ဝံပုလွေဖြူများ၏ လှုပ်ရှားမှုများ (၂)
Vol. 7 Ch. 89
"မကြာခင်... မကြာခင်ပေါ့လေ..."
ဟယ်ရစ် တစ်ယောက် သားဖောက်စက်ကို စွဲစွဲမြဲမြဲ စိုက်ကြည့်ရင်း ခပ်တိုးတိုး တီးတိုး ရေရွတ်လိုက်လေသည်။ လန်စီ မှော်ကြေးမုံမှ ထွက်ပေါ်လာသည့် အီသာ စွမ်းအင်လှိုင်းလုံးများမှာ အပြင်ဘက်သို့ ဆက်တိုက် ကျယ်ပြန့်လာကာ ပတ်ဝန်းကျင်ရှိ အစီအရင်များနှင့် တိုက်မိပြီး စုစည်းနေသည်ကို သူ ခံစားနေမိသည်။ နေရာတစ်ခုလုံးမှာ နှလုံးခုန်သကဲ့သို့ အနည်းငယ် တုန်ယင်နေ၏။
"ဘယ်လောက်တောင် လှလိုက်သလဲ... သူ ဆင်းသက်လာဖို့ သိပ်မကြာတော့ပါဘူးလေ”
ဟယ်ရစ် အပေါ်သို့ မော့ကြည့်လိုက်ရင်း ထူထဲသည့် ဘိလပ်မြေ မျက်နှာကျက်ကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ အေးစက်စက် မကျေနပ်မှုများနှင့် ပြည့်နှက် နေခဲ့၏။
ထိုအပေါ်တွင် နော်ဇင်၏ မြေပြင် ရှိသည်။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှ သူရဲကောင်းများမှာ သူတို့ကို မဆုတ်မနစ် လိုက်လံ ဖမ်းဆီးနေဆဲ ဖြစ်သည်။
မော်ဖီ သေဆုံးသွားပြီးနောက်တွင် ဝံပုလွေဖြူ အဖွဲ့နှင့် စကားလက် ဝါဒီဂိုဏ်းတို့၏ အခြေအနေမှာ ဆိုးဝါးလှသည့် အခြေအနေ သို့ ရောက်ရှိသွားခဲ့သည်။ ပထမတွင် သူတို့မှာ နော်ဇင် ၏ အဆောက်အအုံ ဖွဲ့စည်းပုံဆိုင်ရာ အသိပညာကို အားကိုးနိုင်ခဲ့သည်။ သို့သော်လည်း... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှာ အလွန်ထိရောက်သော စစ်ဆင်ရေးများ လုပ်ဆောင် လာခဲ့ကာ သူတို့၏ လျှို့ဝှက် စခန်းများ တစ်ခုပြီး တစ်ခု ချေမှုန်း ခံခဲ့ရသည်။ ယခု၌ သူတို့ထံတွင် နောက်ဆုံး အားထုတ်မှုများသာ ကျန်ရှိတော့သည်။
ဝံပုလွေဖြူများ မြေအောက်ပိုက်လိုင်း နံရံများရှိ ကြွက်များ ကဲ့သို့ပင် ပြန့်ကျဲ ထွက်ပြေးရန် ရွေးချယ်စရာ မရှိတော့ပေ။
သို့စေကာမူ... ဝံပုလွေဖြူမှ မုဆိုးများ၏ အခြေအနေမှာ စကားလက် ဝါဒီဂိုဏ်းမှ အောက်လမ်း မှော်ဆရာများထက် ပိုမို ကောင်းမွန်နေဆဲ ဖြစ်သည်။
စကားလက် ဝါဒီမှာ တိကျ သေချာသည့် စည်းမျဉ်း၊ ရည်ရွယ်ချက်၊ အခြေခံ အုတ်မြစ်များနှင့် တည်ဆောက်ထားသည့် အစစ်အမှန်ဂိုဏ်း တစ်ခု မဟုတ်ပါချေ။ သွေးကို အစွန်းရောက်စွာ ကိုးကွယ်သည့် လူများ စုစည်းထားသည့် အဖွဲ့တစ်ခုသာ ဖြစ်သည်။ သို့သော်လည်း... မော်ဖီ ၏ စွမ်းအားနှင့် ဦးဆောင်မှုတို့ အောက်တွင် သူတို့မှာ ဂိုဏ်းတစ်ခု နှင့် မည်သို့မျှ မကွာခြားခဲ့ပေ။ သူတို့၏ ဗဟိုအူတိုင်မှာ မော်ဖီ ဖြစ်ခဲ့သည်။
ယခု မော်ဖီ သေဆုံးသွားပြီ ဖြစ်လေရာ ထိုအဖွဲ့အစည်းကြီး တစ်ခုလုံးမှာ ချက်ချင်း ပြိုကွဲ သွားခဲ့ရသည်။ အဆိုပါ ထိုးနှက်ချက်က နော်ဇင်၏ ထိပ်တန်း အဆင့် အောက်လမ်း မှော်ဆရာ အဖွဲ့ကို အလွန် အားနည်းသွားစေခဲ့ကာ ဝံပုလွေဖြူများ ထက်ပင် နိမ့်ကျသွားစေခဲ့သည်။
"ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီအောက်လမ်း မှော်ဆရာတွေက တကယ်ကို အသုံးဝင်တဲ့ လောင်စာတွေ ဖြစ်နေတုန်းပဲ..."
မုဆိုး တစ်ဦးက အောက်လမ်း မှော်ဆရာ တစ်ဦး၏ အလောင်ကို ယစ်ပလ္လင်ပေါ်သို့ ပစ်တင်လိုက်သည်ကို ကြည့်ရင်း ဟယ်ရစ် တီးတိုး ရေရွတ်လိုက်သည်။
ဘုန်း...
အီသာစွမ်းအင်များမှာ ပေါက်ကွဲ ထွက်ပေါ်လာကာ မြေပြင်ပေါ်တွင် ရေးဆွဲထားသည့် အစီအရင် အင်းကွက်များမှာလည်း လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်များကို ထုတ်လွှတ်သည်။
မီးပုံကြီးထဲသို့ လောင်စာများ သွန်းလောင်းလိုက် သကဲ့သို့ ပုံသဏ္ဌာန်မဲ့ အီသာမှာ ရှဲခနဲ မြည်လာကာ အလောင်း၏ 'စိတ်ဝိညာဉ်' နှင့် အသား နှစ်ခုလုံးကို လောင်ကျွမ်းစေပြီး တစ်စစီ ပြာမှုန်များအဖြစ်သို့ လွင့်စဉ် သွားစေခဲ့သည်။
အပေါ်ဘက်ရှိ လန်စီ မှော်ကြေးမုံ၏ ပတ်ပတ်လည်တွင် အသားတုံးများမှာ စတင် ပေါက်ဖွားလာကာ သားဖောက်စက်တွင် ကပ်လျက် အပေါ်သို့ တက်လာ၏။ ခရစ်စတယ် ပန်းပွင့်က ပိုမို၍ ကြီးထွားလာခဲ့ပြီး ပွင့်ချပ်များထဲမှ တစ်ခုမှာ ကြည်လင်ပြတ်သားသော အက်ကွဲသံ ဖြင့် တဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။
ဟယ်ရစ် တစ်ယောက် အူမြူးစွာ အော်ဟစ် ရယ်မောလိုလာခဲ့၏။ စကားလက် ဝါဒီဂိုဏ်းမှ အောက်လမ်း မှော်ဆရာများမှာ ခေါင်းမပါသည့် ကြက်ဖများလိုပင် ဖြစ်သည်။ စကားအနည်းငယ်ဖြင့်ပင် ဟယ်ရစ် သူတို့ကို တက်ကြွအောင် လှုံ့ဆော်နိုင်ခဲ့ကာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ လူဖမ်းပွဲတွင် ဒိုင်းများ အဖြစ် အသုံးပြုခဲ့သည်။
အဖက်ဖက်မှ အရေးနိမ့်လာခဲ့သည့် စကားလက် ဝါဒီများ အတွက် သူတို့နှင့် ဝါဒချင်း တူသည့် ဝံပုလွေဖြူများမှာ နောက်ဆုံးသော မျှော်လင့်ချက် ဖြစ်လာခဲ့သည်။
ကံဆိုးစွာပင် ထိုဆုံးဖြတ်ချက်မှာ မုဆိုးများ ကြိုတင် စီစဉ်ထားသော ထောင်ချောက် ထဲသို့ ကျရောက်စေခဲ့ကြောင်း သူတို့ မသိခဲ့ချေ။
"အရည်အသွေးကောင်းတဲ့ ထင်းတွေရဲ့ ကျေးဇူးကြောင့် ပြုစုပျိုးထောင်မှု လုပ်ငန်းစဉ်က နှစ်ဆ မြန်ဆန်လာခဲ့ပြီ..."
ဟယ်ရစ် ခပ်တိုးတိုး ရေရွတ်လိုက်၏။ အောက်လမ်း မှော်ဆရာများ၏ ခန္ဓာကိုယ်များမှာ အကောင်းဆုံး အီသာစွမ်းအင်ကို သိုလှောင်ထားသည့် နေရာများ ဖြစ်သည်။ သာမန် လူသားများထက်စာလျှင် သူတို့က အဆပေါင်း များစွာ ပိုမို အကျိုးရှိသည်။
မြွေနှင့် တူသော မျက်လုံးများ ရှိသည့် လျှို့ဝှက် ဆန်းကြယ်သော ပုဂ္ဂိုလ်မှာ အဘယ်ကြောင့် သူတို့ကို ကူညီနေကြောင်း ဟယ်ရစ် မသိချေ။ သို့သော် သူတို့မှာ ကောက်ရိုးတစ်မျှင် ကို ဖမ်းဆုပ်ထားရသူများ ဖြစ်လေရာ အခြား ရွေးချယ်စရာ မရှိခဲ့ပေ။
ဤယစ်ပူဇော်သည့် နည်းလမ်းမှာ အသက်စွမ်းအားများကို တိုက်ရိုက် အသုံးချသည့် နည်းလမ်းများထက် အဆပေါင်း များစွာ ပိုမို ထိရောက်သည်။ ထို့အပြင် နော်ဇင်၏ ဖွဲ့စည်းပုံ မြေပုံများကိုလည်း ဤလျှို့ဝှက်ဆန်းကြယ်သူက ထောက်ပံ့ပေးခဲ့သည်။
ထိုပုဂ္ဂိုလ်၏ စကားများသည် ဟယ်ရစ်၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။
"လောင်ကျွမ်းပစ်... မင်း ကြိုက်သလောက် လောင်ကျွမ်းပစ်... သွေးသားနဲ့ အသက်စွမ်းအားတွေက အကောင်းဆုံး အာဟာရတွေပဲ... မင်း သူတို့ကို အိပ်မက်ဆိုးတွေနဲ့ နာကျင်မှုတွေ ပေးနိုင်လိမ့်မယ်..."
ထို့ကြောင့်ပင်... ဟယ်ရစ်မှာ စကားလက် ဝါဒီကို မီးရှို့ ခဲ့ကာ နော်ဇင်တွင် ထိတ်လန့်တုန်လှုပ်မှု ဖန်တီးခဲ့သည်။ သို့သော်လည်း... ၎င်းက လုံလောက်မှု မရှိသေးပေ။
"ဆရာဟယ်ရစ်... ကျွန်တော်တို့ အောက်လမ်းကောင်တွေရဲ့ အလောင်းတွေ အားလုံးကို သုံးပြီးသွားပါပြီ"
ထိုအခိုက်တွင်ပင် လက်အောက်ငယ်သား တစ်ဦးက သတင်းပို့လာ၏။
"ကျွန်တော်တို့ ဆက်ပြီး လိုက်ရှာရဦးမလား... ဒါပေမဲ့ စကားလက် ဝါဒီဝင်တွေ အများကြီး မကျန်တော့သလို ကျန်တဲ့သူတွေကလည်း ထွက်ပြေးသွားကြပါပြီ... သူတို့ကို ဖမ်းဖို့ မလွယ်သလို ကျွန်တော်တို့အတွက်လည်း အန္တရာယ် များနိုင်ပါတယ်"
စကားလက် ဝါဒီဂိုဏ်းတွင် ဆက်လက် နေထိုင်ခဲ့သည့် မှော်ဆရာများမှာ အရေအတွက် သိပ်မများခဲ့ပဲ သူတို့ အားလုံးမှာလည်း လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း၌ပင် အာဟာရများ ဖြစ်သွားခဲ့ကြပြီ ဖြစ်သည်။
ဟယ်ရစ်က နောက်ကို ပြန်လှည့်ကြည့်လိုက်ရင်း လက်အောက်ငယ်သား၏ ပခုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူက နွေးထွေးစွာပင် ပြုံးလိုက်၏။
“မလိုတော့ဘူး... သိပ်မကြာခင် မင်းတို့အားလုံး ဘာကိုမှ စိုးရိမ်စရာ လိုတော့မှာ မဟုတ်ဘူး...”
ထိုအခိုက်တွင်ပင် အခြား လက်အောက်ငယ်သား တစ်ယောက်မှာ အလျင်စလို လမ်းလျှောက် ဝင်လာခဲ့၏။ သူက သားရဲ အဖြစ် အသွင်ပြောင်းလုနီးပါး မုဆိုး တစ်ယောက် ဖြစ်သည်။ ၂ မီတာခွဲခန့် ရှည်လျားသည့် သူ၏ ခန္ဓာကိုယ်ကြီး တစ်ခုလုံးမှာ အမွှေးအမျှင်များနှင့် ဖုံးအုပ်နေကာ အလောင်း တစ်ခုကို ကြမ်းပြင် တစ်လျှောက် တရွတ်တိုက် ဆွဲလာခဲ့သည်။
“ပင့်ကူအဖွဲ့... ကျုပ်တို့ကို တွေ့သွားပြီ... ၅၂ လမ်းမကြီး... ဒီ... ဒီနေရာကနေ... သိပ်ပြီး မဝေးဘူး”
မုဆိုးမှာ စကား ပီပီသသ ပြောဖို့ အတွက်ပင် မနည်း ကြိုးစားနေရ၏။ သားရဲ အသွင်ပြောင်းလဲခြင်းက သူ့ ခန္ဓာကိုယ် အပြင် အသိဉာဏ်ကိုပါ တိုက်စားလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ပင့်ကူ အဖွဲ့...
၎င်းမှာ ကျိကျစ်ရှို့ ခေါင်းဆောင်သည့် မုဆိုးအဖွဲ့ အသစ်တစ်ခု ဖြစ်သည်။ သူတို့မှာ မကြာသေးခင်ကပင် ဝံပုလွေဖြူ အဖွဲ့မှ ခွဲထွက်သွားကြသူများ ဖြစ်သည်။
ဟယ်ရစ်က တည်ငြိမ်စွာပင် တုန့်ပြန်လိုက်၏။
“ကျိကျစ်ရှို့... အဲဒီကောင်မက ဟိုလျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်က သူရဲကောင်းတွေထက်တောင် ပိုပြီး ရွံစရာ ကောင်းသေးတယ်... ၅၂ လမ်းကို ရှာတွေ့သွားပြီ ဆိုတော့ ဒီနေရာက မလုံခြုံတော့ဘူး”
“လာရင်လည်း လာပါစေကွာ... ဒီစခန်းကို ဖျက်ဆီးရမယ့် အချိန်လည်း ရောက်နေပြီပဲကို”
ဟယ်ရစ်က အောက်ကို ငုံ့ကြည့်ရင်း အောက်ရှိ အလောင်းကို တက်နင်းလိုက်သည်။ တဒင်္ဂ အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ အလွန် ကြီးမားသည့် အဖြူရောင် ဝံပုလွေကြီး တစ်ကောင် အသွင် ပြောင်းလဲ သွားခဲ့သည်။ သို့သော်လည်း... သူက နောက်ခြေထောက် နှစ်ချောင်းပေါ်တွင်ပင် ရပ်နေခဲ့၏။
“အဲဒီ ပင့်ကူလေးတွေကိုလည်း မီးစိုက်ပစ်ကြတာပေါ့...”
***