← Chapters

ပူဇော် သက္ကာရများ ပြီးပြည့်စုံခြင်း

Vol. 7 Ch. 95

ပူဇော် သက္ကာရများ ပြီးပြည့်စုံခြင်း

Vol. 7 Ch. 95

‘ကောင်းပြီလေ... ဒါကလည်း အိပ်မက် ရှုထောင့်ကနေ ကြည့်ရရင် တော်တော်လေး ဆီလျော် နေတုန်းပဲ...’

လင်ကျဲ တွေးလိုက်မိ၏။ မည်သို့ပင် ဆိုစေ... အိပ်မက် တစ်ခု အတွင်း မဖြစ်နိုင်သည့် အရာ မရှိပါချေ။ အနည်းဆုံးတော့ ဇာတ်လမ်းက ယခုအထိ ယုတ္တိရှိနေတုန်းပင်။

ကန်ဒယ်လာက သူ့လူမျိုးတွေကို နောက်တစ်ကြိမ် ကာကွယ်ချင်ကြောင်း ပြောခဲ့သည်။ ၎င်းမှာ အတိတ် စစ်မြေပြင်၏ ပုံတူ မြင်ကွင်း တစ်ခု ဖြစ်နေနိုင်ပေသည်။

ထို့အပြင်... သူ့ အရှေ့ရှိ ပတ်ဝန်းကျင်ကို ကြည့်ရသည်က ဧရာမ လူဆိုးကြီး တစ်ကောင် ပေါ်လာခါနီး အချိန်မျိုးဟု ထင်ရသည်။

လင်ကျဲ လက်ထဲရှိ ဓားကို တစ်ချက်ကြည့်လိုက်ရင်း ကန်ဒယ်လာ၏ စကားများကို ပြန်လည် သတိရလိုက်သည်။ ဤ အဲ့လ်ဖ် ဘုရင်မှာ ကြီးမားသည့် စွမ်းအားများကို ပိုင်ဆိုင်ခဲ့သော်လည်း နတ်ဘုရားအား ရင်ဆိုင်ရမှာကို ကြောက်ရွံ့ခဲ့သည်။

ထို့ကြောင့် သူက အလားတူ အမှားမျိုး ထပ်မလုပ်မိစေရန် လင်ကျဲထံမှ လမ်းညွှန်မှု တောင်းခံခဲ့သည်။ ဤသန့်ရှင်းသောဓားကို အသုံးပြု၍ မကြာခင် ပေါ်ပေါက်လာမည့် နတ်ဘုရားကို သုတ်သင်ရန် တောင်းဆိုခဲ့သည်။

ထို့ကြောင့်ပင်... လင်ကျဲ အနေဖြင့် ကန်ဒယ်လာ၏ ဆင်ခြင်တုံတရားနှင့် လမ်းပြတို့ ဖြစ်ဖို့ လိုအပ်သည်။ ရိုးရိုးရှင်းရှင်း ပြောရရင်... သူ့အနေဖြင့် ကန်ဒယ်လာ၏ ဝိညာဉ်ကို ထိန်းကျောင်းရန် လိုအပ်သည်။

"ကန်ဒယ်လာ..."

လင်ကျဲ ခေါ်လိုက်၏။ ဤအဲ့လ်ဖ် ဘုရင်မှာ ဓားထဲတွင် ဓားစောင့်နတ် တစ်မျိုးမျိုးအဖြစ် အစေခံနေမည် ဖြစ်ကြောင်း သူ ရုတ်တရက် သတိရလိုက်သည်။

"ဟုတ်ပါတယ်"

ကန်ဒယ်လာ၏ သာယာသော်လည်း ကျက်သရေရှိစွာ ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့၏။

"အဲဒါ ခင်ဗျား ပြောတဲ့ နတ်ဘုရားလား။"

လင်ကျဲ ဓားကို ကောင်းကင်သို့ ချိန်လိုက်ရာ ကန်ဒယ်လာ၏ အမှတ်တရများမှာ စတင်လှုပ်ရှားလာ၏။ ဓားထိပ်ဖျားမှာ ကောင်းကင်ကို ဖြတ်ကျော်သွားပြီး ကောင်းကင်နှင့် မြေကြီး အကြား တုန်လှုပ်ဖွယ်ရာ အသံကို ဖန်တီးလိုက်သည်။

ဂျိန်း... ဂျိန်း...

မိုးကြိုးသံများမှာ မကောင်းသော နိမိတ် အဖြစ် ပဲ့တင်ထပ်လာ၏။ အမှောင် မိုးတိမ်များနှင့် ပြည့်နှက်နေသည့် ကောင်းကင်ကို လျှပ်စီးကြောင်းများက တစ်ပြိုင်နက်တည်း လင်းထိန်စေသည်။

ထိုကြီးမားသော အက်ကွဲကြောင်းကြီး အတွင်းမှ အကြေးခွံများ ပါသော လက်တစ်ဖက်မှာ ပုဆိန်ကြီး တစ်ချောင်းကို ကိုင်ရင်း အပြင်ဘက်သို့ ဆန့်ထွက်လာသည်။

...

"ဟူး... ဟူး..."

ကျိကျစ်ရှို့ တစ်ယောက် အသက်ကို မောဟိုက်စွာ ရှူနေရ၏။ အီသာ စွမ်းအင်များက တဖွဲဖွဲ ရွာသွန်းနေသည့် မိုးရေစက်များကို အငွေ့ပျံ သွားစေခဲ့သည်။ ကျိကျစ်ရှို့၏ ငွေရောင် အမွေးများမှာ လေထဲတွင် တလွင့်လွင့် မြောပါနေကာ သူမကို ပို၍ပင် ရန်လိုသည့် အသွင်အား ပေးနေခဲ့သည်။

သူမက ကောင်းကင် ဝံပုလွေ အသွင်ပြောင်းခြင်းကို ဆက်ထိန်းသိမ်းထားကာ ဟဲရစ်အား မာန်ဖီရင်း ပြင်းထန်စွာ စိုက်ကြည့်နေသည်။

မိုးက ပိုမို၍ သည်းထန်လာကာ ပတ်ဝန်းကျင်ရှိ အသံများ အားလုံးကို လွှမ်းခြုံ သွားခဲ့လေသည်။ ထိုအနီးတစ်ဝိုက်ရှိ ရပ်ကွက်များမှာ လုံးဝ ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။ အဆောက်အအုံ အများစု ပြိုကျသွားခဲ့ပြီး အောက်ရှိ မြေကျင်းကြီးမှာလည်း ပို၍ပင် ကျယ်လာခဲ့သည်။ ရေမြောင်းတစ်ခုမှာ ပေါက်ကွဲသွားဟန်တူကာ အလောင်းများနှင့် ပြည့်နှက်နေသော နောက်ကျိကျိ ရေများမှာ လျင်မြန်စွာ စီးဆင်းထွက်လာ၏။

သွေးများ ဆက်တိုက်ထွက်နေခြင်းကြောင့် ကျိကျစ်ရှို့၏ အမြင်အာရုံမှာ မှုန်ဝါးစပြုနေပြီ ဖြစ်သည်။ သူမက တကယ်ပင် အားမကောင်းသေးသည်မှာ သေချာသည်။

မုဆိုးအလောင်းများမှာ နေရာအနှံ့ ပြန့်ကျဲနေသော်လည်း ဝမ်းနည်းစရာ ကောင်းစွာပင် သူတို့မှာ လူသားနှင့် လုံးဝတူညီခြင်း မရှိတော့ပေ။ အမွေးကြမ်းများ၊ မျက်လုံးများ နှင့် အသားမာအဖုများမှာ သူတို့၏ ခန္ဓာကိုယ်အနှံ့ ပေါက်ရောက်နေသည်။ သူတို့မှာ လူသားများ မဟုတ်တော့ဘဲ အိပ်မက်သားရဲများ ဖြစ်သွားခဲ့ကြပြီ ဖြစ်သည်။

ဝံပုလွေဖြူများ၏ နောက်ဆုံး ကြိုးပမ်းမှုမှာ အံ့မခန်း ရူးသွပ်စရာပင် ကောင်းလွန်းလှသည်။ သားရဲတစ်ပိုင်း အသွင်ဖြင့် ရှိနေသည့် ဟယ်ရစ်၏ မျက်လုံးများထဲတွင်ပင် သွေးဆာမှုများ ပြည့်နှက် နေခဲ့ကာ လူသား တစ်ဦး၏ အသိစိတ် အရိပ်အယောင် တစ်ခုပင် မရှိတော့ချေ။

ဝံပုလွေဖြူများထံတွင် အသက် ဆက်လက်ရှင်သန်ဖို့ ရည်ရွယ်ချက် မရှိတော့ချေ။ ပြန်ဆုတ်လို့မရသည့် အခြေအနေတွင် သူတို့သည် လက်စားချေရန် တစ်ခုတည်း အတွက် အစွမ်းကုန် ပုံအောနေကြသည်။

ဝေါင်း...

ဟယ်ရစ်က ကောင်းကင်ကို မော့ကြည့်ကာ အော်ဟစ် လိုက်၏။ ထို့နောက် သူက လက်သီးများဖြင့် မြေပြင်ကို ဆောင့်ထိုးချလိုက်ရာ မြေပြင်မှာ ဖွာလန်ကြဲ သွားသည်။

သူက အရူးတစ်ပိုင်း အော်ဟစ် ရယ်မောလိုက်ရင်း မုဆိုး အလောင်းပုံ အစုအဝေး တစ်ခုကို အောက်ဖက်ရှိ စီးဆင်းနေသော ရေထဲသို့ ပစ်ချလိုက်သည်။

ဗွမ်း... ဗွမ်း... ဗွမ်း..

အလောင်းများ ရေထဲသို့ ပြုတ်ကျသွားသည့် အသံများကို ကြားလိုက်ရလေရာ ကျိကျစ်ရှို့ မနေနိုင်ပဲ အောက်သို့ ငုံ့ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင်ပင်... နောက်ကျိနေသော ရေထဲ၌ မှိန်ဖျော့ဖျော့ ရေဝဲတစ်ခု ဖြစ်ပေါ်နေသည်ကို သူမ မြင်လိုက်ရသည်။

မကောင်းသော အတိတ်နိမိတ် တစ်ခုမှာ မိန်းကလေး၏ စိတ်အတွင်း လျှပ်တစ်ပြက် ဖြတ်ပြေးသွား၏။ သူမ မျက်လုံးများကို မှိတ်လိုက်မိ၏။ တိုက်ပွဲ တစ်လျှောက်လုံး ဟယ်ရစ်မှာ ထိုမြေကျင်းနားမှ တစ်ဖဝါးမှ မခွာခဲ့ဖူးကြောင်း သူမ သတိရလိုက်မိသည်။ ထို့အပြင်... သူက တိုက်ပွဲ အတွင်း သေဆုံးသွားခဲ့သည့် မုဆိုးများ၏ အလောင်းများကိုသာ အဆက်မပြတ် ဤအပေါက်ထဲသို့ ပစ်ချနေခဲ့သည်။

‘တစ်ခုခု မှားနေပြီ... သူ တမင်တကာ လုပ်နေတာပဲ...’

ကျိကျစ်ရှို့ မျက်လုံးများကို ပြန်လည် ဖွင့်လိုက်၏။ ထိုအခိုက်တွင်ပင် လျှပ်ပန်းလျှပ်နွယ်များက ဖျပ်ခနဲ လက်သွားလေရာ ဟယ်ရစ်၏ မျက်နှာကို မြင်လိုက်လေသည်။

ထိုသားရဲတစ်ပိုင်း၏ မျက်နှာပေါ်တွင် ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ပူဇော်သက္ကာရတွေ နောက်ဆုံးတော့ လုံလောက်သွားပြီ... ဟား ဟား..."

ဟယ်ရစ်က လက်များကို ဆန့်တန်းလိုက်ရာ စီးဆင်းနေသည့် ရေအောက်မှ သွေးနီရောင် အလင်းများ ထိုးတက် လာခဲ့သည်။ တဒင်္ဂချင်းပင် ၎င်းတို့က သွေးနီရောင် ရောင်ခြည်တန်း တစ်ခု အဖြစ် စုစည်းထားကာ သတ်မှတ်ထားသည့် နေရာသို့ ဦးတည် ပစ်လွှတ်လိုက်လေ၏။

ဘုန်း... ဘုန်း... ဘုန်း...

အလားတူ အလင်းတန်း လေးခုမှာ အခြား နေရာလေးခုမှ ထွက်ပေါ်လာခဲ့ပြီး နောက်ဆုံးတွင် အမှန်တကယ် သားဖောက်စက် ရှိရာ နေရာသို့ ဆင်းသက်သွားခဲ့လေသည်။

ခရက်... ခရက်...

သားဖောက်စက်မှာ တဖြည်းဖြည်း ကွဲအက်လာကာ အတွင်းပိုင်းရှိ ခရစ်စတယ် ပန်းမှာ အပြည့်အဝ ပွင့်လန်းလာ၏။ တောက်ပြောင်လှသည့် ကြေးမုံနှင့် တူသော အလယ်ဗဟိုတွင် သွေးရောင် အစက် တစ်ခု ပေါ်လာပြီးနောက် ပေပွသွားသည်။

ထို့နောက်တွင်... ကြေးမုံမှာ ဥခွံကွဲသကဲ့သို့ အက်ကွဲသွားကာ အတွင်းပိုင်းမှ လျှို့ဝှက် ဆန်းကြယ်သော လျှိုမြှောင်နက် တစ်ခုကို ပေါ်လာခဲ့လေသည်။

ဘုန်း...

မြေပြင်မှ အနီရောင် လျှပ်စီးကြောင်းများ ထိုးထွက်လာကာ သည်းကြီးမည်းကြီး ရွာသွန်းနေသည့် ကောင်းကင်ကို နှစ်ပိုင်းခွဲလိုက်သည်။

ကျိကျစ်ရှို့ တစ်ယောက် ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမျှင်များ အားလုံး ထောင်မတ်သွားကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

မိုးတိမ်နက်များ အတွင်းတွင်... တောင်ကြီးတစ်လုံး အရွယ် ဧရာမ လူပုံသဏ္ဌာန် ပုံရိပ်ကြီး တစ်ခုမှာ ဖြည်းညှင်းစွာ ထရပ်လာ၏ ၎င်း၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လျှပ်စီးများ တဖျပ်ဖျပ်လက်နေသည်။

၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ ကြမ်းတမ်း ခက်ထန်သည့် အကြေးခွံများဖြင့် ဖုံးအုပ်ထား၏။ ပုံပျက်နေသည့် ဦးခေါင်းထက်တွင် များလှစွာသော နှာခေါင်းများမှာ အဆက်မပြတ် လှုပ်ရှားနေ၏။ ချွန်ထက်လှသည့် သွားတန်းများကြားမှ အသက်ရှူသံမှာ မိုးကြိုး ထစ်ခြိမ်းသံ အလား ထင်ရသည်။

ဝေါ... ဝေါ...

သူ၏ ခန္ဓာကိုယ်ပေါ်သို့ ရွာသွန်းကျနေသည့် မိုးရေစက်များမှာ ရေတံခွန်ကြီး တစ်ခု သဖွယ် အောက်သို့ စီးဆင်းကျနေ၏။

ဟယ်ရစ်၏ မျက်လုံးများမှာ ပြင်းပြသည့် သက်ဝင် ယုံကြည်မှု၊ စိတ်ဆန္ဒများနှင့် ပြည့်နှက်နေကာ ရူးသွပ်စွာပင် အော်ဟစ် မြည်တမ်း လိုက်သည်။

"အို... ဘုရားသခင်..."

"ဝမ်းမြောက်ကြလော့... သူ မွေးဖွားလာခဲ့ပြီ... ဟား ဟား ဟား ဟား"

...

ဗဟိုခရိုင်၊ အမှန်တရား အသင်းတော် အထွေထွေရုံး၊ အမြင့်ဆုံးထပ်ရှိ အစည်းအဝေးခန်းမ အတွင်း၌...

လူတိုင်းမှာ ဖန်သားပြင်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြရင်း စက်မှ ထွက်ပေါ်လာသည့် အသံများကို နားထောင်နေကြသည်။

"အဖြူရောင် ၃၊ အဆင့် ၄ လက်နက်စတိုးမှ ခွင့်ပြုပေးဖို့ မဲပေးတယ်..."

"အဖြူရောင် ၃ က အီသာ ဖျက်ဆီးရေး အမြောက်ကို ခွင့်ပြုပေဖို့ မဲပေးပါတယ်"

"အဆို အောင်မြင်ပါတယ်"

"ဌာနအားလုံး ကိုယ့်နေရာကို ပြန်သွားကြပါ... အသင့် နေရာယူကြပါ... အီသာ ဖျက်ဆီးရေး အမြှောက်ကို ပြင်ဆင် နေပါတယ်”

***

All Chapters