ကယ်ဒယ်လာ
Vol. 7 Ch. 92
‘ဒီအလောင်းရဲ့ နားရွက်တွေက ဘာလို့ ဒီလောက် ရှည်နေတာလဲ...’
လင်ကျဲ တွေးတောရင်း တည်ငြိမ်စွာပင် ခန္ဓာကိုယ်ကို လှန်လိုက်သည်။
"ပုံမှန်အတိုင်း ရှည်နေတာ မဟုတ်ဘူးဆိုတာတော့ ရှင်းနေတယ်"
သူ အလောင်း၏ နားရွက်ကို ထိကြည့်လိုက်၏။ ၎င်းမှာ အနည်းငယ် ပျော့ပျောင်းနေဆဲ ဖြစ်သည်ကို တွေ့ရှိလိုက်ရသောအခါ သူ အံ့သြသွားခဲ့သည်။ နားရွက်၏ ဗဟိုတွင် ပုံမှန် အရိုးနု ရှိနေပြီး ၎င်းမှာ ဦးခေါင်းနှင့် ချိတ်ဆက်ထားသည်။ ၎င်းက အဆင်တန်ဆာ မဟုတ်ပေ။ ဆိုလိုသည်က ထိုပုဂ္ဂိုလ်၏ ဇီဝကမ္မဖွဲ့စည်းပုံကပင် ဤကဲ့သို့ ဖြစ်နေခြင်းပင်။
‘အဲ့လ်ဖ် တစ်ယောက်လား...’
မကြာသေးမီကပင် ဆိုင်ကို လာခဲ့သည့် အဲ့လ်ဖ် ကော့စ်ပလေးလုပ်ထားသော ဖောက်သည် မိန်းကလေးကိုပင် လင်ကျဲ ပြန်လည် သတိရလိုက်သည်။
သူက ထရပ်လိုက်ကာ လက်ထဲမှ ဖုန်များကို ခါချရင်း တီးတိုးပြောလိုက်၏။
"ဒီအိပ်မက်က တကယ်ပဲ ငါ့ရဲ့ မသိစိတ်တွေ ရောနှောနေတာပဲ..."
မကြာသေးမီက အတွေ့အကြုံများမှာ အိပ်မက် အတွင်း ရောနှော ပါဝင်နေခဲ့တာ ထင်ရှားပေသည်။ ထို့အပြင် ဂျိုးဇက် ၏ ဓားကို အမှတ်ရစေသည့် လက်နက်များ ကိုလည်း အပျက်အစီးများ အတွင်း၌ အများအပြား တွေ့ရှိခဲ့ရသည်။
အတိတ်ဘဝမှာတုန်းက သုတေသန အတွက် ဝေးလံခေါင်သီသော ကျေးရွာတစ်ရွာသို့ သွားခဲ့ရသည့် အချိန်ကိုပင် လင်ကျဲ ပြန်လည် သတိရလိုက်မိသည်။ နိုးလာသည့်အခါ ဤအရာဝတ္ထုများ မည်သို့ရှိသည်ကို မှတ်မိရန် ကြိုးစားပြီး ချရေးဖို့ လင်ကျဲ ဆုံးဖြတ်လိုက်သည်။
ကံကောင်းပါက အိုင်းရစ် မျိုးနွယ်စု၏ သမိုင်းကို ပြန်လည် ထူထောင်ရန် အတွက် တစ်စုံတစ်ရာ အကူအညီ ဖြစ်စေနိုင်သည့် လှုံ့ဆော်မှု အချို့ကို ရရှိနိုင်ပေလိမ့်မည်။
ကျောက်တုံးပုံများ အများအပြားကို ဖြတ်သန်းပြီး နောက်ဆုံး၌ ပြိုကျနေသည့် စကျင်ကျောက် လှေကားထစ် တစ်ခု၏ ထိပ်တွင် ရပ်ရင်း လင်ကျဲ အပျက်အစီးများ၏ ဗဟိုချက်မ ကို မြင်တွေ့ခဲ့သည်။
လှေကားထစ်များမှဦ ကြီးမားသော်လည်း ဆိုးရွားစွာ ပျက်စီးနေပြီး အနားသတ်များပေါ်တွင် ရွှေရောင် မျဉ်းကြောင်းများကို တွေ့ရှိရသည်။ မည်းနက်နေသည့် ကျောက်များနှင့် အလောင်းများမှာ ပတ်ပတ်လည်တွင် လဲလျောင်းနေပြီး အပေါ်ဘက်ရှိ ကြီးမားလှသည့် ရွှေရောင် အမိုးခုံးသည်လည်း နှစ်ခြမ်းကွဲနေသည်။
ဗဟိုချက် နေရာတွင် သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် လူတစ်ဦး ဒူးထောက်နေသည်။ ဓားရှည် တစ်ချောင်းမှာ သူ၏ ရင်ဘတ်မှ တိုင် တစ်ခုကဲ့သို့ စိုက်ဝင်နေပြီး ထိုလူကို မြေပြင်တွင် ထိုးစိုက်ထား သည်။
သံချပ်ကာဝတ်၏ ရွှေရောင် ဆံပင်များမှာ မြေပြင်သို့ ရောက်သည် အထိ စီးဖြာကျနေကာ အလင်းရောင် အောက်တွင် လှပစွာ တောက်ပလျှက် ရှိသည်။ လက်ရာမြောက်စွာဖြင့် ထုဆစ်ထားသည့် သံချပ်ကာမှာ သူ၏ အရပ်အမောင်း မြင့်မားပြီး သန်မာလှသော ခန္ဓာကိုယ်ကို ထုတ်ဖော် ပြသထားကာ ဦးခေါင်းပေါ်ရှိ အောင်လံ သရဖူကတော့ သူ၏ ရှည်လျားပြီး ချွန်ထက်လှသော နားရွက်များကို အထူးတလှယ် အာရုံစိုက်စေသည်။
သူ၏ လက်များမှာ ကိုယ်ပိုင်နှလုံးသားအား ထိုးဖောက်ထားသည့် ဓားကို ဆုပ်ကိုင်ထားကာ ကျူးလွန်ခဲ့သည့် အပြစ်များကို အကျေဆပ်ဖို့ ကြိုးစားနေပုံရသည်။
ဖျပ်... ဖျပ်...
လင်ကျဲ၏ ခြေသံများမှာ ဤတိတ်ဆိတ်သော နေရာတွင် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့၏။ ထိုအခိုက်တွင်ပင် ရုတ်တရက်... ထိုလူသည် ခေါင်းမော့ လိုက်ကာ အသက်ရှူသွင်း လိုက်သည်။
"ကျွန်တော်မျိုးရဲ့ စွန့်ပစ်ခံ ဝိညာဉ်လေးဟာ ဒီနေရာမှာ ကမ္ဘာများစွာ စောင့်မျှော်နေခဲ့တာပါ... ကယ်တင်ရှင်"
လင်ကျဲ တစ်ယောက် လှေကားထစ်များကို ဖြတ်ကျော်ပြီး ကျောက်ဖြာပေါ်သို့ ခြေချလိုက်စဉ် ထိုစကားစုကို ကြားလိုက်ရလေသည်။ သူ အနည်းငယ် လန့်ဖျပ်သွားကာ နှုတ်ခမ်းများ တုန်ယင်သွားခဲ့၏။
‘ဒါက တကယ်ပဲ ဇာတ်ရုပ်ကို သရုပ်ဆောင်နေတဲ့ ဇာတ်ကောင် တစ်ဦးလား...’
၎င်းက သူ စိတ်ကူးထားသည့် နောက်ဆုံး ဘော့စင် ပေါ်လာသည့် မြင်ကွင်းမျိုး မဟုတ်ပဲ အရေးကြီးသည့် NPC တစ်ဦးနှင့် ဂိမ်းကစားသူအသစ်ကို မိတ်ဆက်ပေးသည့် CG ဇာတ်ဝင်ခန်းမျိုး ဖြစ်သည်။
‘ကယ်တင်ရှင်’ ဟူသော အမည်နာမကတော့ ဂိမ်းများထဲတွင်တော့ တကယ်ပင် ပုံမှန် ဖော်မြူလာ တစ်ခု ဖြစ်သည်။ သမာရိုးကျ ဂိမ်းများထဲ၌ စကားသမား ဇာတ်ကောင် ဆယ်ဦး ဆိုလျှင် ထိုဆယ်ဦးစလုံးမှာ ကယ်တင်ရှင်များ ဖြစ်ကြသည်။
လင်ကျဲ၏ မျက်လုံးများက သူ့ကို စကားပြောလာသည့် 'NPC' ဇာတ်ကောင် ပေါ်သို့ ကျရောက်သွားသည်။ သူက အဲ့လ်ဖ် မျိုးနွယ်ဝင် တစ်ယောက် ဖြစ်ကာ အရည်အသွေးမြင့် ဂိမ်းတစ်ခုလိုပင် အသေးစိတ် ပုံဖော်ထားသည်။
စီးဆင်းကျနေသည့် ရွှေရောင်ဆံပင်များနှင့် သံလွင်စိမ်းရောင် မျက်လုံးများမှာ ကျား/မ ခွဲခြားရန်ပင် ခက်ခဲလှသော အပြစ်အနာအဆာကင်းသည့် မျက်နှာ ကို ဖြည့်ဆည်းပေးသည်။ သူ၏ ကြားနေအလှမှာ အံ့မခန်းဖြစ်သော်လည်း၊ တစ်ချိန်တည်းတွင်ပင် အလွန်အကျွံ နူးညံ့သည် ဟု မထင်ရစေရန် ပြတ်သားမှု တစ်ခုလည်း ပါဝင်နေသည်။
ထိုမြင်ကွင်းနှင့် 'NPC' ၏ စကားများကို ပေါင်းစပ်ကြည့်သောအခါ လင်ကျဲ သည် ဇာတ်လမ်းကို ခန့်မှန်းလိုက်နိုင်သည်။
ဤနေရာတွင် ကြီးမားသော ဘေးဆိုးကြီး တစ်ခု ဖြစ်ပွား သွားခဲ့ပြီး ဤအဲ့လ်ဖ်မှာ တရားခံ ဖြစ်လျှင်ဖြစ် မဖြစ်လျှင် ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ကို ရပ်တန့်ရန် စွမ်းရည်မရှိသူ တစ်ဦး ဖြစ်နေပေမည်။
အခြားသူများ အားလုံး သေဆုံးပြီးနောက် သူ တစ်ယောက်တည်း နိုးလာသောအခါ ဤ NPC မှာ အပြစ်ရှိစိတ်များဖြင့် ပြည့်နှက်နေခဲ့ပြီး မိမိကိုယ်ကို သတ်သေရန် သို့မဟုတ် မိမိကိုယ်ကို ချိပ်ပိတ်ရန် နည်းလမ်းမျိုးကို ရွေးချယ်ခဲ့ပေလိမ့်မည်။
ကမ္ဘာကြီးကို ကယ်တင်နိုင်သည့် လူတစ်ဘောက် သို့မဟုတ် သူ၏ အမှားကို ပြင်ဆင်နိုင်သည့် စွမ်းအား တစ်ခု ပေါ်လာသည်အထိပင်...။
လင်ကျဲ တစ်ယောက် စိတ်ထဲမှ ကျေနပ်စွာ ပြုံးလိုက်မိ၏။ ဤဇာတ်လမ်း၏ အကြမ်းဖျင်း သဘောတရားကို သူ ရရှိခဲ့ပြီ ဖြစ်သည်။
လင်ကျဲ အဲ့လ်ဖ် အမျိုးသားကို ပတ်၍ ကြည့်ရှုလိုက်ရာ သူ၏ ရင်ဘတ်တွင် စိုက်ဝင်နေသော ဓားမှာ ဂျိုးဇက် လက်ဆောင်ပေးခဲ့သော ဓား ဖြစ်နေသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရသည်။
ညဘက် အိပ်မက်များမှာ နေ့ဘက် အတွေးများ ဖြင့် ဖွဲ့စည်းထားကြောင်းကို ငြင်းဆို၍ မရနိုင်သည့် နောက်ထပ် သက်သေတစ်ခုပင် ဖြစ်သည်။ လင်ကျဲမှာ နေ့ဘက်တွင် ထိုဓားကို လေ့လာနေခဲ့ကာ ယခုအခါ အိပ်မက်ထဲတွင် ပုံပြင် တစ်ခုကို စတင် ရိုက်ထည့်နေပြီ ဖြစ်သည်။
အဲ့လ်ဖ်က လင်ကျဲ ပတ်ပတ်လည် လှည့်ပတ်ပြီးသည်အထိ စောင့်ဆိုင်းပြီးကာမှ နောက်တစ်ကြိမ် စကားပြောလိုက်၏။
"နိုင်ငံတော်ကိုယ်စား သန့်ရှင်းသောဓားရဲ့ တောက်ပမှုကို ပြန်လည် ထူထောင်ပေးတဲ့အတွက် ကယ်တင်ရှင်ကို ကျေးဇူးတင်ရပါမယ်... ဒါဟာ ကျွန်တော်မျိုးရဲ့ မခွင့်လွှတ်နိုင်တဲ့ သုံးခုမြောက် အပြစ် ပါပဲ..."
‘သန့်ရှင်းသော ဓား... ဒါက သူ့ ခန္ဓာကိုယ်ထဲကို စိုက်ဝင်နေတဲ့ ဓားကိုပဲ ပြောတာ ဖြစ်မယ်... ဂျိုးဇက် ပေးခဲ့တဲ့ ဓားပေါ့...’
ဓားမှာ ရရချင်း အနည်းငယ် ညစ်ပတ်နေခဲ့သော်လည်း နောက်ပိုင်းတွင် အခြားရှုထောင့် မှ ကြည့်သောအခါ အနက်ရောင် အမှတ်အသားများ ပျောက်ကွယ်သွားသည်ကို လင်ကျဲ တွေ့ရှိခဲ့သည်။ ဤသည်မှာ အထူးလက်ရာ တစ်မျိုး ဖြစ်နိုင်သော်လည်း အိပ်မက်ထဲတွင်တော့ ဂုဏ်ကျေးဇူး တစ်ခု ဖြစ်လာပုံရသည်။
‘အံ့ဩစရာ မဟုတ်ပါဘူး... ဒါက အိပ်မက်ပဲလေ...’
သို့သော်လည်း... နောက်ဆုံး စကားစု အရဆိုလျှင် ဤအဲ့လ်ဖ် ဇာတ်ကောင်မှာ ကပ်ဘေးဆိုးကြီး၏ အကြောင်းရင်း ပို၍ ဖြစ်နိုင်ချေ များလာကာ ထိုအတွက် နှစ်ပေါင်းများစွာ တိုင်အောင် ကိုယ့်ကိုယ်ကို အပြစ်ပေးနေခြင်း ဖြစ်ရမည်။
"ရပါတယ်ဗျာ..."
လင်ကျဲ မျက်နှာထားမပျက်ဘဲ ကျေးဇူးတင်စကားကို လက်ခံလိုက်သည်။ ထို့နောက် သူက ထိုင်ချလိုက်ကာ အဲ့လ်ဖ်နှင့် မျက်လုံးချင်း ဆုံအောင် ကြည့်ပြီး စိတ်ဝင်တစား မေးလိုက်သည်။
"ဒါက သုံးခုမြောက် ဆိုတော့ ခင်ဗျား လုပ်ခဲ့တဲ့ တခြား အပြစ်တွေအကြောင်း ပြောပြပေးနိုင်မလား... ခင်ဗျားရဲ့ ပုံပြင်ကို ကျွန်တော် တကယ် နားထောင်ချင်ပါတယ်"
လွန်ခဲ့သည့် ရက်ပိုင်း အတွင်း၌ ဂျိုးဇက်မှ လွဲ၍ အခြား ဖောက်သည် တစ်ဦးတစ်ယောက်ကိုမှ မရခဲ့လေရာ ဤ 'သူငယ်ချင်း' အား အကြံဉာဏ် ပေးခြင်းမှာ သင့်လျော်သော ရွေးချယ်မှုတစ်ခု ဖြစ်ပုံရသည်။
ယေဘုယျအားဖြင့် ကြီးမားသော နာကျင်မှု ကို ခံစားနေရသော ဇာတ်ကောင်များမှာ အထီးကျန် လေ့ရှိသည်။ အပြန်အလှန်ဆက်ဆံမှု မရှိခြင်းက သူတို့၏ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ထပ်လောင်းပေးသည်။ ထိုသို့သော ဇာတ်ကောင်များမှာ သူတို့၏ ခံစားချက်များကို ပြောပြရန် တကယ်ကို တောင့်တ နေကြသည်။
ထို့ကြောင့်ပင်... ဗီလိန် ဇာတ်ကောင်များမှာ သူတို့၏ အစီအစဉ်များ ပြီးစီးတော့မည့်အချိန်တွင် ကိုယ့်ဂုဏ်ကိုဖော် ထုတ်ဖော် ပြောဆိုခြင်းများ ပြုလုပ်လေ့ ရှိသည့် အကြောင်းရင်းလည်း ဖြစ်သည်။ အပြင်လောကရှိ ဗီလိန်များကတော့ မည်ကဲ့သို့ ရှိသည်ကို လင်ကျဲ မသိခေထျ။ ထိုကဲ့သို့သော ဇာတ်လမ်းများမှာ ဇာတ်ညွှန်းရေး ဆရာများက အမှန်တရား ကို ထုတ်ဖော်ပြသရန်နှင့် အဓိက ဇာတ်ကောင် တန်ပြန်တိုက်ခိုက်ဖို့ အတွက် အချိန် ပေးရန် လိုအပ်သောကြောင့်လည်း ဖြစ်သည်။
လင်ကျဲ သူ့အား စကားပြောစေခြင်းမှာ ဒဏ်ရာပေါ် ဆားဖြူးခြင်း မဟုတ်ဘဲ ဤဇာတ်ကောင်၏ စိတ်ခံစားမှုများကို ထုတ်ဖော်ရန် နည်းလမ်း ပေးခြင်း ဖြစ်သည်။ ထို့အပြင် ထိုပုဂ္ဂိုလ်မှာ သူ၏ ကိုယ်ပိုင်အပြစ်များကို ပထမဆုံးအကြိမ် ပြောကြားခဲ့သောကြောင့် ထိုအကြောင်း တကယ်ပင် စကားပြောလိုကြောင်း ထင်ရှားသည်။
"အပြစ်သားတစ်ယောက်ရဲ့ ဝန်ခံချက်ကို ကယ်တင်ရှင်က နားထောင်ပေးမယ်ဆိုရင် ကျွန်တော်မျိုး အတွက် ဂုဏ်ယူစရာပါပဲ..."
အဲ့လ်ဖ်က အနည်းငယ် ပြုံးလိုက်၏။ ထို့နောက် သူက ခေါင်းကို နှိမ့်ချစွာ ငုံ့လိုက်ရင်း တိုးညှင်းစွာဖြင့် ဇာတ်လမ်းကို စတင် ပုံဖော်လိုက်တော့သည်။
"ဟိုး လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ အလင်းနဲ့ မီးတို့ မရှိတဲ့ အချိန်မှာ ကျွန်တော်မျိုးဟာ အတ္တကြီးခဲ့ပြီးတော့ ကျွန်တော်မျိုးရဲ့ လူမျိုးတွေအတွက် နယ်မြေချဲ့ထွင်ဖို့ ဘုရားတစ်ပါးကို သတ်ဖို့ ကြိုးစားခဲ့ပါတယ်... ဒါပေမဲ့ နတ်ဘုရားကို တည့်တည့် စိုက်ကြည့်လိုက်တဲ့အချိန်မှာပဲ ကျွန်တော်မျိုးဟာ ရူးသွပ်မှုထဲကို နစ်မြုပ်သွားခဲ့တယ်... ဒါက ကျွန်တော်မျိုး ငမိုက်သားရဲ့ 'ကြောက်ရွံ့ခြင်း အပြစ်' ပါ"
"ကျွန်တော်မျိုးဟာ ဘုရင် ဖြစ်ခဲ့ပေမယ့် ရူးသွပ်မှုထဲ ကျရောက်သွားတဲ့အခါ ကျွန်တော်မျိုးရဲ့ လူမျိုးတွေကို အားလုံးနီးပါး သတ်ဖြတ်ခဲ့ပြီး နိုင်ငံတော်မှာ ရှိတဲ့ အရာအားလုံးကို ကျွန်တော်မျိုးရဲ့ လက်နဲ့ ကိုယ်တိုင်ဖျက်ဆီးပစ်ခဲ့တယ်... ဒါက ကျွန်တော်မျိုးရဲ့ 'သစ္စာဖောက်ခြင်း အပြစ်' ပါ"
"သန့်ရှင်းသော ဓားဟာလည်း ပြည်သူပြည်သားတွေရဲ့ သွေးတွေနဲ့ စွန်းထင်းသွားခဲ့တယ်... အဲဒီဓားနဲ့ပဲ ကျွန်တော်မျိုးရဲ့ ညစ်ညမ်းတဲ့ စိတ်ဝိညာဉ်ကို ချိပ်ပိတ်ခဲ့တယ်... ဓားရဲ့ တောက်ပမှုကို ပျောက်ဆုံးစေခဲ့တယ်... နိုင်ငံတော်ရဲ့ မြင့်မြတ်တဲ့ သင်္ကေတကို ညှိုးနွမ်းစေခဲ့တယ်... ဒါက ကျွန်တော်မျိုးရဲ့ 'မသိနားမလည်ခြင်း အပြစ်' ပါ"
"ဒီငမိုက်သားဟာ နိုင်ငံတော်ကို အထွတ်အထိပ်သို့ ရောက်စေခဲ့ပြီခါမှ ကိုယ်တိုင် ပြန်ပြီး ဖျက်ဆီးခဲ့တယ်... နှစ်ထောင်ပေါင်းများစွာ ကြာပြီးတဲ့ နောက်မှာ သရဖူဟာ သံကြိုးတွေ ဖြစ်လာခဲ့တယ်... လူတွေက ကျွန်တော်မျိုးကို စွန့်ပစ်ခံ ကန်ဒယ်လာ လို့ ခေါ်ကြတယ်"
***