အေးစိမ့်သောည
Vol. 7 Ch. 91
ဝှစ်...
ကျိကျစ်ရှို့၏ ခန္ဓာကိုယ်မှာ ငွေရောင် သားမွေးများနှင့် ဧရာမ ဝံပုလွေကြီး တစ်ကောင် အဖြစ် ပြောင်းလဲ သွားခဲ့၏။ သူမက နောက်ခြေထောက်ဖြင့် မြေပြင်ကို ကုတ်ခြစ်ကာ နက်ရှိုင်းသည့် အမှတ်ရာများကို ချန်ရစ်ရင်း ဒေါသတကြီး မာန်ဖီ လိုက်သည်။
ဝေါင်း...
သူမက ကောင်းကင်ပေါ်သို့ ခုန်တက်လိုက်ရင်း အာကာသကို ဖြတ်ကျော်ကာ ဟယ်ရစ်၏ နောက်ကျောဘက်သို့ ရောက်ရှိလာသည်။ သူမက ဟယ်ရစ်၏ ကျောရိုးများကို လှမ်းကိုက်လိုက်ရာ သွေးများ ပန်းထွက်လာခဲ့၏။ အစွယ်များကြားတွင် ကျောရိုး အပိုင်းအစ အချို့မှာ ကြေမွ သွားခဲ့၏။ ဤသည်မှာ သားရဲများကြားမှ တိုက်ပွဲ ဖြစ်ကာ သွားကို သွားချင်း၊ သွေးကို သွေးချင်း ယှဉ်ပြိုင်ကြသည်။
တစ်ချိန်တည်း၌... နော်ဇင်အောက်ဖက် မြေအောက်လမ်းကြောင်း အမျိုးမျိုးတွင် အသိဉာဏ်များကို ဆုံးရှုံးနေပြီ ဖြစ်သည့် မုဆိုးတစ်ပိုင်း သားရဲတစ်ပိုင်းများမှာ 'ယဇ်ပလ္လင်' သို့ ဦးတည်ရန် အမိန့်ကို ကြားလိုက်ရသည်။
ဒုတ်...
နော်ဇင် အထက်ပိုင်းခရိုင် မြေအောက် တစ်နေရာ၌ ခပ်အုပ်အုပ် နှလုံးခုန်သံ တစ်ခုမှာ ကောင်းကင်မှ မိုးကြိုးပစ်သံ နှင့်အတူ ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့လေ၏။
....
ဂျိန်း...
လင်ကျဲ အပြင်မှ မိုးခြိမ်းသံ ကြားလိုက်ရလေရာ ပြတင်းပေါက်ဘက်သို့ လှည့်ကြည့်လိုက်မိသည်။ လျှပ်စီးကြောင်းများမှာ ကောင်းကင်မှ သစ်ခက် သစ်နွယ်များ ကဲ့သို့ ဆင်းသက်လာကာ မှောင်မည်းနေသည့် ကောင်းကင်ကို ဆက်တိုက်ဆိုသလို အလင်းရောင် ပေးနေခဲ့သည်။
"ဒီနော်ဇင်ရဲ့ ရာသီဥတုက နေ့တိုင်း ပိုပြီး ကြောက်စရာကောင်းလာတာပဲ..."
လင်ကျဲ မျက်မှောင်ကြုတ်ရင်း ကန့်လန့်ကာ ကို ဆွဲချလိုက်သည်။ ရိုးရှင်းသော်လည်း သူ၏ အိပ်ခန်းမီးကလေးမှာ အလင်းဓာတ် ပေးနေ၏။ သုံးနှစ်ကြာ နေထိုင်ခဲ့ရသည့် ရင်းနှီးမှုကြောင့် ဤနေရာက သက်တောင့်သက်သာ ရှိသည်ဟု လင်ကျဲ ခံစားရသည်။
တစ်ခုတည်းသော ကွာခြားချက်မှာ စားပွဲပေါ်ရှိ ဓားရှည် ဖြစ်သည်။
လင်ကျဲ ထိုမျှ တန်ဖိုးကြီးသည့် ပစ္စည်ကို ဆိုင်ခန်း အတွင်း ပစ်ထားခဲ့ရန် စိတ်မချသဖြင့် အိပ်ခန်းထဲသို့ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
"ဒါကလည်း နတ်ဆိုးတွေကို တားဆီးပေးတယ်လို့ ဟန်ဆောင်ထားလိုက်မယ်"
လင်ကျဲ တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်၏။
"နောက်ရက်ကျရင် ဓားခုံတစ်ခု ဝယ်ပြီး သေချာလေး သိမ်းထားရမယ်..."
ည ၁၀ နာရီတိတိ ရှိပြီ ဖြစ်သည်။ လင်ကျဲ သည် နာရီကို တစ်ချက် ကြည့်လိုက်ပြီး အိပ်ရာပေါ်သို့ တက်ကာ အပေါ်၌ ချိတ်ထားသည့် လှပသော အိပ်မက်ဖမ်းသမားလေးကို စိုက်ကြည့်နေခဲ့လေတော့သည်။
....
လင်ကျဲ ၏ မျက်လုံးရှေ့တွင် မီးလောင်ထားသည့် ကျယ်ပြန့်သော နယ်မြေတစ်ခု ရှိနေသည်။ မျက်စိတစ်ဆုံး မည်းနက်နေသော မြေပြင်သည် အက်ကွဲကြောင်းများဖြင့် ပြန့်ကျဲနေပြီး ထိုအက်ကွဲကြောင်းများ အတွင်း၌ ချော်ရည်များ ဖြည်းညင်းစွာ စီးဆင်းနေသည်။ မှိန်ဖျော့ဖျော့ မှိတ်တုတ်မှိတ်တုတ် အနီရောင် အလင်းမှာ မိုးတိမ်နက်များဖြင့် ဖုံးလွှမ်း ခံနေရပြီး လျှပ်စီးများက ပတ်ပတ်လည်တွင် ကခုန်နေသည်။
မီတာ ရာနှင့်ချီ မြင့်မားနေဆဲ ဖြစ်သော အပျက်အစီးများမှာ နေရာအနှံ့ ဖြန့်ကျက်ထား၏။ ထိုအဆောက်အအုံ အကြွင်းအကျန်များမှာ အသက်ရှူနေဆဲ ဖြစ်သည့် ဒဏ်ရာရ သားရဲကြီးများကဲ့သို့ မြေပြင်ပေါ်တွင် ၎င်းတို့၏ ယခင် ဂုဏ်အရှိန်အဝါ အရိပ်အယောင်ကို ဆက်လက် ထိန်းသိမ်းထားသည်။
အောက်ဘက်မှ ရပ်ကြည့်ခြင်းဖြင့် မိမိ ကိုယ့်ကို မည်မျှ သေးငယ် သည်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်စေသည်။
မိုးကုပ်စက်ဝိုင်း အဆုံးတွင်တော့ ကောင်းကင်နှင့် တစ်ပေါင်းတစ်စည်းတည်း ဖြစ်နေပုံ ရသည့် မီးခိုးရောင် မြူခိုးများ ရှိနေသည်။ ထိုမြူခိုးများမှာ အသက်ဝင်နေပုံရကာ ဆက်တိုက် လိမ်ကောက်နေကာ တစ်မျိုးတစ်မည် ထူးဆန်းသည့် ပုံသဏ္ဌာန် တစ်ခုသို့ မှုန်ဝါးစွာ ပြောင်းလဲနေသည်။
မြူခိုးများမှ ထွက်ပေါ်လာသော လေတိုက်ခတ်သံကိုပင် လင်ကျဲ မှုန်ဝါးစွာ ကြားနိုင်သည်။
"ဒီတစ်ခါ ဘာလဲ.... RPG လား... ဒါမှမဟုတ် ဘော့စ်ဘက်တယ် (boss battle) လား?"
လင်ကျဲ ပတ်ဝန်းကျင်ကို လေ့လာရင်း တွေးလိုက်သည်။ ယခင် ဖတ်ဖူးသည့် ဖရွိုက်၏ 'အိပ်မက်များကို အနက်ဖွင့်ဆိုခြင်း' အရ ဆိုလျှင် အိပ်မက်များမှာ လူပုဂ္ဂိုလ်တစ်ဦး၏ မသိစိတ်မှ ဆန္ဒများကို ပုံဖော်ထားခြင်း ဖြစ်သည်။
ဤနေရာသို့ ကူးပြောင်းလာခဲ့ပြီးနောက်တွင် ဗီဒီယိုဂိမ်းများကို အချိန်အတော်ကြာ မကစားခဲ့ရသောကြောင့် ထိုသို့သော ဆန္ဒမှာ သူ၏ အိပ်မက်များတွင် ပုံဖော်လာခြင်း ဟုတ်၊ မဟုတ် လင်ကျဲ တွေးမိသည်။
ထိုသို့ ဖြစ်ခဲ့လျှင်တောင်မှ သူ ဘာမျှ လုပ်၍ မရနိုင်ပေ။ နော်ဇင် ၏ ဂိမ်းလုပ်ငန်းမှာ ဟာ့ဒ်ဝဲ ကန့်သတ်ချက်များကြောင့် အလွန် နောက်ကျနေသည် ဖြစ်လေရာ လင်ကျဲမှာ ကစားဖို့ရန်အတွက် NES (Nintendo Entertainment System) တစ်ခု ရခဲ့လျှင်ပင် ကောင်းကင်ဘုံကို ကျေးဇူးတင်ရပေလိမ့်မည်။
လင်ကျဲ သက်ပြင်းချလိုက်၏။ ဤအိပ်မက်ဘုံကို ဆက်လက် လေ့လာခြင်း မပြုမီ စိတ်ကူးများ လွင့်မျောခြင်း ကို ထိန်းချုပ်လိုက်သည်။
ဂိမ်းထဲတွင် ဆိုလျှင် မကြာခင် ဘော့တစ်ယောက် ပေါ်ထွက်လာတော့မည် ဖြစ်လေရာ ဇာတ်ဝင်တေးသံကို ကြားရနိုင်ဖွယ် ရှိသည်။ လင်ကျဲ ပျက်စီးနေသည့် တိုင်တစ်ခုဆီသို့ လျှောက်သွားလိုက်ရင်း လက်ကို ဆန့်ထုတ်၍ ကျောက်အပိုင်းအစ တစ်ခုကို ကောက်ယူလိုက်သည်။
ထိုအပိုင်းအစမှာ ထူးခြားစွာ တောက်ပ နေသည်။ ၎င်းမှာ လှပသည့် သင်္ကေတများ ရေးထွင်းထားသည့် စကျင်ကျောက် အဖြူရောင် ဖြစ်သည်။ ၎င်းအပြင် ပတ်ပတ်လည်ရှိ ခမ်းနားသော အပျက်အစီးများကို ကြည့်ရင်း ဤနေရာမှာ အတိတ်မှာတုန်းက မည်သို့ ရှိခဲ့ကြောင်း အလွယ်တကူ ခန့်မှန်းနိုင်သည်။
"အင်း... ဒီကျောက်ပေါ်က သင်္ကေတတွေရဲ့ ပုံစံနဲ့ ဟန်ပန်က နည်းနည်းတော့ ရင်းနှီးနေတယ်"
လင်ကျဲ ဖုန်နှင့် အညစ်အကြေးများကို သုတ်သင်ပြီး သင်္ကေတများကို ပိုမို ကောင်းမွန်စွာ ကြည့်လိုက်သည်။ ဗီဇ အသိစိတ်နှင့် နှစ်ပေါင်းများစွာ အတွေ့အကြုံတို့က ၎င်းကို ချက်ချင်းပင် ဆုံးဖြတ်စေသည်။
‘ဂျိုးဇက်ရဲ့ ဓား...’
သင်္ကေတများမှာ အတိအကျ တူညီခြင်း မရှိပေ။ ထိုစကျင်ကျောက်ပေါ်ရှိ သင်္ကေတများမှာ ပြည့်စုံခြင်း မရှိသော်လည်း လူအများစုကတော့ နှစ်ခုစလုံးမှာ တူညီစွာ လှပခမ်းနားသည်ဟု ခံစားရလိမ့်မည် ဖြစ်သည်။ ၎င်းတို့ကြားမှ ခြားနားချက်ကို ခွဲခြားနိုင်မည် မဟုတ်ချေ။
သို့သော်လည်း... လင်ကျဲမှာ ကျွမ်းကျင်သူ ဖြစ်သည်။ ရိုးရာ အနုပညာနှင့် အဆောက်အအုံများမှာ အတိတ်ဘဝတွင် သူ လုပ်ခဲ့ဖူးသည့် သုတေသန နယ်ပယ် ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ဤနှစ်ခုစလုံးမှာ ရိုးရာ ဓလေ့ထုံတမ်းများကို လေ့လာမှုရာတွင် အရေးကြီးသော အစိတ်အပိုင်းများ ဖြစ်ကြသည်။
ရိုးရာယဉ်ကျေးမှု သုတေသန လုပ်ငန်းတွင် ရှုထောင့်များစွာ ရှိတတ်သောကြောင့် လင်ကျဲမှာ တစ်ခါတစ်ရံ ဘေးနားရှိ ရှေးဟောင်းသုတေသန မေဂျာမှ ကျောင်းသားများ၏ ဆိုက်များသို့ သွားရောက်လေ့ ရှိသည်။
ထို့ကြောင့်ပင် သူ ဤသင်္ကေတများကို အလွယ်တကူပင် ခွဲခြားနိုင်ကာ နှစ်ခုစလုံး၏ ပုံစံနှင့် အနုပညာများတွင် ဆင်တူမှုများ ရှိနေသည်ကို ချက်ချင်းပင် ရှာတွေ့ခဲ့သည်။ ထို့ကြောင့် သူက ဓားနှင့် ဤကျောက်အပိုင်းအစ ပေါ်ရှိ ပုံစံများမှာ ရင်းမြစ်တူ ဖြစ်သည်ကို ဆုံးဖြတ်နိုင်ခဲ့သည်။
ထို့အပြင် လင်ကျဲမှာ မအိပ်မီက ဓားကို စူးစူးစိုက်စိုက် ကြည့်ရှုခဲ့ပြီး ထွင်းထားသည့် ပုံစံများကိုပင် လေ့လာခဲ့ဖူးသည်။ ထို့ကြောင့် ဓားထံမှ သူ ရရှိခဲ့သည့် မှတ်ဉာဏ်များမှာ အတော်လေး နက်ရှိုင်းသည်။
"မသိစိတ်က တကယ့်ကို ဆန်းကြယ်တာပဲ... မကြာသေးခင်က အတွေ့အကြုံတွေကို အိပ်မက်ထဲမှာ ပေါင်းစပ်ပေးနေတယ်”
လင်ကျဲ မျက်မှောင်ကြုတ်ကာ စကျင်ကျောက်ကို ချလိုက်ရင်း အပျက်အစီးများ၏ အလယ်ဗဟိုဆီသို့ ဆက်လက် လျှောက်သွားလိုက်သည်။
ဤအပျက်အစီးများ ပြိုကျပုံကို ကြည့်ရလျှင် ဒိုမီနို များကဲ့သို့ သတ်မှတ်ထားသည့် ပုံစံ တစ်ခုကို လိုက်နာနေပုံရသည်။ ဆိုလိုသည်က အဆောက်အအုံများမှာ စက်ဝိုင်းပုံစံဖြင့် အပြင်ဘက်သို့ ပြိုကျသွားခဲ့လေရာ ဗဟိုချက်မ တစ်ခု ရှင်းရှင်းလင်းလင်း ရှိနေသည်။
လင်ကျဲ စုံစမ်းဖို့ ကြိုးစားခဲ့သော်လည်း အပျက်အစီးများမှာ အလွန် များပြားလှလေရာ ဖြတ်သန်းရန် ခက်ခဲလှသည်။ မီးလောင်ကျွမ်းထားသည့် အကြွင်းအကျန် အပျက်အစီးများကတော့ ထိလိုက်သည်နှင့်ပင် ပြိုလဲကျ သွားခဲ့သည်။
လင်ကျဲမှာ တစ်ခါတစ်ရံတွင် အားအနည်းငယ် ပိုသုံးမိခဲ့ရာ အဆောက်အအုံ အကြွင်းအကျန် တစ်ခုလုံးမှာ တဝေါဝေါ မြည်သံ ဖြင့် ပြိုကျလာပြီး ဖုန်မှုန့်များ အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။
ထိုမြင်ကွင်းများက လင်ကျဲကို အနည်းငယ် ရင်ခုန်စိတ်လှုပ်ရှားစေခဲ့ကာ နောက်ထပ်တစ်ကြိမ် ထပ်ကြိုးစား လိုသည့် စိတ်ဆန္ဒပင် ရှိခဲ့သည်။ ထိုအခိုက်၌ သူက နတ်ဘုရား တစ်ပါးလိုပင် ခံစားနေရ၏။
"ဒီအိပ်မက်က အရင်အိပ်မက်နဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ... မြေပုံကလည်း အများကြီး ပိုကြီးလာတယ်... ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းနေတုန်းပဲ... ပြီးတော့ စိတ်ကူးမယဉ်နိုင်လောက်အောင် လက်တွေ့ဆန်တယ်"
ဖုန်မှုန့်များ အလိမ့်လိုက် တက်လာသည်ကို ကြည့်ရင်း လင်ကျဲ သည် မေးစေ့ကို ပွတ်သပ်ကာ တွေးလိုက်မိသည်။
"ဟား... ငါ့ရဲ့ အိပ်မက်တွေထဲမှာပဲ VR RPG မြင်ကွင်းကို ခံစားလို့ရတာပဲ... ဘာမှ မရှိတာထက်တော့ ကောင်းပါတယ်လေ"
သို့သော်လည်း... လင်ကျဲ၏ စူးစမ်းရှာဖွေမှုမှာ အချည်းနှီး မဖြစ်ခဲ့ပေ။ မကြာမီတွင် အပျက်အစီးများ ကြား၌ အလောင်းများကို အတော်အတန် တွေ့ရှိခဲ့ရသည်။
အလောင်းများ အများစုမှာ အပျက်အစီးများ နှင့်အတူ ရောနှောနေပြီ ဖြစ်သော်လည်း နှိုင်းယှဉ်ကြည့်ရပါက... အတော်အတန် ပြီးပြည့်စုံနေဆဲ ဖြစ်သည်။
လင်ကျဲ ထိုင်ချလိုက်ရင်း ထောင့်တစ်နေရာတွင် မှောက်လျက် လဲလျောင်းနေသည့် အလောင်းကို လေ့လာလိုက်၏။ သူ၏ အကြည့်များက ၎င်း၏ နားရွက်များပေါ်သို့ ရောက်ရှိသွားခဲ့သည်။
‘ဒီအလောင်းရဲ့ နားရွက်တွေက ဘာလို့ ဒီလောက် ရှည်နေတာလဲ...’
***