← Chapters

ကန်ဒယ်လာ (၃)

Vol. 7 Ch. 94

ကန်ဒယ်လာ (၃)

Vol. 7 Ch. 94

လင်ကျဲက 'ဆက်ပြော' ဟူသော သဘောဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။

"ကျွန်တော့် လူမျိုးတွေအတွက် နောက်ဆုံးတစ်ကြိမ် တိုက်ခိုက်ဖို့၊ နောက်ဆုံးအခွင့်အရေး တစ်ခု ပေးပါလို့ တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး ဒီဓားကို ခင်ဗျားရဲ့ လက်နက်အဖြစ် ယူဆောင်ပါ... အိပ်မက်ဘုံကနေ ဆင်းသက်လာမယ့် နတ်ဘုရားကို သုတ်သင်ပေးပါ"

"လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းက ကျွန်တော်ဟာ ဒီနတ်ဘုရားကို သုတ်သင်ပစ်ဖို့ ဆန္ဒရှိခဲ့ပေမယ့် မျက်နှာချင်းဆိုင် ရင်ဆိုင်ရတဲ့အခါ နောက်ဆုတ်ခဲ့တယ်... အဲဒီ နတ်ဘုရားကို တည့်တည့် စိုက်ကြည့်လိုက်တာက ကျွန်တော့်ကို ရူးသွပ်ခြင်းထဲ ရောက်စေခဲ့တယ်... ဒီလိုနဲ့ နောက်ဆုံးမှာ နိုင်ငံတော်ရဲ့ ဝမ်းနည်းဖွယ် ကံကြမ္မာကို ဖြစ်စေခဲ့တာပါ"

"နှစ်ပေါင်း တစ်သောင်းကြာပြီးနောက်... ဒီမြေပေါ်မှာပဲ ကျွန်တော် အဲဒီဆန္ဒကို ဖြည့်ဆည်းချင်ပါတယ်... ကျွန်တော့်အတွက် မဟုတ်ပါဘူး... ဒီမြေပေါ်မှာ ဆက်လက်ရှင်သန်နေဆဲဖြစ်တဲ့ ကျွန်တော့်ရဲ့ လူမျိုးတွေအတွက်ပါ..."

ကန်ဒယ်လာ၏ မျက်လုံးများက ရိုးသားမှုဖြင့် တောက်ပနေသည်။

"ကျွန်တော့်ရဲ့ နောက်ဆုံး မချေမငံ တောင်းဆိုမှုကို ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်... အဲဒီ အတွက်လည်း ကျွန်တော့်ရဲ့ အပြည့်အဝ သစ္စာစောင့်သိမှုနဲ့ တန်ဖိုး အရှိဆုံး ပူဇော်သက္ကာရကို ပေးအပ်ပါတယ်"

“...”

လင်ကျဲ တစ်ယောက် ဆွံ့အ သွားခဲ့၏။

‘ဒီအိပ်မက်က လာနောက်နေတာလား... နတ်ဘုရားကို သုတ်သင်ရမယ် တဲ့လား... ဟျောင့်... ဒါက beginner အဆင့်ရော ဟုတ်ရဲ့လား...’

ထို့အပြင်... လင်ကျဲမှာ အိပ်မက်ထဲတွင် ပင်ပန်းသည့် အရာများကို သိပ်မလုပ်ချင်ပေး။ မည်သို့ပင် ဆိုစေ... ၎င်းမှာ 'အိပ်စက်ခြင်း' သဘောတရားတစ်ခုလုံးကို ဆန့်ကျင်နေသည်။

အနည်းငယ် စိတ်မသက်မသာ ဖြစ်စွာဖြင့် သူက ပြန်ဖြေလိုက်၏။

"ခဏလေး နေပါဦးဗျ... ရိုးရိုးသားသား ပြောရရင်... ကျွန်တော် တိုက်ခိုက်ရေးလို ကိစ္စတွေမှာ မကျွမ်းဘူး... တော်တော်လေးကို ညံ့တာ”

အိပ်မက်ထဲ၌ ဖြစ်နေလျှင်ပင် သူ တစ်ခါမှ မလုပ်ဖူးတဲ့ ကိစ္စများ၌ အလွဲလွဲ အချော်ချော် ဖြစ်နေမှာ သေချာသည်။ သူက ပုံမှန် အရပ်သား တစ်ယောက်သာ ဖြစ်သည်။

ရိုးသား ဖြောင့်မတ်သည့် စာအုပ်ဆိုင်ပိုင်ရှင်၊ နောက်ပြီး... ပရော်ဖက်ရှင်နယ် ဘဝလမ်းညွှန်ဆရာ အနေဖြင့် လင်ကျဲမှာ သူ့ ပုံရိပ်ကို ကိုယ်တိုင် ထိန်းသိမ်းထားရန် လိုအပ်သည်။ မကျွမ်းကျင်တာက တစ်ပိုင်း၊ အရူးလုပ်ခံရတာက နောက်တစ်ပိုင်းပင်။

လင်ကျဲ ထိုအဲ့လ်ဖ်ကို အဆင့်အတန်း မြင့်မားပြီး တည်ကြည် ခန့်ညားသည့် စကားလုံးများ ပြောခဲ့ပြီး ဖြစ်သည်။ အကယ်၍ သူ ဓားကို ကိုင်ပြီး ပေါက်ကရ လျှောက်လုပ်ခဲ့မိပါက မတော်တဆ နိုင်သွားခဲ့လျှင်ပင် အလွန် ရှက်စရာ ကောင်းပေလိမ့်မည်။ ၎င်းမှာ သူ တည်ဆောက်ထားသည့် ပုံရိပ်ကို ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။

ထို့အပြင်... အသိစိတ်နှင့် အိပ်မက် မက်ခြင်းတွင် အားနည်းချက်များ ရှိသည်ဟု လင်ကျဲ ခံစားလိုက်ရသည်။ အိပ်မက် မက်နေတယ် ဆိုတာ သိသော်လည်း ပုံမှန် အိပ်မက်များလို လုပ်ချင်တိုင်း လုပ်လို့ မရချေ။ ဆစ်ဗာနှင့် အိပ်မက်မှာတုန်းက စာအုပ်တစ်အုပ်ကို ဖန်တီးနိုင်ခဲ့သော်လည်း စိတ်ကူးစိတ်သန်း အကန့်အသတ်ကို သုံးခဲ့ရသည်။

ကန်ဒယ်လာက သူ့ခေါင်းပေါ်ရှိ လော်ရယ် သရဖူကို ချွတ်ယူလိုက်ရင်း နူးညံ့စွာ ပြောလိုက်၏။

"သိပ်ပြီး စဉ်းစားနေဖို့ မလိုပါဘူး... ကျွန်တော်ဟာ ခင်ဗျားရဲ့ ခွန်အား... ခင်ဗျားရဲ့ မြင်း... ပြီးတော့ ကျွန်တော် အရင်ပြောခဲ့သလိုပဲ... ခင်ဗျားရဲ့ ဓား ဖြစ်လာပါလိမ့်မယ်"

သူက လော်ရယ် သရဖူကို မြှောက်ကာ လင်ကျဲအား ကမ်းပေးလိုက်သည်။

"ကျွန်တော်ဟာ ဘုရင် မဟုတ်တော့ပေမဲ့... ကျွန်တော် မသေခင်က ဒီသရဖူဟာ ကျွန်တော့်ခေါင်းပေါ်မှာ ရှိခဲ့ပါတယ်... အဲဒီနောက် မကြာခင်မှာပဲ နိုင်ငံတော် ပျက်စီးသွားခဲ့ပါတယ်... ဒီသရဖူကို ဆက်ခံမယ့်သူ မရှိခဲ့ပါဘူး... ဒါဟာ ကျွန်တော့်ရဲ့ အဖိုးအတန်ဆုံး ရတနာ ဖြစ်ပေမဲ့ တခြားသူတွေအတွက်တော့ တန်ဖိုး သိပ်မရှိတာ ဖြစ်နိုင်ပါတယ်... ကျွန်တော် ဒါကို ခင်ဗျားကို ပေးအပ်ပြီး အရင်က တောက်ပခဲ့တဲ့ ခမ်းနားမှုအားလုံးကို စွန့်လွှတ်လိုက်ပါတယ်"

လင်ကျဲ လက်ကို ဆန့်ထုတ်ရင်း လော်ရယ်ကိုင်းများနှင့် ပြုလုပ်ထားတဲ့ သရဖူကို ယူလိုက်သည်။ ထိုသစ်ကိုင်းများက မာကျောကာ အဖြူရောင် တောက်ပနေ၏။ အလယ်တွင်တွင် အဖြူရောင် ကျောက်မျက်ရတနာ တစ်ခုကို မြှုပ်နှံထားပြီး လှပစွာ တောက်ပနေသည်။

သူ သေသေချာချာ မကြည့်ရသေးခင်မှာပင် ထိုလော်ရယ် သရဖူမှာ အဖြူရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားကာ လက်ကောက်ဝတ်ကို ပူနွေးသွားစေခဲ့သည်။ ထိုနေရာတွင် အမှတ်အသားတစ်ခု အဖြစ် ချန်ထားရစ်၏။

"သရဖူဟာ ကျွန်တော့်ဝိညာဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားပါပြီ... ဒါက အဲ့လ်ဖ် ဘုရင်ရဲ့ ထင်ရှားတဲ့ အမှတ်အသား ဖြစ်ပါတယ်... ကျေးဇူးတင်စကားအနေနဲ့ ကျွန်တော် ခင်ဗျားကို ပေးနိုင်တဲ့ တစ်ခုတည်းသောအရာပါ"

ကန်ဒယ်လာက ရှင်းပြလိုက်သည်။ လင်ကျဲ လက်ကောက်ဝတ်ကို ပွတ်သပ်ကြည့်လိုက်၏။ ဘာကိုမှ မခံစားရချေ။ အလေးချိန် နည်းနည်းလေး ရှိနေသလိုသာ ခံစားရသည်။ စိတ်ထင်နေခြင်းလည်း ဖြစ်နိုင်သည်။

အဲ့လ်ဖ်က ဒူးနှစ်ဖက်ထောက်ကာ ဝပ်တွားနေသည့် အနေအထားမှ နေ၍ ဒူးတစ်ဖက်ထောက် အနေအထားသို့ ပြောင်းလဲလိုက်၏။ ထို့နောက် သူ့လက်များကို ဓားရိုးပေါ် တင်ကာ ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။

သွေးနှင့် အခြားအသားမျှင်များ မရှိ...။ ထိုအဲ့လ်ဖ်၏ ရင်ဘတ်တွင် ရှိသည်က အနက်ရောင် အပေါက်ကြီး တစ်ခုသာ ဖြစ်သည်။

မီးတောက်တစ်ခုလို ဓားထိပ်ဖျားမှာ ပတ်ဝန်းကျင်မှ အမိုက်မှောင်ကို လင်းထိန်စေ၏။ ဓားသွား တစ်ဝက်ခန့် ထွက်လာသည့် အချိန်တွင် ကန်ဒယ်လာမှာ မတ်တပ်ရပ်နေပြီ ဖြစ်သည်။

သူ့အရပ်က လင်ကျဲ ထင်ထားတာထက်တောင် ပိုပြီး မြင့်မားနေသည်။ ဆစ်ဗာ၏ အရပ်က နှစ်မီတာလောက် ရှိသည်ဟု ယူဆရလျှင် ဤအဲ့လ်ဖ်မှာ အနည်းဆုံး နှစ်မီတာခွဲ ရှည်သည်။

ဓားလုံးဝ နီးပါး ထွက်လာချိန်တွင် ကန်ဒယ်လာက ဓားရိုးကို လင်ကျဲရှေ့တွင် ရှိနေစေရန် ရွှေ့လိုက်၏။

"ကျေးဇူးပြုပြီး ဒါကို ဆွဲထုတ်လိုက်ပါ... အနာဂတ်မှာ ကျွန်တော် ခင်ဗျားအတွက် တိုက်ခိုက်ပေးပါ့မယ်"

လင်ကျဲသည် လက်လှမ်းကာ ဓားရိုးကို ဆုပ်ကိုင်လိုက်၏။ လှပသော်လည်း အေးစက်စက် ပုံစံဒီဇိုင်းများကို ထိတွေ့လိုက်သည်နှင့်၊ အလင်းရောင်နှင့် မီး မရှိခဲ့သော ကာလအတွင်း ကန်ဒယ်လာ လှုပ်ရှား ရုန်းကန်ခဲ့ရသည့် ဘဝကို ရုတ်တရက် မြင်လိုက်ရသည်။

ကန်ဒယ်လာ မွေးဖွားခြင်း... အရွယ်ရောက်ခြင်း... လူငယ်ဘဝ... ခမ်းနားထည်ဝါသော ဘုရင် တစ်ပါး တဖြည်းဖြည်း ပေါ်ထွက်လာပုံ...

ဘုန်းတန်ခိုး ကြီးလှသော နိုင်ငံတော်၊ ခမ်းနားထည်ဝါလှသည့် အဆောက်အအုံများ...

အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လှပသော အဲ့လ်ဖ် မျိုးနွယ် မိန်းကလေးများ...

ကြီးမား ရှည်လျားလှသည့် သစ်ပင်ကြီးများ၊ ခန့်ညားထည်ဝါလှသော ဂရစ်ဖင်များ...

သူ့ လူမျိုးများ၏ လေးစားချစ်ခင်မှုနှင့် အားပေးမှု...

သူက အလင်းနှင့် မီးကို ကိုင်စွဲထားသည်။ ရေစီးကြောင်းကို ဆန့်ကျင်ကာ နတ်ဘုရားကို တိုက်ခိုက်ခဲ့သည်။ သူသာလျှင် တစ်ဦးတည်းသော ရဲရင့်သူ ဖြစ်ခဲ့ပေသည်။

ထို့နောက်... ထို့နောက်....

မီးလောင်ကျွမ်းခြင်းနှင့် အဆုံးမဲ့ မှောင်မိုက်ခြင်း...

ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းများ...

ကန်ဒယ်လာမှာ သူ ကိုယ်တိုင် နိုင်ငံတော်ကို ဖျက်ဆီးခဲ့သည့် အသေးစိတ်အချက်အလက်များအား ထုတ်ဖော်ရန် မလိုလားခြင်း ဖြစ်နိုင်သလို သူ သတိမမှန်တော့တာကြောင့်လည်း ဖြစ်နိုင်ပေသည်။ နောက်ဆက်တွဲ မြင်ကွင်းများမှာ ဝေဝါးလို့ နေခဲ့သည်။

အဆက်မပြတ် လည်ပတ်နေသည့် အမြင်အာရုံ နယ်ပယ်အတွင်းတွင် ထူးဆန်းသော အပိုင်းအစများက ကျပန်း ပုံပေါ်လာနေသည်။ ၎င်းတို့မှာ ကန်ဒယ်လာ ပြောခဲ့သော သူ့လက်ဖြင့် သတ်ဖြတ်ခံခဲ့ရသူများ၏ မကျေနပ်မှုများက သူ၏ ဝိညာဉ်နှင့် ရစ်ပတ်နေခြင်း ဖြစ်နိုင်သည်ဟု လင်ကျဲ တွေးလိုက်မိသည်။

ကမ္ဘာကြီး လည်ပတ်မှု ရပ်သွားသောအခါ... တောက်ပသော မီးတောက်တစ်ခုမှာ လင်ကျဲ၏ ရှေ့တွင် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့၏။

ဤအရာအားလုံးမှာ တဒင်္ဂလေး အတွင်း လျှပ်တစ်ပြက် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ လင်ကျဲ မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ရာ သူ၏ အမြင်အာရုံမှာ ပုံမှန်အတိုင်း ပြန်ဖြစ်လာ၏။

သူ့လက်ထဲတွင်တော့ ကန်ဒယ်လာ ရင်ဘတ်ထဲမှ ဆွဲထုတ်ထားခဲ့သည့် 'သန့်ရှင်းသောဓား' ရှိနေခဲ့သည်။ ချောမွေ့လှသည့် ဓားသွားမှာ အဖြူရောင် မီးလျှံ တစ်ခုနှင့်တူကာ ပတ်ဝန်းကျင်အားလုံးကို အလင်းစက်ဝိုင်း တစ်ခုကို လင်းထိန် သွားစေခဲ့သည်။

လင်ကျဲ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ ၎င်းမှာ သူ ရောက်ရှိနေခဲ့သည့် အပျက်အစီး နယ်မြေ မဟုတ်တော့ချေ။ သူ့ပတ်ဝန်းကျင် တစ်ခုလုံးမှာ လှိုင်းတံပိုးထနေသည့် မီးခိုးရောင် မြူခိုးထူထူများဖြင့် ဖုံးလွှမ်းနေ၏။

ဓား၏ အလင်းရောင် အောက်၌ မြူခိုးများမှာ အသက်ရှင် နေသလိုမျိုး ရွေ့လျား နေခဲ့သည်။ အလင်းရောင် မကျရောက်နိုင်သည့် မြူခိုးများ၏ နက်ရှိုင်းလှသော အတွင်းပိုင်းတွင်တော့ အမှောင်ထု တစ်ခု ရှိနေခဲ့၏။

ကောင်းကင်တွင် ကြီးမားလှသည့် အက်ကွဲကြောင်းကြီး တစ်ခု ရှိနေကာ အနီရောင် လျှပ်စီးကြောင်းများက အမှောင် မိုးတိမ်များအတွင်း လှိုင်းထနေသည်။ တစ်ခုခုက မည်သည့်အချိန်မဆို ပေါ်လာတော့မည့်အလား ထင်ရသည်။

လင်ကျဲ၏ မျက်လုံးများမှာ ဓားကို ကြည့်နေရာမှ သူ့လက်များဆီသို့ ရောက်သွားပြီး... နောက်ဆုံးတွင် ထူးခြားမှု တစ်ခုကို သတိပြုမိလိုက်သည်။ လက်များမှာ ထူးဆန်းစွာပင် တစ်မျိုးတစ်မည် တောက်ပနေပြီး သတ္တုရောင် သမ်း နေခဲ့၏။

ကြည့်ရုံဖြင့်ပင် ဤသည်မှာ သူ့လက်များ မဟုတ်ကြောင်း လင်ကျဲ ခံစားမိသည်။ လင်ကျဲ အပေါ်ဘက်သို့ ဆက်ကြည့်လိုက်သော အခါ သူ့ခန္ဓာကိုယ်ပေါ်တွင် ကန်ဒယ်လာ ဝတ်ဆင်ခဲ့သည့် သံချပ်ကာ ရှိနေသည်ကို တွေ့မြင် လိုက်ရသည်။ သို့သော်လည်း ၎င်းမှာ တစ်မျိုးတစ်မည်ဖြင့် ပိုမို လှပစွာ တောက်ပနေကြောင်း သတိပြုလိုက်မိသည်။

ထို့အပြင်... ရွှေရောင် အလင်းစ တစ်ခုကို မျက်လုံးထောင့်မှ ရုတ်တရက် မြင်လိုက်ရသည့် အပြင် ချွန်ထက်သည့် အနက်ရောင် နှုတ်သီးတစ်ခုကိုလည်း သတိထားလိုက်မိ၏။ လင်ကျဲ သူ့နောက်တွင် အလွန် ကြီးမားသည့် ဂရစ်ဖင် သတ္တဝါကြီး တစ်ကောင်း ရှိနေကြောင်း သိလိုက်ရသည်။

လင်ကျဲ ရိပ်မိလိုက်ချေပြီ ဖြစ်သည်။ ဤသည်မှ အိပ်မက်ထဲမှ နောက်ထပ် အိပ်မက် တစ်ခုပင်။

ဘာသာပြန်သူ မှတ်ချက်။ ဂရစ်ဖင် ဆိုသည်မှာ ခြင်္သေ့ ခန္ဓာကိုယ်၊ သိမ်းငှက် ဦးခေါင်းနှင့် အတောင်ပံများ ပါရှိသည့် အနောက်တိုင်း ဒဏ္ဍာရီလာ သတ္တဝါကြီး တစ်ကောင် ဖြစ်သည်။

***

All Chapters