အက်ကာမန်၏ ဆုံးဖြတ်ချက်
Vol. 7 Ch. 86
အက်ကာမန် တစ်ယောက် အမှန်တရား အသင်းတော်၏ ရုံးခန်းသို့ တစ်ဖန် ပြန်လည် ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။
ရုံးခန်းမှာ ကျယ်ဝန်းကာ ရိုးရှင်းသော်လည်း အလှဆင်ထားသည့် ပုံစံကတော့ သိပ်မရိုးလှချေ။ နာမည်ကြီး အနုပညာရှင်များ၏ ဆီဆေးပန်းချီကားများကို နံရံများပေါ်တွင် ချိတ်ဆွဲထားပြီး ထူထဲသော ကော်ဇော်များကို ကြမ်းပြင်ကို ဖုံးအုပ်ထားသည်။
ဤနေရာမှာ အက်ကာမန် ဖျက်ဆီးခြင်း အဆင့် အောက်လမ်း မှော်ပညာရှင် ‘မျက်နှာမဲ့ မဟူရာ အကြေးခွံပိုင်ရှင်’ ဝယ်လ်၏ ဆုကြေးကို ယူဆောင်ခဲ့သော နေရာလည်း ဖြစ်သည်။
အမှန်တရား အသင်းတော်၏ ဒုတိယ ဥက္ကဋ္ဌ အင်ဒရူးမှာ အက်ကာမန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေခဲ့၏။
“ခင်ဗျား ယူထားတဲ့ မစ်ရှင်ကို စွန့်လွှတ်ချင်တယ်လို့ ပြောတာလား”
အင်ဒရူး က တည်ငြိမ်စွာ မေးလိုက်သည်။
...
အက်ကာမန် သည် အမှန်တရား အသင်းတော်ကို အကြိမ် မည်မျှပင် ရောက်ခဲ့ပါစေ... ထိုပတ်ဝန်းကျင်ကို တစ်ခါမျှ ကျင့်သား မရနိုင်ခဲ့ပေ။
မုဆိုး တစ်ဦး၏ ဘဝတွင် သွေး၊ သတ်ဖြတ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ ရှုပ်ထွေးပွေလီမှုနှင့် ရူးသွပ်မှုတို့မှာ ဘဝ၏ အစိတ်အပိုင်းအချို့မျှသာ ဖြစ်သည်။ တစ်နည်းဆိုရသော် မုဆိုးများမှာ လူ့အရေခွံခြုံထားသော သားရဲတိရစ္ဆာန်အုပ်စုမျှသာ ဖြစ်သည်။
သားရဲအသွင်ပြောင်းခြင်း ဖြစ်စဉ်တွင် သူတို့မှာ လူသားပုံစံကို ဆက်လက်ထိန်းထားရန် နည်းလမ်းမရှိတော့ဘဲ လူသား အဖြစ် ကျန်ရှိနေသည့် တစ်ခုတည်းသောအရာမှာ နှလုံးသား၏ အနှစ်သာရ တစ်ခုတည်းသာ ဖြစ်သည်။
မုဆိုးတို့၏ ဘဝမှာ အလွန် ရိုးရှင်းသော်လည်း ရိုင်းစိုင်းကြမ်းတမ်းလှသည်။
ဤအရာမှာ အသိပညာနှင့် ဆင်ခြင်တုံတရားကို ကိုးကွယ်သည့် အမှန်တရား အသင်းတော် နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
ရုံးခန်းမှာ အမှန်တရား အသင်းတော် ၏ အထွေထွေဌာနချုပ် အပေါ်ထပ်တွင် တည်ရှိသည်။ ၎င်းမှာ သန့်ရှင်းသပ်ရပ်ပြီး အများအားဖြင့် သားရေ၊ မှန်များဖြင့် ဖွဲ့စည်းထားသည်။ ပရိဘောဂများမှာ ခမ်းနား ကြွယ်ဝလှပြီး အပြင်အဆင်မှာ လိုလေသေး မရှိသည် အထိ ပြီးစုံသည်။
သို့သော်လည်း... အက်ကာမန် အတွက် အနေရအထိုင်ရ အခက်ဆုံးမှာ အနံ့အသက် လုံးဝမရှိခြင်း ပင် ဖြစ်သည်။ အပြင်အဆင်များ မည်မျှပင် ခမ်းနားပါစေ... ထိုနေရာ၌ တည်ရှိနေသည့် အေးစက်စက် လေထု ကို ဖုံးကွယ်၍ မရနိုင်ပေ။
အဆောက်အဦ တစ်ခုတည်းသာ မကပဲ အထဲရှိ လူများမှာလည်း အတူတူပင် ဖြစ်သည်။
တိတိကျကျဆိုရသော်... အမှန်တရား အသင်းတော် အဖွဲ့ဝင်အများစု၏ အနံ့အသက်များမှာ အလွန်ဖျော့တော့ပြီး တစ်သမတ်တည်း ဖြစ်နေသည်။ သူတို့မှာ တင်းကျပ်သည့် အချိန်ဇယားများ အတိုင်း ဘဝကို ဖြတ်သန်းကြပြီး နေ့စဉ်နှင့်အမျှ ဓာတ်ခွဲခန်းများ၊ စာသင်ခန်းများထဲတွင်သာ အချိန် ကုန်ဆုံးကြသည်။
သူတို့က မလိုအပ်သော လုပ်ဆောင်မှုများကို လုပ်ဆောင်ခဲလေရာ သူတို့ကို ညစ်ညမ်းစေမည့် အခြားသော အနံ့များ ရှိမနေပေ။
ထိုသို့သော ပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခြင်းက သူတို့ကို အသိပညာ သဘောတရားနှင့် ပေါင်းစပ်သွားသည့်အလား ဖြစ်စေခဲ့ကာ ဦးနှောက်မှာလည်း အနည်းငယ် ဟာလာဟင်းလင်း ဖြစ်နေပုံရသည်။ ကျန်ရှိနေသည့် တစ်ခုတည်းသော အေးစက်စက် ရနံ့မှာ 'အသိပညာအပေါ် ဆာလောင်မွတ်သိပ်ခြင်း' ရနံ့ပင် ဖြစ်သည်။
အက်ကာမန်မှာ ယနေ့တွင် ဝတ်ကောင်းစားလှ ဝတ်ဆင် မထားချေ။ ပင်ပန်းနွမ်းနယ်နေသည့် သာမန် လုပ်သားလူတန်းစား တစ်ဦး၏ ပုံစံကိုလည်း ယူမထားပေ။
သူက မျက်နှာဖြူဖျော့ပြီး ဆိုးသွမ်းသော ပုံစံရှိသည့် အနက်ရောင် ဝတ်စုံဝတ် မုဆိုးတစ်ဦးသာ ဖြစ်နေသည်။ သူက အသက် ၂၀ ခန့်ရှိဟန်ရပြီး၊ ပိန်သွယ်သော ခန္ဓာကိုယ်နှင့် အေးစက်ပြီး အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ လူများက သူ၏ ပုံစံမှာ တစ်ညလုံး မိုးလင်းသည် အထိ စောင့်ပြီးမှ ခေါင်းလောင်းစင်မှ ခေါင်းလောင်းကို တီးသည့် ခေါင်းလောင်းထိုးသမား နှင့်တူသည်ဟု ပြောဆိုကြသည်။ အမှန်တကယ်လည်း အက်ကာမန်မှာ သားကောင်ကို ရင်ဆိုင်ရသည့်အခါတွင် သည်းခံခြင်း အတော်အတန် ရှိသည်။
အမှန်တရား အသင်းတော်၏ ဒုဥက္ကဋ္ဌ အင်ဒရူးမှာ သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေခဲ့သည်။ ကောလာဟလများအရ အင်ဒရူးမှာ ငယ်ရွယ်စဉ်ကပင် ဆွဲဆောင်မှုရှိခြင်း နှင့် မိန်းမလိုက်စားခြင်း တို့ကြောင့် အမှန်တရား အသင်းတော် အတွင်း၌ တစ်သီးပုဂ္ဂလဆန်သူ ဖြစ်ခဲ့သည်ဟု ဆိုသည်။
အကျော်ကြားဆုံး ဖြစ်ရပ်မှာ အိုင်းရစ်မျိုးနွယ်စု၏ သူတော်စင်နှင့် လျှို့ဝှက်ဆက်ဆံရေးရှိခဲ့ပြီး နောက်ဆုံး၌ ကွယ်ပျောက်သွားခြင်းပင် ဖြစ်သည်။
ယခုအခါတွင် အင်ဒရူးမှာ အသက်ကြီးနေပြီ ဖြစ်သော်လည်း သူ၏ နက်ရှိုင်းသော မျက်လုံးအိမ်များ နှင့် ထင်ရှားသော နှာတံ တို့မှာ ယောက်ျားပီသသော ဆွဲဆောင်မှု ကို ထုတ်ဖော်ပြသနေဆဲ ဖြစ်သည်။ သူက အနောက်တိုင်း ဝတ်စုံကို အပြည့်အဝ ဝတ်ဆင်ထားကာ သမုဒ္ဒရာ အပြာရောင် မျက်လုံးများမှာ အထူးပင် စွဲမက်ဖွယ်ကောင်းနေ၏။
အကယ်၍ အင်ဒရူးသာ တော်ဝင် အသိုင်းအဝိုင်းမှ စီစဉ်သည့် ဗဟိုခရိုင် အားကစားပြိုင်ပွဲသို့ သွားရောက်ပါက အမျိုးသမီးများထံမှ နှစ်လိုဖွယ် အကြည့်များစွာကို ရရှိနိုင်ဖွယ် ရှိသည်။
အင်ဒရူးမှာ တစ်ဖက်ရှိ မုဆိုးကို တင်းမာသော အကြည့်ဖြင့် စိုက်ကြည့် နေ၏။ သူက မျက်တောင်မခတ်ဘဲ မေးလိုက်သည်။
"ငါ သေချာ မှတ်မိတယ်ဆိုရင် မင်းက ဖျက်ဆီးခြင်း အဆင့် (D-rank) အတွက် အကဲဖြတ်ခံယူဖို့ အတော်လေး စိတ်အားထက်သန်နေခဲ့တာ... ဟုတ်တယ် မဟုတ်လား"
အတွင်းစိတ်ထဲတွင်တော့ အင်ဒရူးမှာ အံ့သြတုန်လှုပ်နေပြီး မည်သည့်အရာ မှားယွင်းသွားသည်ကိုလည်း နားမလည်နိုင် ဖြစ်နေခဲ့သည်။ ဆုကြေးငွေကို လက်ခံခဲ့သည့် အလွန်ရည်မှန်းချက်ကြီးသော မုဆိုးမှာ ရက်အနည်းငယ် အကြာတွင်ပင် ပြန်လာကာ တာဝန်ကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့သည်။
ဆုကြေးအား လက်ခံစဉ် အခါက အက်ကာမန်မှာ စိတ်ပိုင်းဖြတ်မှုရှိပြီး လျင်မြန်စွာ လုပ်ဆောင်မည့်သူ ဟု အင်ဒရူး ယုံကြည်ခဲ့သည်။ သို့သော်လည်း... ဤတိုတောင်းသော အချိန်အတွင်းမှာပင် သူက လုံးဝ စိတ်ပြောင်း သွားခဲ့သည်။
အမှန်တရား အသင်းတော် သိထားသည့် အခြေအနေအရ... အက်ကာမန်မှာ ပထမအဆင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ် ပြီးစီးခဲ့ပြီးဖြစ်သည်။ တစ်နည်းအားဖြင့်... စာအုပ်ဆိုင်အား သွားရောက် စုံစမ်း လေ့လာခဲ့ခြင်းကို ဆိုလိုပေသည်။ အမှန်တရား အသင်းတော်မှာ ထိုအချိန်ကို စောင့်ကြည့် ခဲ့သည်။
ထိုအတောအတွင်း အီသာစွမ်းအင် ပြောင်းလဲမှု အရိပ်အယောင် တစ်ခုပင် မရှိခဲ့ချေ။ လေ့လာ တွေ့ရှိချက်များအရ... စာအုပ်ဆိုင်မှာ အက်ကာမန် ဝင်သွားသည့် တစ်လျှောက်လုံး ငြိမ်းချမ်း နေခဲ့ကာ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ပုံမရပေ။
ဆိုလိုသည်မှာ... တစ်ဖက်ရှိ မုဆိုးမှာ လုပ်ငန်းတာဝန်များကို မစတင်မီကပင် စွန့်လွှတ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်သည်။ မည်သည့် အရာများ ဖြစ်နေသနည်း။
ဖြစ်နိုင် တစ်ခုသာ ရှိသည်။ အက်ကာမန်မှာ စာအုပ်ဆိုင်ထဲသို့ ဝင်သွားပြီး စာအုပ်ဆိုင် ပိုင်ရှင်နှင့် စကားစမြည် ပြောဆိုခဲ့သည်။ ထိုအချိန်အတောအတွင်းမှာပင် စာအုပ်ဆိုင်ပိုင်ရှင်မှာ စကားလုံးများ သက်သက်ဖြင့် အက်ကာမန်၏ တိုက်ပွဲဝင် စိတ်ဓာတ်ကို ပျက်ပြားစေခဲ့သည်။ သို့သော်လည်း... ထိုအရာက လုံးဝ အဓိပ္ပာယ် မရှိပါချေ။
အင်ဒရူး ယုတ္တိဗေဒ ကို အသုံးပြုကာ ကျိုးကြောင်း ဆီလျော်ဆုံး အကြောင်းပြချက်များကို ဖော်ထုတ်ဖို့ ကြိုးပမ်း နေခဲ့၏။ သို့သော်လည်း... သူ မသိသည့် အခြားအချက်တစ်ခုခု ရှိနေသည်ဟု ခံစားခဲ့ရသည်။
အက်ကာမန်ကခေါင်းညိတ်ပြီး ထိုအချက်ကို ဝန်ခံလိုက်၏။
"မှန်ပါတယ်... ကျွန်တော် အကဲဖြတ်ခြင်းကို တကယ်ပဲ မျှော်လင့်ခဲ့ပါတယ်"
အင်ဒရူးက မျက်မှောင်ကြုတ်လိုက်သော်လည်း စိတ်ကို တည်ငြိမ်အောင် ဆက်လက် ထိန်းသိမ်းကာ မေးလိုက်သည်။
"ဒါဆို ဘာလို့ အခု စွန့်လွှတ်ဖို့ ရွေးချယ်တာလဲ... လောလောဆယ် ဝယ်လ်ရဲ့ ဆုကြေးက ဖျက်ဆီးခြင်း အဆင့် ဆုကြေးတွေထဲမှာ အလွယ်ဆုံးပဲ... ငါ ပြောချင်တာက အခြားလူတွေထက် သူ့ရဲ့ သဲလွန်စတွေကို ရှာဖွေဖို့ ပိုလွယ်တယ်လေ... နောက်ပြီး ဆုကြေးကလည်း အတော်လေး များတယ်... မင်းမှာလည်း လိုအပ်တဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ ရည်မှန်းချက်တွေ ရှိခဲ့တာပဲ... နောက်ပြီး"
အက်ကာမန်က အင်ဒရူးကို တင်းမာစွာ စိုက်ကြည့်လိုက်ရင်း ရိုင်းစိုင်းစွာဖြင့် ကြားဖြတ် ပြောဆိုလိုက်သည်။
"ဒုဥက္ကဋ္ဌ အင်ဒရူး... ကျွန်တော် ဘာကြောင့် စွန့်လွှတ်ဖို့ ရွေးချယ်တယ်ဆိုတာကို အမှန်တရား အသင်းတော်အနေနဲ့ အပြည့်အဝ စုံစမ်းစစ်ဆေးဖို့ မလိုအပ်ဘူးလို့ ထင်ပါတယ်... ဘာပဲဖြစ်ဖြစ် ဒါဟာ ခင်ဗျားတို့ လူတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စမဟုတ်သလို ဒီလိုမျိုး လုပ်ပိုင်ခွင့် ရှိတဲ့ စည်းမျဉ်းလည်း မရှိပါဘူး"
"...”
အင်ဒရူးက ခေါင်းညိတ်လိုက်သည်။
"ဒါကတော့ မှန်ပါတယ်... ဒါပေမဲ့ နော်ဇင်ရဲ့ ဘေးကင်း လုံခြုံရေးကို ထည့်သွင်းစဉ်းစားပြီး မင်း နားထောင်သင့်တယ်... ခုနောက်ပိုင်း နော်ဇင်ဟာ သိပ်ပြီး ငြိမ်းချမ်းမှု မရှိဘူး... ဝယ်လ်တို့လို ပုန်းကွယ်နေတဲ့ အန္တရာယ်တွေကို တစ်ယောက်ယောက်က ကူညီဖြေရှင်းပေးနိုင်ဖို့ ငါတို့ဘက်က တကယ် မျှော်လင့်တယ်"
အမှန်တရားအသင်းတော်မှာ အက်ကာမန်၏ ဆန္ဒကို အခွင့်ကောင်းယူ၍ ဖျက်ဆီးခြင်း အဆင့် မုဆိုး တစ်ဦး၏ အကူအညီနှင့် အတူ S အဆင့်ဇုန် ကို စုံစမ်းစစ်ဆေးဖို့ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... တာဝန်ကို စွန့်လွှတ်လိုသည့် အက်ကာမန်၏ ရုတ်တရက် ဆုံးဖြတ်ချက်က အခြေအနေကို အတော်လေး အဆင်မပြေ ဖြစ်စေခဲ့သည်။
အကယ်၍ အတင်းအကြပ် ဆက်လက် ဆွဲဆောင်ရန် ကြိုးပမ်းနေပါကလည်း သူတို့ထံတွင် အခြားရည်ရွယ်ချက်များ ရှိနေကြောင်း အက်ကာမန် ရိပ်မိလာလိမ့်မည် ဖြစ်သည်။ အင်ဒရူး ရင်ထဲမှ စိတ်ပျက်အားငယ်မှုများကို ထိန်းချုပ်ရင်း စကားလုံးများကို မြိုချလိုက်ရ၏။
"ဒါဆိုရင် တကယ် စိတ်မကောင်းပါဘူးဗျာ... ကျွန်တော့်လို လူမျိုးက လူအများရဲ့ ဘေးကင်းလုံခြုံမှုကို ထိန်းသိမ်းတဲ့ နေရာမှာ စိတ်ဝင်စားမှု သိပ်မရှိပါဘူး... ဒါဟာ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားအတွက် သက်သက်ပါပဲ"
အက်ကာမန်က တည်ငြိမ်စွာ ဆက်လက်၍ ပြောလိုက်သည်။
"မစ္စတာ အင်ဒရူးဆီမှာ ကျွန်တော့်အကြောင်း အသေးစိတ် အချက်အလက်တွေ ရှိမယ်လို့ ထင်ပါတယ်... မရှိရင်တောင် ကျွန်တော်တို့လို မုဆိုးတွေကိုတော့ ရင်းနှီးပြီးသား ဖြစ်မှာပါ... ကျွန်တော်တို့ဟာ တန်ဖိုးရှိတဲ့ သားကောင်ကိုသာ လိုက်ရှာပါတယ်... ကိုယ်ပိုင် အကျိုးအမြတ်ကိုပဲ လိုလားပါတယ်... အခက်အခဲတွေကို ရှောင်ရှားတတ်တဲ့ အတ္တသမားတွေ ဖြစ်ပါတယ်"
အက်ကာမန်မှာ အင်ဒရူး စိတ်ကူးထားသည်ထက် များစွာ ပို၍ ထက်မြက် သည်။ မုဆိုးတစ်ဦး၏ ဘဝမှာ သတ်ဖြတ်မှုများစွာဖြင့် ပြည့်နေသော်လည်း ထိုအတွင်းတွင်သာ ကန့်သတ်ထားသည် မဟုတ်ပါချေ။ သူက စကားပြောဆိုရာတွင်လည်း ကျွမ်းကျင် လိမ္မာပေသည်။
အက်ကာမန် အင်ဒရူးကို စိတ်ထဲမှ လှောင်ပြောင် လိုက်မိ၏။ သူက မုဆိုးများ အတွက် ကိုယ်ပိုင်အဖွဲ့အစည်း တစ်ခုကို ထူထောင်ရန် ဆန္ဒရှိသည်။ အချို့သော ရှုထောင့်များမှ ကြည့်လျှင် သူတို့မှာ အမှန်တရား အသင်းတော်၏ ရန်သူများ ဖြစ်လာလိမ့်မည်။
ဤအမြတ်ထုတ် အဖွဲ့အစည်းမှာ စာအုပ်ဆိုင်ပိုင်ရှင်၏ စွမ်းအား မည်မျှကြီးမားသည်ကို အတိအကျ မသိသေးပေ။ သူ့ဘက်က ရှင်းပြမည်လည်း မဟုတ်ချေ။ သူတို့ကို အမှောင်ထဲတွင်သာ ဆက်လက် ထားရှိမည် ဖြစ်သည်။
အင်ဒရူးက အက်ကာမန်၏ စကားလုံးများထဲမှ ထူးခြားချက် တစ်ခုကို သတိထားမိလိုက်၏။ အကျိုးအမြတ်ကို လိုလားပြီး အခက်အခဲကို ရှောင်သည်းသည်... သူက မည်သူ့ကို အခက်အခဲဟု ရည်ညွှန်းနေသနည်း။ အက်ကာမန်မှာ ‘ဝယ်လ်’ ကို မဟုတ်ပဲ အခြား တစ်ဦးကို ရည်ညွှန်းနေသည်ဟု အင်ဒရူး ခံစားလိုက်မိသည်။
စာအုပ်ဆိုင်ပိုင်ရှင် မဟုတ်လျှင်... သူက အမှန်တရား အသင်းတော်ကို ရည်ညွှန်းနေခြင်းလည်း ဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင်... သူက အမှန်တရား အသင်းတော်၏ ရည်ရွယ်ချက်ကို သဘောပေါက် သွားခဲ့သည်လား။
အက်ကာမန်မှာ စာအုပ်ဆိုင်ပိုင်ရှင်ထံမှ တစ်ဆင့် တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားခဲ့သည်လား။ စာအုပ်ဆိုင်ပိုင်ရှင်မှာ နာရီပိုင်းပင် မကြာလိုက်သည့် တွေ့ဆုံချိန်ကလေး အတွင်း အက်ကာမန်ကို သွေးထိုးလှုံ့ဆော်ခဲ့ခြင်း ဖြစ်နိုင်သည်။
***