏နောက်လိုက်များမှာတော့ အဓိကအားဖြင့် စစ်သားများနှင့် သူတို့အဖွဲ့ဝင်သစ်အဖြစ် စုဆောင်းခဲ့သော ဆင့်ကဲပြောင်းလဲသူအချို့ ပါဝင်လေသည်။
မြို့တော် Z တွင် သူတို့က အလွန်ပင်အင်အားကြီးကြသည်။
ဒုတိယအဖွဲ့ကတော့ ပျက်ကပ်မတိုင်မှီက စီးပွားရေလုပ်ငန်းရှင် တစ်ယောက်ဖြစ်၏။ သူသည်က မြို့တော် Z ၌ အချမ်းသာဆုံးဖြစ်သည့် နျိုဖေးဟောင်ဖြစ်၏။
သူသည် မြို့တော်Bရှိ အရေးပါသောနိုင်ငံရေးသမားတစ်ယောက်နှင့် သားမက်ယောက္ခမအဖြစ်တော်စပ်သည်ဟု ပြောကြလေသည်။
ပျက်ကပ်မတိုင်မှီတွင် အချက်အလက်တချို့ကို လက်ခံရရှိခဲ့သောကြောင့် ကုန်ပစ္စည်းများနှင့် အထောက်အပံ့ပစ္စည်းများကို သိုလှောင်နိုင်ခဲ့သည် ။
ပျက်ကပ်သို့ရောက်လျှင်ရောက်ချင်း သူက အခြေစိုက်စခန်းကို စတင် တည်ဆောက်ပြီး အာဏာအများစုကိုလည်း ထိန်းချုပ်နိုင်ခဲ့သည်။
ဤလူနှစ်ယောက် ခေါင်းဆောင်သောမောက်တွင် အမျိုးမျိုးသော မြို့များမှ ကူးပြောင်းခဲ့သည့် ပို၍သေးငယ်သော ဆင့်ကဲပြောင်းလဲသူ အုပ်စုအများအပြား ရှိ၏။
ဤလူများတွင် ကွဲပြားခြားနားသည့် ဆင့်ကဲပြောင်းလဲအသွင်များ၊ ဘဝ၏အံ့ဖွယ်မှ အထူးအကဲအထိ ပြသပြီး လုပ်နိုင်စွမ်းရှိသူများ ပါဝင်ပေသည်။
သို့သော် သူတို့အတွက်ပင် မြို့တော်ထဲတွင် အာဏာရရှိအောင် စွမ်ဆောင်နိုင်ရန် ခက်ခဲပေသည်။
ခြေလှမ်းတစ်ချက်မှားလိုက်သည်နှင့် အုပ်စုတိုက်ခိုက်ပွဲ သို့မဟုတ် သန္ဓေပြောင်း တိရစ္ဆာန်နှင့်အပင်များ၏ ပါးစပ်ထဲတွင် အသက်သေဆုံးသွားရပေလိမ့်မည်။
ရလဒ်အနေဖြင့် မြို့တော်Zသည်က ဗရမ်းဗတာဖြစ်သော နေရာအဖြစ်၊ သို့မဟုတ် လုံခြုံသည့်နေရာအဖြစ် နှစ်မျိုးလုံးကို သတ်မှတ်နိုင်နေခဲ့သည်။
မြို့တော်Z၏ ပတ်ဝန်းကျင်နယ်မြေမှ သန္ဓေပြောင်းသစ်ပင်များကို အမြစ်ပြတ်သုတ်သင်ထားခဲ့သည်။
သူတို့က အသစ် တီထွင်ထားသော ဆေးဝါးများကို အသုံးပြုကာ ပြာများအဖြစ် မီးရှို့ခဲ့သည်ဟု လျိုမန်ကြားခဲ့ရသည်။
ဆင့်ကဲပြောင်းလဲခဲ့သော အားနည်းသည့် အပင်တချို့မှာလည်း မြို့တော်နှင့် အနည်းဆုံး မီတာတစ်ရာအဝေးသို့အထိ ဆုတ်ခွာသွားခဲ့ကြသည်။
ထပ်ဆောင်းအနေနှင့် သန္ဓေပြောင်းတိရစ္ဆာန်များကို ၂၄နာရီ တစ်ကြိမ် အလှည့်ပြောင်းသည့် နည်းဖြင့် စောင့်ကြပ်ကာကွယ်ရန်အတွက် ဆင့်ကဲပြောင်းလဲသူများနှင့် လူငယ်များဖြင့် ဖွဲ့စည်းထားသော ကင်းလှည့်အသင်းများ ရှိကြသည်။
ဤကဲ့သို့ လက်နက်တပ်ဆင့်ထားသည့် ခုခံနိုင်စွမ်းများသည်က သေးငယ်သော နဂါးပျံအခြေစိုက်စခန်း၏ လုပ်နိုင်စွမ်းနှင့် ယှဥ်လျှင်အလွန်သာလွန်လေသည်။
ထိုကဲ့သို့ အခြေစိုက်စခန်းကြီးများကို လူတိုင်း သွားချင်နေသည်က အံ့သြစရာမဟုတ်ချေ။
အခြေစိုက်စခန်း ပို၍ကြီးမားလေလေ ပို၍လုံခြုံခြုံလေလေဖြစ်၏။
ကျင်းယန်ဘက်မှလည်း မြို့တော်Mရှိ လက်ရှိအခြေအနေများအကြောင်ကို လျိုမန်ဆီသို့ ပြောပြခဲ့သည်။
ဧရာမသစ်ပင်ကြီးက ပန်းပွင့်များကို လက်နက်များအနေနှင့် အသုံးပြုပြီး ပို၍သန်မာလာစေရန် ပတ်ဝန်းကျင်မှ အသက်များကို အဆတ်မပြတ် ဝါးမြိုနေကြောင်း ပြောခဲ့ချိန်တွင် လျိုမန်တစ်ယောက် မျက်မှောင်ကို တင်းတင်းကြုတ်လိုက်မိသည်။
ယခင်က သစ်ပင်ကြီးကို ဖယ်ရှားပစ်ခြင်းအတွက် သူတို့ ထည့်သွင်းစဥ်းစားခဲ့မှု မလုပ်ခဲ့သည် မဟုတ်ပါချေ။
သို့သော်လည်း ၎င်းသည်က ခက်ခဲကြမ်းတမ်း၍ အကျိုးမဲ့သည့်တာဝန် တစ်ခုသာ ဖြစ်ခဲ့သည်။
ကျင်းယန်၏ ပြောပြချက်အရ သစ်ပင်ကြီးက မြို့တော်Wဆီသို့ ဖြန့်ကျက်ရောက်လာပြီး နဂါးပျံအခြေစိုက်စခန်းကို အန္တရာယ်မဖြစ်စေခင် အချိန်တစ်ခုသာ ကျန်ပေတော့မည်။
ထိုသို့ဆိုလျှင် ဤအချက်အလက်က သူတို့၏အခြေစိုက်စခန်းအတွက် မရှိမဖြစ် အရေးကြီးသည့်အရာတစ်ခု ဖြစ်လာပေပြီ။
ဤအကြောင်း တွေးတောလိုက်မိလျှင် လျိုမန်၏မျက်နှာပေါ်မှ အပြုံးက ပို၍စစ်မှန်လာပြီး တစ်ချိန်တည်းတွင် ကျင်းယန်နှင့် သူ့၏အဖွဲ့သားများကို အဖွဲ့ဝင်သစ်အဖြစ် စုဆောင်းချင်သည့် သူ၏ဆန္ဒသည်လည်း ပို၍သန်မာလာခဲ့သည်။
လျိုမန်၏မျက်လုံးများက မဝေးသည့်နေရာတွင် အမြီးကို လှုပ်ယမ်းနေသည် အနက်ရောင် ဝံပုလွေသားပေါက်ကို လှမ်းကြည့်လိုက်သည်။
၎င်း၏တောက်ပသည့် အနက်ရောင် သားမွှေးက အလွန်ပင် ထင်ရှားပေါ်လွင်နေခဲ့ပြီး ၎င်း၏ချောမွေ့သည့် နောက်ကျောပေါ်တွင်တော့ အဖြူရောင်တိမ်တိုက်တစ်ခုက လဲလှောင်းနေလေသည်။ယုန်လေးတစ်ကောင်က ဝံပုလွေ၏နောက်ကျောတွင် ထပ်ခါထပ်ခါလှိမ့်နေခဲ့သည်။
သူ အနည်းငယ် မနာလိုဖြစ်သည့် လေသံဖြင့် ပြောခဲ့သည်။
“ငါခန့်မှန်းတာမှန်ရင် မင်း ယဥ်ပါးစေခဲ့တဲ့ ဒီသန္ဓေပြောင်းတိရစ္ဆာန်က သူရဲ့လူငယ်အသွင်ပဲ ရှိနေသေးတာမလား?
ဒါတောင် သူ့ထက် အရွယ်အစားနှစ်ဆရှိတဲ့ သန္ဓေပြောင်း ကြောင်တစ်ကောင်ကို အနိုင်ယူနိုင်နေပြီ..
သူကြီးလာခဲ့ရင် အနည်းဆုံး အဆင့်သုံး ဒါမှမဟုတ် လေးလောက်ရှိလောက်တယ်.. မင်းက တကယ်ကို ကံကောင်းတာပဲ”
ကျင်းယန် မျက်ခုံးအနည်းငယ် ပင့်မခ,လိုက်၏။ သန္ဓေပြောင်းတိရစ္ဆာန်များကို အဆင့်များအဖြစ် ခွဲထားသည့်အကြောင်းကို သူ မသိသေးပါချေ
ထို့ကြောင့် တစ်ဖက်လူ၏စကားအပေါ် အနည်းငယ် သိချင်စိတ်ဖြစ်လာခဲ့သည်။
“ဘယ်လိုမျိုးလဲ?”
လျိုမန်အနေဖြင််သူတို့အသင်းနှင့် ဆက်ဆံရေးကောင်းတစ်ခု ရှိချင်ခဲ့သည်။
ဆိုရလျှင် ဤအကြောင်းများမှာ နောက်ဆုံးတွင် သူတို့ကိုယ်တိုင်လည်း ရှာတွေ့ရှိနိုင်မည့် အရာများဖြစ်နေသောကြောင့် သူ မဖုံးကွယ်ထားပါချေ။
“မင်းတို့တွေက ငှက်တွေတောင်မှ မစင် မစွန့်တဲ့ မြို့တော်Mလို နေရာမျိုးကနေ ထွက်လာတာဆိုတော့ ဒါကို မသိလောက်သေးဘူး”
သူ ရှင်းပြလာခဲ့၏။
“ပြောရရင် အထက်က လူတွေက သန္ဓေပြောင်း တိရစ္ဆာန်တွေရဲ့ သန္ဓေပြောင်း အရွယ်အစားတွေအပေါ် မူတည်ပြီး အကြမ်းအားဖြင့် အဆင့်တွေ ခွဲထားခဲ့ကြတယ်”
“သေးငယ်တဲ့ အင်းစက်တွေ၊ သန္ဓေပြောင်းကြွက်တွေနဲ့ စတာတွေက ယေဘုယျအားဖြင့် အဆင့်တစ် သန္ဓေပြောင်း တိရစ္ဆာန်တွေအဖြစ် သတ်မှတ်တယ်၊
ကြက် ၊ ဘဲနဲ့ အလျား နှစ်မီတာထက် နိမ့်တဲ့ တိရစ္ဆာန်အရိုင်းလေးတွေကို အဆင့်နှစ်အဖြစ် သတ်မှတ်ပြီး ခန္ဓာကိုယ်အရွယ်အစား နှစ်မီတာလောက်ကြီးတဲ့ သားရဲတွေကိုတော့ အဆင့်သုံးပေါ့..
အရမ်းအင်အား ကြီးမားတဲ့ ကျားတွေနဲ့ ဝံပုလွေတွေ တခြားလွန်ကဲတဲ့ အရွယ်အစားနှင့် တိရစ္ဆာန်တွေက အဆင့်လေးလို့ သတ်မှတ်နိုင်တယ်..
ဒီဝံပုလွေနက်ရဲ့ ပုံသဏ္ဍာန်နဲ့ တိုက်ခိုက်နိုင်စွမ်းကို အခြေခံရရင် သူ အနည်းဆုံး အဆင့်သုံးလောက်ကို ရှိနေလိမ့်မယ် .. အဆင့်လေးတောင်မှ ဖြစ်နိုင်တယ်”
လျိုမန်က ပြောနေရင်းဖြင့် အနက်ရောင် ဝံပုလွေသားပေါက်ကို လှမ်းကြည့်လိုက်သည်။
သန္ဓေပြောင်းတိရစ္ဆာန်များက အများအားဖြင့် တက်ကြွပြီး အလွန်အမင်းသွေးဆာသောကြောင့် သူတို့ အခြေစိုက်စခန်းတစ်ခုလုံးပေါင်းလျှင်ပင် သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင်လောက်ကို ယဥ်ပါးစေနိုင်ခြင်းမရှုခဲ့ပါချေ။
ထိုအချက်ကြောင့် သူတို့အနေဖြင့် စိတ်ပျက်နေခဲ့ရသည်။
သူတို့က ၎င်းတို့ကို လှောင်အိမ်များထဲတွက် ပိတ်ထားလျှင်ပင် ထိုသတ္တဝါတို့က နေရာများကို ဖျက်စီးနေလိမ့်မည်ဖြစ်သည်။
ကျင်းယန်နှင့် သူ၏အသင်းဖော်တို့နှင့် အငြင်းပွားခဲ့သည့် စစ်အာဆိုသည့် လူငယ်က အနက်ရောင်ဝံပုလွေလေးကို တပ်မက်ပြီး ၎င်းကို လုယူချင်သည့် ဆန္ဒကို ထပ်ခါတလဲလဲ ဖော်ပြလာခဲ့သည်မှာ အံ့သြစရာမဟုတ်ပါချေ။
လျိုမန်နှင့် တခြားလူများမှာ ကျင်းယန်မှ အနက်ရောင်ဝံပုလွေကို ယဥ်ပါးအောင်ပြုလုပ်နိုင်ခဲ့သည့် အောင်မြင်မှုမှာ သူ၏အစွမ်းအစကြောင့်မဟုတ်ဘဲ ဝံပုလွေ၏မိခင်ဖြစ်သူ သေသွားသည့် အချိန်တွင် သားပေါက်နှင့် တိုက်ဆိုင်စွာတွေ့ဆုံခဲ့၍ဟုသာ သတ်မှတ်ခဲ့သည်။
ဆိုရလျှင် လုံးလုံးလျားလျား ကံကောင်းမှုကြောင့်ဟု ထင်ခဲ့လေသည်။ သူတို့က တခြားသောဖြစ်နိုင်ခြေများကို လုံးဝထည့်မတွေးခဲ့ချေ။
လျိုမန် တွေးတောရင်းဖြင့် သူ့နောက်မှ လူများကို လှမ်းကြည့်လိုက်သည်။
လက်ရှိတွင် ကျော်ကြားအောင်မြင်မှုအပေါ် အမြဲတစေပျော်ပါးနေသည့် စစ်အာက ပျောက်ဆုံးနေခဲ့သည်။
တခြားတစ်နေရာရာတွင် လျှောက်ပတ်ရှုပ်နေခြင်း ဖြစ်နိုင်ပေ၏။ လျိုမန် သူ့၏နောက်လိုက်ကို မေးလိုက်သည်။
“မင်း စစ်အာကို တွေ့လိုက်သေးလား?”
သူ့၏ နောက်မှ ဆူးများ ပွထနေသော ဆံပင်နှင့်လူက ပုခုံးတစ်ချက်တွန့်လိုက်သည်။
သူနှင့် လောင်စစ်က တစ်ခန်းတည်းတွင် မျှနေခြင်းဖြစ်လေသည်။ မနေ့ညက လောင်စစ်ပြန်မလာခဲ့ချေ။
ထိုသူက နောက်တစ်ကြိမ် ပျော်ပါးရန် အပြင်သို့ ထွက်သွားခြင်းဖြစ်မည်။
လျိုမန် သူ၏နှလုံးသားထဲတွင် သက်ပြင်းချပြီး ရှည်ရှည်ဝေးဝေး ထပ်မမေးတော့ချေ။ သူ့အနေဖြင့် လူများ၏အကျင့်စရိုက်ကို ကောင်းကောင်း သတိထားမိသည်။
စစ်အာက နောက်ထပ် သားကောင်တစ်ယောက်ကို ချောင်းမြောင်းနေခြင်း ဖြစ်မည်ဟုသာ ယူဆခဲ့သည်။
သူမသိခဲ့သည်မှာ ဟိုတယ်စားသောက်ဆောင် နောက်ဘက်ရှိ လူလုပ်ရေကန်၏အောက်ခြေတွင် အရိုးခြောက်သာ ကျန်သည့်တိုင်အောင် ကိုက်ဝါးခြင်းခံထားရသော အလောင်းတစ်လောင်းက တိတ်ဆိတ်စွာ လဲလျောင်းနေခဲ့ပေပြီ။
လျိုမန်က သူ၏ဤနောက်လိုက်အား မည်သည့်အချိန်တွင်မှ ရှာတွေ့နိုင်တော့မည် မဟုတ်တော့ချေ။
*
စကားပြောခြင်းကို နှစ်သက်ခြင်းမရှိသည့် ကျင်းယန်သည် သန္ဓေပြောင်း တိရစ္ဆာန်များ၏အကြောင်းအရာကိုတော့ အလွန်ပင်စိတ်ဝင်စားနေပုံရသည်။
“အဲဒီအမျိုးအစားတွေက လွဲပြီး သန္ဓေပြောင်းတိရစ္ဆာန်တွေရဲ့ အထူးအမျိုးအစားတွေများ ရှိသေးလား?”
သူ ဆက်လက် မေးမြန်ခဲ့သည်။
လျိုမန် အနည်းငယ် အံ့သြသွား၏။
သူ့အနေဖြင့် တစ်ဖက်လူက ဤအကြောင်းကိုမေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
“ဒါပေါ့ ရှိတယ်”
သူပြန်ဖြေခဲ့သည်။“ဒါပေမဲ့ အဲဒါတွေကတကယ်အတုအယောင်ဆန်တယ်.. ရာထူးမြင့်တဲ့ သူတွေက တိရစ္ဆာန်အမျိုးအစားတစ်မျိုးကို အဆင့်ငါးအဖြစ် သတ်မှတ်ခဲ့ကြတယ်.. သူတို့ပြောတာက….”
သူအသံကိုတိုးပြီး သူ၏မျက်နှာသည် မယုံကြည်နိုင်မှုနှင့် ပြည့်နှက်နေခဲ့သည်။
“လူသားတွေလိုပြုမူ၊ လူသားဘာသာစကားကို နားလည်ပြီး လူသားတွေလိုတွေးတောတဲ့ တိရစ္ဆာန်တွေရှိတယ်လို့ ပြောကြတာပဲ..
ဒါကအဓိပ္ပာယ်မရှိဘူးလို့ မင်း မထင်ဘူးလား? သူတို့က နတ်သမီးပုံပြင်ထဲမှာ နေနေတာလို့များ ထင်နေကြတာလလား?
ရာထူးမြင့်တဲ့သူတွေက ဒီလိုမျိုး မိစ္ဆာနဲ့တူတဲ့ သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင်ကို ဖမ်းမိပြီး မြို့တော်Bကို ပို့ပေးတဲ့သူ ဘယ်သူ့ကိုမဆို တရားဝင်နေထိုင်ခွင့်ပြုရုံမကဘဲ သုံးနှစ်စာ အစားအသောက်ကိုလည်း ထောက်ပံ့ပေးမယ်လို့ ပြောကြတယ်.. ငါကတော့ ဒါက အဓိပ္ပာယ်မရှိဘူးလို့ ထင်တာပဲ”
ကျင်းယန်၏အမူအရာ မပြောင်းမလဲပဲ ရှိနေသေးလေ၏။
သူက သူ့၏ဘေးဘက်မှ သားပေါက်ဆီသို့ တည်ငြိမ်သည့် အကြည့်တစ်ချက်ကို လှမ်းကြည့်လိုက်သည်။
တရားဝင်နေထိုင်ရာ နေရာ နှင့် သုံးနှစ်စာ အစားအသောက်..
ဤအနက်ရောင်ဝံပုလွေလေးက အတော်လေးအဖိုးတန်ပုံရသည်။
“ဒါဆို လူသားအသွင်ပြောင်းနိုင်တဲ့ သန္ဓေပြောင်းတိရစ္ဆာန်တွေရှိတယ်လို့ရော ကြားသေးလား?”