အခန်း (၈၀)
Vol. 8 Ch. 80
သူတို့သုံးယောက် ရေချိုးပြီးနောက် ကျင်းယန်က ထသွားထလာ ရှပ်အင်္ကျီအဖြူတစ်ထည်ကို လဲဝတ်လိုက်၏။ ဤကဲ့သို့ အလွန်ပေါ့ပေါ့ပါးပါးဖြစ်သည့် အဝတ်အစားကို သူ ပထမဆုံးအကြိမ် ဝတ်ဆင်ခြင်းဖြစ်ပေသည်။
သူက ရေစိုနေသောဆံပင်များကို ပုဝါတစ်ထည်ဖြင့် သုတ်နေခဲ့ပြီးနောက် ရေငွေ့များက သူ၏အမြဲတစေအေးစက်နေသော မျက်ခုံးနှင့် မျက်လုံးများကို နူးညံ့သွားစေခဲ့သည်။
သူ၏မျက်လုံးထဲမှ ရွှေရောင် အလင်းဖျော့ဖျော့တို့က သူ၏မျက်နှာအသွင်အပြင်များကို ပေါ်လွင်ထင်ရှားစေခဲ့သည်။
ယင်ရိလျို သူ့ကိုကြည့်လျက် မင်သက်နေခဲ့သည်။
သူမ၏ ယခင်ဘဝ၌ အိုင်ဒေါများ သို့မဟုတ် သရုပ်ဆောင်များအတွက် မည်သည့်အချိန်ကမှ fangirl မလုပ်ခဲ့ပါချေ။
ဆိုရလျှင့် သူမအတွက် မျက်စိမလွှဲနိုင်လောက်အောင် ဖမ်းစားနိုင်သည့် ချောမောဆွဲဆောင်မှုရှိသော အွန်လိုင်း celebrity ဟူ၍ တစ်ယောက်ကိုမှ မသိခဲ့ပေ။
အကယ်၍ ကျင်းယန်သာ နာမည်ကြီးအနုပညာရှင် တစ်ယောက်ဖြစ်လာပါက သူမအနေဖြင့် သူ့၏နောက်ကိုလိုက်၍ ‘လောင်ကုန်း’ ဟုခေါ်နေသော ကောင်မလေးများထဲမှ တစ်ယောက်ဖြစ်လာနိုင်ပေသည်။
ကျင်းယန် သူ့၏လက်မြှောက်ပြီး သူမကို လက်မောင်းထဲတွင် ပွေ့ဖက်ထားလိုက်သည်။
သူ့၏ အလှတရားထံမှ ပြင်းထန်သော ထိချက်တစ်ခုကို ခံစားလိုက်ရသည့် ယင်ရိလျိုမှာ တစ်ဖက်လူထံမှရရှိလာသော နွေးထွေးသည့် ထင်းရှူးသားရနံ့တို့ကြောင့် စိတ်ဝိဥာဥ်ကပင် ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ခွာသွားခဲ့သည်။
တစ်ဖက်လူက သူမကိုငုံ့ကြည့်လိုက်ချိန်တွင် အလွန်အမင်း နူးညံ့ညင်သာနေခဲ့ အသံကလည်း ပုံမှန်ထက် အနည်းငယ်အက်ရှနေခဲ့သည်။
ကျင်းယန် သူငယ်ချင်းလေး၏ နှာခေါင်းကို သူ၏သွယ်လျ၍အရိုးအဆစ်ပြေပြစ်သော လက်ချောင်းများဖြင့် ထိလိုက်လေ၏။
ယင်ရိလျိုတစ်ယောက် ယားယံမှုကြောင့် မထိန်းချုပ်နိုင်စွာဖြင့် ခေါင်းလေးကိုလှုပ်လိုက်ပြီး မျက်နှာကိုလည်း လက်ဖဝါးများဖြင့် ပွတ်ငပ်လာသည်ကို မြင်လိုက်ရလျှင် သူ၏အမူအရာက ပို၍ပင် နူးညံ့သွားခဲ့သည်။
“ထုထု မင်းရေချိုးချင်လား?”
သူမကို ထုထုဟု ခေါ်လိုက်သညာကိုကြားလျှင် ယင်ရိလျို၏နားရွက်ကို မီးအပူတစ်ခုဖြင့် မွှေ့ယမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤသည်က သူမကိုအလွန် မူးဝေသွားစေသဖြင့် တောင်အရပ်နှင့် မြောက်အရပ်ကိုပင် မပြောနိုင်တော့ချေ။
ဘာလို့... ဘာလို့ ဒီလူက ယုန်တစ်ကောင်ကိုကို သောက်ရမ်းနူးညံ့ကြင်နာပြနေရတာလဲ!
သူမ ကျင်းယန်၏ ချောမောလွန်းသည့်မျက်နှာကို အချိန်ကြာကြာမကြည့်ရဲတော့ချေ။
ထို့ကြောင့် သူ၏လက်မောင်းထဲမှ ခုန်ဆင်းလိုက်ပြီး ထွက်ပြေးလုနီးပါးအခြေအနေဖြင့် ရေချိုးခန်းထဲ အပြေးအလွှားဝင်သွားခဲ့သည်။
ကျောင်းချီယန်၏ ဆံပင်တို့က စိုစွတ်ပြီး သူ၏ခေါင်းနှင့်ကပ်နေသည်မှာ ရေစိုနေသောကြက်ဖတစ်ကောင်နှင့် တူနေခဲ့သည် ။
သူသည်က ပျက်ကပ်နေ့များတွင် ကောင်းကောင်းစားပြီး လေ့ကျင့်ခန်း အများအပြား ပြုလုပ်ခဲ့သောကြောင့် ပို၏အရပ်ရှည်ပြီး ပို၍ပိန်လာခဲ့သည်။
သူ ကျင်းယန်၏ဘေးတွင် မတ်တတ်ရပ်နေချိန်တွင် သူတို့၏ကြားထဲမှ အရှိန်အဝါကွာခြားမှုက ပို၍ သိသာနေခဲ့သည်။
သူက နားကိုလက်ဖြင့်နှိုက်ပြီး နားရွက်တစ်ဝိုက်မှ ရေကို ပုဝါတစ်ထည်ဖြင့် သုတ်နေခဲ့သည်။
“ထုထုက ဘာလို့ ရေချိုးခန်းထဲ ပြေးဝင်သွားတာလဲ? အထဲမှာ သူ့ဘာသာ ဆော့နေခဲ့ရင် bathtub ထဲကို ရေနှစ်နေတာတွေ မဖြစ်နိုင်လောက်ဘူးလား?”
ကျင်းယန်တစ်ယောက် သူ၏ဘေး၌ ရပ်နေသော ကျောင်းမိသားစုမှ ကလေးကို တစ်ချက်ကြည့်ပြီး ထိုသူက အတော်လေးမျက်စိစပါးမွှေးစူးစရာကောင်းကြောင်း ရုတ်တရက် ရှာတွေ့သွားခဲ့သည်။
သူသူမကို ‘ထုထု’ဟု ခေါ်လိုက်ပြီးနောက် ကျောင်းချီယန်သည်လည်း လိုက်ခေါ်ခဲ့သဖြင့် သူ့အား အလွန်မပျော်မရွှင်ဖြစ်သွားစေခဲ့သည်။
“သူ့ကို မင်းလို့များ ထင်နေတာလား?”
ထေ့ငေါ့လုံးတစ်ခုကို ချန်ထားပြီးနောက် ကျင်းယန် အိပ်ခန်းထဲဝင်သွားခဲ့သည်။
ဤစကားလုံးများက သူ့ကို ပြက်ရယ်ပြုနေသည်ဟု ကျောင်းချီယန် ခံစားရသော်လည်း ကျင်းယန်ကောကဲ့သို့ ‘ကိုယ်ကျင့်သိက္ခာမှန်ကန်’သည့် လူတစ်ယောက်က ထိုကဲ့သို့အရာမျိုး လုပ်မည်မဟုတ်လောက်ပါချေ။
သူ ခေါင်းကုတ်ပြီး သူ၏အိပ်ခန်းကို ကြည့်ရန် ဝင်သွားလိုက်လေ၏။
ယင်ရိလျိုကတော့ ရေချိုးခန်းတံခါးကို လော့ခ်ချကာ ၎င်းက အမှန်တကယ် လော့ခ်ချထားကြောင်း အကြိမ်ရေအချို့ အတည်ပြုပြီးလိုက်သည်။ ထို့နောက်မှသာ ရေချိုးခန်းထဲတွင် လူသားအဖြစ်အသွင် ပြောင်းရဲခဲ့လေသည်။
ကျင်းယန်က သူမကို သူ၏လက်ထဲတွင်ပွေ့ချှ၍ ပွတ်သပ်သည့် အချိန်တိုင်းတွင် အလွန်အမင်း ကိုးယိုးကားယားခံစားခဲ့ရသည်။
ရွှေပေါင်လုံးကြီးမှာ သူမက လူတစ်ယောက်ဖြစ်သည်ကို မသိဘဲ သူမကို ရေချိုးပေးချိန်တိုင်းတွေ တခြားအတွေးများမရှိဘဲ အမွှေးများကို ပွတ်ပေးရုံမျှသာ ဖြစ်သော်ငြား ယင်ရိလျိုအနေဖြင့် အလွန်တုန်လှုပ်ရပြီး အကြိမ်တိုင်းတွင် သူမ၏ခန္ဓာကိုယ်အား လှည့်၍ ရုန်းကန်ခဲ့ရသည်။
အံ့အားသင့်စရာကောင်းစွာဖြင့် ဤအကြိမ်တွင်တော့ ကျင်းယန်က သူမအား ရေချိုးခန်းထဲသို့ တစ်ကောင်တည်း ဝင်ခွင့်ပြုပြီး သူမကို ဖမ်းရန် ဝင်မလာခဲ့ချေ။
ယင်ရိလျို သူမ၏တင်းကျပ်နေသော နှလုံးသားကို ဖြေလျော့လိုက်ပြီး ရေပိုက်ခေါင်းကို လှည့်ဖွင့်ရန် ခြေဖျားထောက်လိုက်သည်။နွေးထွေးသည့် ရေစီးကြောင်းက သူမ၏ပြည့်ဖြိုးသည့် လက်များကို ဆေးကြောသွားခဲ့ပြီး အပူချိန်က ကလေးမလေး၏ ခေါင်းထိပ်ရှိ နားရွက်ရှည်များကို တခဏမျှ ကျုံ့သွားစေခဲ့သည်။
သူမက သူမ၏ အဖြူရောင်ဝတ်စုံလေးကို အပေါ်သို့ဆွဲလှန်ကြည့်ရန် ကြိုးစားခဲ့လျှင် သူမ၏အတွင်းခံဘောင်းဘီအဖြူလေးကို တွေ့လိုက်ရလေသည်။
ဤအဝတ်အစားများက ချွတ်၍ရနိုင်သည်ကို ရှာတွေ့သွားပြီးနောက် သူမ စိတ်သက်သာရာရသွားခဲ့သည်။
ကံကောင်းစွာဖြင့် ဝတ်စုံက သူမ၏ခန္ဓာကိုယ်ပေါ်မတွင်ရှိနေသော သားမွှေးများမှ အသွင်ပြောင်းသွားခြင်းမဟုတ်ဘဲ ချွတ်၍ရနေခဲ့လေသည်။
၎င်းက ဂိမ်းတစ်ခုထဲမှ လူသစ်များအတွက် စတင်ခြင်းပစ္စည်းကိရိယာ (starting equipment) နှင့် အနည်းငယ် ဆင်တူလေသည်။
•
ရေချိုးခန်းထဲတွင် dryerအသေးလေးတစ်ခုရှိ၏။ ယင်ရိလျိတစ်ယောက် ပထမဆုံး အဖြူရောင်ဝတ်စုံလေးနှင့် နေရာလွတ်ထဲမှ ယူထားသော အဝတ်သေးသေးလေးများကို ရေနွေးနွေးနှင့် လျှော်လိုက်သည်။
သူမ၏ဖြူဖွေးပြီး ထိခိုက်လွယ်သော လက်ဖဝါးများက အဝတ်များကို ပွတ်တိုက်ပြီးနောက်တွင် နီရဲလာခဲ့သည်။
သူမက ရေစီးကြောင်းအောက်ကို ခြေဗလာဖြင့် လျှောက်သွားခဲ့ပြီး အဝတ်များကို ကောင်းစွာ ဆေးကြောလိုက်သည်။
လူသားအသွင်ဖြင့် ရေချိုးရခြင်းက သူမအတွက် အလွန်ရှားပါးသော အခွင့်အရေးဖြစ်ပြီး နောက်တစ်ကြိမ်က မည်သည့်အချိန်မှဖြစ်လာမည်ကို သူမ မသိနိုင်ပေ။
ထိုကြောင့် အကြောင်းအမျိုးမျိုးကြောင့် သူမ၏ စိတ်အခြေအနေတို့က အတော်လေး ကောင်းမွန်နေခဲ့သည်။
သူမ၏ခေါင်းထိပ်မှ ပန်းရောင်နားရွက်ရှည်များက စိုရွှဲသွားပြီးနောက် သူမ၏မျက်နှာ ဘေးနှစ်ဖက်တွင် တွဲကျနေခဲ့သည်။
သူမ၏ယုန်မျက်လုံးများက နီရဲနေသကဲ့သို့ သူမ၏လက်ဖဝါးများနှင့် နှာခေါင်းလေးများက ပန်းရောင်ဖြစ်နေသောကြောင့် ဖြစ်နိုင်သည်။
လူသားအသွင်ပြောင်းပြီးနောက်တွင်လည်း သူမ၏ဆံပင်က အလွန်နူးညံနေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်က ပန်းရောင်နှင့် အဝါနုရောင်တို့ဖြင့် တောက်ပစွာ လှပနေခဲ့ကာ သူမကို သာမာန်လူသားမိန်းကလေးများနှင့် သိပ်ပြီး မတူညီအောင် ပြုလုပ်နေခဲ့သည်။
ရေချိုးခန်းထဲမှ ရေစီးသံက အလွန်ကျယ်လောင်သောကြောင့် သူမက တေးသွားတစ်ခုကို တိတ်တဆိတ်ညည်းရင်းဆပ်ပြာမြှပ်များကို ပွတ်တိုက်နေခဲ့သည်။
သူမ၏ အသံက ရေသံဖြင့်ရောနှောသွားမည်ဖြစ်သောကြောင့် အပြင်ဘက်မှ လူများ၏အာရုံစူးစိုက်မှုအား ဆွဲဆောင်နိုင်လိမ့်မည်မဟုတ်ပေ။
သို့ရာတွင် ကျင်းယန်က ရေခွက်ယူရန် သို့မဟုတ် လက်ဆေးရန် စသောအကြောင်းပြချက်များဖြင့် ရေချိုးခန်းတံခါးဘေးမှ ထပ်ခါထပ်ခါ ‘မတော်တဆ’ ဖြတ်နေမည်ဟူ၍ ယင်ရိလျို တွေးမိတေလိမ့်မည်မဟုတ်ပါချေ။
အလွန်အမင်း မကြာခဏဖြစ်လွန်းနေသောကြောင့် အိပ်ယာခင်းများကို လျှော်နေသော ကျောင်းစီဟွေ့သည်ပင် သူ့ကိုအကြိမ်ရေအနည်းငယ် လှမ်းကြည့်လိုက်မိသည်။
ကျင်းယန်အနေဖြင့် သူ၏အာရုံခံစားမှု ဆင့်ကဲပြောင်းလဲမှုစွမ်းရည်ကို ရေချိုးခန်းထဲမှ သိမ်မွေ့သော လှုပ်ရှားမှုများကို ဖမ်းယူရန် အသုံးပြုခဲ့သည်။
အတွင်းဘက်မှ နို့သံမပြောက်သေးသော နူးညံ့သည့် တေးသွားညည်းသံအား ကြားသောအချိန်တွင် သူ၏နှလုံးသားက နူးညံ့သွားခဲ့သည်။
သူ ကလေးအရွယ်တွင် သူ့ညီမလေး၏ ရောက်ရှိလာမည်အား မျှော်လင့်ခဲ့မိသည်။ သူ့အမေ၏ ဝမ်းဗိုက်ဘေးတွင် ရပ်၍ အတွင်းဘက်မှ အသံများကို နားထောင်လေ့ရှိသည်။
သူ့အနေဖြင့် ညီမလေးကို ကောင်းကောင်းစောင့်ရှောက်မည်ဟု သူ၏နှလုံးသားထဲတွင် ကျိန်ဆိုခဲ့သည်။
သို့သော်ငြား သူ၏ညီမမွေးဖွားလာပြီးနောက်တွင်တော့ သူထင်ခဲ့သည့် လှပသော နတ်သမီးလေး မဟုတ်ခဲ့ချေ။
သူမသည် ငိုယိုပြီး သူမ၏အရုပ်များကို ရိုက်ချိုးကာ သူတို့၏အမေဆီသို့ သူလုပ်ခဲ့ခြင်းဖြစ်ကြောင်းဟု ပြောဆိုတိုင်တမ်းလိမ့်မည်။ သူလုပ်ခဲ့သည့် ‘ဆိုးယုတ်သည့် ဆောင်ရွက်ချက်’များအားလုံးကိုလည်း သူတို့၏အဖေအား ပြောမည်ဖြစ်သည်။
အချိန်များကြာမြင့်လာပြီးနောက်တွင် ကျင်းယန်၏ နှလုံးသားက မာကျောလာခဲ့သည်။
သူ့အကြောင်းကို မည်သူမှ ဂရုမစိုက်ကြတော့သကဲ့သို့ မည်သူမှလည်း သူ့ကိုသဘောမကျခဲ့ကြပေ။
သူ မျှော်မှန်းထားခဲ့သော ညီမဖြစ်သူသည်လည်း သူ မျှော်လင့်ထားသကဲ့သို့ မဟုတ်ခဲ့ပါချေ။
အစမှအဆုံးအထိ သူ တစ်ယောက်တည်းသာ ဖြစ်နေခဲ့၏။
သို့သော် ယုန်လေးက သူ၏ဘဝထဲသို့ ရုတ်တရက်ချိုးထောက် ဝင်လာခဲ့သည်။
ယုန်လေးက လမ်းတစ်လျောက် ခြေလှမ်းတိုင်းကို သူ့နောက်မှ လိုက်ခဲ့ပြီး သူ၏လုံခြုံရေးအတွက် စိတ်ပူပေးခဲ့သည်။
သူ့အား ပို၍ပျော်ရွှင်ပြီး ပိုမိုကောင်းမွန်လာစေရန် အစွမ်းကုန်ကြိုးစားနေခဲ့သည်။
ဤအချိန်တွင်တော့ သူ့၏လောကကြီး တစ်ခုလုံးက အကုန်လုံး နက်မှောင်နေခြင်း မဟုတ်ဟု ကျင်းယန်ခံစားလာခဲ့ရသည်။
ယုန်လေးတစ်ကောင်က သူ၏နှလုံးသားထဲမှ အရာရာတိုင်းကို တဖြည်းဖြည်း ဖိနှိပ်ခဲ့ပြီး သူ၏ဘဝထဲ၌ အရေးကြီးဆုံးအရာ ဖြစ်လာခဲ့သည်။
ဝန်ခံရမည်ဆိုလျှင် ၎င်းသည်က အတော်လေးပင် အဓိပ္ပာယ်မရှိဖြစ်နေခဲ့သည်။
ထို့ကြောင့် သူငယ်ချင်းလေးမှ လူသားတစ်ယောက်အဖြစ် အသွင်ပြောင်းနိုင်ကြောင့်ကို သူ ရှာတွေ့သွားသောအချိန်တွင် သူတွင်ဖြစ်လာသောခံစားချက်မှာ သိချင်စိတ်ပြင်းပြခြင်း၊ သို့မဟုတ် ကြောက်ရွံ့ခြင်းတို့ မဖြစ်ခဲ့ချေ။
သူ၏ဘေး၌ ရှိနေသမျှကာလပတ်လုံး ထုထုက မည်သည့်အရာ သို့မဟုတ် မည်သူဖြစ်နေသည်က အရေးမကြီးပါချေ။သူမက ယုန်တစ်ကောင် ဖြစ်ခဲ့သောအချိန်က သူ့အနေဖြင့် သူမကို စောင့်ရှောက်ပြီး ကောင်းစွာ ပျိုးထောင်မည်ဖြစ်၏။
သူမက ကလေးမလေး ဖြစ်လာသောအချိန်တွင်လည်း ကလေးတစ်ယောက်ကို မည်သို့ပျိုးထောင်ရမည်ကို သင်ယူပြီး မိဘကောင်းတစ်ယောက် ဖြစ်လာစေရပေမည်။