← Chapters

ဒဏ္ဍာရီများမှ ပေါ်ထွက်လာခြင်း

Vol. 7 Ch. 96

ဒဏ္ဍာရီများမှ ပေါ်ထွက်လာခြင်း

Vol. 7 Ch. 96

ကျိကျစ်ရှို့ တစ်ယောက် တောင်ကြီးတစ်လုံး အရွယ် ကြီးမားလွန်းလှသော ဧရာမ လူပုံသဏ္ဌာန် သတ္တဝါကြီးကို မော့ကြည့်နေခဲ့မိသည်။

မိုးကြိုးမုန်တိုင်း မိုးတိမ်များနှင့် လျှပ်စီးများမှာ ထိုဧရာမ ခန္ဓာကိုယ်၏ အစိတ်အပိုင်းများစွာကို ဖုံးအုပ်ထား၏။ အကြေးခွံများမှာ သံချပ်ကာ တစ်မျိုး ဖြစ်ပုံ ရကာ ကပ်စေးစေး အရည်တစ်ထပ်ကို ဖုံးအုပ် ထား၏။ ၎င်း၏ လက်များထဲတွင်တော့ အနက်ရောင် ပုဆိန် တစ်ခုနှင့် ဒိုင်းတစ်ခုကို ကိုင်ဆောင်ထားသည်။

ဟိုးအပေါ်ဖက်တွင်တော့ အဖြူရောင် လျှပ်စစ်ဓာတ်များ ပြည့်နှက်နေကာ တဝင်းဝင်း တောက်ပနေသည့် မျက်လုံးတစ်စုံ ရှိနေ၏။

ထိုဧရာမ ဘီလူးကြီးမှာ ဒဏ္ဍာရီများတွင် ပြောပြထားသကဲ့သို့ပင် အံ့မခန်း ဖြစ်လွန်းလှသည်။ ၎င်း၏ အောက်ရှိ နော်ဇင် မြို့တော်ပင်လျှင် သေးငယ်ပြီး အရေးမပါသကဲ့သို့ ထင်ရသည်။

သို့သော်လည်း... မိုးဒဏ်သင့်နေသည့် သာမန် ပြည်သူပြည်သားများကတော့ ထိုအရာကို သတိမပြုမိပါချေ။ အနည်းဆုံး ထူးခြား အဆင့် စွမ်းအားကို ပိုင်ဆိုင်ထာသည့် သတ္တဝါများ သာလျှင် ၎င်းကို ခံစား သိရှိနိုင်သည်။

အဘယ်ကြောင့်ဆိုသော်... ဤနေရာမှာ လက်တွေ့ဘဝ မဟုတ်တော့သောကြောင့်ပင် ဖြစ်သည်။ အိပ်မက်ဘုံ၏ အက်ကွဲကြောင်း တစ်ခု ပွင့်လာတိုင်းတွင် အိပ်မက်နှင့် လက်တွေ့ကြားက နယ်နိမိတ်များမှာ ဝေဝါးသွားတတ်သည်။

ကျိကျစ်ရှို့ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်မိ၏။ ထိုသတ္တဝါကြီး ပေါ်လာရသည့် အကြောင်းရင်းကို သူမ သိပေသည်။

လန်စီ မှော်ကြေးမုံ...

၎င်းအား ထိုကဲ့သို့ နာမည် ပေးရခြင်းမှာ နုစဉ် ကာလ အတွင်း လူများ၏ နှလုံးသားများကို လှည့်စား ဖမ်းစားနိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။ ၎င်းအား ကြည့်ရှုသူမိတိုင်းမှာ ပိုင်ဆိုင်လိုစိတ်များ ပြင်းပြလာမည် ဖြစ်ပြီး ထိုဆန္ဒက အချိန် ကြာကြာ ထိတွေ့လေလေ ပိုမို၍ ပြင်းထန်လေလေ ဖြစ်သည်။

လန်စီ မှော်ကြေးမုံမှာ အခြားသော သတ္တဝါများကို ထိန်းချုပ်ကာ မိမိအတွက် လိုအပ်သော အာဟာရများ ရရှိရန်နှင့် အရာအားလုံးကို လုပ်ဆောင်ရန် စေခိုင်းနိုင်သည်။ တစ်နည်းအားဖြင့် ၎င်းကို မှော်ပစ္စည်း တစ်မျိုးအဖြစ် ဖော်ပြနိုင်သည်။

ထို့ကြောင့်ပင်... လန်စီ မှော်ကြေးမုံကို တွေ့ရှိသည့်အခါ ချက်ချင်းလက်ငင်း ဖျက်ဆီးပစ်ခြင်းမှာ ပုံမှန် လုပ်ထုံးလုပ်နည်း ဖြစ်သည်။

ထို့အပြင်... ၎င်းကို အသုံးပြုရန် လိုအပ်သည့်အခါတွင်လည်း မိမိကိုယ်ကို ကာကွယ်ဖို့ အတွက် အစီအမံများကို သေချာပေါက် ပြုလုပ်ထားရန် လိုသည်။ မဟုတ်ပါက... ၎င်း၏ လွှမ်းမိုးမှုမှ ပြန်လည် လွတ်မြောက်နိုင်သူ အလွန် နည်းပါးသည်။

လုံလောက်သည့် အာဟာရများကို စုပ်ယူပြီးသည့် နောက်တွင် လန်စီ မှော်ကြေးမုံမှာ ရင့်သန်လာကာ အိပ်မက်ဘုံ သတ္တဝါများ ပေါက်ဖွားရာ 'ဥ' တစ်ခု ဖြစ်လာသည်။ သင့်လျော်သော အခြေအနေများအောက်တွင် အိပ်မက်ဘုံမှ သတ္တဝါတစ်ပါးမှာ ၎င်းကို အသုံးပြု၍ လက်တွေ့ကမ္ဘာသို့ ဆိုက်ရောက်လာနိုင်သည်။

တစ်နည်းအားဖြင့်ဆိုသော်... လန်စီ မှော်ကြေးမုံမှာ အိပ်မက်ဘုံနှင့် ချိတ်ဆက်ထားသည့် တစ်ခါသုံး သယ်ယူပို့ဆောင်ရေး ဂိတ် တစ်ခု ဖြစ်သည်။

လန်စီ မှော်ကြေးမုံတို့လို မှော်ပစ္စည်းများမှာ အိပ်မက်ဘုံ သတ္တဝါများက ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားသည့် ရှေ့ပြေး ကင်းထောက်များ ဖြစ်ကြောင်း ရှေးမှော်ဆရာများမှာ သတ်မှတ်ခဲ့ကြသည်။

ထို့ကြောင့်ပင်... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်နှင့် အမှန်တရား အသင်းတော်တို့မှာ လန်စီ မှော်ကြေးမုံ သတင်းကို ရသည်နှင့် အလျှင်အမြန်ပင် တုန့်ပြန်ခဲ့ကြကာ ဝံပုလွေဖြူများနှင့် စကားလက် ဝါဒီဂိုဏ်းတို့ကို ဖယ်ရှား ရှင်းလင်း ခဲ့ကြသည်။

အစပိုင်းတွင် ဤကိစ္စကို ထိန်းချုပ်ထားနိုင်ပြီဟု သူတို့ ထင်ခဲ့ကြသည်။ ပုံမှန် အခြေအနေ အတိုင်း ဆိုပါက ဤမျှ တိုတောင်းသည့် အချိန် အတွင်း လန်စီ မှော်ကြေးမုံမှာ အိပ်မက်ဘုံ တစ်ခုကို ပေါက်ဖွားဖို့ လုံလောက်လိမ့်မည် မဟုတ်ချေ။

ဝံပုလွေဖြူများမှာ လူထုကို သတ်ဖြတ်ခဲ့သော်လည်း ထိုမျှလောက်က ကြီးမားလှသည့် အိပ်မက်ဘုံ အက်ကွဲကြောင်းကြီး တစ်ခုကို ဖန်တီးဖို့ လုံလောက်သည့် အာဟာရများ မဟုတ်ပါချေ။ သို့သော်လည်း... သူတို့မှာ စကားလက် ဝါဒီဂိုဏ်းမှ အဖွဲ့ဝင်များကိုပါ ပူဇော် သက္ကာရ ပြုခဲ့ကာ ကိုယ်ပိုင် မုဆိုးများကိုပင် မချန်ပဲ စတေးခဲ့ကြောင်း မည်သူ သိနိုင်လိမ့်မည်နည်း။

ထို့ကြောင့်ပင်... အိပ်မက်ဘုံ အက်ကွဲကြောင်း တစ်ခု ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မည်သူမှ ထင်မှတ် မထားခဲ့ကြခြင်း ဖြစ်သည်။

ကျိကျစ်ရှို့ အသက်ကို ခပ်ပြင်းပြင်း နှစ်ကြိမ်မျှ ရှူလိုက်ပြီနောက် ဖြည်းဖြည်းချင်း နောက်ဆုတ်ကာ လှည့်၍ ဝေးရာသို့ ပြေးထွက်သွားတော့သည်။

‘သံမဏိ စိတ်ဓာတ်’ နှင့် ထောက်ပံ့ထားသည့် တည်ငြိမ်မှုနှင့် ဆင်ခြင်တုံတရားတို့က သူမ၏ နှလုံးသား အတွင်း နိုးထလာနေခဲ့သည့် ကြောက်ရွံ့မှုနှင့် တုန်လှုပ်မှုတို့ကို ငြိမ်းသတ်လိုက်သည်။ ယခုအချိန်တွင် ထွက်ပြေးခြင်းမှာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ကြောင်း သူမကို ရှင်းရှင်းလင်းလင်း နားလည်ပေသည်။

ကျိကျစ်ရှို့မှာ ဖျက်ဆီးခြင်း အဆင့် စွမ်းအားကို သုံး၍ အစွမ်းကုန် တိုက်ခိုက်နိုင်သော်လည်း အနိုင်ရရှိရန် အခွင့်အရေးမှာ အလွန်ပင် နည်းပါးလှသည်။ ဤနတ်ဘုရား ကဲ့သို့ သတ္တဝါကြီးကို လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်နှင့် အမှန်တရား အသင်းတော်တို့ ကိုင်တွယ်ဖြေရှင်းရန် ချန်ထားခဲ့သည်က ပိုကောင်းပေမည်။

နောက်ဖက်မှ နေ၍ ဟယ်ရစ်၏ ရူးသွပ်သော အော်ဟစ် ရယ်မောသံများ မှိန်ဖျော့စွာ ပျံ့လွင့် လာနေသည်ကို ကျိကျစ်ရှို့ ကြားလိုက်သည်။

သူမ ပြေးနေရင်း နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ရာ ဟစ်ရယ်မှာ မိုးရေထဲတွင် ယိုင်ထိုးရင်း သတ္တဝါကြီးဆီသို့ တိုးသွားနေသည်ကို တွေ့လိုက်ရသည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်... သူက လက်များကို မိုးပေါ်သို့ မြှောက်တင်လိုက်ရင်း နားမလည်နိုင်သော အရာများကို တတွတ်တွတ် ရေရွတ်နေ၏။ သူ၏ မျက်လုံးများက ထူးဆန်းစွာပင် တလက်လက် တောက်ပနေကာ ခန္ဓာကိုယ်ပေါ်တွင် အသားမာဖုများ လျှင်မြန်စွာ ပေါက်လာ နေခဲ့သည်။ ၎င်းတို့ကာ ခန္ဓာကိုယ်ကို ဆုတ်ဖြဲရင်း ပုံပျက်နေသည့် ခြေလက်များ အဖြစ် ထွက်ပေါ်လာကြ၏။

နောက်ထပ် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ဟစ်ရစ်၏ ကယိမ်းကယိုင် ခြေလှမ်းများမှာ ရပ်တန့်သွားကာ မြေပြင်ထက်ရှိ ရေအိုင်များထဲသို့ မျက်နှာအပ်ရင်း လဲကျသွားခဲ့၏။

နောက်ထပ် တစ်စက္ကန့်တွင်... သူ၏ အရိပ်အယောင်မျှပင် မရှိတော့ချေ။

ဟယ်ရစ် တစ်ယောက် လွန်ခဲ့သည့် လပိုင်း အတွင်း စကားလက် ဝါဒီဂိုဏ်း၏ အောက်လမ်း ပညာရှင် အားလုံးကို သုတ်သင်ခဲ့သည်။ အရပ်သား ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ ဆယ်စုနှစ် များစွာ ကြိုးစား၍ တည်ဆောက် ထားခဲ့သော အဖြူရောင် ဝံပုလွေ အဖွဲ့ကိုပင် စတေးခဲ့သော်လည်း ဟိုးအဝေးဆီမှ နတ်ဘုရားမှာ သူ့ကို တစ်ချက်မျှပင် လှမ်းမကြည့်ခဲ့ပေ။

သို့သော်လည်း... လန်စီ မှော်ကြေးမုံ၏ သွေးဆောင်မှုကြောင့် သေဆုံးချိန်၌ပင် ဟဲရစ်မှာ ဤသတ္တဝါအပေါ် အကြွင်းမဲ့ ယုံကြည် သက်ဝင်မှုများကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ခဲ့သည်။

ကျိကျစ်ရှို့ အပေါ်သို့ မော့ကြည့်လိုက်၏။ ဧရာမ သတ္တဝါကြီးက လူသားများ နားမလည်နိုင်သည့် ကျယ်လောင်လှသော ဟိန်းသံကို ပြုလိုက်သည်။ ထို့နောက် ၎င်းက အနက်ရောင် ပုဆိန်ကို မြှောက်လိုက်ပြီး မိုးတိမ်များကို ခုတ်ပိုင်းလိုက်၏။

တစ်ခဏချင်းမှာပင်... ပုဆိန်မှာ တောက်ပသော အလင်းရောင်များဖြင့် လင်းထိန်လာသည်။ အပေါ်နှင့် အောက်စွန်းနှစ်ဖက်မှ လျှပ်စီးကြောင်းများ ထွက်ပေါ်လာကာ ၎င်းတို့မှာ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်လိုက်၏။

ဂျိန်း... ဂျိန်း...

မိုးတိမ်များအတွင်းမှ မိုးကြိုးပစ်သံများ ဟိန်းထွက်လာပြီးနောက် လျှပ်စီးကြောင်းများမှာ အောက်သို့ ပစ်ချလာကာ ထိုနေရာရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

နတ်ဘုရားမှာ သူ၏ နယ်မြေကို စတင် ဖွင့်ဟနေပြီ ဖြစ်သည်။

"ဝန်ထမ်း အားလုံး အသင့်ပြင်... အမှန်တရား အသင်းတော်က အီသာ ဖျက်ဆီးရေး အမြောက်ရဲ့ ပထမဆုံး ပစ်ခတ်မှု စတင်တော့မယ်...”

“အဖွဲ့ တစ်ကနေ လေးအထိ... အိပ်မက်ဘုံ အစွန်အဖျားကနေ လွတ်မြောက်လာမယ့် အိပ်မက်သားရဲတွေကို ရှင်းလင်းပါ”

“အဖွဲ့ ငါးနဲ့ ခြောက်... သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း ဒုတိယအကြိမ် ပစ်ခတ်မှုအတွက် ပြင်ဆင်ရမယ်...”

“ကျန်ရှိတဲ့ ဝန်ထမ်း အားလုံးက အီသာ ဖျက်ဆီးရေး အမြောက်ကို ကာကွယ်ရမယ်”

လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် တိုက်ခိုက်ရေးဌာနမှ ဌာနမှူး တစ်ဖြစ်လည်း လက်ရှိ မဟာ ရောင်စဉ် သူရဲကောင်းကြီး ဖြစ်သည့် ဂရက်ရှမ် ဝင်စတန်မှာ ဆက်သွယ်ရေး စက်ကိရိယာမှတစ်ဆင့် အမိန့်များကို ပြတ်သားစွာ ပေးပို့နေခဲ့၏။

အမိန့်များကို ထုတ်ပြန်ပြီးနောက်... သူက ဆက်သွယ်ရေး ကိရိယာကို ချထားလိုက်ကာ အဝေးမှ ဧရာမ သတ္တဝါကြီးကို စောင့်ကြည့် နေလိုက်သည်။ ရုတ်တရက် သူ တစ်စုံတစ်ခုကို သတိရသွားကာ လက်ထောက်ဘက်သို့ လှည့်၍ အော်ဟစ်လိုက်၏။

"ဂျိုးဇက် ဘယ်မှာလဲ..."

လက်ထောက်မှာ ခဏတာ တွန့်ဆုတ်နေပြီးမှ ပြန်ဖြေလိုက်၏။

"သူ့ကို ဆက်သွယ်ထားပြီးပါပြီ... သူက အိပ်မက်သားရဲ ပေါ်လာတဲ့ နေရာရဲ့ တည်နေရာ အမှတ်အသားတွေကို တောင်းတယ်... နောက်ပြီး ဒီအိပ်မက်သားရဲဟာ ပျက်စီးခြင်း လမ်းကြောင်းပေါ် လျှောက်လှမ်းနေတာတဲ့... ကျွန်တော်တို့ စိုးရိမ်စရာ မလိုပါဘူးတဲ့..."

“...”

ဝင်စတန် တစ်ယောက် ခဏတာမျှ ကြောင်အသွားကာ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"ဘာလဲဟ... ဒီလို အချိန်မျိုးမှာ ဒီလူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ယုံကြည်မှုရှိနေရတာလဲ... ဒါပေမဲ့ ဒါက အဲဒီတုန်းက သူ့ ပုံစံနဲ့တော့ တူပါတယ်..."

သူ စကားမဆုံးမီတွင်ပင် မျက်လုံးထောင့်မှ အလွန် တောက်ပသော အလင်းတန်း တစ်ခုကို သတိပြုမိလိုက်လေ၏။

"ဖျက်ဆီးရေး အမြောက်လား... ဒီလောက် မြန်မြန်..."

စကား မဆုံးခင်မှာပင် ဝင်စတန်၏ မျက်လုံးများမှာ မှေးစင်းသွား၏။ ထို့နောက် သူက အမူအရာ မပြောင်းလဲဘဲ ပြောလိုက်သည်။

"မဟုတ်ဘူး... အဲဒါက ဖျက်ဆီးရေး အမြောက် မဟုတ်ဘူး!"

"ဘယ်သူလဲ..."

...

အစည်းအဝေး ပြီးဆုံးသွားပြီးနောက် လူတိုင်း ထွက်ခွာသွားကြသည်။ အင်ဒရူး တစ်ယောက်သာ အစည်းအဝေးခန်းထဲတွင် ကျန်ရစ်တော့သည်။

"ချီးပဲ..."

ပြတင်းပေါက် အပြင်ဘက်တွင် မရပ်မနား ရွာသွန်းနေသည့် မိုးနှင့် လျှပ်စီးမိုးကြိုးများကို စိုက်ကြည့်ရင်း အင်ဒရူး တစ်ယောက် မျက်နှာမည်းကြီးဖြင့် အစည်းအဝေး စားပွဲကို လက်သီးဖြင့် ထုချလိုက်သည်။

အင်ဒရူးမှာ အလွန် စိတ်တည်ငြိမ်သူ တစ်ယောက် ဖြစ်ပြီး စိတ်တိုဒေါသထွက်ခြင်းမှာ ရှားပါးသည်။ သို့သော်လည်း... ဤတစ်ကြိမ်တွင် သူ၏ မဟာဗျူဟာ စီမံကိန်း ရေးဆွဲမှုတွင် ချွတ်ယွင်းချက်များ ဖြစ်သွားခဲ့သည်။

မူလက အနည်းငယ် စိတ်အနှောင့်အယှက် ပေးရုံမျှသာ ရှိသော ဝံပုလွေဖြူများမှာ သူ၏ မှားယွင်းမှုကြောင့် အီသာ ဖျက်ဆီးရေး အမြောက်ကို အသက်သွင်းရန် လိုအပ်သည့် ပြဿနာကြီး တစ်ရပ် ဖြစ်လာခဲ့သည်။

အမှန်တရား အသင်းတော်မှာ အခရာ အဆင့် များ၏ ခြိမ်းခြောက်မှုကို မကြောက်ရွံ့သော်လည်း... ၎င်းက အခရာ အဆင့်များမှာ ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူသည်ဟု မဆိုလိုပေ။ သူတို့သည် အခရာ အဆင့် များနှင့် တိုက်ခိုက်နိုင်စွမ်း ရှိသော်လည်း ပေးဆပ်ရမည့် စျေးနှုန်းကလည်း အလားတူပင် နာကျင်စေသည်။

သို့စေကာမူ... လုံလောက်သည့် ပြင်ဆင်ချိန်သာ ရပါက အမှန်တရား အသင်းတော်အတွက် အခရာ အဆင့် သတ္တဝါတစ်ပါးကို စနစ်တကျ ဖယ်ရှားပစ်နိုင်ရန် သိပ်ပြီး မခက်ခဲလှပေ။

သို့သော်လည်း... ဤသည်က ရုတ်တရက် ပေါက်ကွဲ ဖြစ်ပေါ်လာသည့် အခြေအနေ ဖြစ်သည်။ လုပ်ဖော်ကိုင်ဖက် ဒု-ဥက္ကဋ္ဌ ဒဲရစ်ခ်ထံမှ လှောင်ပြောင်သည့် စကားလုံးများနှင့် အကြည့်များကို အင်ဒရူး မြင်ယောင် နေမိခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း... အင်ဒရူးမှာ ဤကိစ္စ၏ နောက်ကွယ်တွင် စာအုပ်ဆိုင် ပိုင်ရှင် သေချာပေါက် ပါဝင်နေခဲ့သည်ဟူသော အမြင်ကို ဆက်လက် ထိန်းသိမ်းထားသည်။

အီသာ စောင့်ကြည့်ရေး ကွန်ယက်ကို မလိမ့်တပတ်လုပ်ခြင်း၊ နော်ဇင်၏ အဆောက်အအုံ ပုံစံနှင့် ပတ်သက်၍ အံ့အားသင့်ဖွယ် ရင်းနှီးကျွမ်းဝင်မှုတို့မှာ ဝံပုလွေဖြူ အဖွဲ့ တစ်ကိုယ်တည်း လုပ်ဆောင်နိုင်သည့် အရာများ မဟုတ်သည်မှာ သေချာသည်။

ထို့အပြင်... ဝံပုလွေဖြူများ ပုန်းခိုနေသည့် နေရာများတွင် ဝယ်လ် ချန်ခဲ့သည့် ခြေရာလက်ရာများ အပြင် မုဆိုးများ၏ လှုပ်ရှားမှုများသည်လည်း ဤအချက်ကို ပို၍ပင် အတည်ပြုပေးနေသည်။

"နေဦး... အဲဒါ ဘာကြီးလဲ..."

ရုတ်တရက် အင်ဒရူး၏ အကြည့်များမှာ တိုက်ပွဲ အခြေအနေကို ပြသနေသည့် အီသာ‌ စောင့်ကြည့်ရေး မှန်သားပြင်များထက်သို့ ရောက်ရှိသွားခဲ့၏။ သူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ လက်တစ်ဖက်ကို ဆန့်တန်းရင်း စခရင် တစ်ခုကို ချဲ့ကြည့်လိုက်၏။

***

All Chapters