← Chapters

ရုတ်ချည်း ပြောင်းလဲမှု

Vol. 7 Ch. 87

ရုတ်ချည်း ပြောင်းလဲမှု

Vol. 7 Ch. 87

အင်ဒရူး တစ်ယောက် ရင်ထဲတွင် သံသယများ ပြည့်နှက်နေသော်လည်း အက်ကာမန်ကို ဆက်လက် ဖိအားပေး၍ မရနိုင်တော့ကြောင်း သဘောပေါက်လိုက်ပြီ ဖြစ်လေသည်။ သူ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ရင်း အေးစက်စက်နှင့် ကျက်သရေရှိသည့် အပြုံးကို ဆက်လက် ထိန်းသိမ်းထားသည်။

"မင်းဘက်က အသေအချာကြီး ဆန္ဒရှိနေတယ် ဆိုရင် ငါ မင်းကို အကြံမပေးတော့ပါဘူးလေ... ဒါပေမဲ့ တစ်ခုတော့ သတိပေး ပါရစေ... ဝယ်လ် အတွက် ဆုကြေးကို မင်းရဲ့ အကဲဖြတ်မှု အတွက် လက်ခံခဲ့တယ် ဆိုတဲ့ သတင်းကို လူသိရှင်ကြား ကြေညာခဲ့ပြီးပြီ... ဒါကြောင့် မင်း စွန့်လွှတ်တယ် ဆိုတဲ့ သတင်းကိုလည်း လူသိရှင်ကြား ထုတ်ပြန်သွားမယ်... ကန့်ကွက်စရာများ ရှိသလား"

အက်ကာမန် စိတ်ထဲမှ ရယ်မောလိုက်မိ၏။ အင်ဒရူးမှာ ဂုဏ်သတင်းနှင့် ခြိမ်းခြောက်ဖို့ ကြိုးပမ်းနေခြင်း ဖြစ်သည်။ မုဆိုးအသိုင်းအဝိုင်းတွင် မကောင်းသည့် ဂုဏ်သတင်းမှာ ဂုဏ်သတင်း မရှိခြင်းထက် ပိုမို ကောင်းမွန်ကြောင်း သူ သိပုံ မရချေ။

ငရဲဘုံ အဆင့် မုဆိုးတစ်ဦးအနေဖြင့် အက်ကာမန် ၏ ဂုဏ်သတင်းမှာ မထင်ရှားလှချေ။ မုဆိုးများကို စုစည်းရန် ရည်မှန်းချက် အတွက် အရင်ဆုံး သူ့ ဂုဏ်သတင်းကို မြှင့်တင်ရန် နည်းလမ်းတစ်ခု လိုအပ်နေသည်။

‘အမှန်တရား အသင်းတော်က ငါ့ကို မျက်နှာသာပေးနေတာပဲ... ဟား...’

အက်ကာမန် ကျယ်လောင်စွာ ရယ်မောမိလုနီးပါး ဖြစ်သွားခဲ့သည်။ သူ အံကို တင်းတင်းကြိတ်ရင်း မကျေမနပ်ဖြစ်ဟန်ဆောင်ကာ ထရပ်လိုက်သည်။

"ကန့်ကွက်စရာ မရှိပါဘူး..."

ထို့နောက် သူက ရုံးခန်းထဲမှ လေတိုက်ခတ်သကဲ့သို့ ထွက်ခွာသွားခဲ့တော့သည်။ အင်ဒရူးမှာ နေရာတွင်ပင် ဆက်လက် ထိုင်နေခဲ့၏။ သူ၏ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ဘယ်သူမှ မရှိတော့သည့် ရုံးခန်း အလွတ်ကို စိုက်ကြည့်ရင်း သူ တဖြည်းဖြည်း မျက်မှောင်ကြုတ် လိုက်သည်။

အတော်ကြာပြီးနောက် သူ ဆက်သွယ်ရေး ကိရိယာကို ထုတ်ယူပြီး လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ ထောက်လှမ်းရေးဌာနခွဲ သို့ ဖုန်းခေါ်ဆိုလိုက်သည်။

စာအုပ်ဆိုင်ပိုင်ရှင်မှာ သူတို့ အက်ကာမန် ကို အသုံးပြု၍ စာအုပ်ဆိုင်အား စုံစမ်း ထောက်လှမ်းနေသည်ကို တကယ်ပင် သိမြင်သွားခဲ့ပြီး၊ အက်ကာမန်အား မစ်ရှင်ကို စွန့်လွှတ်စေခြင်းဖြင့် တန်ပြန်တိုက်ခိုက်ခဲ့သည်။ ထိုအရာက ထိုပုဂ္ဂိုလ်မှာ ဝယ်လ်ကို ကူညီပေးနေသည်ဟု ဆိုလိုခြင်းလော။

စာအုပ်ဆိုင် ပိုင်ရှင်မှာ 'ဖော်ရွေသည်' ၊ အခြားသူများအား 'မျက်ကန်းတစ္ဆေမကြောက်' ကူညီပေးရခြင်းကို နှစ်သက်သည်ဆိုသော မှတ်ချက်များကို သူ မကြာခဏ ဆိုသလို ကြားဖူးခဲ့သည်။ ထိုကဲ့သို့ ဆိုလျှင် သူက အက်ကာမန်၏ မစ်ရှင်ကို ပြီးမြောက်အောင် ကူညီပေးသင့်သည် မဟုတ်လော။

သို့သော် ယခုအခါတွင် သူက အကူအညီ မပေးသည့်အပြင် အက်ကာမန်၏ ဂုဏ်သတင်းကိုပင် ထိခိုက်စေခဲ့သည်။ စာအုပ်ဆိုင်ပိုင်ရှင်၏ စွမ်းရည်အရ ဆိုလျှင် ဤအချက်ကို အလွယ်တကူ ကြိုတင်ခန့်မှန်းနိုင်ခဲ့သင့်သည်။

ထို့ကြောင့်ပင်... စာအုပ်ဆိုင်ပိုင်ရှင်၏ ရပ်တည်ချက်မှာ ‘ဝယ်လ်’ ဘက်သို့ အနည်းငယ် ယိမ်းနေသည်ဟု အင်ဒရူး သံသယ ဝင်မိသည်။

"ဟဲလို...”

ဖုန်းဖြေလာသူမှာ ဂျိုးဇက် မဟုတ်ဘဲ၊ ဂျိုးဇက် ၏ တပည့် ကလောက် ဟု ခေါ်သည့် သူရဲကောင်း ဖြစ်ကြောင်း အင်ဒရူး ချက်ချင်း မှတ်မိလိုက်သည်။

"ဒုဥက္ကဋ္ဌ အင်ဒရူး... ဘာများ ကူညီပေးရမလဲခင်ဗျာ..."

"ဂျိုးဇက် ရှိလား..."

အင်ဒရူးက မေးလိုက်၏။

"ဆရာက အိမ်ပြန်ခွင့်တင်ထားပါတယ်... ပြောချင်တာ ရှိရင် ကျွန်တော့်ကို ပြောပြလို့ ရပါတယ်... ထောက်လှမ်းရေးဌာနကို ကျွန်တော် ယာယီ တာဝန်ယူထားပါတယ်"

"S အဆင့် ဇုန် ၀၁၁၃ ရဲ့ အပြည့်စုံဆုံး ဖိုင် မင်းမှာ ရှိလား"

"ဟာ... တိုက်ဆိုင်လိုက်တာ... ဒီဖိုင်ကို မကြာသေးခင်ကမှ အပ်ဒိတ် လုပ်ထားတာဗျ... ဒါပေမဲ့ အဟမ်း... အဟမ်း... သတင်းအချက်အလက်တွေ ဆိုတာက အသစ်ဖြစ်လေလေ တန်ဖိုးရှိလေလေ ဆိုတာကို ခင်ဗျား သိပါတယ်နော်..."

ထိုကဲ့သို့ ပြောနေစဉ် ကလောက်၏ မျက်နှာက ရှက်ရွံ့မှုဖြင့် အနည်းငယ် မလုံမလဲ ဖြစ်နေ၏။ ဆရာ ဖြစ်သူလိုမျိုး မျက်နှာပြောင်ဖြင့် အပိုရန်ပုံငွေ တောင်းဆိုရဲသည် အထိ သူ သတ္တိမရှိသေးချေ။

သို့သော်လည်း... အင်ဒရူးကတော့ အရာအားလုံး ပုံမှန်အတိုင်း ဖြစ်နေသည့်အလား မဆိုင်းမတွပင် တုန့်ပြန်လိုက်သည်။

"ဘယ်လောက်လဲ"

ကလောက် တစ်ယောက် အံ့ဩသွားခဲ့၏။ ထိုကဲ့သို့ တုန့်ပြန်မှုမျိုးကို မျှော်လင့် မထားခဲ့လေရာ သူ အနည်းငယ် ပြာပြာသလဲ ဖြစ်သွားသည်။

"အာ... ခဏလေး စောင့်ပါဦး..."

သူ ဂျိုးဇက် ကြိုတင်ပြင်ဆင်ထားသော 'စျေးနှုန်းစာရင်း' ကို လှမ်းယူလိုက်သည်။ သို့သော်လည်း... ထိုအချိန်တွင် ဘေးနားရှိ ကွန်ပြူတာမှ နိုတီတစ်စောင် ဝင်လာခဲ့၏။ ကလောက် လှည့်ကြည့်လိုက်သောအခါ ဂျိုးဇက် ပို့ထားသော မက်ဆေ့ချ် ဖြစ်နေသည်ကို တွေ့ရသည်။

"ဖိုင် ၀၁၁၃ ကို ချိပ်ပိတ်ဖိုင်လို့ ပြောင်းလိုက် ကလောက်... အရင်စျေးနှုန်းစာရင်းကို မေ့ထားလိုက်... လုံးဝ ရောင်းလို့ မရတော့ဘူး”

"တောင်းပန်ပါတယ်..."

ကလောက် ဖုန်းထံသို့ ပြန်ရောက်လာ၏။

"မစ္စတာ အင်ဒရူး... ဒီအမှုဖိုင်ကို ရောင်းချလို့ မရနိုင်ပါဘူး...."

“...”

အင်ဒရူး တစ်ယောက် ဆွံ့အသွားခဲ့၏။ သူ ကြားလိုက်ရသည်က အမှန်တကယ် ဟုတ်၊ မဟုတ် ကိုယ့်နားကိုပင် သံသယဝင်သွားခဲ့မိသည်။

လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် နှင့် အမှန်တရား အသင်းတော် တို့မှာ အဆင့်သတ်မှတ်ချက် စာရင်းကို နှစ်စဉ် အပ်ဒိတ်လုပ်လေ့ ရှိကာ ပြန်လည် ဆန်းသစ်ရန် လိုအပ်သမျှကို အချိန်ကာလ များစွာ ကြာသည် အထိ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ အဆင့် S အမှုဖိုင်များ ဖြစ်လျှင်ပင် ဤအချက်က အပြောင်းအလဲ မရှိပါချေ။

လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ထံတွင်လည်း ဤအရောင်းအဝယ် ကိစ္စကို ငြင်းပယ်ရန် အကြောင်းပြချက် မရှိဟု အင်ဒရူး ယုံကြည်ခဲ့သည်။ သို့သော်လည်း လက်တွေ့တွင် ငြင်းပယ်ခံခဲ့ရသည်။

အင်ဒရူးကို ပိုမို၍ ဒေါသထွက်စေသည့် အရာက လွန်ခဲ့သည့် သုံးစက္ကန့်လောက် အကြာကပင် ကလောက်မှာ ဂျိုးဇက် ပုံမှန် လုပ်နေကျကဲ့သို့ အချက်အလက်များ အတွက် ဈေးကောင်းကောင်းဖြင့် အပေးအယူလုပ်ရန် ဟန်ပြင်နေခဲ့ခြင်း ဖြစ်သည်။

ဆိုလိုသည်က ထိုသုံးစက္ကန့် အတွင်း၌ပင် အမှုဖိုင်မှာ ဝယ်ယူနိုင်သည့်အခြေအနေမှ ရောင်းချလို့ မရနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ဆင်ခြင်တုံတရားနှင့် ကိုက်ညီပါ၏လော။

အင်ဒရူး၏ မျက်နှာမှာ မှောင်မိုက်သွား၏။ ထိုသုံးစက္ကန့်အတွင်းမှာပင် လူငယ်လေး၏ သဘောထားကို ပြောင်းလဲစေခဲ့သည့် အချက်တစ်ခုခု သေချာပေါက် ရှိနေသည်။

ထိုကဲ့သို့သော အချိန်မျိုးတွင်... ကလောက်အား မဆိုင်းမတွ လိုက်နာဖို့ အမိန့် ပေးနိုင်သူမှာ တစ်ဦးတည်းသာ ရှိသည်။

အနားယူခွင့်တင်ကာ တပည့်ဖြစ်သူကို တာဝန် လွှဲအပ်ထားသည် ဆိုသည့် ထောက်လှမ်းရေးဌာနခွဲ အကြီးအကဲ အေဗရာဟမ် ဂျိုးဇက်မှ တစ်ပါး မည်သူဖြစ်နိုင်ပါမည်နည်း။

"ဟူး..."

အင်ဒရူး လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်မိ၏။

"ငါ့ကို ဂျိုးဇက်နဲ့ စကားပြောခွင့်ပေး..."

အင်ဒရူးမှာ ထိုမျှ တိုတောင်းသည့် အချိန်အတွင်း အမှန်တရားကို ခန့်မှန်းနိုင်ခဲ့သည့်အတွက် ကလောက် အံ့သြခြင်း မရှိပါချေ။ မည်သို့ပင်ဆိုစေကာမူ... အပြောင်းအလဲမှာ ရုတ်တရက် ဖြစ်သွားခဲ့ခြင်း ဖြစ်ပြီး သူက ဂျိုးဇက် ၏ အမိန့်များကို နားထောင်နေခြင်း မျှသာ ဖြစ်သည်။

ကလောက် အသစ်လက်ခံရရှိထားသည့် မက်ဆေ့ချ်ကို တစ်ချက် ကြည့်လိုက်၏။

"စိတ်မကောင်းပါနဲ့ မစ္စတာ အင်ဒရူး... ဆရာ့မှာ ချက်ချင်း ကိုင်တွယ်ရမယ့် အရေးပေါ် ကိစ္စတွေ ရှိနေလို့ ခင်ဗျားနဲ့ ချက်ချင်း ဖုန်းပြောလို့ မရနိုင်သေးပါဘူး"

ကလောက်က ဆက်ပြောလိုက်၏။

"ခင်ဗျား မေးစရာများ ရှိတယ် ဆိုရင် ကျွန်တော့်ကို တိုက်ရိုက်မေးနိုင်ပါတယ်... ကျွန်တော် အကောင်းဆုံး ကူညီဖြေရှင်းပေးနိုင်ဖို့ ကြိုးစားပါ့မယ်"

"အိုး"

အင်ဒရူးက ဆိုဖာပေါ်သို့ ပြန်မှီလိုက်၏။ ထို့နောက် သူက အေးစက်စက် အမူအရာဖြင့် ပြောလိုက်လေသည်။

"ဒါဆို ကလောက်... အဲဒီအမှုဖိုင်ကို ဘာလို့ ရုတ်တရက် ရောင်းလို့ မရနိုင်တော့တာလဲဆိုတာ ရှင်းပြပေးနိုင်မလား..."

***

All Chapters