ဝံပုလွေဖြူများ၏ လှုပ်ရှားမှုများ
Vol. 7 Ch. 88
"ဒါဆို ကလောက်... အဲဒီအမှုဖိုင်ကို ဘာလို့ ရုတ်တရက် ရောင်းလို့ မရနိုင်တော့တာလဲဆိုတာ ရှင်းပြပေးနိုင်မလား..."
အင်ဒရူး၏ မေးခွန်းကို ကလောက်က ချောင်းဟန့်လိုက်ရင်း ယဉ်ကျေးမှု အပြည့်ဖြင့် ပြန်ဖြေလိုက်၏။
"ဒါတွေအားလုံးက ကျွန်တော့်ရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ရတာပါ... တကယ်တော့ S အဆင့် ဇုန် ၀၁၁၃ ရဲ့ ဖိုင်တွဲကို လျှို့ဝှက် အဆင့်ကနေ ချိပ်ပိတ် အဆင့်ထိ ပြောင်းလဲထားခဲ့တာပါ”
"ကျွန်တော်က ဆရာ့အလုပ်ကို အခုမှ ယာယီ တာဝန်ယူထားတာ ဖြစ်တဲ့ အတွက် သိပ်မရင်းနှီးသေးလို့ ဒီလို ချွတ်ချော်မှုအတွက် စိတ်ရင်းမှန်နဲ့ တောင်းပန်ပါတယ်... ဘာပဲဖြစ်ဖြစ် အဆိုးထဲက အကောင်းလို့ပဲ ဆိုရမှာပဲ... အရောင်းအဝယ် မလုပ်မိသေးတဲ့ အတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေ မဖြစ်ခဲ့ဘူး... "
"တကယ်လို့ လိုအပ်တယ်ဆိုရင်တော့ ဆရာ ကိစ္စတွေ ပြီးတဲ့ အချိန်ကို စောင့်ပြီး သူနဲ့ ကိုယ်တိုင် စကားပြောကြည့်ပေါ့... ဒါမှမဟုတ် အကြီးအကဲတွေကို ဆက်သွယ်ပြီး တိုက်ရိုက် စကားပြောမယ် ဆိုလည်း အဆင်ပြေလောက်တယ်”
ကလောက် 'ကျွန်တော်က ယာယီဝန်ထမ်းတစ်ဦးပါ' ဟူသည့် အကြောင်းပြချက်ကို အသုံးပြု၍ ကိုယ်လွတ်ရုန်းသွားခဲ့ပြီ ဖြစ်သည်။
အင်ဒရူး၏ အမူအရာက ပို၍ပင် ရုပ်ဆိုးလာ၏။ သူ အံကို တင်းတင်းကြိတ်ထားသော်လည်း ဘာမျှ လုပ်၍ မရနိုင်တော့ပေ။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် သည် ကိစ္စရပ်များကို စည်းမျဉ်းများအတိုင်းသာ ကိုင်တွယ်နေခြင်း ဖြစ်ပေသည်။
သို့သော်လည်း လျှို့ဝှက် ဓမ္မထုံထမ်း မျှော်စင်က အမှန်တရား အသင်းတော်ကို သစ္စာဖောက်ခံရသလိုမျိုး အင်ဒရူး ခံစားနေရသည်။ ထို့အပြင်... ခုတစ်မျိုး တော်ကြာ တစ်မျိုးဖြင့် သူ့ကို ကစားစရာ အရုပ်တစ်ခုလိုမျိုး အသုံးချနေသည်။
ထို့အပြင်... ကလောက်မှာ အမှုဖိုင်တွဲအား အဘယ်ကြောင့် ရုတ်တရက်ကြီး “ချိပ်ပိတ်” အဆင့်သို့ ပြောင်းလဲ ပစ်ခဲ့ရသည် ဆိုသည့် မေးခွန်းကို မဖြေသေးပဲ ဝေ့လည်ချောင်ပတ် လုပ်နေသည်။
အင်ဒရူးက စိတ်ကို တည်ငြိမ်အောင် ပြန်လည် ထိန်းလိုက်၏။
“တစ်လတောင် မပြည့်သေးတဲ့ အချိန် အတွင်းမှာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်က အဲဒီဖိုင်တွဲကို ဘာလို့ ချိပ်ပိတ် အဆင့် ဆိုပြီး ပြောင်းလိုက်ရတာလဲ... အဓိကက အဲဒီ စာအုပ်ဆိုင် ပိုင်ရှင်ရဲ့ ရပ်တည်ချက်ပဲ... သူ့ရဲ့ ရည်ရွယ်ချက်ကိုလည်း အတည်ပြုလို့ မရသေးဘူး... ဒါဟာ နော်ဇင်ရဲ့ လုံခြုံရေးနဲ့ အများကြီး ပတ်သက်နေတယ်... အဲဒီလို အရေးကြီးတဲ့ အချက်အလက်တွေကို အမှန်တရား အသင်းတော်ဆီ လွှဲပြောင်းပေးဖို့ ငြင်းဆိုရတဲ့ အကြောင်းရင်းက ဘာလဲ...”
"ဒါမှမဟုတ် မင်းဆရာ ဂျိူးဇက် အကဲဖြတ်ထားတဲ့ အချက်အလက်တွေက မှားနေလို့လား..."
“ခဏလောက်ပါ မစ္စတာ အင်ဒရူး...”
ကလောက်က ကြားဖြတ်ပြောလိုက်၏။ အင်ဒရူး ပိုမို၍ စိတ်တိုလာကာ နားထင် သွေးကြောများပင် ဖောင်းလာခဲ့သည်။ လက်ထဲရှိ ဆက်သွယ်ရေး ကိရိယာကို စိုက်ကြည့်ရင်း ၎င်းက ဖြည်းညင်းစွာ မေးလိုက်၏။
"ဒီတစ်ခါ ဘာလဲ"
"ဒါက အမှုဖိုင် တစ်ခုတည်း မဟုတ်တော့ဘူးဗျ...”
"ကျွန်တော် ရှင်းပြမှ ဖြစ်မှာ မလို့ပါ... အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေနဲ့ ဖြည့်စွက်မှုတွေ လုပ်ပြီးတဲ့ နောက်မှာ ဖိုင် ၀၁၁၃ ကို ဖိုင် ၀၁၁၄ အဖြစ် ချဲ့ထွင်ပြီးသွားပါပြီ... ဖိုင် ၀၁၁၃ က ဧရိယာအကြောင်း အစီရင်ခံစာ သက်သက်သာ ဖြစ်ပြီးတော့ ဖိုင် ၀၁၁၄ ကတော့ ဝန်ထမ်းပရိုဖိုင် ဖြစ်ပါတယ်... အဲဒီနှစ်ခုစလုံးကို ချိပ်ပိတ် အဖြစ် သတ်မှတ်ထားပါတယ်"
"နောက်ထပ် မေးခွန်း အတွက်တော့ အကြီးအကဲတွေက ကျွမ်းကျင် အကဲဖြတ်သူကို စေလွှတ်ပြီးပါပြီ... သူ့ရဲ့ အကဲဖြတ်ချက်က ဂျိုးဇက်ရဲ့ အကဲဖြတ်ချက်နဲ့ တူညီပါတယ်... စာအုပ်ဆိုင်ပိုင်ရှင်က တကယ်ပဲ ဖော်ရွေပါတယ်... သူ့မှာ ရှင်းလင်းပြတ်သားတဲ့ ရည်ရွယ်ချက် မရှိပါဘူး... ဒါပေမဲ့ သူ့မှာ ရည်ရွယ်ချက် လုံးဝ မရှိဘူးလို့ မဆိုလိုပါဘူး... ဒါပေမဲ့ ကျွန်တော်တို့ သိထားတဲ့ အခြေအနေအရဆိုရင် သူက မကောင်းမှုကို စိတ်မဝင်စားပါဘူး... ဒါကြောင့် နော်ဇင်ရဲ့ လုံခြုံရေး အတွက်လည်း စိုးရိမ်ပူပန်ဖို့ မလိုပါဘူး"
ကလောက်မှာ ထိုအရာများ အားလုံးကို ပြောပြီးနောက် အပိုစာကြောင်းတစ်ကြောင်း ထပ်ပေါင်းထည့်ရန်လည်း မမေ့ခဲ့ချေ။
"ဒါတွေအားလုံးက ကျွန်တော်ပြောလို့ရတဲ့ အခြားအချက်အလက်တွေ ဖြစ်ပါတယ်... ဖိုင်ရဲ့ အဓိက အကြောင်းအရာတွေ မဟုတ်ပါဘူး..."
အင်ဒရူးက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်၏။
"ဟာသပဲ... မကောင်းမှုကို စိတ်မဝင်စားဘူး ဆိုတာက ဘယ်လို သေချာနိုင်မှာလဲ... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်က သူတို့ရဲ့ ကိစ္စတွေကို ဒီနည်းနဲ့ ကိုင်တွယ်မယ်ဆိုရင်တော့ ငါ အရမ်း စိတ်ပျက်မိတယ်... မင်းရဲ့ အကြံပြုချက်က မဆိုးပါဘူး... ငါ မကြာခင် မင်းတို့ရဲ့ အကြီးအကဲ သုံးဦးနဲ့ ကောင်းကောင်း စကားပြောဖို့ လိုလိမ့်မယ်..."
ထိုစကားကို ကြားလိုက်ရသည့်အခါ ကလောက် သက်ပြင်းချလိုက်ပြီး ဝမ်းမြောက်ဝမ်းသာ ခေါင်းညိတ်လိုက်သည်။
"ခင်ဗျား နားလည်နိုင်တာ ကောင်းပါတယ်... အကြီးအကဲတွေနဲ့ ကောင်းကောင်း ပြောဆိုနိုင်ပါစေလို့ မျှော်လင့်ပါတယ်"
အင်ဒရူး တစ်ယောက် လည်ချောင်းနင်မတတ် ဖြစ်သွားခဲ့၏။ ခဏတာမျှ ကြာအောင် ကလောက်မှာ စိတ်ရင်းမှန်ဖြင့် ပြောခြင်း ဟုတ်၊ မဟုတ် ခွဲခြား၍ မရနိုင်ပေ။
ဒု-ဥက္ကဋ္ဌ အင်ဒရူး တိတ်ဆိတ်နေသည်ကို သတိပြုမိလေရာ ကလောက်က စမ်းသပ်မေးမြန်းလိုက်၏။
"တခြား မေးခွန်းတွေ ရှိသေးလားခင်ဗျာ..."
အင်ဒရူး တစ်ယောက် ကိုယ့်ကိုယ်ကို စိတ်တည်ငြိမ်အောင် ထိန်းလိုက်သည်။ ထို့နောက် သူက ဆက်သွယ်ရေး ကိရိယာကို ပြန်ကိုင်လိုက်သည်။
"မလုံလောက်သေးဘူး... မင်းတို့ ဒါကို ဘာလို့ ရုတ်တရက်ကြီး ချိပ်ပိတ် အဆင့်ကို မြှင့်လိုက်သလဲ ဆိုတာ ပြောပြဖို့ ကျန်သေးတယ်”
"ဒီကိစ္စက တကယ်ပဲ ကျွန်တော် ကိုယ်တွယ်နိုင်တဲ့ တာဝန်နယ်ပယ်ကို ကျော်လွန်နေပါတယ်... ကျွန်တော်က ယာယီ တာဝန်ယူထားရတဲ့လူပါ... ဘာမှ မသိသလို အဆင့်သတ်မှတ်ချက်ကို ပြောင်းလဲနိုင်တဲ့ အဆင့်အတန်းမျိုးလည်းမရှိပါဘူး... မစ္စတာ အင်ဒရူး... ခင်ဗျား အကြီးအကဲတွေနဲ့ စကားပြောဖို့ ဆုံးဖြတ်ခဲ့တယ် မဟုတ်ဘူးလား... အဲဒါက ကျွန်တော့်နဲ့ စကားပြောတာထက် ပိုထိရောက်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"
‘တောက်... ဒီဆရာတပည့်အတွဲက လိမ္မာပါးနပ်ပြီး ကောက်ကျစ်တာ အတူတူပဲ...’
အချိန်အတော်ကြာ တိတ်ဆိတ် နေပြီးနောက် အင်ဒရူး အံကို တင်းတင်းကြိတ်ရင်း ပြောလိုက်သည်။
"ကောင်းပြီလေ... ဒါဆို ငါ ကိုယ်တိုင် ဒီစာအုပ်ဆိုင်ကို စုံစမ်းတော့မယ်..."
"ကောင်းပါပြီ ခင်ဗျာ... မစ္စတာ အင်ဒရူးရဲ့ လုပ်ဆောင်မှု အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်... စာအုပ်ဆိုင်ပိုင်ရှင်ဟာ ဖော်ရွေရုံသာမကဘဲ တခြားသူတွေရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ အလွန် ဆန္ဒရှိတယ်လို့ ပြောကြပါတယ်... ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်..."
ခွပ်...
အင်ဒရူး ဆက်သွယ်ရေး ကိရိယာကို ပိတ်လိုက်၏။ ရုံးခန်း ပြတင်းပေါက်များကို ပက်ဖြန်းရင်း သည်းထန်စွာ ရွာသွန်းနေသည့် မိုးရေစက်များကို စိုက်ကြည့်ရင်း သူ အချိန် အတော်ကြာသည် အထိ တစ်ယောက်တည်း ထိုင်နေခဲ့သည်။ ထို့နောက်... စားပွဲပေါ်ရှိ ဝိုင်နီပုလင်းကို လှမ်းယူလိုက်ရင်း ဖန်ခွက်တစ်ခုထဲသို့ လောင်းထည့်လိုက်၏။
"ဟူး... ကိုယ်တိုင် သွားစုံစမ်းရမယ်... ငါ ဒေါသအလျောက် အဲဒီလို မပြောသင့်ခဲ့ဘူး... ဘာပဲ ဖြစ်ဖြစ်လေ... အမှန်တရား ရှာဖွေသူ ပညာရှင်တွေရဲ့ သိချင်စိတ်ကို ဒီနေရာမှာ အသုံးချလို့ ရနိုင်ပါသေးတယ်..."
...
ဟယ်ရစ် တစ်ယောက် ပြတင်းပေါက်ပေါ် လက်ထောက်ရင်း အောက်ဘက်၌ လူးလာတုံခေါက် သွားလာနေသည့် မုဆိုးများကို ငေးကြည့် နေခဲ့သည်။ သူတို့က အလောင်းများကို သယ်ယူ နေကြခြင်း ဖြစ်သည်။
ပုပ်အက်အက် ညှီနံ့များမှာ ထိုနေရာကျဉ်းလေးကို လွှမ်းခြုံထား၏။ စိမ်းပြာရောင် ရေများမှာ အနားသတ်များရှိ မြောင်းများတစ်လျှောက် စီးဆင်းနေကာ ကြွက်အသေကောင်များ၊ အရိုးများ၊ သွေးများနှင့် အခြား ခွဲခြား၍ မရနိုင်သော အရာများ ကို သယ်ဆောင်သွားခဲ့သည်။
သွေးစသွေးနများနှင့် ခန္ဓာကိုယ် အစိတ်အပိုင်း အချို့တို့မှာ မြေပြင်တစ်လျှောက် ပျံ့ကျဲနေသည်။ မုဆိုးများမှာ ၎င်းတို့ကို သတိမထားမိပဲ အလုပ်ရှုပ်စွာ ဖြတ်သန်း နေကာ ပုပ်ပွနေသော အပိုင်းအစများကို မိလ္လာပိုက်များထဲသို့ ပစ်ချရင်း လတ်လတ်ဆတ်ဆတ် အပိုင်းအစများကို ခွေးဘီလူးများကို ကျွေးမွေးနေသည်။
ခွေးဘီလူးများမှာ အစာစားနေစဉ်၌ မာန်ဖီသံ၊ အူသံများ ပေးနေကြပြီး အရိုးများကို အစွယ်များဖြင့် ကိုက်ဖဲ့လိုက်သောအခါ ပျို့အန်ဖွယ်ရာ တဂျွတ်ဂျွတ် မြည်သံများ ထွက်ပေါ်လာခဲ့သည်။
လူသားများကို မြိန်ရေရှက်ရေ စားသုံးသည့် ဤခွေးဘီလူးများမှာ သွေးရောင် မျက်လုံးများကို ပိုင်ဆိုင်ထားကာ စေးကပ်သော အမြှုပ်များမှာ ပါးစောင် တစ်လျှောက် စီးကျနေ၏။ သွေးနသွေးနများ ပေကျံနေသော ချွန်ထက်သည့် သွားတန်းများမှာ မြင်ရုံဖြင့်ပင် ကြက်သီးထစရာ ကောင်းလှသည်။ ထို့အပြင်... ၎င်းတို့ထံမှ ထွက်ပေါ်လာသည့် အနံ့မှာလည်း အလွန်ပင် ဆိုးရွားလှ၏။
ခွေးဘီလူးများကို အစာကျွေးနေသည့် မုဆိုးများမှာလည်း သားရဲများနှင့် မည်သို့မျှ မကွာခြားတော့ပေ။ သူတို့မှာ ညစ်ညမ်းသည့် သွေးများကို အကန့်အသတ်ထက် ကျော်လွန်၍ ထိုးသွင်းထားခဲ့ကြကာ၊ ယခုအခါ နိုးကြားနေစေရန်အတွက် စကားလက် ဝါဒီဂိုဏ်း၏ နည်းလမ်းများကို အားကိုးနေရသည်။
သူတို့၏ ခန္ဓာကိုယ်များမှာ အသွင်ပြောင်းလဲခြင်း ဖြစ်စဉ် အတွင်း တစ်ပိုင်းတစ်စပင် ဝင်ရောက် နေခဲ့သည်။ အထပ်ထပ် ပတ်ထားသည့် ပတ်တီးကြမ်းများအောက်တွင် ကြမ်းတမ်းသော သားမွေးများနှင့် အိပ်မက် သားရဲ အစိပ်အပိုင်းများ ရှိနေကြသည်။ သူတို့၏ သားရဲမျက်လုံးများသည်လည်း ရီဝေနေကြကာ သတိဉာဏ်ကို အချိန်မရွေး ဆုံးရှုံးသွားနိုင်သည်။
တစ်နည်းအားဖြင့်... ဤနေရာ၌ လူသားများ လုံးဝ မရှိတော့ပေ။ အပေါ်ဘက်ရှိ သားဖောက်စက်ထဲတွင် လန်စီ မှော်ကြေးမုံမှာ ယခင် ကျောက်မျက် ရတနာ ပုံစံမှ ကြေးမုံ အမြုတေ ပါရှိသည့် ခရစ်စတယ် ပန်းပွင့် တစ်ခုလို ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ခရစ်စတယ်၏ ပတ်လည်တွင်တော့ အသံတုံးများမှာ အပြင်ဘက်သို့ ကျယ်ပြန့် လာနေခဲ့၏။
ထိုသားဖောက်စက်ကြီး၏ အောက်ခြေတွင်တော့ ယစ်ပလ္လင် တစ်ခု ရှိ၏။ သွေးများနှင့် ပြည့်လျှံနေသည့် အသက်စွမ်းအားကို လောင်စာအဖြစ် အသုံးပြုကာ မီးအစီအရင်ကို မြေပြင်ပေါ်တွင် ရေးဆွဲထား၏။
ယဇ်ပလ္လင်မှာ ကြီးမားသော မီးပုံကြီး ကဲ့သို့ ဖြစ်နေကာ၊ လူသားများကို လောင်စာအဖြစ် အသုံးပြုကာ ပြင်းထန်စွာ တောက်လောင်နေသည်။ လန်စီ မှော်ကြေးမုံ ကို ပြုစုပျိုးထောင်ရန် လုံလောက်သည့် စွမ်းအင် ပေးအပ်နိုင်သည် အထိ။
"မကြာခင်... မကြာခင်ပေါ့လေ..."
***