မေလီဆာ
Vol. 7 Ch. 85
ဂျိုးဇက် တစ်ယောက် လက်ထဲတွင် စာအုပ်ကို ဆုပ်ကိုင်ရင်း အပြင်သို့ လျှောက်ထွက်လာ၏။ ရီဝေဝေ မိုးရေ ကန့်လန့်ကာကို စိုက်ကြည့်ရင်း စိတ်တည်ငြိမ်ဖို့ လိုအပ်နေသည်ဟု သူ ခံစားလိုက်ရသည်။
သူ အသက်ကို ခပ်ပြင်းပြင်း ရှိုက်ရင်း မိုးရေနှင့် ရွှံ့တို့ ရောနှောနေသည့် ရနံ့ကို ရှူသွင်းလိုက်သည်။ လေအေးစီးကြောင်းက သူ့ နှာခေါင်းထဲသို့ ဝင်ရောက်လာကာ အဆုတ်ထဲသို့ တိုးဝင်ရင်း သူ့ကို တက်ကြွ သွားစေခဲ့သည်။
ဂျိုးဇက် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရင်း လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်ရာ အီကနဲ အသံ မြည်လာသည်။ ခန္ဓာကိုယ် တစ်ခုလုံး၌ ရှိသေနည့် ခွန်အားများကို ခံစားမိလေရာ သူ တည်ငြိမ်စွာ ပြုံးလိုက်မိသည်။
အကယ်၍ အနီးတစ်ဝိုက်တွင် ဂျိုးဇက်၏ အသိအကြွမ်းများသာ ရှိနေခဲ့ပါက... ထိုအပြုံးမှာ ထောက်လှမ်းရေး ဌာနခွဲ ဌာနမှူး ဂျိုးဇက်၏ ထုံးစံအတိုင်း သရော်သည့် အပြုံးမျိုး မဟုတ်ပဲ၊ အချိန်အကြာကြီး ပျောက်ဆုံး နေခဲ့သည့် မဟာ ရောင်စဉ် သူရဲကောင်း ဂျိုးဇက်၏ တောက်ပ တက်ကြွသော အပြုံးပင် ဖြစ်ကြောင်း သတိပြုမိကာ အံ့အားသင့် သွားကြပေလိမ့်မည်။
မကောင်းဆိုးဝါးဓား ကန်ဒယ်လာကို နှစ်ပေါင်းများစွာကြာအောင် ကိုင်ဆောင်ခဲ့ခြင်းက ဂျိုးဇက်၏ စိတ်အခြေအနေကို ဆိုးညစ်သော စွမ်းအင် ဖြင့် စဉ်ဆက်မပြတ် ဖောက်ပြန် စေခဲ့သည်။ ကိုယ့်ကိုယ်ကို ထိန်ချုပ်မှု ကင်းမဲ့ကာ တစ်ခါတစ်ရံ ပင်ကိုယ်ဆန္ဒနှင့် ဆန့်ကျင်၍ ပြုမူ ခဲ့မိသည်များပင် ရှိခဲ့သည်။
သို့သော်လည်း... ယခုအခါ သူ့ကို ဆယ်စုနှစ်များစွာ ဒုက္ခပေးခဲ့သော မကောင်းဆိုးဝါးဓားကို လုံးဝ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။ ထို့အပြင် စာအုပ်ဆိုင်ရှင်က ကျိန်စာကို ချက်ချင်း ‘ဝါးမြို’ လိုက်သည်။ ၎င်းက နာတာရှည် ရောဂါ တစ်ခု လုံးဝ ပပျောက်သွားသကဲ့သို့ပင် ဖြစ်သည်။
၎င်းမှာ စိတ်နှင့် ခန္ဓာကိုယ်ပေါ်ရှိ ပတ်တီးများကို ဖယ်ရှားလိုက်သကဲ့သို့ ဖြစ်ပြီး၊ သူ့ကို သက်တောင့်သက်သာ ရှိစေခဲ့သည်။ အချိန်ကာလ တစ်ခု ကြာမြင့်ပါက အမြင့်ဆုံး ခွန်အား အခြေအနေနီးပါး ပြန်လည် ရရှိနိုင်မည်ဟု ဂျိုးဇက် ယုံကြည်သည်။
လက်နက်ကို ဆုံးရှုံးသွားခဲ့သော်လည်း... ပြင်းထန်သည့် စိတ်ပိုင်းဖြတ်မှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတို့နှင့် အတူ စာအုပ်ဆိုင်ရှင်၏ လက်ဆောင်ကိုလည်း ရရှိခဲ့သည်။ သူ့အနေဖြင့် ထိုပြောင်းလဲမှုကို ကောင်းစွာ အစာချေ ရန် လိုအပ်သည်။
နောက်ထပ် ကံကောင်းတာ တစ်ခုက... ထောက်လှမ်းရေး ဌာနခွဲ၏ အလုပ်အများစုမှာ ဝံပုလွေဖြူ မုဆိုးများ၏ တည်နေရာကို ရှာဖွေခြင်းတွင်သာ အဓိက ပါဝင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ဂျိုးဇက် အနေဖြင့် မည်သည့် အမှုအခင်း များကိုမျှ ကိုင်တွယ်ရန် မလိုအပ်ပေ။
ဂျိုးဇက် အိမ်ကို တန်းတန်းမတ်မတ်ပင် ပြန်လာခဲ့ကာ ထီးကို ခြင်းထဲ၌ ဦးစောက် စိုက်လိုက်၏။ ထို့နောက် အသက်ကို ခပ်ပြင်းပြင်းရှူရင်း အိမ်ထဲသို့ လှမ်းဝင်လိုက်သည်။ နောက်ဆုံး၌ သူ ကောင်းကောင်း အနားယူကာ စိတ်ကို ငြိမ်သက် စေနိုင်တော့မည် ဖြစ်လေသည်။
သို့သော်လည်း... ဧည့်ခန်းကို မြင်လိုက်ရချင်းပင် ဂျိုးဇက် တောင့်တင်း သွားခဲ့သည်။
ခန်းမမှာ စာအုပ်များဖြင့် ပြန့်ကျဲ နေခဲ့၏။ ဂျိုးဇက် နံရံပေါ်တွင် ချိတ်ဆွဲထားသော သလင်းနာရီကို လှမ်းကြည့်လိုက်သည်။ ညနေ ၆ နာရီခွဲ လေပြီ။ ဤသည်မှာ ပုံမှန်အားဖြင့် မေလီဆာ ညစာ စားတော့မည့် အချိန် ဖြစ်သည်။
ထိုကဲ့သို့သော အချိန်မျိုးတွင် သူ၏ ချစ်စဖွယ် သမီးငယ်လေးမှား အသားနှင့် ဝက်အူချောင်းများ ကင်ခြင်း သို့မဟုတ် အာလူးများ ပြုတ်၍ ဟင်းခတ်အမွှေးအကြိုင်များနှင့် ဖြူးနေခြင်းတို့ကို ပြုလုပ်လေ့ ရှိသောကြောင့် မီးဖိုချောင်မှ မွှေးရနံ့များ ပျံ့လွင့်လာသင့်သည်။
ဂျိုးဇက်၏ ထင်မြင်ချက် အရ မေလီဆာ ၏ ချက်ပြုတ်ကျွမ်းကျင်မှုမှာ အလွန်ကောင်းမွန်သည်။
သို့သော်လည်း... အီသာ စွမ်းအင်နှင့် အတူ မီးဖိုချောင်ထဲတွင် မည်သူမှ မရှိကြောင်း ဂျိုးဇက် သတိပြုလိုက်မိသည်။
ဂျိုးဇက် ထိုင်ချရင်း စာအုပ် တစ်အုပ်ကို ကောက်ကိုင်လိုက်၏။ ထို့နောက်... သူ မျက်မှောင်ကြုတ် လိုက်မိသည်။
‘သူရဲကောင်း၏ ဖြောင့်မတ်မှု...’
ထိုစာအုပ်ကို သူ သိသည်။ ၎င်းကို ယခင် မဟာ ရောင်စဉ် သူရဲကောင်း တစ်ဦးက ရေးသားထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ထိုပုဂ္ဂိုလ်မှာ တိုက်ခိုက်ရေး ဌာနခွဲ ၏ ဌာနမှူးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ သို့သော်လည်း... သူ၏ တိုက်ခိုက်ရေး နည်းလမ်းများကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများကို နောက်ပိုင်းတွင် ပူးပေါင်း၍ ရှုတ်ချ ခဲ့ကြကာ အချိန်တိုအတွင်း ရာထူးမှ နုတ်ထွက်ခဲ့ရသည်။
ဤစာအုပ်ထဲတွင် သူ၏ တိုက်ခိုက်ရေး နည်းလမ်းများ အကြောင်းကို မှတ်တမ်းတင် ရေးသားထားသည်။ ၎င်းတို့မှာ လူအများ သူ့ကို ရှုတ်ချရသည့် အကြောင်းရင်းများလည်း ဖြစ်သည်။
ထိုပုဂ္ဂိုလ်ကြီးမှာ လက်တွေ့ကျမှုကို ယုံကြည်သည့် ခေတ်သစ် အစွန်းရောက် ဝါဒီ တစ်ဦးဖြစ်သည်။ “သန့်ရှင်းသော အလင်းတော်” အပေါ် ခိုင်မာသော ယုံကြည်မှုဖြင့် အရာအားလုံးကို ကျော်လွှားနိုင်သည်ဟူသော သမာရိုးကျ ဟောပြောချက်များနှင့် တင်းကြပ်သည့် သူရဲကောင်း ဆန်ဆန် တိုက်ခိုက်ရေး ပုံစံ ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သူ ဖြစ်သည်။
သူ၏ နည်းလမ်းများမျာ နောက်ကျောမှ ထိုးဖြင့် ထိုးခြင်း၊ ကလစ်ကကျစ်ဉာဏ်ဆင်ခြင်း စသည်ဖြင့် သူရဲကောင်း မဆန်လှချေ။ ဂျိုးဇက် အငြိမ်းမယူမီက ဤလူကို အတော်လေး အထင်အမြင်သေး ခဲ့သည်။
သို့သော်လည်း... ယခုအခါ ၎င်းတွင်လည်း ကောင်းကျိုးများ ရှိသည်ဟု သူ စတင် တွေးတော လာမိခဲ့သည်။
ဂျိုးဇက် အခြားစာအုပ် အနည်းငယ်ကို ကောက်ယူလိုက်၏။ ၎င်းတို့မှာ လေ့ကျင့်ရေးဌာနမှ မကြာခဏ အသုံးပြုလေ့ရှိသည့် သူရဲကောင်း အခြေခံများ ဆိုင်ရာ ကျောင်းသုံးစာအုပ် အမျိုးမျိုး ဖြစ်သည်။
ပုံမှန်အားဖြင့် ဤအရာများမှာ အတွေ့အကြုံမရှိသူများ သင်ယူရန် လိုအပ်သည့် အခြေခံစာအုပ်များ ဖြစ်သော်လည်း လက်တွေ့တွင်အသုံးဝင်သည့် စကေးများလည်း ဖြစ်ကြသည်။
သို့သော်လည်း... မဟာ ရောင်စဉ် သူရဲကောင်း ၏ သမီးတစ်ဦးအနေဖြင့် မေလီဆာမှာ ဖခင်ဖြစ်သူထံမှ တစ်ဦးချင်း သင်ကြားပို့ချမှု ကို ရရှိခဲ့သည်။ ဤစာအုပ်များမှာ သူမ အတွက်တော့ အလှဆင် ပစ္စည်းများကဲ့သို့ ဖြစ်ခဲ့သည်။
သို့သော်လည်း... ယခုတွင်တော့ စာအုပ်များအားလုံးကို စင်များထက်မှ ယူဆောင်ထားကာ ပတ်ပတ်လည်တွင် ဖြန့်ကျက်ထားခဲ့သည်။ ဂျိုးဇက် သံသယ အနည်းငယ် ဝင်လာကာ စာကြည့်ခန်းဆီသို့ ဦးတည်လိုက်ရင်း တံခါးကို ဖွင့်လိုက်၏။
“မေလီဆာ...”
ဆံပင် အနီရောင်နှင့် ချစ်သမီးငယ်မှာ စားပွဲနောက်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမက မျက်မှန် တပ်ထားပြီး စာမျက်နှာများကို အာရုံစိုက်ကာ လျင်မြန်စွာ လှန်နေခဲ့သည်။
စားပွဲနှင့် ကြမ်းပြင်ပေါ်တွင် စာအုပ်ပုံများ ရှိနေခဲ့သည်။ စာကြည့်ခန်းတစ်ခုလုံးမှာ စာအုပ် ပင်လယ် ဖြစ်နေသကဲ့သို့ ထင်ရသည်။ ဂျိုးဇက် တံခါးကို ဖွင့်လိုက်သော အခိုက်၌ တိုက်မိကာ စာအုပ်ပုံ တစ်ပုံပင် ပြိုကျသွားခဲ့သေးသည။
“မေလီဆာ… သမီး ဘာလုပ်နေတာလဲ”
ဂျိုးဇက်က စာအုပ်အပုံများကို ခွကျော်ရင်း ပတ်ပတ်လည်ရှိ အရှုပ်အထွေးများကို လှည့်ပတ် ကြည့်လိုက်သည်။ သူ၏ အမူအရာက အနည်းငယ် ရှုပ်ထွေးနေပုံ ပေါ်၏။
“စာဖတ်နေတာ”
မေလီဆာက မော့မကြည်ပဲ ပြန်ဖြေ၏။ ဂျိုးဇက် သူမ စားပွဲဆီသို့ လျှောက်သွားလိုက်ရင်း စာအုပ်တစ်အုပ် ကောက်ယူလိုက်သည်။
“ဟုတ်ရောဟုတ်သေးရဲ့လား... မှတ်မိသလောက်ဆို သမီးက လေးနှစ်သားလောက်တည်းက စာကျက်ရတာကို အမုန်းဆုံးပဲလို့ အဖေ့ကို ပြောခဲ့ဖူးတယ် မလား”
မေလီဆာက နောက်စာမျက်နှာကို လှန်လိုက်၏။ သူမ၏ မျက်လုံးများ ဘယ်ညာ စဉ်ဆက်မပြတ် ရွေ့လျားနေသည်။
“ဟုတ်တယ်... အဲဒီတုန်းက သမီးက ကလေးပဲ ရှိသေးတာလေ... စာဖတ်တာရဲ့ အဓိပ္ပာယ်ကို နားမလည်ခဲ့ဘူး... နောက်ပြီး သမီးရဲ့ မွေးရာပါ အရည်အချင်း ကန့်သတ်ချက်တွေကြောင့် သင်ယူမှုက ဘယ်လောက် ပျော်စရာ ကောင်းတယ် ဆိုတာ သဘောမပေါက်ခဲ့ဘူး”
ဂျိုးဇက် စာအုပ်ကို ချလိုက်၏။ ထို့နောက် လက်ခုံဖြင့် မေလီဆာ၏ စမ်းကြည့်လိုက်သည်။
“ဖျားနေတာလား”
“မဟုတ်ပါဘူး... သမီး နေလို့ ကောင်းပါတယ်... သမီးရဲ့ ဘဝမှာ ဒီတစ်ကြိမ်ထက် ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်တဲ့အချိန်မျိုး မရှိခဲ့ဖူးဘူး”
မေလီဆာ၏ မျက်မှန်က အလင်းရောင်ဖြင့် တစ်ချက်တစ်ချက် လက်ခနဲ တောက်ပနေ၏။
“အရင်တုန်းက သမီး သင်ယူခဲ့ရတာတွေက ဘယ်လောက်တောင် အားနည်းပြီး အသိပညာ နည်းပါးလဲဆိုတာကို ခုမှ နားလည် သဘောပေါက်သွားတာ... ”
ဂျိုးဖက် တစ်ယောက် ပါးစပ် အဟောင်းသားဖြင့် ကြည့်နေမိ၏။ ခေါင်းမာပြီး ကလန်ကဆန် လုပ်တတ်သည့် ချစ်သမီးလေးကို တစ်စုံတစ်ယောက်က ခိုးယူကာ အစားထိုးလိုက်သည်ဟုပင် သူ သံသယ ဝင်လာမိသည်။
သို့သော်လည်း... သူ တစ်စုံတစ်ရော မမေးရသေးခင်မှာပင် မေလီဆာက မော့ကြည့် လာခဲ့၏။
“သမီး အဖေကြီးကို ပြောနေတာ... အဖေကြီးရဲ့ သင်ကြားတဲ့ နည်းလမ်းတွေက တော်တော်လေး ခေတ်နောက်ကျနေပြီးတော့ ကိုယ်တိုင်ရဲ့ အတိတ် အတွေ့အကြုံ ပေါ်မှာပဲ လုံးဝ မှီခိုနေတယ်... ဒါက လုံးဝ မသင့်တော်ဘူး”
“ဒါပေမဲ့ အဖေကြီး စိတ်ပူစရာ မလိုပါဘူး... သမီး ဒီမှာရှိတဲ့ စာအုပ်တွေ အားလုံးကို ဖတ်ပြီးသွားပြီ အရာအားလုံးကို သင်ယူပြီးသွားပြီ... သမီးအတွက် အသင့်တော်ဆုံး လမ်းကြောင်းကိုလည်း ရှာတွေ့လုနီးပါး ဖြစ်နေပါပြီ... သမီး အစကနေ ပြန်စဖို့ နောက်မကျသေးပါဘူး”
“နေဦး… အားလုံး လား”
“အားလုံး...”
ဂျိုးဇက်၏ မျက်နှာက ဖြူရော် သွားခဲ့၏။ မေလီဆာ တစ်ခုခု လွဲချော်နေသလို သူ ခံစားလိုက်ရသည်။ စာအုပ်များစွာကို ကြည့်လိုက်ရင်း သူက မေးလိုက်၏။
“ဒါတွေ အားလုံး ဖတ်ဖို့ သမီး အချိန် ဘယ်လောက် သုံးလိုက်တာလဲ...”
“တစ်ရက်လောက်ပဲ ဖတ်ရသေးတာပါ”
ဂျိုးဇက် ရှေ့သို့ တိုးသွားပြီး မေလီဆာ၏ မျက်မှန်ကို ဖယ်လိုက်၏။ ထို့နောက် သူမ၏ ပင်ပန်းနွမ်းနယ်သော မျက်နှာ၊ နီရဲနေသည့် မျက်လုံးများ နှင့် မျက်ကွင်းညိုများ ကို စူးစမ်းလိုက်သည်။
“အဖေကြီး... ဘာလုပ်နေတာလဲ…”
မေလီဆာက မကျေမနပ်ဖြင့် မေးလိုက်၏။ သူမ ထရပ်ဖို့ ပြင်လိုက်စဉ်မှာပင် ခေါင်းတစ်ခုလုံး မူးဝေ သွားသလို ခံစားလိုက်ရသည်။
ထို့နောက်တွင်တော့ သူမ၏ အမြင်အာရုံက မည်းမှောင်သွားကာ သတိလစ် သွားခဲ့တော့သည်။
***