ကန်ဒယ်လာ
Vol. 7 Ch. 97
ဟူး... ဟူး...
မိုးများ သည်းသည်းမည်းမည်း ရွာနေသည့် ကောင်းကင်ယံ၊ မိုးကြိုးမုန်တိုင်းတိမ်များ မြေပြင်နှင့် ဆက်စပ်နေသည့် နယ်နိမိတ် အစွန်အဖျား တစ်နေရာတွင် အလင်း မီးလျှံလိုမျိုး ပုံရိပ်တစ်ခု လျှင်မြန်စွာ ပေါ်လာခဲ့၏။
၎င်းက အလွန်တရာ တောက်ပလှသည့် အလင်းတန်းများနှင့် လင်းလက်နေကာ ကြီးမားခန့်ညားလှသည့် ဂရစ်ဖင်တစ်ကောင်ကို စီးနင်းထားသည်။
ဂီး...
ဂရစ်ဖင်မှာ အတောင်ပံများကို ဖြန့်ကျက်ပြီး ဒဏ္ဍာရီများထဲမှ အရှင်သခင် ပေါ်ထွက်လာပြီဖြစ်ကြောင်း ကြေညာနေသကဲ့သို့ စူးရှသော အော်မြည်သံကို ထုတ်လွှတ်လိုက်၏။
အလင်းတန်းများနှင့် ဝန်းရံနေသည့် ပုံရိပ်မှာ ရွှေရောင် ဆံပင်၊ စိမ်းဝါရောင် မျက်လုံးများနှင့် သံချပ်ကာ ဝတ်စုံ ဝတ်ဆင်ထားသည့် အဲ့လ်ဖ် တစ်ဦး ဖြစ်ကြောင်း အမှန်တရား အသင်းတော်နှင့် လျှို့ဝှက် ဓမ္မထုံတမ်း မျှော်စင်မှ ဝန်ထမ်းများ သတိထားလိုက်မိသည်။ သူက ရောင်စဉ်တန်းများနှင့် တောက်ပနေသည့် ရှည်လျားလှသော ဓားရှည်တစ်ချောင်းကို ဆွဲကိုင်ထား၏။
အင်ဒရူး တစ်ယောက် တိုက်ပွဲ တစ်လျှောက်လုံး မည်မျှကြာအောင် တိုက်ခိုက်ခဲ့သည်ကို မသိသော်လည်း ခဏလေးသာ ကြာမြင့်ခဲ့သည်ဟု ခံစားရသည်။ ထိုအဲ့လ်ဖ်မှာ အလင်းရောင် နှင့် မီးလျှံ ကို ပစ်လွှတ်လိုက်ရာ အဖြူရောင် အလင်းတန်း အဖြစ်သို့ ပြောင်းလဲ သွားပြီး ဧရာမ သတ္တဝါကြီး၏ ဦးခေါင်းကို တစ်ရှိန်တည်း ဖြတ်သန်း သွားခဲ့သည်။
ထို့နောက်တွင်တော့ ဓားအလင်းရောင်မှာ အောင်ပွဲကို ကြေညာနေသကဲ့သို့ ကောင်းကင် တစ်ပတ် ပျံသန်းပြီးနောက်မှ မိုးခြိမ်းသံများနှင့် အတူ သူ့လက်ထဲသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
ဓားအလင်းရောင်သည် ကွင်းပတ်တစ်ခု ပြုလုပ်ပြီး ၎င်း၏အောင်ပွဲကို ကြေညာနေသကဲ့သို့ မိုးခြိမ်းသံများနှင့်အတူ ၎င်း၏လက်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။
ဝရား..
မိုးရေထဲရှိ နတ်ဘုရားမှာ ပြင်းထန်သော ဝေဒနာဖြင့် အော်ဟစ်လိုက်၏။ သို့သော်လည်း အသံကျယ်ကြီး မဆုံးခင်မှာပင် သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ ဦးခေါင်းမှ စတင်၍ ပြိုကွဲလာခဲ့သည်။ လျှပ်စီးများဖြင့် ပြည့်နှက်နေသည့် ၎င်း၏ မျက်လုံးများမှာ ငြိမ်းသတ်ခံလိုက်ရကာ တော်လဲသံကြီးတစ်ခုနှင့် အတူ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ ပြိုကျသွားခဲ့၏။
ဘုန်း...
ခန္ဓာကိုယ်ကြီးမှာ မိုးရေစက်များကြောင့် ဖြစ်ပေါ်လာသည့် ရေကြီးရေလျှံမှုများ အတွင်း လဲကျသွားလေရာ ဧရာမ လှိုင်းလုံးကြီးတစ်ခုကို ဖန်တီးလိုက်၏။
အင်ဒရူး တစ်ယောက် အသိပြန်ဝင်လာသည့် အခါ ခြေလက်များ တုန်နေကြောင်း သတိပြုလိုက်မိသည်။ သူ တိုင်ကပ်နာရီကို မော့ကြည့်လိုက်ရာ အီသာ ဖျက်ဆီးရေး အမြှောက်ကို အသုံးပြုဖို့ အမိန့်ပေးခဲ့သည့်အချိန်မှစ၍ ဆယ်မိနစ်မျှသာ ရှိသေးကြောင်း သတိပြုမိလိုက်သည်။
...
ဘုန်း…
ကြီးမားလှသည့် နတ်ဘုရားကြီးမှာ ပြိုလဲကျသွား၏။ ထိုအရှိန်နှင့် ရေကြီးရေလျှံမှုတို့ တိုက်ရိုက် ရိုက်ခတ်မှု အောက်တွင် ရေလှိုင်းကြီးများ ဖြစ်ပေါ်လာလေရာ အဆောက်အအုံ များစွာ ပြိုကျသွားခဲ့သည်။
ထိုသတ္တဝါကြီး၏ ဤ ရုပ်ကလာပ်ရှေ့တွင်... ဂရစ်ဖင်ထက်၌ စီးနင်းထားသည့် အဲ့လ်ဖ်မှာ သူ၏ ဓားရှည်ကို ခန့်ညားထည်ဝါသော ဟန်ပန် ဖြင့် မြေပြင်သို့ ချိန်ရွယ်လိုက်၏။
ဟူး... ဟူး...
အလောင်းကောင်ကြီးမှာ ချက်ချင်းပင် အငွေ့နှင့် လျှပ်စီးများ အဖြစ်သို့ ပြောင်းလဲ ပြောင်းလဲ သွားသည်။ အငွေ့များမှာ ပျံလွင့်သွားခဲ့ပြီး ရေအလျင်များ အဖြစ်သို့ ပြောင်းလဲကာ ပြိုဆင်းလာခဲ့သည်။ လျှပ်စီးများကတော့ တိမ်တိုက်များဆီသို့ တည့်တည့်တက်သွားသည်။
မိုးကြိုး လျှပ်စီး ကပ်ဘေးကို သယ်ဆောင်လာကာ နယ်ပယ်ကို ချဲ့ထွင်ခဲ့သည့် ထိုခမ်းနား ထည်ဝါလှသော သတ္တဝါကြီးမှာ ချက်ချင်းပင် အီသာ အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲကာ ပုံရိပ်ယောင် အိပ်မက်ဘုံ အတွင်းသို့ ပြန်လည် ရောက်ရှိသွားခဲ့လေသည်။
ဟူး... ဟူး...
ဂရစ်ဖင်မှာ ဖြည်းညင်းစွာပင် ပျံသန်း နေခဲ့၏။ အောက်ဖက်ရှိ ရေပြင်ထက်တွင် အဲ့လ်ဖ်၏ လှပသော ရုပ်သွင်က ရောင်ပြန်ဟပ် နေသည်။ မှိုင်းညို့ညို့ ပတ်ဝန်းကျင်တွင် ထိုအဲ့လ်ဖ်မှာ နေမင်း ကဲ့သို့ တောက်ပနေကာ လူတိုင်းကို ဒဏ္ဍာရီလာ မြင်ကွင်း တစ်ခု အလား ခံစားရစေသည်။
ထိုအချိန်တွင်ပင် လျှို့ဝှက် ဓမ္မ ထုံးတမ်း မျှော်စင်မှ ဝန်ထမ်းများမှာ အိပ်မက်ဆန်ဆန် မှက်သက်မှုမှ နိုးထလာကြ၏။
“အကြီးအကဲ… ဟိုဟာ... ကျွန်တော်တို့ ဘာ… ဆက်လုပ်… ရမလဲ... ဆက်ပြီး လုပ်ရမလား ခင်ဗျာ...”
ပထမအဖွဲ့ ခေါင်းဆောင် အာနိုး၏ အထစ်ထစ် အငေါ့ငေါ့ အသံက ဆက်သွယ်ရေး စက်ပစ္စည်းများမှတစ်ဆင့် ထွက်ပေါ်လာ၏။
ဝင်စတန်က မှန်သားပြင်ထက်၌ ပေါ်နေသည့် နားရွက်ချွန်ချွန် ပုဂ္ဂိုလ်ကို အနီးကပ် စိုက်ကြည့်ရင်း ပြောလိုက်သည်။
“အဖွဲ့ခွဲ အားလုံး ကိုယ့်နေရာမှာ ဆက်ပြီး အသင့် နေရာယူထားပါ... စစ်ဆင်ရေးကို အရင်အတိုင်း ဆက်လုပ်ဆောင်ပြီး သတိရှိရှိနဲ့ တိုက်ခိုက်ဖို့ အသင့်ပြင်ထားပါ... အမှန်တရား အသင်းတော်ကို ဆက်သွယ်ပြီး ဒီလူက ဘယ်ကလာတာလဲဆိုတာကို စုံစမ်း ပါ...”
“ဟုတ်ကဲ့...”
ဝင်စတန် ဆက်သွယ်မှုကို အဆုံးသတ်ကာ ဓားကို ကိုင်လိုက်၏။ တိုက်ပွဲက မပြီးဆုံးသေးချေ။ ရုတ်တရက် ပေါ်လာသည့် ဤသတ္တဝါမှာ ပိုမို ကြောက်မက်ဖွယ် ကောင်းသည့် ခြိမ်းခြောက်မှု ဖြစ်ပေသည်။
စောစောက ဖြစ်ပျက်သွားသည့် မြင်ကွင်းအရ ဆိုလျှင် ဤသတ္တဝါသည်လည်း အိပ်မက်ဘုံ ထဲကနေ ထွက်လာခြင်း ဖြစ်ဖို့ အခွင့်အလမ်း အလွန်များသည်။
စောင်ကြည့် နေကြသည့် အမှန်တရား အသင်းတော်နှင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်တို့မှ ဝန်ထမ်းများမှာ ထိပ်တန်း အဆင့်များ ဖြစ်ကြပေသည်။ အကြားအမြင်လည်း များသည်။ ထို့ကြောင့်ပင် ရှေးဟောင်း ဒဏ္ဍာရီများထဲမှ အဲ့လ်ဖ် နိုင်ငံတော် ဘုရင် အကြောင်းကို အနည်းနှင့် အများ သိရှိ ထားကြပေသည်။
ထိုမြင်ကွင်းက ရှေးဟောင်းဒဏ္ဍာရီတစ်ခု ပြန်လည် အသက်ဝင်လာသကဲ့သို့ သူတို့ တွေးတော နေမိသည်။
ကန်ဒယ်လာ...
လမျိုးနွယ် အဲ့လ်ဖ်တို့၏ ဘုရင်...
နတ်ဘုရားကို ရဲဝံ့စွာ စိုက်ကြည့်ခဲ့သူ...
ကပ်ဘေးဆိုးကြီးကို ဖြစ်ပွားစေခဲ့သူ...
အမှောင်ခေတ်ကာလများမှာတုန်းက ကန်ဒယ်လာမှာ သူ့ လူမျိုးများ အတွက် နေရာသစ် တစ်ခုကို ဖန်တီးရန် မီးကို ဆောင်ကျဉ်း ခဲ့သည်။ ထိုဇာတ်လမ်းမှာ ဝမ်းနည်းဖွယ် အဆုံးသတ်ခဲ့သော်လည်း ကန်ဒယ်လာ ပြသခဲ့သည့် ရဲစွမ်း သတ္တိနှင့် အကြောက်အလန့် ကင်းမဲ့မှုတို့ကို နှစ်ပေါင်းများစွာတိုင်အောင် လူများက ချီးကျူး ခဲ့ကြသည်။
သို့သော်လည်း... ကန်ဒယ်လာဟု သိကြသည့် အဲ့လ်ဖ် ဘုရင်မှာ ပြန်လည် ရှင်သန် ထမြောက်လာရန် လမ်းမရှိကြောင်း မည်သူ မဆို သိရှိကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီက ကန်ဒယ်လာမှာ သူ၏ ကိုယ်ပိုင်ဓားဖြင့်ပင် မိမိကိုယ်ကို အဆုံးစီရင် ခဲ့ကာ အငြိုးအတေး များ ပြည့်နှက်နေသည့် ဝိညာဉ်မှာ ဓားနှင့် ရောထွေး၍ ကျိန်စာ အဖြစ် ထင်ရှားပေါ်ပေါက်လာခဲ့သည်။
ထိုဓားမှာ ပိုင်ဆိုင်သူတိုင်းကို သတ်ပစ်သည့် နာမည်ကျော် နတ်ဆိုးဓား ဖြစ်လာခဲ့သည်။
အကယ်၍ ကန်ဒယ်လာ ပြန်လည် အသက်ဝင်လာခြင်း မဟုတ်ပါက... တစ်စုံတစ်ဦးက ထိုရှေးဟောင်း ဝိညာဉ်ကို တစ်ဖန် ပြန်လည် နိုးထ စေခဲ့ခြင်းသာ ဖြစ်နိုင်သည်။
ဝင်စတန်၏ မျက်လုံးများမှာ ရုတ်တရက် ကျဉ်းမြောင်းသွား၏။ ထိုနတ်ဆိုးဓား... ၎င်းက ဂျိုးဇက်၏ လက်ထဲတွင်သာ ရှိနေသင့်သည် မဟုတ်ပါလား...။
သူက ချက်ချင်းပင် ဆက်သွယ်ရေး ကိရိယာကို ထုတ်လိုက်၏။
“ဂျိုးဇက်... ခင်ဗျား…”
သို့သော်လည်း သူသည် ၎င်း၏ စကားကို မဆုံးမီတွင် အခြားတစ်ဖက်မှ လူက ကြားဖြတ် ပြောဆိုလိုက်သည်။
“စိတ်အေးအေးထားပါ... ဝင်စတန်... ငါ မြင်ပြီးပြီ…
“ငါ တိုက်ပွဲနယ်မြေ ကို ရောက်နေပြီ...”
ထိုအခိုက်၌ ဂျိုးဇက်မှာ ပြိုကျနေသည့် အဆောက်အအုံ အပျက်အစီးများ ပေါ်တွင် ရပ်နေခဲ့၏။ သူက ဆက်သွယ်ရေး ကိရိယာကို လက်ထဲတွင် ကိုင်ထားကာ ဒဏ္ဍာရီဆန်ဆန် မြင်ကွင်းကို တုန်လှုပ်သော အမူအရာဖြင့် ကြည့်ရှုနေခဲ့သည်။
စာအုပ်ဆိုင်ပိုင်ရှင်မှာ သေချာပေါက် တစ်ခုခု လုပ်ဆောင်လိမ့်မည် ဖြစ်ကြောင်း သူသိသော်လည်း ဤမျှ ခမ်းနားထည်ဝါသော ပုံစံ ဖြင့် ဖြစ်လာလိမ့်မည်ဟု စိတ်ကူးပင် မယဉ်ဖူးခဲ့ချေ။
သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်ရင်း ဆက်ပြောလိုက်၏။
“နတ်ဆိုးဓားကို လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက ငါ လွှဲပြောင်းပေးခဲ့တာ ဝင်စတန်... ဒါက အကြီးအကဲတွေ ခွင့်ပြု ထားတဲ့ ဆုံးဖြတ်ချက်ဖြစ်လို့ သံသယဝင်စရာ မလိုပါဘူး... နတ်ဆိုးဓားကို ကိုင်ထားတဲ့ အဲ့လ်ဖ်က ငါနဲ့ ဆယ်စုနှစ်ပေါင်းများစွာ စိတ်ထဲမှာ စကားပြောခဲ့ဖူးတဲ့ ကန်ဒယ်လာ ဆိုတာ သေချာတယ်... ငါ သူ့ကို အရမ်းရင်းနှီးတယ်”
အလွန် တုန်လှုပ်ချောက်ချားနေသည့် အခြေအနေတွင်ပင် ဝင်စတန်မှာ အရေးကြီးသော စကားလုံးများကို သတိထားလိုက်မိ၏။
“လွှဲပြောင်းပေးခဲ့တယ်... ဟုတ်လား... ဘယ်သူ့ကို လွှဲပြောင်းပေးခဲ့တာလဲ...”
“အဆင့်-S ဖိုင် ၀၁၁၄ ၊ အဆင့်-S ဇုန် ၀၁၁၃ ရဲ့ သခင်... လင်ကျဲ... တစ်နည်း ပြောရရင် သူဌေးလင်ပေါ့...”
“အဲ … အဲဒီ စာအုပ်ဆိုင်ပိုင်ရှင်လား...”
“ဒါကြောင့်ပဲ ငါ စိတ်ပူစရာမလိုဘူးလို့ ပြောခဲ့တာပေါ့...”
“ဟူး…”
ဝင်စတန် တစ်ယောက် သက်ပြင်း တစ်ချက် ချလိုက်ပြီးနောက် မေးလိုက်၏။
“ဒါဆို ငါတို့ အခု ဘာလုပ်သင့်လဲ... သူ နောက်ထပ် ဘာဆက်လုပ်မယ်ဆိုတာ မင်းသိလား... ပြီးတော့ သူက အဲ့လ်ဖ် ဘုရင် ကန်ဒယ်လာကို ဘယ်… ဘယ်လို ဆင့်ခေါ် လိုက်တာလဲ... နေဦး... နောက်ပြီး အခု သူ ဘာလုပ်နေတာလဲ...”
အိပ်မက်ဘုံ အက်ကွဲကြောင်းက မပိတ်သေးချေ။ သဲသဲမဲမဲနှင့် မစဲသော မိုးတိမ်များ ကြားတွင် ဂရစ်ဖင်မှာ အတောင်ပံများကို ဖြန့်ကျက်ကာ ပျံသန်းရင်း လမ်းကြောင်း တစ်ခုကို လှမ်းကြည့်ကာ အော်ဟစ်လိုက်၏။ အဲ့လ်ဖ်ကလည်း ထိုလမ်းကြောင်းကို ဦးတည်ကာ ဓားကို မြှောက်လိုက်သည်။ သူ၏ အကြည့်များမှာ ဓားထိပ်ဖျား ကဲ့သို့ပင် စူးရှနေ၏။
ရုတ်တရက်... ဝင်စတန်၏ လက်ထောက် က အော်ပြောလိုက်သည်။
“ဖျက်ဆီးရေး အမြောက် ကိုကြည့်... ”
“ဘာ...”
ဝင်စတန် လှမ်းကြည့်လိုက်ရာ အမှောင်ထုထဲတွင် စူးရှသည့် အလင်းရောင်ဝါ တစ်ခု ထွန်းလင်း တောက်ပလာသည်ကို တွေ့လိုက်ရသည်။
“အဲဒါကို အမှန်တရား အသင်းတော်က ဖျက်သိမ်းပြီးပြီ မဟုတ်ဘူးလား...”
***