ကန်ဒယ်လာ (၂)
Vol. 7 Ch. 93
လင်ကျဲ မေးစေ့ကို ပွတ်သပ်လိုက်မိ၏။ ထိုဇာတ်ကောင်နှင့် ပတ်သက်၍ သူ၏ ခန့်မှန်းချက်များမှာ အများအားဖြင့် မှန်ကန်ခဲ့သည့်အတွက် ကျေနပ်မိသည်။
‘တော်တော်လေးကို ဝမ်းနည်းစရာ ကောင်းတဲ့ ဇာတ်လမ်းပဲ... နတ်ဘုရားကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ ဆန္ဒက တန်ပြန်သက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့ပြီး သူ့ကို ရူးသွားစေခဲ့တယ်... သူ့ရဲ့ နိုင်ငံတော်ကိုပါ လက်နဲ့ ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးစေခဲ့တယ်... အဲဒီနောက် သူက သန့်ရှင်းသောဓားကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် ချိပ်ပိတ်ရင်းနဲ့ ဓားစိတ်ဝိညာဉ် ပုံစံမျိုး ဖြစ်လာပုံရတယ်’
"ဒါနဲ့... ဘာလို့ ကျွန်တော့်ကို ကယ်တင်ရှင်လို့ ခေါ်တာလဲ... ကျွန်တော် ခင်ဗျားကို မကယ်ခဲ့ဘူး... ခင်ဗျားရဲ့ နိုင်ငံတော်ကလည်း ပျက်စီးသွားပြီ"
လင်ကျဲက အဲ့လ်ဖ်၏ ခန္ဓာကိုယ်ထဲ ထိုးစိုက်နေသည့် ဓားကို လက်ညှိုးထိုးပြလိုက်ရင်း ဆက်မေးလိုက်၏။
"ကျွန်တော့်ကို တစ်ခုခု လုပ်ခိုင်းဖို့ တောင်းဆိုမှာလား"
အဲ့လ်ဖ်၏ အမူအရာက အနည်းငယ် မသက်မသာ ဖြစ်သွားပုံ ရကာ ခေါင်းကို ငုံ့လိုက်၏။
"ကယ်တင်ရှင်ရဲ့ စေတနာက ကျွန်တော်မျိုးကို ရှက်ရွံ့စေပါတယ်... ဒါပေမဲ့ ကျေးဇူးပြုပြီး စိတ်ကို ဖြေလျှော့ပါ... ကျွန်တော်ဟာ ဘယ်တော့မှ အကန့်အသတ်ထက် ကျော်လွန်ပြီး ကိုယ့်ကိုယ်ကို ကယ်တင်ခြင်း ခံရသင့်တယ်လို့ မတွေးခဲ့ပါဘူး"
"ကယ်တင်ရှင်ဟာ ကျွန်တော်မျိုးကို အများကြီး ကူညီပေးခဲ့ပြီးပါပြီ...ကျွန်တော်မျိုးရဲ့ နိုင်ငံတော်ဟာ သမိုင်းရဲ့ ရှည်လျားလှတဲ့ မှတ်တမ်းတွေထဲက ဖုန်မှုန့်လေးတစ်ခု ဖြစ်သွားခဲ့ပါပြီ... ဒီရေဒီမြေအတွက် ဘာတစ်ခုမှ လုပ်ပိုင်ခွင့် ကျွန်တော့်မှာ မရှိတော့ပါဘူး... ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော့်ရဲ့ အပြစ်တွေကို ပြေလည်အောင် လုပ်ဖို့ နည်းလမ်းမရှိဘူး..."
လင်ကျဲ အဲ့လ်ဖ်ကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဤအဲ့လ်ဖ်မှာ ချိပ်ပိတ်ခံထားရသည့် နှစ်ထောင်ပေါင်းများစွာ အတွင်း မိမိကိုယ်ကို အဆက်မပြတ် ရှုတ်ချ နေခဲ့ပြီး၊ ကြားသမျှ အရာအားလုံးမှာလည်း ဝေဖန် ရှုတ်ချမှု ကဲ့သို့ ထင်ရစေသည့် စိတ်ပိုင်းဆိုင်ရာ အတားအဆီး တစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။
သူ၏ မျက်နှာ အမူအရာက တည်ကြည် လေးနက် သော်လည်း မည်သည့် ကျပန်းမေးခွန်း မဆို သူ့ကို အဆပေါင်း များစွာ နာကျင်အောင် ထိုးနှက်နိုင်ခဲ့သည်။
"မဟုတ်ဘူး..."
လင်ကျဲက အဲ့လ်ဖ် ၏ ရှေ့နောက်မညီသည့် ဝန်ခံချက်ကို ဖြတ်တောက်ပစ်ကာ သူနှင့် အကြည့်ချင်း ဆုံအောင် ကြည့်လိုက်သည်။
"ခင်ဗျားဟာ အပြစ်တွေကို ကျူးလွန်ခဲ့တယ်... ဒါပေမဲ့ အပြစ်တွေကို ကျေလည်အောင် မလုပ်လိုခြင်းဟာ ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်တာဖြစ်တယ်... တကယ်တော့ ခင်ဗျားဟာ တာဝန်ကို ရှောင်နေရုံပါပဲ... တကယ်တမ်းကျတော့ ခင်ဗျားရဲ့ လုပ်ရပ်တွေဟာ အဓိပ္ပါယ်မရှိဘူး... ခင်ဗျားဟာ သတ္တိမရှိတာပဲ"
နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက် ဟူသော စကားများ အရ ဤမြင်ကွင်းမှာ အမှန်တရား မဟုတ်ဘဲ အဲ့လ်ဖ် ၏ စိတ်အခြေအနေ သို့မဟုတ် အမှတ်ရစရာများ ဖြစ်နိုင်သည်ဟု ကောက်ချက်ချခဲ့သည်။ ထို့အပြင်... လူမျိုး အားလုံးနီးပါးကို သတ်ဖြတ်ခဲ့ခြင်း ဆိုသည့် အတွက် တစ်ဦးတစ်ယောက်မှ မကျန်အောင် ဖျက်ဆီးခြင်း မခံခဲ့ရကြောင်း ဆိုလိုသည်။
"ခင်ဗျားရဲ့ နိုင်ငံတော်မှာ အဲဒီနောက် ဘာဖြစ်သွားလဲဆိုတာ သိလား... အသက်ရှင်ကျန်ခဲ့တဲ့ ခင်ဗျားရဲ့ လူမျိုးတွေရော ဘယ်လိုလဲ... သူတို့က ဆင်းရဲဒုက္ခနဲ့ လှည့်လည်သွားလာနေရလား ဒါမှမဟုတ် တခြားနေရာမှာ အိမ်အသစ်တစ်ခု ပြန်တည်ဆောက်ခဲ့ကြလား"
"သူတို့ဟာ ခင်ဗျားထက် အများကြီး အားနည်းနေတာတောင်မှ ဆက်ပြီး ကြိုးစားနေကြတုန်းပဲ... ခင်ဗျားကတော့ ပိုပြီး ကြီးမားတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပေမယ့် ဒီအတောအတွင်းမှာ ဘာမှ မလုပ်ပဲ ဒီနေရာမှာ စိတ်ဓာတ်ကျနေတယ်"
"ခင်ဗျားဟာ ကိုယ့်ကိုယ်ကိုယ် လှည့်ဖြားနေတာဖြစ်တယ်... တာဝန်ယူရမှာကို ရှောင်ရှားချင်တဲ့ အတွက် အကြောင်းပြချက် ပေးနေရုံပဲ"
"ခင်ဗျားမှာ လုပ်ပိုင်ခွင့် မရှိဘူးလား... ဘာလုပ်ပိုင်ခွင့်လဲ... ဒါက ခင်ဗျားရဲ့ လုပ်ရပ်တွေအတွက် ပေးဆပ်သင့်တဲ့ တန်ဖိုးပဲ... လူတိုင်းရဲ့ မျက်စိရှေ့မှာ ဆင်းရဲဒုက္ခခံစားရတာက ခင်ဗျားရဲ့ ပြစ်ဒဏ် ဖြစ်သင့်တယ်... အခု ခင်ဗျား လုပ်နေသလို ကွေးကွေးလေး နေပြီး စိတ်ဓာတ်ကျနေတာ မဟုတ်ဘူး"
စိတ်ကုထုံး ပညာရှင် တစ်ယောက် အနေဖြင့် လင်ကျဲ က ရယ်မောရင်း ဆက်ပြောလိုက်သည်။
"ခင်ဗျား ဒီအချိန်တွေတစ်လျှောက်မှာ ဘာတိုးတက်မှုမှ မရှိခဲ့ဘူး... ခင်ဗျား လုပ်သမျှဟာ အဆက်မပြတ် ထွက်ပြေးပြီး ခွင့်လွှတ်မှုကို စောင့်နေတာပဲ... အဲဒီလို အချိန်တွေ အတွင်းမှာ ခင်ဗျားရဲ့ လူမျိုးတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခဟာ ခင်ဗျားရဲ့ ဆင်းရဲဒုက္ခထက် အများကြီး သာလွန်တယ်ဆိုတာကို တစ်ခါမှ မတွေးခဲ့ဘူး”
"ခင်ဗျား ဘာလုပ်သင့်လဲဆိုတာကို သေချာ စဉ်းစားပါ... ဘယ်သူမှ ခင်ဗျားရဲ့ ကယ်တင်ရှင် မဟုတ်ဘူး... ခင်ဗျားကို ခင်ဗျားသာ ကယ်တင်နိုင်မှာပါ"
ကန်ဒယ်လာ တစ်ယောက် တောင့်တင်း သွားခဲ့၏။ လင်ကျဲ၏ စကားလုံးများထဲတွင် နစ်ဝင်ရင်း သူ လုံးဝ မိန်းမော သွားခဲ့သည်။
ထို့နောက် သူ၏ မျက်လုံးများက လင်းလက်လာပြီး ဖခင်ကို မြင်သော ကလေးတစ်ဦး ကဲ့သို့ လင်ကျဲ ကို ကြည့်လိုက်သည်။
"ခင်ဗျား ပြောတာ မှန်ပါတယ်... ဒါပေမဲ့ ကျွန်တော့်ရဲ့ မသိနားမလည်မှုက နက်ရှိုင်းနေပါတယ်... ခင်ဗျားရဲ့ လမ်းညွှန်မှု မရှိဘဲ ကျွန်တော် ဘာလုပ်ရမှန်း တကယ် မသိဘူး... အမှားတွေ ထပ်လုပ်မိမှာကို ကျွန်တော် အရမ်း ကြောက်နေတယ်"
အဲ့လ်ဖ်က လင်ကျဲ ၏ ခြေထောက်များရှေ့တွင် နဖူးကို မြေပြင်သို့ ထိရင်း ဦးညွှတ် လိုက်သည်။
"ကျွန်တော်... ခင်ဗျားရဲ့ ဓား ဖြစ်လာချင်ပါတယ်"
“...”
ဇာတ်ကောင်၏ ထင်မှတ်မထားသည့် တုန့်ပြန်မှုကြောင့် လင်ကျဲ အနည်းငယ် အံ့ဩ သွားခဲ့၏။
‘ကြည့်ရတာ သူ ဘာတွေ လုပ်ရမယ် ဆိုတာ သူ ဘာတွေ လုပ်သင့်တယ် ဆိုတာ ငါက အကြံဉာဏ်တွေပေးရမယ် ထင်တယ်... နောက်ပြီး သူ သစ္စာဆိုနေတဲ့ ပုံစံ အရ ဆိုလျှင် ဂိမ်းတွေရဲ့ ဇာတ်လမ်း အစပိုင်းလောက်မှာ ကစားသမားကို ပေးအပ်တဲ့ မိတ်ဆွေ အဖော်တစ်ဦးများ ဖြစ်နေမလား...’
လင်ကျဲသည် မျက်ခုံးပင့်လိုက်ပြီး နှစ်လှမ်းနောက်ဆုတ်ကာ မတ်တပ်ရပ်လိုက်သည်။
"ခင်ဗျား သေသေချာချာ စဉ်းစားပြီးပြီလား... ဒါက ခင်ဗျားရဲ့ ဆုံးဖြတ်ချက်လား..."
"ခင်ဗျား တကယ်တမ်း လုပ်ချင်တဲ့အရာဟာ ကျုပ်ကို စကားနှစ်ခွန်းလောက် ပြောရုံနဲ့ ဖြေရှင်းလို့ ရနိုင်တဲ့ကိစ္စ မဟုတ်ဘူး... ခင်ဗျား လုပ်ဆောင်ခဲ့သမျှ အားလုံးအတွက် ရိုးရိုးသားသား လုပ်ဆောင်ပြီး အပြစ်ဖြေရလိမ့်မယ်... ခင်ဗျား မေ့နေခဲ့တဲ့ လူတွေထဲက တစ်ယောက်ကမှ ခင်ဗျား ဖြုန်းတီးခဲ့တဲ့ ကာလတွေ အတွက် ခွင့်လွှတ်မှာ မဟုတ်ဘူး... အဲဒီလို အားနည်းတဲ့ စိတ်ဓာတ်ကို ဆက်ထိန်းထားဖို့ ရည်ရွယ်နေသေးတယ်ဆိုရင်တော့ ခင်ဗျား ဒီမှာပဲ ဆက်ပုန်းအောင်းနေတာ အကောင်းဆုံးပဲ"
ထိုစကားလုံးများမှာ ဇာတ်ကောင်၏ ယုံကြည်မှုကို ထိုးနှက်ဖို့ ရည်ရွယ်နေခြင်း မဟုတ်ဘဲ သူ တာဝန်ယူနိုင်မလား ဆိုတာကို သွယ်ဝိုက်မေးမြန်းခြင်းသာ ဖြစ်သည်။
သည်အိပ်မက်က ဘယ်လောက် ဆက်ကြာနေဦးမည် ဆိုတာကို လင်ကျဲ မသိချေ။ ထို့ကြောင့်ပင် ဤသနားစရာ ဇာတ်ကောင်ကို စိတ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုတချို့နှင့် ဘဝတွင် မျှော်လင့်ချက်အသစ် တစ်ခု မြင်လာနိုင်အောင် အားဆေး တချို့ ပေးလိုက်တာက သိပ်မဆိုးလှဘူးဟု ထင်ရသည်။
ထိုအခိုက်၌ လင်ကျဲမှာ အလင်းတန်း တစ်ခုသဖွယ်ဖြစ်ပြီး သူ့တစ်ကိုယ်လုံး အပြုသဘောဆောင်သည့် စွမ်းအင်များနှင့် ရောင်ခြည်ဖြာထွက်နေသလို ခံစားလိုက်ရသည်။
ကန်ဒယ်လာက တစ်ဖန်ပြန်ထရပ်ကာ လေးနက်သော အသံဖြင့် ပြောလိုက်၏။
"ကျွန်တော် နားလည်ပါတယ်။"
"ကျွန်တော့်ရဲ့ ဝိညာဉ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ အတွင်း ပွန်းပဲ့ပျက်စီးခဲ့ပါပြီ... ကျွန်တော့်ရဲ့ ဖျက်ဆီးမှုကို အပြစ်ပေးတဲ့ အနေနဲ့ မကျေနပ်မှုကနေ ဖြစ်ပေါ်လာတဲ့ ရူးသွပ်မှုဟာ ကျွန်တော့်ကို ချည်နှောင်ထားပြီး၊ ကျွန်တော့်ရဲ့ တစ်စိတ်တစ်ပိုင်းတောင် ဖြစ်နေခဲ့ပါပြီ..."
"အဲဒီ ကျိန်စာ ပျောက်ကွယ်သွားတဲ့အခါ ဒီနေရာမှာ ကျန်ရှိနေတာက ကျွန်တော့် ဝိညာဉ် နောက်ဆုံး စွဲလမ်းနေခဲ့တဲ့ အကြွင်းအကျန်တွေသက်သက်ပဲ ဖြစ်ပါတယ်"
"ခင်ဗျား ပြောတာ မှန်ပါတယ်... ကျွန်တော်ဟာ အခြားသူတွေရဲ့ ခွင့်လွှတ်မှုကို ဆင်ခြေအနေနဲ့ သုံးပြီး ထွက်ပြေးချင်ခဲ့တာပါ.... ကျွန်တော့်ရဲ့ နိုင်ငံတော်နဲ့ လူမျိုးအတွက် တစ်ခုခု လုပ်ဆောင်ဖို့ အခွင့်အရေး တကယ်တမ်း မရှိတော့ပါဘူး... ဒါပေမဲ့ ဒီလို ဆက်ပြီး ကြောက်ရွံ့နေဖို့လည်း ကျွန်တော့်မှာ အခွင့်အရေး မရှိတော့ပါဘူး..."
"ဒီတစ်ခါတော့ တောက်ပ ခမ်းနားမှု ဆိုတာ မပါတော့ဘူး... အဲ့လ်ဖ် ဘုရင် ကန်ဒယ်လာလည်း မဟုတ်တော့ဘူး... ကျွန်တော်ဟာ... ပြန်လာတဲ့ ပြည်နှင်ဒဏ်ခံရသူ တစ်ယောက်ပါပဲ"
အဲ့လ်ဖ်၏ မျက်လုံးများမှာ ခိုင်မာ ပြတ်သားမှုများနှင့် ပြည့်နှက် နေခဲ့ကာ အပြောကျယ်လှသည့် မီးလောင်ပြင်ကို စိုက်ကြည့် နေခဲ့သည်။
"ကျွန်တော် လုံးဝ မပျက်စီးခင်မှာ ခွင့်လွှတ်ဖို့ တောင်းပန်နေမယ့်အစား လုပ်သင့်တဲ့ အရာတချို့ ရှိတယ်လို့ ခံစားရပါတယ်"
"နှစ်ထောင်ပေါင်းများစွာ ကြာသွားခဲ့ရင်တောင်... ကျွန်တော့်ရဲ့ နိုင်ငံတော်ဟာ ဒီမြေပေါ်မှာ မရှိတော့ရင်တောင်... ကျွန်တော့်ရဲ့ လူမျိုးတွေကတော့ အသက်ရှင်နေဆဲပါ..."
နှစ်ထောင်ပေါင်းများစွာ ကာလ အတွင်း ရှေးဟောင်းခေတ် ကာလများမှ ဘီလူးကြီးများနှင့် အဲ့လ်ဖ် မျိုးနွယ်များမှာ သမိုင်း စာအုပ်များထဲမှ နေ၍ ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။ နတ်ဆိုးဓား သတ်ဖြတ်ခဲ့သည့် ဝိညာဉ်များမှာ မရေမတွက်နိုင်အောင် များပြားလှပြီး သူတို့၏ ရူးသွပ်မှု၊ မကျေနပ်မှုများမှာ ကန်ဒယ်လာ၏ ဝိညာဉ်နှင့် အတူ ရောနှော နေခဲ့သည်။
သူ အဇီး၏ သမိုင်းကို မြင်ခဲ့ရပြီး ဖြစ်သည်။ ရှေးယခင်က အလွန် ခမ်းနားခဲ့သည့် နိုင်ငံ နှစ်ခုမှာ နောက်ဆုံးတွင်တော့ ပုံပြင်သက်သက် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ဒီတစ်ချိန်က ပျက်စီးသွားခဲ့သည့် မြေပြင်ကျယ်ကြီးတွင် လူသား မျိုးနွယ်များသည် နော်ဇင်ဟု ခေါ်သည့် မြို့ကြီး တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ယင်းမှာ တစ်ချိန်က သူ့ နိုင်ငံတော်လိုပင် စည်ကားဝပြောနေခဲ့သည်။
အဲ့လ်ဖ် အများစုနှင့် အခြား ဒဏ္ဍာရီလာ သတ္တဝါများမှာ လူသူ ကင်းဝေးသည့် သစ်တောများထဲတွင် ပုန်းအောင်း နေကြသော်လည်း လူနည်းစုလေးကတော့ လူသားများ၏ မြို့ထဲတွင်ပင် ပုန်းကွယ် နေကြကာ ထိုကဲ့သို့ ဘဝမျိုးကို ကျင့်သားရနေကြပြီ ဖြစ်သည်။
သမိုင်း၏ ဘီးများက တစ်ဖက်တည်းကိုသာ လိမ့်သည်။ အဲ့လ်ဖ် နိုင်ငံတော်မှာ ဘယ်တော့မှ ပြန်ပေါ်လာနိုင်တော့မည် မဟုတ်ပေ။
ထိုသို့ ဆိုလျှင်တောင် အသုံးဝင်မည့် အရာ တစ်ခုခုကို အဘယ်ကြောင့် မလုပ်နိုင်ရမည်နည်း။ ဤတစ်ကြိမ်တွင် သူ ပိုင်ဆိုင်ထားသည့် နောက်ဆုံး လက်ကျန် အင်အားများကို အသုံးပြုပြီး သူ့လူမျိုးများနှင့် သူတို့၏ မြေကို နောက်ဆုံးတစ်ကြိမ် ကာကွယ်ပေးနိုင်သေးသည်။ တိတ်တဆိတ် ပျက်စီး မသွားခင် နောက်ဆုံး မီးတောက် အနေဖြင့် သူ အစွမ်းကုန် လောင်ကျွမ်း လိုသေးသည်။
ကန်ဒယ်လာ သူ့ရှေ့ရှိ လူငယ်ကို မော့ကြည့်ရင်း ပြောလိုက်၏။
"ကျွန်တော် လုပ်နိုင်တဲ့ဟာ တစ်ခု ရှိတယ်လို့ ထင်ပါတယ်..."
***