ကောင်းကင်ကြီး ပြိုကျလာခြင်း
Vol. 7 Ch. 98
အမှန်တရား အသင်းတော်မှာ ပစ်ခတ်မှုကို ဖျက်သိမ်းရန်၊ တိုက်ခိုက်မှုကို ရွှေ့ဆိုင်းရန်နှင့် ရှေးဦးစွာ စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့သော်လည်း ထိုအခိုက်အတန့်တွင် လက်နက်တိုက်၏ အခွင့်အာဏာမှာ ဒုတိယ ဥက္ကဋ္ဌ အင်ဒရူး၏ လက်ထဲတွင် ဆက်လက် ရှိနေဆဲ ဖြစ်သည်။
“ပစ်ကြ... အဲဒီသတ္တဝါကလည်း အိပ်မက်ဘုံက လာတာပဲ... အိပ်မက် သားရဲတစ်ကောင် ဆိုတာ ငြင်းစရာ မရှိဘူး... အိပ်မက် သားရဲ တွေကြားက တိုက်ပွဲမှာ တရားမျှတမှုနဲ့ ဖြောင့်မတ်မှု ဆိုတာ မရှိဘူး... အားကြီးသူက အားနည်းသူကို စားသုံးခြင်း သာ ဖြစ်တယ်... နားလည်လား... ဒီသတ္တဝါက အရင်ကောင်ကြီးထက်တောင် ပိုပြီး အန္တရာယ်ရှိတာ မြင်းတို့ မျက်မြင်ပဲ... ဘာလို့ တွန့်ဆုတ်နေကြတာလဲ... သောက်ရူးတွေ”
အင်ဒရူးက ကန့်ကွက်ပြောဆို နေသူများကို အော်ဟစ် မာန်မဲလိုက်ကာ ဂရစ်ဖင်ပေါ်ရှိ အဲ့လ်ဖ်က အိပ်မက်ဘုံသား တစ်ယောက် ဖြစ်ကြောင်း အတည်ပြု ထားသည့် ခွဲခြမ်းစိတ်ဖြာချက်ကို စားပွဲပေါ် ပစ်ချ လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက အီသာ ဖျက်ဆီးရေး အမြောက်ကို ဆက်လက် ပစ်ခတ်ရန် အမိန့်ပေးလိုက်၏။
ဝမ်... ဝမ်... ဝမ်...
ယာယီ ရွှေ့ဆိုင်းထားသည့် အီသာ ဖျက်ဆီးရေး အမြောက် ၏ ပစ်ခတ်မှုမှာ ပြန်လည် စတင်ခဲ့ပြီ ဖြစ်သည်။ မိနစ်အနည်းငယ်ကြာပြီးနောက်... ၎င်းသည် လုံးဝ အသင့်ဖြစ်နေပြီ ဖြစ်ကာ ဂရစ်ဖင်ထက်ရှိ အဲ့လ်ဖ်ကို ချိန်ရွယ် ထားသည်။
ဂျိန်း...
အီသာ စွမ်းအင်များမှာ ဖျက်ဆီးရေး အလင်းတန်း အဖြစ်သို့ စုစည်းသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ပွဲနယ်မြေ ရှိရာသို့ ရောက်ရှိလာ၏။
ကျောနောက်ဖက်ရှိ ပိုးသား ခြုံလွှာက လေထု အတွင်း တလူလူ လွင့်နေစဉ်တွင် အဲ့လ်ဖ်မှာ ဓားကို မြှောက်လိုက်၏။ သူက မျက်မှောင်ကြုတ်ကာ အဝေး တစ်နေရာကို စိုက်ကြည့်ရင်း တစ်ယောက်တည်း တီးတိုး ရေရွတ်လိုက်သည်။
“ဒုတိယ အဆင့် လား... ဒါမှမဟုတ် ဆင့်ခေါ်ထားတဲ့ မွန်းစတားလေးလား... ထားပါတော့လေ... ခုတ်ဖြတ်လိုက် ရုံပဲ... ”
အဲ့လ်ဖ်က ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ဂရစ်ဖင် ကို ပိုမိုမြင့်မားစွာ ပျံသန်းရန် လှုံ့ဆော် လိုက်သည်။ ကန်ဒယ်လာ၏ ဓားအလင်းများမှာ မီးလျှံကဲ့သို့ အရှိန်အဟုန် ပြင်းစွာဖြင့် လောင်ကြွမ်းနေကာ အီသာ ဖျက်ဆီးရေး အမြောက်၏ ပေါက်ကွဲမှုနှင့် ထိတွေ့ပြီးနောက် အရပ်မျက်နှာ အားလုံး သို့ ခုတ်ပိုင်း လိုက်၏။
ဘုန်း...
မီးလျှံ နှင့် အလင်းရောင်တို့ ထိပ်တိုက် တွေ့ဆုံ သွားခဲ့လေရာ အီသာတို့မှာ စက်ဝိုင်း သဏ္ဌာန် စက်ဝိုင်း နယ်ပယ် တစ်ခုကို ဖန်တီးခဲ့ပြီး မြေပြင် တစ်ခုလုံးကို ဆွဲဖြဲလိုက်၏။ စူးရှသည့် အလင်းရောင်က အရပ်မျက်နှာတိုင်းကို ဖုံးလွှမ်း သွားကာ ရေနှင့်တိမ် အမြောက်အများမှာ အငွေ့ပျံသွား၍ လေထုမှာလည်း လေဟာနယ် အဖြစ် ပြောင်းလဲ သွားခဲ့၏။
လနှင့်ချီ ဖုံးလွှမ်းထားသည့် တိမ်တိုက်အလွှာမှာ ကွဲအက်သွားခဲ့ကာ တောက်ပသည့် နေရောင်ခြည် အလင်းတန်းများကိုပင် ထုတ်ဖော် ပြသခဲ့လေသည်။
...
“မိုးစဲသွားပြီ...”
စက်မှုဌာန ဝတ်စုံဝတ်ထားသည့် သုတေသနပညာရှင် တစ်ဦးသည် လှေကားပေါ် တက်နေရင်း အဝေး အရပ်မှ နေရောင်ခြည်ကို လှမ်းမြင်လိုက်ရလေရာ သူ့ ဘေးနားရှိ လုပ်ဖော်ကိုင်ဖက်ကို ပြောလိုက်သည်။
ဤနေရာမှာ နော်ဇင် အထက်ပိုင်း နှင့် အောက်ပိုင်း အကြားရှိ မြို့လယ်ခေါင်ဖြစ်ကာ မက်ရှင်းလု ဟုလည်း လူသိများသည်။ ၎င်းမှာ အမှန်တရား အသင်းတော်၏ သုတေသန လုပ်ငန်းများ အတွက် အထူးဖန်တီး ထားသော ဇုန် တစ်ခု ဖြစ်သည်။
မြေအောက်မှ အပေါ်ပိုင်းအဆင့်အထိ ဗဟိုဌာနတစ်ခုလုံးမှာ စက်ရုံများ၊ ဓာတ်ခွဲခန်းများနှင့် ပြည့်နှက်နေကာ ရှုပ်ထွေးလှသည့် ပျားအုံသဏ္ဌာန် တည်ဆောက်ပုံနှင့်တူသည်။
အောက်ဖက်ရှိ စာရွက်စာတမ်းတစ်ခုကို ကိုင်ထားသည့် လုပ်ဖော်ကိုင်ဖက်က မော့ပင် မကြည့် ပဲ ပြောလိုက်သည်။
“ကောင်းကင်ကြီး ပြိုကျလာရင်တောင် ငါတို့နဲ့ မဆိုင်ဘူး... ကိုယ့်အလုပ်ကိုသာ အာရုံစိုက်ပါဗျာ...”
“ဟုတ်တော့ ဟုတ်ပါတယ် ဒါပေမဲ့…”
“ဘီ... ဘီ...”
သုတေသနပညာရှင်က သူ၏ ဆက်သွယ်ရေး ကိရိယာ ကို ဆွဲထုတ်လိုက်ရင်း မျက်နှာပျက် သွား၏။
“ပြဿနာ ပေါ်လာပြီ... ရွှံ့ရုပ်တု ပရောဂျက် လုပ်နေတဲ့ စက်ရုံက သူတို့ကို တိုက်ခိုက်ခံရ တယ်လို့ သတင်းပို့တယ်...”
“ဘာ... ဘယ်လို...”
စာရွက်စာတမ်းကိုင်ထားသည့် လုပ်ဖော်ကိုင်ဖက် သုတေသနပညာရှင်မှာ ရုတ်တရက် သူ နားကြားမှား သည်ဟု ထင်လိုက်၏။ ယခုတစ်ကြိမ်တွင်တော့ သူက မော့ကြည့်လိုက်ကာ ရှုပ်ထွေးသော အမူအရာ ဖြင့် မေးလိုက်သည်။
“သူတို့ တိုက်ခိုက်ခံရတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ...”
လှေကားပေါ်ရှိ သုတေသနပညာရှင်က လျင်မြန်စွာပင် ဆင်းသက် လာပြီး ရှင်းပြလိုက်သည်။
“မက်ရှင်းလုထဲကို ကျူးကျော် ဝင်လာတဲ့လူ ရှိနေတယ်... စက်ရုံ ၀၁၊ ၀၇၊ နဲ့ ၁၃ တို့ အားလုံး ဖျက်ဆီး ခံလိုက်ရပြီ... သိုလှောင်ထားတဲ့ အရင်းအမြစ် တွေနဲ့ ပစ္စည်းတွေကို မပြောနဲ့ဦး... တတိယအသုတ် ဖန်တီးထားတဲ့ ဉာဏ်ရည်တု လူသား တစ်ပိုင်းတစ်စတွေနဲ့ အသစ်သန့်စင်ထားတဲ့ ဖလော်ဆိုဖာ (အတွေးအခေါ် ပညာရှင်) ကျောက်တုံးတွေ အားလုံး အဲဒီမှာ ရှိနေတယ်... တကယ့်ကို ကြီးမားတဲ့ ပြဿနာပဲ”
သူက အသက်ပြင်းပြင်း ရှူသွင်း လိုက်ပြီး ဆက်ပြောလိုက်၏။
“ငါတို့ ဆေ့ဖ်ဇုန် (လုံခြုံတဲ့ နေရာ) ကို အမြန် သွားရမယ်... စက်ရုံ ၀၇ က ဒီနေရာနဲ့ သိပ်မဝေးဘူး... တည်ငြိမ်မှု မရှိသေးတဲ့ ဖလော်ဆိုဖာ ကျောက်တုံးတွေ မီးလောင်သွားရင် ဒီနေရာတောင် ဖျက်ဆီးခံ လိမ့်မယ်”
လုပ်ဖော်ကိုင်ဖက်၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့၏။ သူက ထိတ်လန့်နေသည့် အမူအရာဖြင့် ဦးတည်ရာ တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
“မက်စ်... ငါတို့ အဲဒီကို သွားရအောင်... အဲ့လိုဆို ပိုမြန်လိမ့်မယ်”
မက်စ်က မြေပြင်ပေါ်ရှိ သူ့ တူးဘောက်(ကိရိယာပုံး) ကို ကောက်ယူလိုက်ကာ စတင်ကာ လမ်းလျှောက်လိုက်၏။ လမ်းလျှောက်နေစဉ် နှမြောဟန်ဖြင့် ခေါင်းခါရင်း ပြောဆိုလိုက်သည်။
“ဟူး... ဘယ်လောက် နှမြောစရာ ကောင်းလဲ... အဲဒီ ဉာဏ်ရည်တူ လူသား နမူနာတွေဟာ ခုတစ်ခေါက် အပြည့်စုံဆုံး အသုတ်ပဲ... သူတို့ အများစုက သန္ဓေသားအဆင့်မှာပဲ ရှိနေသေးပေမယ့် အသက်ရှင်သန်မှု လက္ခဏာများတွေ စပြီး တည်ငြိမ် လာပြီ... အီသာ ဆက်နွှယ်မှု ကလည်း ၁၅၀% တဲ့... လုံးဝကို မကြုံစဖူး အဆင့်ပဲ…”
သူ ဆက်ပြောနေရင်း လုပ်ဖော်ကိုင်ဖက် ကို မေးလိုက်သည်။
“ရစ်ခ်... ငါတို့ကို ဘယ်သူ တိုက်ခိုက်တယ်လို့ မင်းထင်လဲ... အားလုံး S အဆင့် အိပ်မက်သားရဲကို ဆီမှာ ရှိနေတဲ့ ဒီလိုအချိန်မျိုး ကို ရွေးချယ်တာက အရမ်းကို တိုက်ဆိုင်လွန်း တယ်။”
ရစ်ခ်မှာ အလောတကြီး ဖြစ်နေလေရာ စာရွက်စာတမ်း တစ်ချို့ ပြုတ်ကျသွားသဖြင့် ကောက်ယူလိုက်ရင်း ပြန်ဖြေလိုက်၏။
“ဒီကိစ္စကို သိပ်ပြီး ခေါင်းမစား ပါနဲ့တော့ဗျာ... ငါတို့ရဲ့ စိုးရိမ်ပူပန်မှုတွေက အထက်လူကြီးတွေရဲ့ မဟာဗျူဟာ စီမံကိန်း အတွက် အကူအညီ ဖြစ်စေမှာလား... ငါတို့ အမြန်သွားဖို့ လိုတယ်... တကယ်လို့ ပေါက်ကွဲ သွားရင် ငါတို့ မာလကီးယား ကုန်လိမ့်မယ်”
ထိုအခိုက်တွင်ပင် သုတေသနပညာရှင် နှစ်ဦးမှာ ကျယ်လောင်စွာ ပြိုကျလာသည့် အသံ ကို ကြားလိုက်ရလေ၏။ သူတို့ နှစ်ဦးစလုံး အသံလရာသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ရာ အလွန် ထူထဲပြီး ပေါက်ကွဲမှုကို ဒဏ်ခံနိုင်အောင် တည်ဆောက်ထားသည့် တံခါး တစ်ချပ် အမြင့်မှ ပြုတ်ကျလာသည်ကို မြင်တွေ့လိုက်ရလေသည်။
ဘုန်း... ဂျစ်... ဂျစ်...
တံခါးမှာ သူတို့ ရှေ့သို့ ပြုတ်ကျပြီး ကြမ်းပြင် တစ်လျှောက် လျှောတိုက်၍ လွင့်စဉ် သွားလေရာ သတ္တုချင်း တိုက်မိသည့် အသံများ ဆက်တိုက် ထွက်ပေါ်လာ၏။
လက်ရှိ သူတို့ တည်ရှိနေသည့် နေရာမှာ တခြားလမ်း အများအပြားနှင့် ဆက်သွယ်ထားသည့် ဆက်သွယ်ထားသည့် စက်ရုံ လမ်းဆုံဇုန် တစ်ခု ဖြစ်သည်။ သူတို့ နှစ်ယောက် ခဏတာမျှ ကြောင်နေစဉ်မှာပင် အပေါ်မှ နောက်ထပ် ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာ၏။
ဘုန်း...
၎င်းက ပိုမို ကျယ်လောင်ပြီး ပြင်းထန်ပေသည်။ ကောင်းကင်လမ်း၏ အစွန်းပိုင်း တစ်နေရာတွင် မီးခိုးလုံးများ ထူထပ် များပြားစွာ ထွက်ပေါ်လာကာ အပေါ်ထပ် ရင်ပြင်များကို ချက်ချင်း ဖုံးလွှမ်း သွား၏။
သုတေသနပညာရှင် နှစ်ဦး အကြည့်ချင်း ဖလှယ် လိုက်ကြသည်။ တစ်ယောက်၏ ကြောက်လန့်နေသည့် မျက်နှ်ကို အခြားတစ်ဦးက မြင်လိုက်ရ၏။
“ပြေး...”
သူတို့ နှစ်ဦးစလုံး အသည်းအသန် ပြေး ကြတော့သည်။ ထွက်ပြေးနေရင်း လမ်းတစ်ဝက်တစ်ပျက်တွင် မက်စ်၏ ဆက်သွယ်ရေး ကိရိယာမှာ ရုတ်တရက် ထပ်မံ မြည် လာ၏။
မက်စ်က ဆက်သွယ်ရေး ကိရိယာ ကို ဖွင့်လိုက်ရင်း ပို့ထားသည့် မက်ဆေ့ချ်များကို ကြည့်ကာ ခြေလှမ်းများ ရပ်တန့် သွား၏။
“ဘာဖြစ်တာလဲ..”
ရစ်ခ်က တံခါးတစ်ချပ်ကို ဖွင့်နေရင်းမှ လှည့်ကြည့်ကာ မေးလိုက်သည်။ မက်စ်၏ အလွန် ဖြူဖျော့ပြီး အားအင် ကုန်ခမ်းနေသည့် မျက်နှာကို မြင်လိုက်ရသောအခါ အလွန်ဆိုးရွားသော ခံစားချက် တစ်ခု ရင်ထဲ၌ ပေါ်လာခဲ့သည်။
“အီသာ ဖျက်ဆီးရေး အမြောက် ဖျက်ဆီးခံလိုက်ရပြီ...”
မက်စ်က တုန်ရီစွာပင် ပြောလိုက်၏။ ရစ်ခ် တစ်ယောက် တစ်စက္ကန့်မျှ တောင့်တင်း သွားကာ မက်စ် လက်ထဲမှ ဆက်သွယ်ရေး ကိရိယာ ကို လုယူရင်း မက်ဆေ့ချ်ကို ကြည့်လိုက်သည်။
“ဝန်ထမ်းအားလုံး သတိပြုပါ... အီသာ ဖျက်ဆီးရေး အမြောက် ဖျက်ဆီးခံရပြီ... အခြေအနေကို အမျိုးအစား အဆင့် တစ် သတိပေးချက် အထိ မြှင့်တင်လိုက်တယ်... အဆင့်-D နဲ့ အထက် ဝန်ထမ်းများ အားလုံး ကိုယ့် ရာထူးနေရာတွေမှာ ရှိနေရမယ်... အဆင့်-P နဲ့ အဖြူရောင် အဆင့် ဝန်ထမ်းတွေ ချက်ချင်း ဆေ့ဖ်ဇုန်တွေဆီကို သွားပါ”
သူ ဖတ်လို့ ပြီးသည်နှင့် ဒုတိယ မက်ဆေ့ချ် တစ်စောင် ရောက်လာ၏။
“ဝန်ထမ်းအားလုံး သတိပြုပါ… အီသာ ဖျက်ဆီးရေး အမြောက်”
တတိယ မက်ဆေ့ချ် တစ်စောင် ရောက်လာသည်။ ဆက်တိုက်ဆိုသလို လျင်မြန်စွာ ပေးပို့ခဲ့သည့် မက်ဆေ့ချ် သုံးစောင်စလုံးမှာ လုံးဝ အတူတူပင် ဖြစ်သည်။
“မက်ဆေ့ချ်ကို ဘာလို့ သုံးကြိမ်တောင် ပို့ရတာလဲ... သတိထားမိအောင်လား...”
ရစ်ခ် တစ်ယောက် အလွန်အမင်း ထိတ်လန့် နေသော်လည်း ထိန်းချုပ်နိုင်ခြင်း မရှိပဲ မေလိုက်မိသည်။ မက်စ်၏ အမူအရာမှာလည်း ပျက်ရွင်းနေ၏။
“အရေးကြီးတဲ့ ကိစ္စတွေ အတွက် စက်ရုံရဲ့ လက်စွဲစာအုပ် ထဲက အသိပေးချက် ပုံစံများ ဆိုတဲ့ အပိုင်းကို ဖတ်ဖူးလား”
ရစ်ခ် ခေါင်းခါနေသည်ကို မြင်သောအခါ မက်စ်က ထပ်မံ၍ ပြောလိုက်သည်။
“ကိစ္စတစ်ခုတည်း အတွက် ဆိုရင် အသိပေးချက် တစ်ခုတည်းပဲ ပို့လို့ရတယ်...”
ရစ်ခ်မှာ ခဏတာမျှ တိတ်ဆိတ် နေပြီးနောက် ရုတ်ချည်းပင် မျက်နှာ တစ်ခုလုံး ဖြူရော် သွားခဲ့လေ၏။
“ဒါဆိုရင် အီသာ ဖျက်ဆီးရေး အမြောက် သုံးခု စုစုပေါင်း ဆက်တိုက် ဖျက်ဆီးခံလိုက်ရတယ်ပေါ့...”
မိုးရွာခြင်း ရပ်တန့်သွားသော်လည်း ရီဝေကာ မှုန်မှိုင်းနေဆဲဖြစ်သည့် ကောင်းကင်ကို ကြည့်လိုက်ရင်း မက်စ် တစ်ယောက် အဝေး တစ်နေရာမှ စက်ရုံတစ်ခု ပြိုကျသည့် တော်လဲသံကြီးကို ကြားလိုက်ရသည်။
ကောင်းကင်ကြီး တကယ်ပဲ ပြိုကျနေပြီဟု သူ ခံစားလိုက်ရလေသည်။
***