← Chapters

သားရဲတို့ကြားမှ တိုက်ပွဲ

Vol. 7 Ch. 90

သားရဲတို့ကြားမှ တိုက်ပွဲ

Vol. 7 Ch. 90

၅၂ လမ်းမကြီး၌...

ဘုန်း...

ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာခဲ့၏။ အဆောက်အအုံ တစ်ခု လဲပြိုကျသွားသည့် အသံက နောက်မှ ထပ်ချပ်မကွာ လိုက်လာခဲ့သည်။ သဲသဲမဲမဲ ရွာနေသည့် မိုးရေစက်များကြောင့် မြူများ အုံ့စိုင်းနေသည့် ထိုလမ်းမကြီးမှာ မျက်တောင် တစ်ချက်ခတ်စာမျှ အတွင်းမှာပင် ရုတ်တရက် မီးတောက်မီးလျှံများနှင့် ပြည့်နှက် သွားခဲ့တော့သည်။ ကံကောင်းတာ တစ်ခုက လူများကို လွန်ခဲ့သည့် ရက်ပိုင်းတည်းက ကြိုတင် ရွှေ့ပြောင်းထားခဲ့ခြင်း ဖြစ်သည်။

ဝှစ်... ဝှစ်... ဝှစ်...

မိုးရေစက်များကြားမှ မုဆိုးများ၏ အရိပ်များမှာ လျင်မြန်စွာ ရွေ့လျားသွားခဲ့ကြ၏။ နောက်ထပ် ပေါက်ကွဲမှုတစ်ခု အပြီးတွင် လမ်းမကြီး အလယ်ရှိ အက်ကွဲကြောင်းများဖြင့် ပြန့်ကျဲနေသော မြေပြင်မှာ ပြိုကျ သွားပြီး တွင်းနက်ကြီး တစ်ခုကို ဖြစ်ပေါ်လာစေသည်။

လမ်းမထက်၌ တင်ကျန်နေသည့် ရေများမှာ ရေတံခွန်ကဲ့သို့ တွင်းနက်ကြီးအတွင်း စီးဝင်သွားခဲ့သည်။ နော်ဇင်၏ မြေအောက် မိလ္လာစနစ်မှာလည်း တစ်စိတ်တစ်ပိုင်းသည် ပေါ်ထွက်လာခဲ့သည်။

နော်ဇင် ၏ အထက်ပိုင်းခရိုင်မှာ သတ္တုဖြင့် ဆောက်လုပ်ထားလေရာ မိုးရေစုပ်ယူရန် မြေဆီလွှာနှင့် သစ်ပင်ပန်းမန်များ မရှိသောကြောင့် နော်ဇင်မှာ ထိုကဲ့သို့ ဆိုးရွားသည့် ရာသီဥတု နှင့် ကြုံတွေ့ရတိုင်း ရေကြီးမှုများ ပြင်းထန်စွာ ဖြစ်ပေါ်လာတတ်သည်။

ထို့ကြောင့် မြို့တော်၏ စီမံကိန်းများအတွက် ကျယ်ပြန့်ပြီး ယုံကြည်စိတ်ချရသော မိလ္လာစနစ် သည် မရှိမဖြစ် လိုအပ်ခဲ့သည်။

သို့သော်လည်း... ဤဧရာမ မြေအောက် လမ်းကြောင်းကို ကိုယ်တိုင် မမြင်တွေ့မီအထိ လူအများစုမှာ နော်ဇင်၏ အောက်တွင် ထိုမျှ ကြီးမားလှသည့် လျှို့ဝှက်နေရာကြီး တကယ်ပင် ရှိနေသည်ကို စိတ်ကူး၍ပင် ရနိုင်မည် မဟုတ်ပေ။

ထိုအောက်တွင် စိတ်ကူး၍ပင် မရနိုင်သည့် ငရဲခန်း နှင့်တူသော မြင်ကွင်းတစ်ခု ရှိနေခဲ့သည်။

အလောင်းများနှင့် ပြတ်တောက်နေသည့် ခြေလက်အင်္ဂါများ...

သွေးများ နှင့် ပြည်စိမ်းပုပ်များ...

စိမ်းပြာရောင် မိလ္လာရေပေါ်တွင် ပေါ်နေသည့် တောင်ပုံရာပုံ အစုအဝေးများ...

၎င်းတို့ အားလုံးမှာ စီးကျလာနေသည့် ရေစီးကြောင်းလှိုင်းများ၏ ဆေးကြော ဖယ်ရှားခြင်းကို ခံနေရလေသည်။

"ဒီ ဝံပုလွေဖြူက ကောင်တွေ ရူးနေကြတာလား..."

ကျိကျစ်ရှို့ တစ်ယောက် ကျောရိုတစ်လျှောက် အေးစိမ့်သွားလေရာ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူမမှာ မုဆိုးတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး သတ်ဖြတ်မှုများစွာကို ကြုံတွေ့ခဲ့ရသည်။ သေခြင်းတရားနှင့် အလွန် ရင်းနှီးခဲ့သည်ဟုပင် ဆိုနိုင်ပေသည်။ သို့သော်လည်း... ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်း မျိုးကို သူမ တစ်ခါမျှ မကြုံဖူးသေးပေ။

ဝံပုလွေဖြူ အဖွဲ့ဝင်ဟောင်း တစ်ယောက် အနေဖြင့် ထိုမုဆိုးများမှာ မည်မျှ ရက်စက်ကြောင်း သူမ သိထားပေသည်။ သို့သော်လည်း ဤနေရာတွင် ယခုလိုမျိုး အလောင်းများ စုဆောင်းထားလိမ့်မည်ဟုတော့ လုံးဝ မျှော်လင့် မထားခဲ့ချေ။ ၎င်းက မိစ္ဆာများနှင့်ပင် ခြားနားခြင်း မရှိတော့ချေ။

ထို့အပြင်... အလောင်းများ၏ ပုပ်သိုးမှု အရ ဤကဲ့သို့ လုပ်ဆောင်နေသည်မှာ အချိန် အတော် ကြာမြင့်နေပြီ ဖြစ်ကြောင်း ထင်ရှားသည်။ ထို့အပြင် ဤနေရာမှာ... ဝံပုလွေဖြူများ ပုန်းအောင်းရာနေရာများ ထဲမှ တစ်ခု သာ ဖြစ်နိုင်သည်။

ထို့အပြင်... မြေအောက်လမ်းကို စောင့်ကြပ်နေသည့် မုဆိုးများမှာ သူတို့နှင့် စတင် တိုက်ခိုက် နေကြပြီ ဖြစ်သည်။ သူတို့က လူသားဆန်မှုများပင် ပျောက်ဆုံး နေခဲ့ပြီ ဖြစ်ကာ သားရဲ အော်ဟစ်သံများကို ထုတ်လွှတ်ပြီး လက်သည်းများ၊ သွားများဖြင့် တိုက်ခိုက် နေကြသည်။

ဝှစ်...

ကျိကျစ်ရှို့ ရုတ်တရက် အန္တရာယ် နိမိတ် တစ်ခုကို ခံစားလိုက်မိကာ လျှင်မြန်စွာ ခုန်လိုက်ရင်း မြှားကို ရှောင်တိမ်း လိုက်သည်။ ထိုကဲ့သို့ မြှားမျိုးကို နော်ဇင် မြို့ရိုးအား ကာကွယ်သည့် နေရာတွင် များသောအားဖြင့် အသုံးပြုလေ့ ရှိသည်။ ၎င်းမှာ မြေပြင်ထဲသို့ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်သွားလေရာ လူ့ခန္ဓာကိုယ် ဆိုလျှင် မည်မျှ ပျက်စီးစေနိုင်သည်ကို လွယ်ကူစွာ ခန့်မှန်းနိုင်သည်။

ထို့အပြင်... မြှားခေါင်းထိပ်၌ အလင်း တစ်ခု လင်းလက်သွားသည်ကို မြင်တွေ့လိုက်ရလေရာ ၎င်းမှာ သာမန် မဟုတ်ကြောင်း ဖော်ပြနေသည်။

အထက်လမ်း မှော်ပညာရှင် တစ်ယောက်၏ လျှပ်စီး မုန်တိုင်း မှော်သင်္ကေတ...

ကျစ်ကျစ်ရှို့၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားကာ ချက်ချင်းပင် ဘေးဘက်ကို လှိမ့်ချလိုက်၏။

"သတိထား..."

"ပြေး..."

ဂျစ်... ဂျစ်...

မှော်သင်္ကေတမှာ လျှပ်စစ်စီးကြောင်းများဖြင့် စတင်ကာ လင်းလက်လာ၏။

ဂျိန်း...

ကောင်းကင်ယံမှ လျှပ်စီး တစ်ခု ဆင်းသက်လာကာ လေးမြှားခေါင်းကို ရိုက်ခတ်သွားကာ လျှပ်စီးကြောင်း များစွာမှာ ကွဲဖြာ ထွက်လာခဲ့လေတော့၏။ တစ်ခဏအတွင်းတွင် ထိုတောက်ပသည့် လျှပ်စီးကြောင်းများမှာ အရပ်မျက်နှာ ပေါင်းစုံသို့ ခွဲဖြာ ထွက်သွားကာ ထိုဧရိယာတစ်ခုလုံးကို မိုးကြိုးမုန်တိုင်းဖြင့် ဖုံးလွှမ်းသွားစေခဲ့တော့သည်။

ထိမှန်ခံရသည့် မုဆိုးများမှာ အော်ဟစ်ခြင်းပင် မပြုနိုင်ဘဲ မွမွကြေသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျပြီး ပြာများ အဖြစ် လွင့်စဉ် သွားခဲ့ကြလေသည်။

ရေဖြင့် ဆေးကြောခံထားရသည့် မြေအောက်ခန်း၏ ကြမ်းပြင်ထက်တွင် ထူးခြားသည့် အစီအရင် တစ်ခုမှာ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့၏။ မုဆိုးများ သေဆုံးသွားသောအခါ အစီအရင်မှာလည်း သွေးပုပ်ရောင်ဖြင့် ပိုမို၍ တောက်ပလာခဲ့သည်။

"ချီးပဲ..."

ကျိကျစ်ရှို့၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ဒလိမ့်ခေါက်ကွေး လွင့်စဉ် ထွက်သွားခဲ့သည်။ သူမက ချက်ချင်းပင် ထရပ်လိုက်ပြီး ကြိမ်လုံးကို ဆွဲထုတ်လိုက်ကာ အပေါ်သို့ မော့ကြည့်လိုက်သည်။ ထိုအခါ အဝေးရှိ အဆောက်အအုံ၏ အမိုးပေါ်တွင် အနက်ရောင် မိုးကာအင်္ကျီ ဝတ်ဆင်ထားသည့် အရပ်မြင့်မြင့် အသက်လတ် အရွယ် အမျိုးသား တစ်ဦးကို သတိပြုမိလိုက်သည်။

"ဟယ်ရစ်..."

"မတွေ့ရတာ ကြာပြီ... လေဒီကျိ... မင်း ပိုတောင် သန်မာလာပုံရတယ်"

ဟယ်ရစ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ထို့နောက် သူက အမိုးပေါ်မှ ချက်ချင်း ခုန်ချလိုက်ကာ ကျယ်လောင်သော မြည်သံဖြင့် မြေပြင်ပေါ်သို့ ရောက်ရှိသည်။

"မင်း တကယ် ကံကောင်းတာပဲ... ဒါက မင်းကို စာအုပ်ဆိုင်ပိုင်ရှင်က ပေးထားတဲ့ စွမ်းအားလား... စိတ်မကောင်းစရာပဲ... အခြေအနေတွေက တားမြစ်ထားတာကြောင့်သာ မဟုတ်ရင် ငါလည်း သူ့ဆီ သွားလည်ချင်ပါသေးတယ်..."

သူက ကျိကျစ်ရှို့ ဘက်သို့ လျှောက်လာခဲ့၏။ ခြေလှမ်းတိုင်းတွင် သူ၏ ခန္ဓာကိုယ်က သားရဲအသွင်ပြောင်းခြင်းသို့ ပြောင်းလဲသွားသည်။ သူ၏ မျက်လုံးများမှာ အေးစက်မှုများနှင့် ပြည့်နှက် နေခဲ့၏။

"ဒါပေမဲ့ အရေးမကြီးတော့ပါဘူး... အခု သူ မင်းကို ကူညီနိုင်မယ့် နည်းလမ်းလည်း ရှိတော့မယ် မထင်ဘူး... ဟုတ်လား"

ဝှစ်... ဝှစ်...

မည်သည့်နေရာကမှန်း မသိဘဲ ဝံပုလွေဖြူ မုဆိုးများမှာ ပို၍ ပို၍ များပြားစွာ အမိုးများပေါ်များ လမ်းမများနှင့် အဆောက်အအုံများအတွင်းမှ ထွက်ပေါ်လာသည်။

သူတို့၏ မျက်လုံးများမှာ မှောင်မည်းနေသည့် မိုးရေထဲတွင် ဆာလောင်နေသည့် ဝံပုလွေအုပ် ကဲ့သို့ တောက်ပနေ၏။

ညစ်ညမ်းသည့် သွေးများကို ကန့်သတ်ထားသည့် ပမာဏထက် ကျော်လွန်၍ ထိုးသွင်းခြင်းမှာ သူတို့ကို မူလ ပိုင်ဆိုင်ထားသည်ထက် အဆပေါင်းများစွာ ပိုမိုသည့် စွမ်းအားများကို ပေးခဲ့သည်။ ထို့အပြင် နီးကပ်လာနေသည့် သေခြင်းတရား၏ နာကျင်မှုနှင့် စိတ်အာရုံ ယောင်မှားမှုများမှာလည်း နှိုင်းယှဉ်၍ မရနိုင်သည့် စိတ်ဆန္ဒ ကို ပေးသည်။ မသန်မစွမ်းဖြစ်အောင် မလုပ်နိုင်သရွေ့ သူတို့မှာ အမြင့်ဆုံး စွမ်းဆောင်ရည်ရှိသည့် သတ်ဖြတ်စက်များသာ ဖြစ်ကြသည်။

"နင့်မှာ ရှိတဲ့ လက်ကျန် အင်အား အကုန်လုံးကို ငါ့ကို ရင်ဆိုင်ဖို့ စုစည်းလိုက်တယ်ပေါ့လေ... ငါ တကယ် ဂုဏ်ယူမိပါတယ်..."

ကျိကျစ်ရှို့က လှောင်ပြောင်ရင်း ရယ်မောလိုက်၏။ အပြင်ပန်း၌ တည်ငြိမ်သည့် အမူအရာကို ထိန်းထားသည့်တိုင် စိတ်ထဲတွင်တော့ သူမ စိုးရိမ် ပူပန်နေမိသည်။

ဟယ်ရစ်ကို တစ်ယောက်ချင်း ရင်ဆိုင်ဖို့ အတွက် သူမ ယုံကြည်ချက် ရှိသော်လည်း သားရဲ အသွင်ပြောင်းလဲခြင်း ထိန်းချုပ်မှု နည်းလမ်းကို မကြာသေးခင်ကမှ ရရှိထားသည့် လူတစ်ယောက် အနေဖြင့်... ညစ်ညမ်းသော သွေးများအား အကန့်အသတ်ထက် ကျော်လွန် ထိုးသွင်းထားသည့် ဝံပုလွေဖြူ အဖွဲ့သားများစွာကို ရင်ဆိုင်ရန် လုံလောက်သော ခွန်အား မရှိသေးချေ။

ထို့အပြင်... ဤတစ်ကြိမ်တွင် အင်အား အများအပြား သုံး၍ ထွက်ပေါ်လာခြင်းကို ကြည့်ပါက ဝံပုလွေဖြူများမှာ အလွန်ပင် စိတ်ပျက်အားငယ်နေပြီး လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ကိုပင် ဂရုမစိုက်တော့ကြောင်း ရှင်းလင်းပေသည်။ သူတို့၏ ပန်းတိုင်မှာ မသေဆုံးခင် လူများကို တတ်နိုင်သမျှ များများ ယစ်ပလ္လင်ထက်သို့ ဆွဲချသွားရန် ဖြစ်ပေသည်။

ဖြစ်ကောင်းဖြစ်နိုင်သည်က... ဤသည်မှာ လန်စီ မှော်ကြေးမုံ ဖြစ်စဉ်တစ်ခုလုံး၏ နောက်ဆုံး ပန်းတိုင် ဖြစ်ပေလိမ့်မည်။ ကျိကျစ်ရှို့၏ လက်စားချေမှု ရှာဖွေခြင်း နိဂုံးလည်း ဖြစ်နိုင်ပေသည်။

***

All Chapters